သမ္မာကျမ်းစာမှ တိုင်းပြည်များ
ကတိထားရာပြည်တော်သို့ ဣသရေလလူမျိုး ဝင်ရောက်ရန် ပြင်ဆင်နေစဉ် မောရှေက သူ၏ ပြင်းပြသောဆန္ဒကို ဘုရားသခင်ထံ ဤသို့တင်လျှောက်ခဲ့သည်– “အကျွန်ုပ်သည် ကူးသွား၍ ယော်ဒန်မြစ်တစ်ဖက်ရှိ တင့်တယ်သောတောင်တန်း၊ ကောင်းမွန်သောပြည် . . . ကို မြင်ရမည်အကြောင်း အခွင့်ပေးတော်မူပါ။”—တရ ၃:၂၅၊ သမ္မာ။
မောရှေသည် ကူးသွားခွင့် မရခဲ့သော်လည်း ယေရိခေါမြို့ကို မျက်နှာမူသည့် တောင်ပေါ်သို့တက်၍ ထိုပြည်—‘ဒန်မြို့အထိ ဂိလဒ်နယ်တစ်လျှောက်၊ အနောက်ဘက်ပင်လယ်အထိ ယုဒနယ်တစ်လျှောက်၊ နေဂပ်ခရိုင်နှင့်တကွ ယော်ဒန်မြစ်ဝှမ်းဒေသ’—ကိုမူ မြင်ခွင့်ရခဲ့သည်။ (တရ ၃:၂၇; ၃၄:၁-၄) ထိုအမည်များကို ကြားဖူးသလော။ ၎င်းတို့၏ တည်နေရာများကို သိသလော။
ယနေ့ ယေဟောဝါ၏ လူမျိုးတော်ထဲမှ အနည်းငယ်မျှသောသူတို့သာ သမ္မာကျမ်းစာတွင် ဖတ်ရှုရသည့် နေရာဒေသအများအပြားကို သွားရောက်လည်ပတ်နိုင်ကြသည်။ အာဗြဟံအား ဘုရားသခင် ခိုင်းစေသည့်အတိုင်း ကတိထားရာပြည်တော် တစ်နံတစ်လျား နေရာအနှံ့ ခရီးဆန့်ရန်မူကား သူတို့မတတ်နိုင်ကြချေ။ (က ၁၃:၁၄-၁၇) သို့ဖြစ်စေကာမူ ခရစ်ယာန်စစ်များသည် သမ္မာကျမ်းစာမှ တည်နေရာများကို သိလိုစိတ်၊ ထိုနေရာများအချင်းချင်း ဆက်စပ်နှီးနွှယ်ပုံကို သိမြင်လိုစိတ် ပြင်းပြကြသည်။
ဤစာစောင် ‘ကောင်းမွန်သောပြည်ကို ကြည့်လော့’ သည် သမ္မာကျမ်းစာ အသိအမြင် တိုးချဲ့ရာတွင် သင်အသုံးပြုနိုင်သည့် ကိရိယာတစ်ခုဖြစ်သည်။ ဤစာစောင်တွင် မျက်နှာဖုံး၌ ဖော်ပြထားသော မြေသြဇာကောင်းသည့် ဂိလဒ်တောင်ကုန်းများ ကဲ့သို့သော တကယ်ရှိသည့် တည်နေရာများ၏ ဓာတ်ပုံများ ပါရှိသည်။ ဗဟုသုတ ပို၍တိုးပွားစေသည့်အရာမှာ မြေပုံများဖြစ်သည်၊ ၎င်းတို့သည် သမ္မာကျမ်းစာ တည်နေရာများနှင့်ပတ်သက်သည့် သင်၏အသိသုတကို လွန်စွာတိုးပွား နက်ရှိုင်းစေနိုင်သည်။
