ဆပ်ကပ်အဖွဲ့ကို ကျွန်တော် ကျောခိုင်းခဲ့ရတဲ့အကြောင်း
မာစေလိုနီးမ် ပြောပြသည်
ယူရူဂွေးနိုင်ငံ၊ မွန်တဗီဒေအိုမြို့မှာ ကျွန်တော့်ကို မွေးဖွားခဲ့တယ်။ ကျွန်တော့်မိဘတွေက ဘုရားသခင်ကိုကြောက်ရွံ့ပေမဲ့ ဘယ်ဘာသာဝင်မှ မဟုတ်ဘူး။ ကျွန်တော် လေးနှစ်သားအရွယ်မှာ မတော်တဆထိခိုက်မှုကြောင့် အမေဆုံးသွားလို့ ဆွေမျိုးတွေက ကျွန်တော့်ကို စောင့်ရှောက်ခဲ့ကြပြီး ကျင့်ဝတ်ကောင်းတွေ သွန်သင်ပေးခဲ့ကြတယ်။ အသက် ၂၀ ပြည့်တော့ တခြားတိုင်းပြည်တွေကိုသွားပြီး သူတို့ရဲ့ယဉ်ကျေးမှုတွေကို လေ့လာဖို့ ဆုံးဖြတ်ခဲ့တယ်။
ကိုလံဘီယာနိုင်ငံရောက်တော့ ဆပ်ကပ်အဖွဲ့တွေမှာ အကူအနေနဲ့ ကျွန်တော် အလုပ်စလုပ်ခဲ့တယ်။ ပရိသတ်ကြီးက ဩဘာပေးတဲ့အခါ ဖျော်ဖြေတင်ဆက်သူတွေ ဘယ်လောက်တောင်ပျော်ကြတယ်ဆိုတာကိုတွေ့တော့ ကျွန်တော်လည်း သူတို့လိုဖြစ်ချင်လာတယ်။ ဒါကြောင့် ကျွန်တော် စက်ဘီးစီးတဲ့ပြကွက်ကို လေ့ကျင့်တယ်။ လေ့ကျင့်ရင်းနဲ့ တဖြည်းဖြည်း ကမ္ဘာပေါ်မှာအသေးဆုံးဖြစ်တဲ့ ၄ ၃/၄ လက်မ လောက်ပဲရှိတဲ့စက်ဘီးကို စီးပြနိုင်ခဲ့တယ်။ အဲဒီစက်ဘီးကို ကျွန်တော့်ရဲ့လက်ဖဝါးထဲ ထည့်ထားလို့ရတယ်။ တောင်အမေရိကတစ်ခွင်မှာ ကျွန်တော် အတိုင်းအတာတစ်ခုအထိ အောင်မြင်ကျော်ကြားလာတယ်။ အသက် ၂၅ နှစ်ရောက်တော့ ကျွန်တော် မက္ကဆီကိုနိုင်ငံကိုရောက်လာပြီး ဆပ်ကပ်ပွဲအတော်များများမှာ ပါဝင်ပြသခဲ့တယ်။
ကျွန်တော့်ဘဝ အကြီးအကျယ်ပြောင်းလဲခဲ့
ဆပ်ကပ်သမားဘဝကို ကျွန်တော်မြတ်နိုးတယ်။ ဘာကြောင့်လဲဆိုတော့ မကြာခဏခရီးထွက်ရတယ်။ အကောင်းစားဟိုတယ်တွေမှာတည်းပြီး ဈေးကြီးတဲ့ သီးသန့်စားသောက်ဆိုင်တွေမှာ စားရတယ်။ တစ်ချိန်တည်းမှာ ကျွန်တော့်ဘဝကြီးက အဓိပ္ပာယ်မရှိသလိုခံစားရပြီး အနာဂတ်မျှော်လင့်ချက်လည်းမရှိ ဖြစ်နေတယ်။ နေ့လယ်ခင်းတစ်ခုမှာတော့ ကျွန်တော့်ဘဝ ပြောင်းလဲသွားတယ်။ ဆပ်ကပ်အဖွဲ့ရဲ့အစီအစဉ်မှူးက သူရထားတဲ့ ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ!a ဆိုတဲ့စာအုပ် ကျွန်တော့်ကိုပေးတယ်။ ပွဲပြီးတာနဲ့ ကျွန်တော် အဲဒီစာအုပ်ကို မိုးလင်းခါနီးအထိ ဖတ်လိုက်တယ်။ သိပ်နားမလည်ပေမဲ့ သားရဲနီ၊ ပြည့်တန်ဆာနဲ့ပတ်သက်တဲ့ ရှင်းလင်းချက်တွေကို ကျွန်တော်သဘောကျတယ်။ (ဗျာ. ၁၇:၃–၁၈:၈) အဲဒီနောက် ကျွန်တော်ဝယ်ထားတဲ့ နောက်တွဲယာဉ်ကို ရှင်းလင်းတော့ သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည်* ဆိုတဲ့ နောက်စာအုပ်တစ်အုပ်ကို သွားတွေ့တယ်။ အဲဒါက နားလည်ရပိုလွယ်ကူတဲ့အတွက် ကျွန်တော်ဟောပြောရမယ်ဆိုတာ ချက်ချင်းသဘောပေါက်လာတယ်။ ဒါကြောင့် ချက်ချင်းပဲ တွေ့တဲ့သူတိုင်းကို ကျွန်တော်လေ့လာခဲ့သမျှ အကြောင်းတွေကို စပြောပြတယ်။
အချိန်ကုန်လွန်လာတာနဲ့အမျှ ယေဟောဝါသက်သေတွေနဲ့ဆက်သွယ်သင့်တယ်လို့ ခံစားလာမိတယ်။ ဗျာဒိတ်ကျမ်းအထွတ်အထိပ် ဆိုတဲ့စာအုပ်မှာ ကျွန်တော့်သူငယ်ချင်းကို စာအုပ်ပေးခဲ့တဲ့ သက်သေခံမိန်းကလေးရဲ့ ဖုန်းနံပါတ်ရှိတယ်။ ဒါနဲ့ ကျွန်တော်ဖုန်းဆက်လိုက်တယ်။ သူ့အဖေက မက္ကဆီကိုနိုင်ငံ၊ တီဝါနာမြို့မှာကျင်းပမယ့် ယေဟောဝါသက်သေတွေရဲ့ စည်းဝေးကြီးကိုတက်ဖို့ ကျွန်တော့်ကိုဖိတ်ခေါ်တယ်။ အဲဒီမှာပြသတဲ့မေတ္တာကို ကျွန်တော်စွဲမှတ်သွားပြီး ဒါဟာ စစ်မှန်တဲ့ဘာသာပဲဆိုတာ ကျွန်တော်ယုံကြည်သွားတယ်။ ဆပ်ကပ်အဖွဲ့ရောက်တဲ့နေရာတိုင်းမှာ ဒေသခံဘုရားသခင့်နိုင်ငံတော်ခန်းမကိုသွားပြီး စည်းဝေးတက်တယ်။ စာပေတွေယူပြီး အလွတ်သဘောဝေငှတယ်။
ကျွန်တော်လုပ်နေတာ မှန်တယ်ဆိုတာကို ယုံကြည်စိတ်ချစေတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့တယ်။ သက်သေခံတွေက ကျွန်တော့်ကို ခရစ်တော်ရဲ့သေခြင်းအောက်မေ့ရာပွဲတက်ဖို့ ဖိတ်ခေါ်ပြီး ခရစ်ယာန်တွေ ဒီပွဲကိုတက်ရောက်ဖို့ ဘယ်လောက်ထိအရေးကြီးတယ်ဆိုတာ ရှင်းပြခဲ့တယ်။ ဒါပေမဲ့ အဲဒီညက ဆပ်ကပ်ပွဲတစ်ပွဲအတွက် ပထမဆုံးဖျော်ဖြေတဲ့ညဖြစ်နေလို့ အောက်မေ့ရာပွဲတက်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ထင်ခဲ့တယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် ယေဟောဝါဆီ အသည်းအသန်ဆုတောင်းလိုက်တယ်။ အဲဒီနောက် အံ့ဩစရာတစ်ခု ဖြစ်ပျက်ခဲ့တယ်။ ပွဲမစခင် နှစ်နာရီအလိုမှာ လျှပ်စစ်မီးပြတ်သွားတယ်။ ဒါကြောင့် ကျွန်တော် အောက်မေ့ရာပွဲကိုတက်နိုင်ခဲ့ပြီး ဆပ်ကပ်လည်းပြနိုင်ခဲ့တယ်။ ကျွန်တော့်ရဲ့ဆုတောင်းချက်ကို ယေဟောဝါဖြေကြားပေးခဲ့တယ်လို့ ထင်ပါတယ်။
