မျှော်လင့်ချက် ဘာကြောင့် လိုအပ်
ရှေ့ဆောင်းပါးမှာ ဖော်ပြခဲ့တဲ့ ကင်ဆာရောဂါသည်လေး ဒယ်နီရယ်သာ မျှော်လင့်ချက် ခိုင်မာနေခဲ့ရင်ကော။ ကင်ဆာရောဂါ ပျောက်သွားမှာလား။ ဒီနေ့ထိ သူ အသက်ရှင်နေမှာလား။ မျှော်လင့်ချက်က ကုစားပေးနိုင်တယ်လို့ ပြောတဲ့သူတွေတောင် အဖြေမပေးနိုင်ကြပါဘူး။ ဒါကြောင့် သေချာတာက မျှော်လင့်ချက်ဟာ ကင်ဆာပျောက်ဆေး မဟုတ်တဲ့အတွက် တအားကြီး အမွှမ်းမတင်သင့်ဘူး။
CBS News မေးမြန်းခန်းတစ်ခုမှာ ဒေါက်တာ နေသန် ချာနီက အသည်းအသန် လူနာတွေကို ကုသတဲ့အခါ မျှော်လင့်ခြင်းအစွမ်းကို အမွှမ်းတင်လွန်းရင် အန္တရာယ်ရှိနိုင်ကြောင်း အခုလို ပြောတယ်– “စိတ်တည်ငြိမ်အောင် တရားမှတ်ဖို့ မကြိုးစားဘူး၊ အကောင်းမြင်စိတ် မရှိဘူးလို့ ဇနီးတွေကို အပြစ်တင်တဲ့ ခင်ပွန်းတွေ ရှိဖူးတယ်။ ကင်ဆာအကျိတ် ပွားလာတာ သူတို့ မထိန်းနိုင်လို့ ဆိုပြီး လူနာကို အတွေးဝင်စေတာပေါ့။ ဒါက မဖြစ်သင့်တဲ့ကိစ္စပါ။”
ရောဂါကျွမ်းနေသူတွေခမျာ ရောဂါကို ကြိုးစားတိုက်ထုတ်နေရလို့ ခြေကုန်လက်ပန်းကျနေတာ။ အပြစ်ရှိတယ်ဆိုတဲ့စိတ်နဲ့ ထပ်ပြီး ဝန်ပိစေချင်ကြမှာ မဟုတ်ပါဘူး။ ဒါဆိုရင် မျှော်လင့်ချက်က အကျိုးမရှိဘူးဆိုတဲ့ သဘောလား။
မဟုတ်ပါဘူး။ ဥပမာ၊ ဒေါက်တာ နေသန်က ရောဂါလက္ခဏာနဲ့ နာကျင်မှုကို သက်သာစေတဲ့ ကုထုံး ပညာရှင်လည်း ဖြစ်တယ်။ အဲဒီကုထုံးက ရောဂါကို ပစ်မှတ်ထား တိုက်ထုတ်ပြီး အသက် ဆွဲထားမယ့်အစား လူနာရဲ့ နောက်ဆုံးအချိန်မှာ သက်သောင့်သက်သာ ဖြစ်အောင်၊ နေပျော်အောင် ကူညီပေးတဲ့ ကုထုံးပါ။ ဒေါက်တာ နေသန်လို ဆရာဝန်တွေက စိတ်ပျော်ရွှင်အောင် ကူညီပေးတဲ့ ကုထုံးဟာ ရောဂါကျွမ်းနေသူအတွက်တောင် အကျိုးရှိတယ်လို့ ယုံကြည်ကြတယ်။ မျှော်လင့်ချက် ရှိရင် နေပျော်စေပြီး ကောင်းကျိုး ရနိုင်တဲ့ အထောက်အထားတွေ ရှိပါတယ်။
မျှော်လင့်ချက် အရေးပါမှု
“မျှော်လင့်ချက်ဟာ အစွမ်းထက်တဲ့ ကုထုံးပဲ” ဆိုပြီး ဆေးဂျာနယ်လစ် ဒေါက်တာ ဒဗလျူ ဂေဖဲယ်ဂျုံး ပြောတယ်။ ရောဂါကျွမ်းနေသူတွေကို စိတ်ဓာတ်ကြံ့ခိုင်အောင် ကူညီခြင်းရဲ့ ကောင်းကျိုးကို သိဖို့ လေ့လာမှုအမျိုးမျိုး လုပ်ခဲ့ကြတယ်။ လူနာကို စိတ်ဓာတ်ကြံ့ခိုင်အောင် ကူညီတဲ့အခါ အကောင်းမြင်စိတ်နဲ့ မျှော်လင့်ချက် ပိုရှိလာပုံရတယ်။ ၁၉၈၉ ခုနှစ် လေ့လာမှုတစ်ခုအရ စိတ်ဓာတ်ကြံ့ခိုင်တဲ့ လူနာတွေ ပိုအသက်ရှည်ကြောင်း တွေ့ရှိခဲ့ကြတယ်။ ဒီအချက်ကို လတ်တလော တွေ့ရှိချက်တွေက လက်မခံပေမဲ့ စိတ်ပိုင်းဆိုင်ရာ ထောက်မမှု ရရှိတဲ့ လူနာတွေက မရတဲ့ လူနာတွေထက် စိတ်ဓာတ်ကျတာ၊ နာကျင်တာ အဖြစ်နည်းကြတယ်လို့ လေ့လာမှုတွေက အတည်ပြုထားတယ်။
