မျှော်လင့်ချက်—ဘဝအတွက် အကျိုးရှိသလား
အသက် ဆယ်နှစ်ပဲ ရှိသေးတဲ့ ဒယ်နီရယ်ခမျာ ကင်ဆာရောဂါဒဏ် ခံစားနေရတာ တစ်နှစ်ကြာပါပြီ။ မျှော်လင့်ချက် မရှိတော့လို့ ဆရာဝန်တွေရော ဆွေမျိုးတွေပါ လက်လျှော့လိုက်ရပြီ။ ဒါပေမဲ့ ဒယ်နီရယ်ရဲ့ မျှော်လင့်ချက် ရောင်ခြည်ကတော့ တောက်ပနေဆဲပါ။ သူ့မျှော်လင့်ချက်က တစ်နေ့ကျရင် သုတေသီ ဖြစ်အောင် လုပ်မယ်၊ ကင်ဆာဆေး ဖော်နိုင်အောင် ကြိုးစားမယ်တဲ့။ ခုတော့ သူ့ကို ကုပေးနေတဲ့ ဆရာဝန် လာကြည့်မယ့် နေ့ကို မျှော်လင့်တကြီး စောင့်နေတယ်။ ဒါပေမဲ့ အဲဒီနေ့မှာ ရာသီဥတု ဆိုးနေလို့ ဆရာဝန် ရောက်မလာနိုင်ခဲ့ဘူး။ ဒယ်နီရယ် စိတ်ဓာတ်တွေ ထိုးကျသွားတယ်။ အဲဒီနေ့ကစပြီး ပျော့ခွေသွားတာ နောက်နှစ်ရက်အကြာမှာပဲ ဆုံးသွားရှာတယ်။
မျှော်လင့်ချက်ဟာ ကျန်းမာရေးအပေါ် သက်ရောက်မှု ရှိကြောင်း လေ့လာခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဒယ်နီရယ်ရဲ့ အဖြစ်ကို ပြောပြခဲ့တာပါ။ အဲဒီလိုအဖြစ်မျိုးကို သင်လည်း ကြားဖူးမှာပါ။ ဥပမာ၊ အသက်ငင်နေတဲ့ သက်ကြီးရွယ်အိုက ချစ်ရတဲ့သူ ရောက်လာဖို့ ဒါမှမဟုတ် မင်္ဂလာ နှစ်ပတ်လည်ပွဲ ကျင်းပဖို့ မျှော်လင့်စောင့်စားနေတယ်။ သူ့မျှော်လင့်ချက်လည်း ပြည့်သွားရော မကြာခင်မှာပဲ ကွယ်လွန်သွားတယ်။ ဒီဖြစ်ရပ်တွေမှာ ဘယ်အချက်ကို သတိထားမိလဲ။ မျှော်လင့်ချက်က တကယ်ပဲ အကျိုးရှိသလား။
မျှော်လင့်ချက်၊ အကောင်းမြင်စိတ်၊ အပြုသဘောထား ရှိတာက ပျော်ရွှင် ကျန်းမာစေနိုင်တယ်လို့ ဆေးသုတေသီတွေ ယူဆကြတယ်။ ဒီယူဆချက်ကို လူအားလုံး သဘောတူချင်မှ တူမယ်။ သုတေသီတချို့ကတော့ သိပ္ပံပညာနဲ့ မကိုက်ညီလို့ ဆိုပြီး လက်မခံကြဘူး။ ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုတွေကြောင့်သာ ကျန်းမာရေး ထိခိုက်တာလို့ ယူဆကြတယ်။
မျှော်လင့်ချက်ရဲ့ အရေးကြီးမှုကို လက်မခံကြတာ မဆန်းပါဘူး။ နှစ်ပေါင်း ထောင်ကျော်ကတည်းက ဂရိအတွေးအခေါ်ပညာရှင် အရစ္စတိုတယ်က မျှော်လင့်ချက်ဆိုတာ “စိတ်ကူးယဉ် အိပ်မက်သက်သက်ပါ” လို့ ဆိုတယ်။ အမေရိကန် နိုင်ငံ့ခေါင်းဆောင် ဘင်ဂျမင် ဖရန်ကလင်က “မျှော်လင့်ချက်နဲ့ အသက်ရှင်ရင် ငတ်သေသွားလိမ့်မယ်” တဲ့။
ဒါဆိုရင် မျှော်လင့်ချက်နဲ့ပတ်သက်တဲ့ အမှန်တရားက ဘာလဲ။ စိတ်သက်သာရာ ရဖို့ စိတ်ကူးယဉ်ပုံဖော်ပြီး အတွေးနယ်ချဲ့တာကိုပဲ အမြဲဆိုလိုသလား။ ကျန်းမာပျော်ရွှင်ဖို့ မျှော်လင့်ချက် မရှိမဖြစ် လိုတယ်လို့ သတ်မှတ်နိုင်မယ့် အခြေခံ အကြောင်းရင်း ရှိသလား။