လူငယ်များအမေး . . .
ဝေးမြေရပ်ခြားရည်းစား မည်သို့ထားနိုင်မည်နည်း
“အပြည်ပြည်ဆိုင်ရာ ယေဟောဝါသက်သေများရဲ့စည်းဝေးကြီးတစ်ခုကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို အဖော်အဖြစ်ကျွန်တော်လိုက်ပေးပြီး သူတို့ရဲ့ဟိုတယ်ကို ပြန်ပို့ပေးပြီးရုံပဲရှိသေးတယ်။ အိမ်ပြန်ခါနီး တခြားအုပ်စုတစ်စု လမ်းလျှောက်လာတယ်။ ဒါနဲ့ ကျွန်တော်ရပ်ပြီးစကားပြောလိုက်ရာကနေ အိုဒက်နဲ့ဆုံတွေ့ ခဲ့တယ်။ အဲဒီအပတ်ထဲမှာပဲ ကျွန်တော်တို့ နောက်တစ်ကြိမ်ဆုံမိကြပြန်တယ်။ စာအပြန်အလှန်ရေးဖို့ ကျွန်တော်တို့ဆုံးဖြတ်လိုက်ကြပြီး စာအဆက်အသွယ်နဲ့ နှစ်အနည်းငယ်လောက်ရင်းနှီးကြပြီးတဲ့နောက် ရည်းစားဖြစ်သွားကြတယ်။”—တိုနီ။
ကမ္ဘာကြီးမှာ ကျဉ်းသည်ထက်ကျဉ်းလာ၏။ မကြာသေးမီ ဆယ်စုနှစ်များကပင် စရိတ်စကနည်းသည့်ဝေဟင်ခရီး၊ ကမ္ဘာချီဆိုင်ရာတယ်လီဖုန်းကွန်ရက်၊ အမြန်ချောပို့နှင့် အင်တာနက်တို့က မေတ္တာရေးနယ်ပယ်တွင် အလားအလာသစ်များကို လမ်းဖွင့်ပေးလိုက်သည်။ ထို့အပြင် နည်းအမျိုးမျိုးဖြင့် မိုင်ရာနှင့်၊ ထောင်နှင့်ပင်ချီ၍ဖြတ်ကျော်ကာ ဝေးမြေရပ်ခြားရည်းစားထားရန်အကြံသည် စိတ်ဝင်စားစရာဖြစ်ပုံရသည်—အထူးသဖြင့် ကိုယ့်ရေကိုယ့်မြေတွင် အိမ်ထောင်ပြုနိုင်ရန် အလားအလာနည်းပါးသည်ဟုယူဆထားလျှင် ဖြစ်သည်။
စုံတွဲအချို့အတွက် ဝေးမြေရပ်ခြားရည်းစားထားခြင်းသည် ကောင်းချီးမင်္ဂလာတစ်ရပ်ဖြစ်ကြောင်း ထင်ရှားခဲ့ပြီ။ တိုနီက “ကျွန်တော်တို့ဟာ ပျော်ရွှင်ကြည်နူးဖွယ်ရာ အိမ်ထောင်သက် ၁၆ နှစ်ရှိခဲ့ပြီ” ဟုဆိုသည်။ ဝေးမြေရပ်ခြားရည်းစားထားခြင်းသည် အဖြစ်မှန်အတိုင်းမမြင်စေတတ်သော ရုပ်ရူပကာ၏စွမ်းအားမပါဘဲ စုံတွဲများ တစ်ဦးကိုတစ်ဦးသိကျွမ်းလာဖို့ အခွင့်အလမ်းရ စေသည်ဟူ၍ပင် အချို့ကဆိုပေမည်။ မည်သို့သောအခွင့်အလမ်းများပင်ရှိစေကာမူ ဝေးမြေရပ်ခြားရည်းစားထားခြင်းတွင် ထူးခြားသောစိန်ခေါ်ချက်များရှိပေသည်။
တစ်ဦးနှင့်တစ်ဦး သိကျွမ်းလာခြင်း