အကောင်းမြင်စိတ်နဲ့ အဆိုးမြင်စိတ်ဟာ နှလုံးသွေးကြောကျဉ်းရောဂါအပေါ် သက်ရောက်မှု ရှိပုံကိုလည်း လေ့လာခဲ့ကြတယ်။ ဘဝကို အကောင်းမြင်စိတ် ရှိခြင်း၊ အဆိုးမြင်စိတ် ရှိခြင်းနဲ့ပတ်သက်ပြီး လူပေါင်း ၁,၃၀၀ ကျော် ပါဝင်တဲ့ လေ့လာဆန်းစစ်ချက်တစ်ခု လုပ်ခဲ့တယ်။ ၁၀ နှစ်အကြာမှာ လူ ၁၂ ရာခိုင်နှုန်းကျော်က နှလုံးသွေးကြောကျဉ်းရောဂါ ခံစားနေရကြောင်း တွေ့ရှိခဲ့ကြတယ်။ လူ ၁,၃၀၀ ကျော်ထဲမှာ တစ်ဝက်လောက်က အဆိုးမြင်စိတ် ရှိသူတွေ ဖြစ်နေတယ်။ ဟားဗတ် ပြည်သူ့ကျန်းမာရေးကျောင်းက ကျန်းမာရေးနဲ့ လူမှုရေး အပြုအမူ လက်ထောက်ပါမောက္ခ လော်ရာ ခါဇန်စကီ ဒီလိုပြောတယ်– “‘အကောင်းမြင်စိတ်က’ ကျန်းမာရေးအတွက် အကျိုးရှိတယ်ဆိုတဲ့ ယူဆချက်က တစ်ဆင့်စကားတွေပဲ များတယ်။ ဒါပေမဲ့ ဒီလေ့လာမှုက အကောင်းမြင်စိတ်ဟာ နှလုံးရောဂါအတွက် အကျိုးရှိတယ်ဆိုတဲ့ အယူအဆအတွက် ဆေးဘက်ဆိုင်ရာ အထောက်အထားပါ။”
ခွဲစိတ်ပြီးတဲ့နောက် ငါ ကျန်းမာတယ်လို့ ယူဆသူတွေက မြန်မြန် နာလန်ထူကြတယ်။ ကျန်းမာရေး မကောင်းဘူးလို့ ယူဆသူတွေက ပြန်နာလန်ထူဖို့ ပိုကြာတတ်တယ်။ အသက်ရှည်ခြင်းနဲ့ အကောင်းမြင်စိတ် ဆက်စပ်မှု ရှိနေတယ်။ အိုမင်းခြင်းနဲ့ပတ်သက်ပြီး အကောင်းမြင်ခြင်းနဲ့ အဆိုးမြင်ခြင်းဟာ သက်ကြီးရွယ်အိုတွေအပေါ် သက်ရောက်မှု ရှိပုံကို လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ကြတယ်။ ကွန်ပျူတာဂိမ်းတွေ ကစားချိန်မှာ အသက်ကြီးရင့်ခြင်းကို ဉာဏ်ပညာ၊ အတွေ့အကြုံရင့်ခြင်းနဲ့ ဆက်စပ်ပြတဲ့ လျှပ်တစ်ပျက် စကားလုံးတွေ မြင်ရတွေ့ရတဲ့ သက်ကြီးရွယ်အိုတွေဟာ အားမာန်ပါပါ လမ်းလျှောက်နိုင်တာကို တွေ့ရှိရတယ်။ ဒါက ၁၂ ပတ်စာ လေ့ကျင့်ခန်း လုပ်တာနဲ့ ညီတယ်။