စာမျက်နှာ ၂ နှင့် ၃ မှမြေပုံသည် အဓိကကျသော တိုင်းပြည်များ သို့မဟုတ် နယ်မြေဒေသများကို အာရုံစိုက်ဖော်ပြထားသည်။ သာဓကအနေနှင့် ကတိထားရာပြည်တော်နှင့်ဆက်စပ်လျက် အာရှုရိပြည် (အဆီးရီးယား) နှင့် အဲဂုတ္တုပြည် (အီဂျစ်) တို့၏ တည်နေရာကို သိရှိလျှင် ထိုတိုင်းပြည်များအကြောင်း ဖော်ပြထားသည့် ပရောဖက်ပြုချက်များကို ပို၍ကောင်းစွာ နားလည်နိုင်မည်ဖြစ်သည်။ (ရှာ ၇:၁၈; ၂၇:၁၃; ဟော ၁၁:၁၁; မိ ၇:၁၂) ကတိထားရာပြည်တော်ဟု ခေါ်တွင်သည့် သေးငယ်သော ဤကမ်းမြှောင်ဒေသသည် ရှေးခေတ်က ကုန်သွယ်ရေးလမ်းကြောင်းများ ဆုံဆည်းရာ အချက်အချာနေရာဖြစ်သဖြင့် အခြားနိုင်ငံများက ယင်း၏ကြွယ်ဝသော ဂျုံစိုက်ခင်းများ၊ စပျစ်ခြံများနှင့် သံလွင်ဥယျာဉ်များကို စိုးမိုးခြယ်လှယ်ရန် ကြိုးပမ်းခဲ့ကြသည်။—တရ ၈:၈; သူ ၁၅:၅။
တစ်ခါတစ်ရံ မြေပုံများကို နှိုင်းယှဉ်ကြည့်လိုပေမည်။ သာဓကအားဖြင့် ယောနသည် အာရှုရိပြည် (အဆီးရီးယား) ၏မြို့တော်သို့ တာဝန်ထမ်းဆောင်ရန် စေလွှတ်ခံရသော်လည်း သင်္ဘောစီး၍ တာရှုပြည် (Tarshish) သို့ ထွက်ပြေးခဲ့၏။ (ယန ၁:၁-၃) ထိုနေရာဒေသများကို ပထမမြေပုံတွင် တွေ့ရသလော။ သို့သော် တာရှုပြည်ကို တမန်တော်ပေါလု၏ မွေးရပ်ဇာတိ တာရှုမြို့ (Tarsus) နှင့် အမှတ်မမှားစေပါနှင့်။ ဤမြေပုံတွင် တာရှုမြို့နှင့်တကွ အခြားထင်ရှားသောမြို့ကြီးများကို သင်တွေ့ရပေမည်။
ဥရ (ဦးရ်) မြို့၊ ခါရန်မြို့နှင့် ယေရုရှလင်မြို့များကိုမြေပုံတွင် ရှာသည့်အခါ အာဗြဟံ သွားခဲ့သည့်ခရီး အကွာအဝေးနှင့် လမ်းကြောင်းတို့ကို စဉ်းစားသုံးသပ်ကြည့်ပါ။ သူ့အား ဥရမြို့မှ ယေဟောဝါ ခေါ်ထုတ်ပြီးနောက် သူသည် ခါရန်မြို့တွင် ခေတ္တနေထိုင်သည်။ ထိုနောက် ကတိထားရာပြည်တော်သို့ ပြောင်းရွှေ့သည်။ (က ၁၁:၂၈–၁၂:၁; တ ၇:၂-၅) “လူမျိုးအဖတို့၏ကမ္ဘာ” အခန်းကို လေ့လာသည့်အခါ အာဗြဟံ၏ ခရီးစဉ်သည် ပိုမို သက်ဝင်လှုပ်ရှားလာပေမည်။—စာမျက်နှာ ၆-၇။
ပထမမြေပုံနှင့် ဤတွင်ပါရှိသည့် မြေပုံတို့သည် အချိန်ကာလ အတိအကျ သတ်မှတ်ခြင်း မရှိပါ။ ဤပုံနှစ်ပုံနောက်ပိုင်း မြေပုံများသည် ယေဘုယျအားဖြင့် သမိုင်းကြောင်းဖြစ်စဉ်အရ ဖော်ပြထားသည်။ မြေပုံတစ်ပုံမှ မြို့ကြီးများနှင့် အသေးစိတ် အချက်အလက်များသည် ကာလတစ်ခုခု၌ ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်များနှင့် ဆက်စပ်သည်။ အညွှန်း (စာမျက်နှာ ၃၄-၅) ၌ မြေပုံများတွင် ဖော်ပြထားသည့် နေရာဒေသအားလုံး မပါရှိသော်လည်း လတ်တလော ရှာဖွေနေသည့်အချက်နှင့် ဆက်စပ်မှုရှိသည့် မြေပုံများကို ရှာတွေ့နိုင်အောင် အထောက်အကူ ပေးနိုင်ပါသည်။
အလယ် နှစ်ဖက်ခွမျက်နှာ (စာမျက်နှာ ၁၈-၁၉) မှမြေပုံတွင် ကတိထားရာပြည်တော်မှ မြို့ကြီး၊ မြို့ငယ်များကို ပြည့်ပြည့်စုံစုံ ဖော်ပြထားသည်။ မြေပုံပါအညွှန်းက လေဝိသားများနေထိုင်ရာ မြို့ကြီးများနှင့် ခိုလှုံရာမြို့ကြီး ခြောက်မြို့ကို ရှာတွေ့နိုင်အောင်၊ နေရာတစ်ခုသည် ဟေဗြဲကျမ်းစာ၌ ဖော်ပြထားသလော၊ ဂရိကျမ်းစာ၌ ဖော်ပြထားသလော၊ နှစ်ကျမ်းစလုံး၌ ဖော်ပြထားသလော အစရှိသည်တို့ကို သိရှိအောင် ထောက်ကူပေးမည်ဖြစ်သည်။
သမ္မာကျမ်းစာမှ နေရာဒေသအချို့၏ တည်နေရာများကို ယခုလောလောဆယ်၌ မသိရှိရသေးသဖြင့် အလယ်မျက်နှာ မြေပုံတွင် ထိုသို့သောအမည်များစွာ မပါရှိချေ။ ထိုနည်းတူ မျိုးနွယ်စုနယ်နိမိတ်အလိုက် ပြုစုထားသည့်စာရင်းမှာကဲ့သို့ မြို့ကြီးမြို့ငယ် အားလုံးကိုလည်း မဖော်ပြနိုင်ချေ။ (ယောရှု အခန်းကြီး ၁၅-၁၉) သို့သော်လည်း ၎င်းမြေပုံတွင် အနီးအနားရှိ မြို့ကြီးများကို ဖော်ပြပေးထားသဖြင့် တည်နေရာကို အနီးစပ်ဆုံး ခန့်မှန်းနိုင်ပေသည်။ ပထဝီဝင် မြေမျက်နှာသွင်ပြင် (တောင်များ၊ မြစ်ချောင်းများနှင့် အဟုန်ပြင်းသော တောင်ကျချောင်း ချိုင့်ဝှမ်းများ) ကို မှတ်သားပေးထားသည့်အပြင် တောင်ကုန်းနှင့် မြေအနေအထားတို့ကိုလည်း ဆေးရောင်စုံများဖြင့် ဖော်ပြထားသည်။ ထိုသို့သော အသေးစိတ်အချက်များက သမ္မာကျမ်းစာ ဖြစ်စဉ်ဖြစ်ရပ်များ၏ အသွင်သဏ္ဌာန်များကို မြင်ယောင်စေနိုင်သည်။