သင်လက်ထပ်ဖို့ စဉ်းစားထားသူတစ်ဦးနှင့်ပတ်သက်၍ သိနိုင်သမျှ သင်သိထားခြင်းက အကောင်းဆုံးဖြစ်၏။ သို့သော် မိမိ၏ကိုယ်တွေ့ကိုပြန်ပြောပြခဲ့သော ဖရန့်ခ်အမည်ရှိ ခင်ပွန်းတစ်ဦးကဲ့သို့ပင် “တကယ့်ပုဂ္ဂိုလ်ဖြစ်တဲ့ ‘စိတ်နှလုံး၏အတွင်းလူ’ ကို သိကျွမ်းဖို့ မလွယ်ကူဘူး။” (၁ ပေတရု ၃:၄) ဝေးမြေရပ်ခြားရည်းစားထားခဲ့သော အခြားခရစ်ယာန်တစ်ဦးဖြစ်သူ ဒေါ့ဂ်က ဤသို့ဝန်ခံသည်– “ပြန်စဉ်းစားကြည့်ရင် ကျွန်တော်တို့ တစ်ဦးနဲ့တစ်ဦး ကောင်းကောင်းမသိကျွမ်းခဲ့ကြဘူးဆိုတာ သဘောပေါက်လာတယ်။”
မိုင်ပေါင်းရာနှင့် ထောင်နှင့်ချီ၍ကွာဝေးသောနေရာတွင် နေထိုင်သူတစ်ဦးကို သိကျွမ်းရန် အမှန်ပင်ဖြစ်နိုင်ပါသလော။ ဖြစ်နိုင်ပါသည်၊ သို့သော် အထူးတလည်အားထုတ်မှု ပြုရပေသည်။ ဒေါ့ဂ်က “ဖုန်းဆက်ဖို့ ငွေမရှိတဲ့အတွက် ကျွန်တော်တို့ တစ်ပတ်တစ်ကြိမ်စာရေးခဲ့ကြတယ်” ဟုဆိုသည်။ သို့သော် ဂျိုးအဲန်နှင့် ဖရန့်ခ်တို့က စာရေးရုံဖြင့်မလုံလောက်ကြောင်း တွေ့ရှိခဲ့ကြသည်။ “ပထမတော့ ကျွန်မတို့စာရေးကြပြီး ဖုန်းနဲ့ဆက်ကြတယ်။ နောက်တော့ ဖရန့်ခ်က ကျွန်မဆီကို တိတ်ရီကော်ဒါလေးတစ်ခုပို့ပေးခဲ့တယ်။ တစ်ပတ်တစ်ခါ တိတ်ခွေအသစ်ထဲ ကျွန်မတို့အသံသွင်းကြတယ်”ဟု ဂျိုးအဲန်ကပြောသည်။
ရိုးသားပွင့်လင်းမှုသည်သာ
မည်သည့်ဆက်သွယ်မှုပုံစံကိုမဆို သင်အသုံးပြုပါစေ ရိုးသားပွင့်လင်းမှုရှိဖို့ အရေးကြီးသည်။ “သင်လိမ်ညာခဲ့မယ်ဆိုရင် နောက်ပိုင်းသိလာတဲ့အခါ ဆက်ဆံရေးကို ထိခိုက်စေလိမ့်မယ်” ဟုအက်စတာအမည်ရှိ ခရစ်ယာန်ဇနီးတစ်ဦးကဆိုသည်။ “တစ်ဦးအပေါ်တစ်ဦး ရိုးသားပွင့်လင်းပါ။ ကိုယ်တိုင်လည်း ရိုးသားပါ။ တစ်စုံတစ်ခုနဲ့ပတ်သက်လို့ သဘောမတူဘူးဆိုရင် ဒီအတိုင်းမထားလိုက်ပါနဲ့။ အဲဒါကို ဆွေးနွေးလိုက်ပါ။” တမန်တော်ပေါလုက ဤသို့ အကြံဉာဏ်ကောင်းပေးခဲ့သည်– “မှန်သောစကားကိုသာ အချင်းချင်းတစ်ယောက်နှင့်တစ်ယောက်ပြောကြလော့။”—ဧဖက် ၄:၂၅; ဟေဗြဲ ၁၃:၁၈ နှိုင်းယှဉ်။
အမှန်ပင် သင်ဆွေးနွေးသင့်သော ကိစ္စအချို့ကား အဘယ်နည်း။ သမီးရည်းစားစုံတွဲအားလုံးသည် ရှေ့ပန်းတိုင်များ၊ သားသမီးများ၊ ငွေရေးကြေးရေးကိစ္စနှင့် ကျန်းမာရေး စသည်တို့ကဲ့သို့သောအကြောင်းများကို ဆွေးနွေးဖို့လိုအပ်သည်။ သို့သော် အထူးဂရုစိုက်ဖို့လိုမည့် အကြောင်းကိစ္စများရှိသည်။ ဥပမာ၊ သင်တို့လက်ထပ်လျှင် သင်တို့ထဲမှ တစ်ယောက်ယောက်—သို့မဟုတ်—နှစ်ယောက်စလုံး ပြောင်းရွှေ့နေထိုင်ရမည်။ စိတ်ပိုင်းနှင့် စိတ်လှုပ်ရှားမှုဘက် ထိုသို့လိုလိုလားလားပင် သင်ပြုလုပ်နိုင်မည်လော။ မည်သို့ သင်သိမည်နည်း။ သင့်မိသားစုနှင့် အတန်ကြာကြာခွဲ၍ ယခင်ကပြောင်းရွှေ့ သို့မဟုတ် ရပ်ဝေးတွင်နေထိုင်ဖူးသလော။ ဂျိုးအဲန်၏ခင်ပွန်းလောင်းက ဤမဂ္ဂဇင်းကိုထုတ်ဝေသည့် ကင်းမျှော်စင်အသင်း၏ဌာနချုပ်တွင် စေတနာ့ဝန်ထမ်းများအဖြစ် နှစ်ဦးစလုံးအမှုဆောင်ကြရန် ဆန္ဒရှိသည်။ ဂျိုးအဲန်က “သူက အခန်းကျဉ်းကျဉ်းလေး၊ ငွေနည်းနည်းလေးနဲ့ ကျွန်မ နေနိုင်မှာလားလို့ မေးခဲ့တယ်” ဟူ၍ပြန်ပြောပြသည်။ “ဒါနဲ့ပတ်သက်လို့ ကျွန်မတို့ အကျေအလည်ဆွေးနွေးခဲ့ကြတယ်။”
တိုင်းတစ်ပါးသားနှင့် ရည်းစားဖြစ်နေလျှင် တိုင်းတစ်ပါးယဉ်ကျေးမှုနှင့်အညီ လိုက်လျောညီထွေနေတတ်ဖို့ သင်လိုလိုလားလားရှိသလော။ “တစ်ဖက်သား၏ယဉ်ကျေးမှုကို နေ့စဉ်နဲ့အမျှ သင်နှစ်ခြိုက်ခဲ့ပြီလား” ဟူ၍ဖရန့်ခ်ကမေးသည်။ “သင်တို့စပြီးချစ်ခင်ရင်းနှီးကတည်းက အရေးပါတဲ့ဒီအကြောင်းတွေကို ဆွေးနွေးပါ။ စိတ်လှုပ်ရှားမှုပိုင်း ဒါမှမဟုတ် ငွေရေးကြေးရေးကိစ္စမှာ ရင်းနှီးမြှုပ်နှံမှုများစွာမပြုခင် စောစောစီးစီးသိရှိအောင်လုပ်ထားတာက ပိုပြီးကောင်းပါတယ်။” မှန်ပါသည်၊ တစ်ပါးယဉ်ကျေးမှုဖြင့် နေ့စဉ်နှင့်အမျှနေထိုင်ခြင်းသည် ရက်အနည်းငယ်ကြာ ခရီးဆန့်ခြင်းနှင့်မတူပေ။ သင်သည် ဘာသာခြားစကားကို သင်ယူဖို့ လိုအပ်မည်လော။ နေမှုထိုင်မှုအကြီးအကျယ်ကွာခြားခြင်းကို လိုသလိုညှိယူနိုင်မည်လော။ တစ်ဖက်တွင်မူ သင်သည် လူကိုသဘောကျလွန်ခြင်းမဟုတ်ဘဲ ယဉ်ကျေးမှုကိုဘဝင်ခိုက်နေခြင်းလော။ တစ်ချိန်သော် ထိုသို့သောစွဲလမ်းနှစ်သက်မှုမှာ ပျောက်သွားပေလိမ့်မည်။ သို့သော် အိမ်ထောင်ပြုခြင်းက လူနှစ်ဦးအတူတကွထမ်းရသည့်ထမ်းပိုးကို ထာဝရတပ်ထားသည်။—မဿဲ ၁၉:၆။
တိုနီက ဤသို့ရှင်းပြသည်– “ကမ္ဘာ့အခြားတစ်ဖက်ခြမ်းက ကျွန်တော်သိတဲ့ အမျိုးသမီးလေးတစ်ဦးဟာ ကာရစ်ဘီယန်သားတစ်ဦးနဲ့ လက်ဆက်ခဲ့တယ်။ ဒါပေမဲ့ ကျွန်းသားဘဝဟာ သူ့အတွက်ခက်ခဲတာကိုတွေ့ခဲ့တယ်။ အဲဒီမှာ ရာသီဥတုအမြဲပူလို့ မိန်းကလေးဟာဖျားတော့တယ်။ အစားအသောက်ကလည်း မတူတဲ့အပြင် သူ့မိသားစုကိုလည်း သူလွမ်းခဲ့တယ်။ ဒါနဲ့ မိန်းကလေးရဲ့နေရင်းနိုင်ငံမှာ နေထိုင်ကြည့်ဖို့ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ ခင်ပွန်းဖြစ်သူက အဲဒီမှာရှိတဲ့ဘဝပုံစံကို ရုပ်ဝါဒသိပ်ဆန်တယ်လို့ယူမှတ်ပြီး သူမွေ့လျော်ခဲ့တဲ့ မိသားစု၊ အိမ်နီးချင်းတွေအကြား ရင်းနှီးဖော်ရွေမှုကိုလွမ်းဆွတ်တမ်းတခဲ့တယ်။ အခုတော့ သူတို့လမ်းခွဲလိုက်ကြပြီ; သူက သူမွေးရပ်မြေမှာနေထိုင်ပြီး အမျိုးသမီးလေးကလည်း သူ့နေရာမှာသူနေတယ်။ သူတို့ရဲ့ကလေးနှစ်ဦးကတော့ မိဘနှစ်ပါးစလုံးရဲ့ မေတ္တာနဲ့ ဂရုစိုက်မှုကိုတမ်းတနေရှာတယ်။”
ဝေးမြေရပ်ခြားရှိ ယဉ်ကျေးမှုခြင်းမတူသော ပုဂ္ဂိုလ်တစ်ဦးကိုလက်ထပ်ယူခြင်းက အခြားစိန်ခေါ်ချက်များကိုဖြစ်စေသည်။ ခရီးသွားလာရေးနှင့် ဆက်သွယ်ရေး၏ တိုးများလာသည့်ကုန်ကျစရိတ်အတွက် သင်ပြင်ဆင်ထားပါသလော။ လေးဒီယာက ဤသို့ပြန်ပြောပြသည်– “ဖေးလ်က သူရဲ့ဖုန်းခ ကများလွန်းလို့ လက်ထပ်လိုက်ကြရတယ်လို့ နောက်ပြောင်လေ့ရှိတယ်၊ ဒါပေမဲ့ အခုတော့ ကျွန်မရဲ့မိခင်ဆီ ဖုန်းခကို ပေးရပြန်တယ်။” သားသမီးများရလာလျှင် အသို့နည်း။ အချို့သူတို့သည် မိမိတို့၏ဆွေမျိုးတို့နှင့်ပတ်သက်၍ အသေအချာမသိဘဲ ကြီးပြင်းလာကြရပြီ ဘာသာစကားမတူသည့်အတွက် ဖုန်းဖြင့်ပင် စကားပြောဆိုနိုင်စွမ်းမရှိချေ! ယင်းပြဿနာတို့ကို မကျော်နင်းနိုင်ဟုဆိုခြင်းမဟုတ်။ သို့သော် တစ်စုံတစ်ယောက်အနေဖြင့် ထိုသို့သောအိမ်ထောင်ရေးကိုတည်ဆောက်ခြင်း၏ အဖိုးအခကြီးမှုကို ချင့်တွက်သင့်သည်။—လုကာ ၁၄:၂၈။
အမှန်တကယ်ပင် သူသည် မည်သို့သောပုဂ္ဂိုလ်မျိုးနည်း
သင့်အဆွေသည် အမှန်တကယ်ပင် ပွင့်ပွင့်လင်းလင်းရှိသည်ဟု သင်မည်သို့ဆိုနိုင်သနည်း။ “ကောင်းသောအပင်သည် ကောင်းသောအသီး . . . ကို သီးတတ်၏” ဟု မဿဲ ၇:၁၇ ကဆိုသည်။ သူ့အလုပ်ကားအဘယ်နည်း။ သူ့အပြောကို သူ့အလုပ်များက သက်သေထူသလော။ သူ၏အတိတ်ဖြစ်ရပ်များက သူအဆိုရှိသည့်အနာဂတ်ပန်းတိုင်များကို ထောက်ခံသလော။ “တစ်ဦးနဲ့တစ်ဦးပတ်သက်လို့ ဦးဆုံး ကျွန်မတို့သိဖို့ရှာကြတာကတော့ ကျွန်မတို့ရဲ့ဝိညာဉ်ရေးပန်းတိုင်တွေပါပဲ” ဟုအက်စတာကရှင်းပြသည်။ “သူဟာ အချိန်ပြည့်ဧဝံဂေလိကြွေးကြော်သူအဖြစ် ရှစ်နှစ်အမှုဆောင်ခဲ့ပြီး အဲဒါက ဒီအတိုင်းသူဆက်သွားချင်တယ်လို့ပြောတာ အမှန်ကိုပြောနေခြင်းပဲဖြစ်မှာလို့ ကျွန်မကိုယုံကြည်စိတ်ချစေခဲ့တယ်။”
သို့သော် သင်နှင့်ရည်းစားဖြစ်နေသူမှာ ပွင့်လင်းမှုမရှိပုံရသည်ဆိုပါစို့။ အဆိုပါကိစ္စကို လျစ်လျူမရှုပါနှင့်၊ အခြေအနေကောင်းလာမှာပါဟု ပေါ့ပေါ့မယူဆပါနှင့်။ အတွင်းကျကျစူးစမ်းပါ! အဘယ်ကြောင့်နည်း ဟူ၍မေးမြန်းပါ။ စကားပုံတစ်ခုက ဤသို့ဆိုသည်– “လူစိတ်နှလုံး၌ ပညာအကြံသည် နက်သောရေနှင့်တူသော်လည်း၊ ဉာဏ်ကောင်းသောသူသည် ခပ်ယူလိမ့်မည်။” (သု. ၂၀:၅) အခြားစကားပုံတစ်ခုက “ဉာဏ်တိမ်သောသူသည် သူတစ်ပါးပြောသမျှကိုယုံတတ်၏။ ပညာသတိရှိသောသူမူကား၊ မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှုတတ်၏” ဟုသတိပေးသည်။—သု. ၁၄:၁၅။
မျက်နှာချင်းဆိုင်
သို့သော် လူတစ်ယောက်အကြောင်းကို စာဖြင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေပြောလျှင် ရေးသလောက် ပြောသလောက်သာ သိရှိနိုင်သည်။ စိတ်ဝင်စားစရာမှာ တမန်တော်ယောဟန်သည် မိမိ၏ခရစ်ယာန်ညီအစ်ကိုများထံသို့ စာစောင်များစွာရေးသားခဲ့သည်။ ဤစာများကြောင့် သူတို့အချင်းချင်း တွယ်တာမှုနှောင်ကြိုး များစွာခိုင်မြဲလာသော်လည်း ယောဟန်ကဤသို့ဆိုသည်– “သင်တို့အားငါရေးစရာအကြောင်းအများရှိသော်လည်း၊ စက္ကူပေါ်၌မင်နှင့်ရေးခြင်းငှာအလိုမရှိ။ သင်တို့ဆီသို့ငါလာ၍ . . . သင်တို့နှင့်နှုတ်ဆက်၍စကားပြောမည်ဟု မျှော်လင့်လျက်နေ၏။” (၂ ယောဟန် ၁၂) အလားတူပင် ကိုယ်တိုင် တစ်ဦးတစ်ယောက်နှင့်အချိန်ကုန်စေခြင်းထက် သာ၍ကောင်းသည့်အရာမရှိ။ တစ်ဦးနှင့်တစ်ဦး သာ၍ရင်းနှီးလာနိုင်ရန် တစ်ယောက်ယောက်က ယာယီပြောင်းရွှေ့နေပေးခြင်းသည် လက်တွေ့ပင်ကျနိုင်သည်။ ယင်းက မိမိ၏နေရင်းအသစ် ဖြစ်လာမည့်နေရာနှင့်ပတ်သက်၍ ရာသီဥတုနှင့် လူနေမှုအခြေအနေများကို အတွေ့အကြုံရသွားစေမည်။
သင်၏အချိန်ကို အတူတကွ အကောင်းဆုံးမည်သို့အသုံးပြုနိုင်မည်နည်း။ တစ်ဦးစီ၏အရည်အသွေးများကို ဖော်ပြပေးသည့်အရာများကို ဆောင်ရွက်ပါ။ ဘုရားသခင့်စကားတော်ကို အတူလေ့လာပါ။ အသင်းတော်စည်းဝေးများနှင့် ဓမ္မအမှုတွင်ပါဝင်ကြခြင်း၌ အချင်းချင်းဆန်းစစ်ကြည့်ပါ။ အိမ်သန့်ရှင်းရေးနှင့် ဈေးဝယ်ခြမ်းခြင်းကဲ့သို့သော ပုံမှန်အိမ်မှုလုပ်ငန်းဆောင်တာများကို လုပ်ကိုင်ပါ။ အလုပ်များသည့်ဇယား၏ဖိစီးမှုအောက် အခြားပုဂ္ဂိုလ်တစ်ဦး မည်သို့ပြုမူသည်ကို တွေ့ မြင်ရခြင်းက များစွာသိရှိလာစေနိုင်သည်။a