အကောင်းမြင်စိတ်နဲ့ မျှော်လင့်ချက် ရှိတာက ကျန်းမာရေးအတွက် ဘာကြောင့် အကျိုးရှိသလဲ။ သိပ္ပံပညာရှင်တွေ၊ ဆရာဝန်တွေက လူ့စိတ်နဲ့ ခန္ဓာကိုယ်အကြောင်း ကောင်းကောင်း နားမလည်သေးလို့ အတိအကျ မဖြေနိုင်ကြဘူး။ အဲဒီပညာရပ်ကို လိုက်စားတဲ့သူတွေက အတွေ့အကြုံ၊ အသိပညာပေါ် မူတည်ပြီး ခန့်မှန်းကြတာတော့ ရှိတယ်။ ဦးနှောက်နဲ့ အာရုံကြော ပါမောက္ခတစ်ဦး ဒီလိုပြောတယ်– “မျှော်လင့်ချက် ရှိပြီး ပျော်ရွှင်နေရင် စိတ်ဖိစီးမှု နည်းမယ်။ စိတ်ဖိစီးမှု နည်းရင် ခန္ဓာကျန်းမာလာမယ်။ ဒါဟာ ကျန်းမာနေဖို့ ကိုယ်တိုင် လုပ်နိုင်တဲ့အရာတစ်ခုပါပဲ။”
အဲဒီယူဆချက်က ဆရာဝန်၊ စိတ်ပညာရှင်၊ သိပ္ပံပညာရှင်တချို့အတွက် အသစ်အဆန်း ဖြစ်နေတယ်။ ကျမ်းစာကျောင်းသားတွေအတွက်တော့ အဆန်း မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ အနှစ် ၃,၀၀၀ နီးပါးက ပညာရှိ ဘုရင် ရှောလမုန်က “ရွှင်လန်းတဲ့စိတ်ဟာ ဆေးစွမ်းကောင်းတစ်လက်ပဲ။ ကြေကွဲတဲ့စိတ်ကတော့ ခွန်အားဆုတ်ယုတ်စေတယ်” လို့ ရေးတယ်။ (ပညာအလိမ္မာ ၁၇:၂၂) ဒီစကားတွေက တစ်ဖက်စွန်း မရောက်တာ သတိပြုပါ။ ရွှင်လန်းတဲ့စိတ်ဟာ ရောဂါမှန်သမျှ ပျောက်စေတယ်လို့ မပြောဘဲ “ဆေးစွမ်းကောင်း” လို့ပဲ ပြောထားတယ်။
မျှော်လင့်ချက်က ဆေးစွမ်းတစ်လက်ဆိုရင် ဘယ်ဆရာဝန်က မညွှန်ဘဲ နေပါ့မလဲ။ ဒါ့အပြင် မျှော်လင့်ချက်က ကျန်းမာရေးကောင်းစေရုံထက်မက အကျိုးရှိစေတယ်။
အကောင်းမြင်စိတ်၊ အဆိုးမြင်စိတ်နဲ့ သင့်ဘဝ
အကောင်းမြင်စိတ်က နည်းအမျိုးမျိုးနဲ့ အကျိုးရှိစေကြောင်း သုတေသီတွေ တွေ့ရှိခဲ့ကြတယ်။ အကောင်းမြင်စိတ် ရှိသူတွေက ကျောင်း၊ အလုပ်ခွင်၊ အားကစားမှာ စွမ်းစွမ်းတမံ လုပ်ဆောင်နိုင်တယ်။ ဥပမာ၊ အမျိုးသမီး ပြေးခုန်ပစ်အသင်းကို လေ့လာချက်တစ်ခုမှာ နည်းပြတွေက အမျိုးသမီးတွေရဲ့ ပြေးခုန်ပစ်စွမ်းရည်ကို အကဲဖြတ်ပေးကြတယ်။ အမျိုးသမီးတွေကိုယ်တိုင်လည်း ကိုယ့်စွမ်းရည်နဲ့ပတ်သက်ပြီး ဘယ်လောက် မျှော်လင့်ထားတယ်ဆိုတာ ဆန်းစစ်ရတယ်။ သူတို့ရဲ့ မျှော်လင့်ချက်က နည်းပြတွေရဲ့ အကဲဖြတ်ချက်ထက် ပိုမှန်တယ်ဆိုတာ တွေ့ရှိခဲ့ကြတယ်။ မျှော်လင့်ချက်က ဘာကြောင့် ဒီလောက် အစွမ်းထက်တာလဲ။
အဆိုးမြင်စိတ်ရဲ့ အကျိုးဆက်ကိုလည်း လေ့လာခဲ့ကြတယ်။ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ သုတေသီတွေက တိရစ္ဆာန်အမူအကျင့်ကို လေ့လာစမ်းသပ်ကြည့်တဲ့အခါ “ကိုယ်တိုင် ကြုံတွေ့ဖူးလို့ စိတ်ပျက်အားလျော့သွားခြင်း” ကို တွေ့ရှိခဲ့ကြတယ်။ လူတွေမှာလည်း အဲဒီလိုအမူအကျင့် ရှိမှန်း တွေ့ရှိခဲ့တယ်။ ဥပမာ၊ စမ်းသပ်ခံလူတစ်စုကို ဆူညံသံတွေ ဖွင့်ပေးပြီး နားမထောင်ချင်ရင် ခလုတ်နှိပ်လိုက်လို့ ပြောထားတယ်။ သူတို့ ခလုတ်ပိတ်လိုက်တဲ့အခါ ဆူညံသံတွေ ရပ်သွားတယ်။