တစ်ခါတုန်းက ဘဏ်တစ်ခုမှာ ကျွန်တော်တန်းစီရင်း ဝေစာတွေဝေတယ်။ ဒါကို ခရစ်ယာန်အကြီးအကဲတစ်ယောက်က တွေ့သွားပြီး ကျွန်တော့်ရဲ့ထက်သန်မှုအတွက် ချီးမွမ်းခဲ့တယ်။ အသင်းတော်ရဲ့လမ်းညွှန်မှုအောက်မှာ စနစ်တကျဟောပြောဖို့ ကျွန်တော့်ကို အားပေးခဲ့တယ်။ အဲဒီလိုလုပ်ဖို့ဆိုရင် ကျွန်တော့်အသက်တာကို ပြောင်းလဲဖို့လိုတယ်လို့လည်း မေတ္တာပါပါရှင်းပြခဲ့တယ်။ အပြောင်းအလဲတွေလုပ်ဖို့ အလေးအနက်စဉ်းစားနေတုန်းမှာပဲ အမေရိကန်မှာပြသမယ့် ဆပ်ကပ်ပွဲအတွက် လစာမြင့်တဲ့အလုပ်တစ်ခု ကမ်းလှမ်းခံရတယ်။ ကျွန်တော့်စိတ်တွေ ထွေသွားတယ်။ အမေရိကန်ကို ကျွန်တော်သွားချင်တယ်။ ဒါကိုလက်ခံလိုက်မယ်ဆိုရင် ကျွန်တော်လျှောက်မယ်လို့ စထွင်ထားတဲ့လမ်း ဘယ်လိုဖြစ်သွားမယ်ဆိုတာ မသိနိုင်ဘူး။ ဒါက ကျွန်တော့်အတွက် ပထမဆုံးစမ်းသပ်မှုဖြစ်ပြီး ယေဟောဝါကိုလည်း စိတ်မပျက်စေချင်ဘူး။ ကျွန်တော့်ရဲ့ဆပ်ကပ်အဖွဲ့သားတွေ မယုံနိုင်ကြပေမဲ့ ဆပ်ကပ်အဖွဲ့ကို ကျောခိုင်းခဲ့ပြီး အသင်းတော်နဲ့ အတည်တကျပေါင်းသင်းခဲ့တယ်။ ဆံပင်ရှည်ကို ညှပ်လိုက်ပြီး ကျွန်တော့်ရဲ တခြားဘဝပုံစံတွေကိုလည်း ပြောင်းလဲလိုက်လို့ ယေဟောဝါအတွက် အမှုဆောင်နိုင်ခဲ့တယ်။
နောင်တမရှိတဲ့ ကျေနပ်ဖွယ်အသက်တာ
ယေဟောဝါသက်သေတစ်ဦးအဖြစ် နှစ်ခြင်းမခံခင် ၁၉၉၇ ခုနှစ်မှာ ဒုတိယစမ်းသပ်မှုနဲ့ ထပ်ကြုံရပြန်တယ်။ အမေရိကန်ကိုသွားဖို့ နောက်ထပ်အခွင့်အရေးပေါ်လာပြန်တယ်။ မီယာမီကို စရိတ်ငြိမ်းသွားရမှာဖြစ်ပြီး အဲဒီမှာ နာမည်ကြီး ရုပ်မြင်သံကြားအစီအစဉ်တစ်ခုအတွက် ဖျော်ဖြေရမှာဖြစ်တယ်။ ဒါပေမဲ့ ယေဟောဝါထံ ကျွန်တော်ရဲ့အပ်နှံမှုနဲ့အညီ နှစ်ခြင်းခံချင်တယ်။ ဒါကြောင့် ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်လို့ ရုပ်မြင်သံကြားအစီအစဉ်ကိုယ်စားလှယ်တွေ အရမ်းအံ့သြသွားကြတယ်။
ဆပ်ကပ်သမားဘဝကို စွန့်လွှတ်လိုက်လို့ ကျွန်တော်နောင်တမရဘူးလားလို့ တချို့ကမေးကြတယ်။ ယေဟောဝါနဲ့မိတ်ဆွေဖြစ်ရတာ၊ ကိုယ်တော့်မေတ္တာခံစားရတာကို အရင်အသက်တာနဲ့ ဘယ်တော့မှလဲမှာမဟုတ်ဘူးလို့ ပြန်ဖြေခဲ့တယ်။ အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုဆောင်တစ်ဦးအဖြစ် ကျွန်တော်ရဲ့အသက်မွေးလုပ်ငန်းအသစ်က ဩဘာသံတွေ၊ ကျော်ကြားမှုတွေ၊ လောကစည်းစိမ်တွေ မရှိပေမဲ့ ဘဝမှာ အဓိပ္ပာယ်မဲ့နေတယ်လို့ မခံစားရတော့ဘူး။ မြေကြီးပရဒိသုမှာနေရမယ်၊ ထမြောက်ရာကာလမှာ အမေ့ကို ကြိုဆိုရမယ်ဆိုတဲ့ တန်ဖိုးရှိလှတဲ့မျှော်လင့်ချက်တွေ ကျွန်တော့်မှာအပြည့်ရှိတယ်။—ယောဟန် ၅:၂၈၊ ၂၉။
[အောက်ခြေမှတ်ချက်]
a ယေဟောဝါသက်သေများထုတ်ဝေသည်။