အိမ်ထောင်ဖက်ကြောင့်တော်စပ်လာမည့်သူများနှင့်လည်း အချိန်ကိုအသုံးပြုသင့်သည်။ သူတို့နှင့် ဆက်ဆံရေးကောင်းကို တည်ဆောက်ဖို့ရှာယူပါ။ ထိုထက်ကား သင်တို့နှစ်ဦးလက်ထပ်လိုက်လျှင် သူတို့သည် သင့်မိသားစုဖြစ်လာလိမ့်မည်။ သူတို့ကို သင်သိသလော။ သူတို့နှင့် သင်အဆင်ပြေသလော။ ဂျိုးအဲန်က ဤသို့အကြုံပြုသည်– “အဖြစ်နိုင်ဆုံး မိသားစုနှစ်စုစလုံး တွေ့ဆုံပေးရင် ကောင်းပါတယ်။” တိုနီ ထပ်ဆင့်၍ ဤသို့သတိပြုမိသည်– “သင့်အဆွေဟာ သူ့ရဲ့မိသားစုအပေါ်ဆက်ဆံသလို သင့်ကိုလည်း ဆက်ဆံပါလိမ့်မယ်။”
လူချင်းတွေ့၍ဖြစ်စေ၊ ဖုန်း၊ စာနှင့်ဖြစ်စေ ရည်းစားထားရာတွင် အလျင်စလိုဆုံးဖြတ်ချက်များချခြင်းကို သင်ရှောင်ရှားရပေမည်။ (သု. ၂၁:၅) အကယ်၍ သင်တို့နှစ်ဦးစပ်ကြားတွင် အိမ်ထောင်မင်္ဂလာပြုဖို့ ဖြစ်လာနိုင်ဟန်မရှိက ဖြတ်ပစ်လိုက်ကြဖို့ ဆွေးနွေးကြခြင်းသည် ပညာရှိရာကျ၏။ (သု. ၂၂:၃) တစ်ဖက်တွင် ပွင့်လင်း၍ စိတ်ရင်းမှန်ဖြင့်ဆက်သွယ်ရေးအတွက် အချိန်သာ၍လိုအပ်ခြင်းဖြစ်ပေမည်။
ဝေးမြေရပ်ခြားရည်းစားထားခြင်းသည် ခက်ခဲနိုင်သော်လည်း ဆုလာဘ်တစ်ခုလည်းဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေ ယင်းသည် အရေးကြီးသောကိစ္စရပ်ဖြစ်သည်။ အချိန်ယူပါ။ တစ်ဦးနှင့်တစ်ဦး သိကျွမ်းအောင်လုပ်ပါ။ ထို့နောက်တွင် လက်ထပ်ဖို့သင်တို့ဆုံးဖြတ်ခဲ့လျှင် သင်၏ရည်းစားထားချိန်မှာ နောင်တရစရာမဟုတ်ဘဲ တန်ဖိုးရှိသည့်အချိန်ဖြစ်လိမ့်မည်။
[အောက်ခြေမှတ်ချက်]
a ရည်းစားထားခြင်းနှင့်ပတ်သက်၍ ပိုမိုသိလိုပါက ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်း၊ မြန်မာမှ ထုတ်ဝေသည့် လူငယ်များအမေး—တာသွားသည့်အဖြေစာအုပ် စာမျက်နှာ ၂၅၅-၆၀ ကိုရှု။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ပန်းတိုင်များ၊ သားသမီးများနှင့် ငွေရေးကြေးရေးကိစ္စများကဲ့သို့သော အကြောင်းအရာတို့ကို သင်တို့စ၍ရင်းနှီးချစ်ခင်ကတည်းက အသေအချာဆွေးနွေးပါ