နောက်လူတစ်စုကို အဲဒီအတိုင်း ပြောပေမဲ့ ခလုတ်မနှိပ်ကြလို့ ဆူညံသံ ရပ်သွားအောင် မလုပ်နိုင်ခဲ့ဘူး။ အများစုမှာ ကူကယ်ရာမဲ့ ခံစားချက်မျိုး ဖြစ်ပေါ်လာတယ်။ နောက်တစ်မျိုး စမ်းသပ်ကြည့်တော့လည်း ဘာတုံ့ပြန်မှုမှ မရှိဘူး၊ ဘာမှ ထူးမှာ မဟုတ်လို့ ဖြစ်လာသမျှ ခါးစည်းခံတော့မယ်ဆိုပြီး ခံယူထားကြတယ်။ ဒါပေမဲ့ သူတို့ထဲက အကောင်းမြင်စိတ်ရှိသူတွေကတော့ ဘာမှ မတတ်နိုင်တော့ဘူးဆိုတဲ့ ခံစားချက်ကို အရှုံးမပေးဘူး။
သုတေသန လုပ်ဖို့ ကူညီပေးခဲ့တဲ့ ဒေါက်တာ မာတင် ဆယ်လီမဲန်က အကောင်းမြင်စိတ်၊ အဆိုးမြင်စိတ်ကို အထူးပြုလေ့လာခဲ့တယ်။ ကူကယ်ရာ မဲ့နေတယ်လို့ ခံစားနေရသူတွေရဲ့ အမြင်ကို အသေအချာ ဆန်းစစ်တယ်။ အဆိုးမြင်စိတ်ကြောင့် လူတွေက ဘဝမှာ ကြိုးစားအားထုတ်မှု မရှိတော့ဘူး၊ နေ့စဉ် လုပ်ရိုးလုပ်စဉ်တွေကိုတောင် မလုပ်ချင်တော့တာကို ဒေါက်တာ မာတင် တွေ့ရှိခဲ့တယ်။ အဆိုးမြင်စိတ်နဲ့ပတ်သက်ပြီး ဒီလို အကျဉ်းချုပ် ဖော်ပြတယ်– “၂၅ နှစ် လေ့လာပြီးနောက်မှာ ကျွန်တော် သိလိုက်ရတာက ကိုယ့်ကြောင့် အဖြစ်ဆိုးတွေ ကြုံရတယ်၊ ဆက်ကြုံနေရဦးမှာပဲ၊ ဘာပဲ လုပ်လုပ် ထူးခြားလာမှာ မဟုတ်ဘူးလို့ အဆိုးမြင်တဲ့သူတွေလို ထင်မြင်ယူဆတတ်တဲ့ အကျင့် ရှိနေရင် ပိုပြီးတော့တောင် ဒုက္ခတွေ ကြုံတွေ့ရနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။”
အဲဒီအချက်ကလည်း ဒီနေ့ခေတ် တချို့သူတွေအတွက် အသစ်အဆန်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျမ်းစာကျောင်းသားတွေက “ဒုက္ခရောက်ချိန်မှာ စိတ်ဓာတ်ကျနေရင် အားလျော့သွားလိမ့်မယ်” ဆိုတဲ့ ကျမ်းစကားကနေ သိရှိပြီးသား ဖြစ်တယ်။ (ပညာအလိမ္မာ ၂၄:၁၀) စိတ်ဓာတ်ကျနေချိန်မှာ အဆိုးမြင်စိတ် ရှိနေရင် လုပ်ချင်ကိုင်ချင်စိတ် ရှိတော့မှာ မဟုတ်ဘူး။ ဒါဆိုရင် ဘာက အဆိုးမြင်စိတ်ကို တွန်းလှန်ပြီး မျှော်လင့်ချက်နဲ့ အကောင်းမြင်စိတ်ကို ပျိုးထောင်ပေးနိုင်သလဲ။
[ရုပ်ပုံ]
မျှော်လင့်ချက် ရှိရင် ကောင်းကျိုး အများကြီး ရရှိနိုင်