သမ္မာကျမ်းစာမှ တည်နေရာများအကြောင်း ပြည့်ပြည့်စုံစုံကို ဘာသာစကားများစွာဖြင့် ရရှိနိုင်သည့် သမ္မာကျမ်းစာအပေါ် ထိုးထွင်းအမြင် စွယ်စုံကျမ်းတွင် တွေ့ရှိနိုင်သည်။a ထိုစွယ်စုံကျမ်းနှင့် အခြားသော သမ္မာကျမ်းစာ လေ့လာမှု အထောက်အကူများကို အသုံးပြုသည့်အခါ၌ ‘ကောင်းမွန်သောပြည်ကို ကြည့်လော့’ ကို လက်လှမ်းမီရာတွင်ထားပါ။ သင့်ဘဝကို လွန်စွာအကျိုးပြုသည့် သမ္မာကျမ်းစာ တစ်အုပ်လုံးကို လေ့လာရာ၌ ဤစာစောင်မှ အကြံဉာဏ် ရယူပါ။—၂ တိ. ၃:၁၆၊ ၁၇။
[အောက်ခြေမှတ်]
a ယေဟောဝါသက်သေများ ပုံနှိပ်ထုတ်ဝေသည်။
[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]
သမ္မာကျမ်းစာမှ ကျမ်းစောင်များကို အောက်ပါ နေရာများတွင် ရေးသားခဲ့သည်–
ဗာဗုလုန်
ကဲသရိ
ကောရိန္သု
အီဂျစ်ပြည်
ဧဖက်
ယေရုရှလင်
မာကေဒေါနိပြည်
မောဘပြည်
ပတ်မုကျွန်း
ကတိထားရာပြည်တော်
ရောမ
ရှုရှန်
[စာမျက်နှာ ၄၊ ၅ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
သမ္မာကျမ်းစာမှတိုင်းပြည်များနှင့် အဓိကမြို့များ
က၁ ဣတလိပြည်
က၂ ရောမ
က၃ စစ္စလီကျွန်း
က၃ မော်လတာကျွန်း
ဂ၂ မာကေဒေါနိပြည်
ဂ၂ ဖိလိပ္ပိ
ဂ၂ ဂရိပြည်
ဂ၃ အာသင်
ဂ၃ ကောရိန္သု
ဂ၃ ကရေတေကျွန်း
ဂ၄ လိဗုနယ်
ဃ၃ အန္တိအုတ် (ပိသိဒိပြည်မှ)
ဃ၃ ဧဖက်
ဃ၃ ပတ်မုကျွန်း
ဃ၃ ရောဒုကျွန်း
ဃ၄ မင်ဖိ
ဃ၅ အီဂျစ်ပြည်
င၂ အာရှမိုင်းနား
င၃ တာရှု
င၃ အန္တိအုတ် (ရှုရိပြည်မှ)
င၃ ကုပရုကျွန်း
င၄ ဇိဒုန်
င၄ ဒမာသက်
င၄ တုရု
င၄ ကဲသရိ
င၄ ကတိထားရာ ပြည်တော်
င၄ ယေရုရှလင်
င၄ မောဘပြည်
င၄ ကာဒေရှ
င၄ ဧဒုံပြည်
စ၃ ဧဒင် ဥယျာဉ်?
စ၃ အာရှုရိပြည်
စ၃ ခါရန်
စ၃ ရှုရိပြည်
စ၅ အာရပ်ပြည်
ဆ၃ နိနေဝေ
ဆ၄ ဗာဗုလုန်
ဆ၄ ခါလဒဲပြည်
ဆ၄ ရှုရှန်
ဆ၄ ဥရ
ဇ၃ မေဒိပြည်
[တောင်များ]
င၅ သိနာတောင်
ဆ၂ အာရရတ်တောင်
[ရေအစုအဝေး]
ဂ၃ မြေထဲပင်လယ် (ပင်လယ်ကြီး)
င၁ ပင်လယ်နက်
င၅ ပင်လယ်နီ
ဇ၂ ကက်စပီယန် ပင်လယ်
ဇ၅ ပါရှန်ကွေ့
[မြစ်များ]
ဃ၅ နိုင်းလ်မြစ်
စ၃ ဥဖရတ်မြစ်
ဆ၃ တိုက်ဂရစ်မြစ်