ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၁ ၈/၁ စာ. ၁၈-၂၂
  • သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ကျမ်းစာသည် ဘဝအသက်တာများကို ပြောင်းလဲစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
က၁၁ ၈/၁ စာ. ၁၈-၂၂

သမ္မာကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲပေးနိုင်

အရင်က မိန်းမအများကြီး ယူခဲ့တဲ့သူ၊ ယေဟောဝါသက်သေတွေကိုလည်း ဆန့်ကျင်ခဲ့တဲ့သူက သက်သေခံတစ်ယောက်ဖြစ်ဖို့ ဘာကြောင့် ဆုံးဖြတ်လိုက်တာလဲ။ ပဲန်တီကော့စ်တယ်လ် ခရစ်ယာန်အသင်းရဲ့ တရားဟောဆရာတစ်ယောက်ဟာ ဘယ်အရာကြောင့် သူ့ရဲ့ယုံကြည်ချက်တွေကို ပြောင်းပစ်တာလဲ။ ဝမ်းနည်းကြေကွဲစရာတွေနဲ့ ကြီးပြင်းလာခဲ့တဲ့ အမျိုးသမီးတစ်ယောက်ဟာ ဘယ်အရာကြောင့် ကိုယ့်ကိုယ်ကိုယ် ရွံမုန်းတဲ့စိတ်ကို ကျော်လွှားပြီး ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရရှိခဲ့တာလဲ။ ဟဲဗီးမက်တယ် တေးဂီတသမားတစ်ယောက်ဟာ ဘယ်လိုလုပ် ဘာသာရေးသမား ဖြစ်လာတာလဲ။ အဖြေတွေသိနိုင်အောင် သူတို့ပြောပြတဲ့စကားတွေကို ဖတ်ကြည့်ကြရအောင်။

ရီဂိုဘာ အူအီတို

“ခင်ပွန်းကောင်းတစ်ယောက် ဖြစ်လာပါပြီ”—ရီဂိုဘာ အူအီတို

  • မွေးဖွားတဲ့ခုနှစ်– ၁၉၄၁

  • နေရင်းနိုင်ငံ– ဘီနင်

  • နောက်ခံ– မိန်းမအများကြီးယူသူ၊ ယေဟောဝါသက်သေတွေကို ဆန့်ကျင်သူ

အတိတ်-

ကျွန်တော့်ဇာတိက ဘီနင်နိုင်ငံ၊ ကိုတိုနူမြို့ကြီးပါ။ ကက်သလစ်ဘာသာဝင်အဖြစ် ကြီးပြင်းလာပေမဲ့ ဘုရားကျောင်း ပုံမှန်မတက်ဘူး။ မိန်းမအများကြီးယူတာကို တရားဝင်ခွင့်ပြုထားတဲ့အတွက် ကျွန်တော်တို့မြို့က ကက်သလစ်ဘာသာဝင်အများစုဟာ မိန်းမအများကြီး ယူကြတယ်။ ကျွန်တော်လည်း လေးယောက်တောင် ယူထားတယ်။

၁၉၇၀ ပြည့်လွန်နှစ်တွေတုန်းက ကျွန်တော်တို့နိုင်ငံမှာ ရုတ်တရက် တော်လှန်ရေးဖြစ်တော့ အကျိုးရှိမယ်လို့ ကျွန်တော် ထင်ခဲ့တယ်။ ဒါနဲ့ အဲဒီတော်လှန်ရေးကို အပြည့်အဝ ထောက်ခံပြီး နိုင်ငံရေးထဲ ခြေစုံပစ် ဝင်လိုက်တယ်။ ယေဟောဝါသက်သေတွေက နိုင်ငံရေးမှာ ကြားနေကြတဲ့အတွက် တော်လှန်ရေးသမားတွေက သူတို့ကို မကြိုက်ဘူး။ သက်သေခံတွေကို ညှဉ်းပန်းနှိပ်စက်တဲ့သူတွေထဲမှာ ကျွန်တော်လည်း ပါတယ်။ ၁၉၇၆ ခုနှစ်မှာ သက်သေခံခရစ်ယာန်သာသနာပြုတွေကို တိုင်းပြည်ကနေ နှင်ထုတ်လိုက်တဲ့အခါ သူတို့ ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ ကျွန်တော် ထင်ခဲ့တာ။

သမ္မာကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲပေးခဲ့ပုံ-

၁၉၉၀ ပြည့်နှစ်မှာ တော်လှန်ရေး ပြီးဆုံးသွားတယ်။ မကြာခင်မှာပဲ သက်သေခံသာသနာပြုတွေ ပြန်ရောက်လာလို့ ကျွန်တော် အံ့ဩသွားတယ်။ ဒီလူတွေကို ဘုရားသခင် ကူညီပေးနေတာ ဖြစ်ရမယ်လို့ စပြီးတွေးမိတယ်။ အဲဒီအချိန်လောက်မှာ ကျွန်တော် အလုပ် ပြောင်းခဲ့တယ်။ ကျွန်တော့်ရဲ့ အလုပ်ဖော်အသစ်တစ်ယောက်က သက်သေခံတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ယုံကြည်ချက်တွေကို ပြောပြတယ်။ ယေဟောဝါဘုရားသခင်ဟာ မေတ္တာရှင်ဖြစ်တယ်၊ တရားမျှတတဲ့အရှင် ဖြစ်တယ်ဆိုတာကို ကျမ်းစာနဲ့ ပြောပြတယ်။ (တရားဟောရာ ၃၂:၄။ ၁ ယောဟန် ၄:၈) အဲဒီအရည်အသွေးတွေကို ကျွန်တော် အရမ်းနှစ်သက်တယ်။ ဘုရားသခင်အကြောင်း ပိုသိချင်လာတာနဲ့ ကျမ်းစာလေ့လာဖို့ သဘောတူလိုက်တယ်။

မကြာခင်မှာပဲ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေကို သွားတက်တယ်။ လူမျိုးရေး ခွဲခြားတာ၊ အဆင့်အတန်း ခွဲခြားတာတွေ မရှိဘူး။ အဲဒီအစား ချစ်ချစ်ခင်ခင် နေကြတာကို ကျွန်တော် စွဲမှတ်သွားတယ်။ သက်သေခံတွေနဲ့ ပိုပေါင်းသင်းလာလေ သူတို့တွေဟာ ယေရှုရဲ့ နောက်လိုက်အစစ်အမှန်တွေ ဖြစ်တယ်ဆိုတာကို ပိုသိလာလေပဲ။—ယောဟန် ၁၃:၃၅။

ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ချင်တဲ့အတွက် ကက်သလစ်အသင်းကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ တခြားသူတွေ တစ်မျိုးထင်မှာစိုးလို့ နုတ်ထွက်ဖို့ မဝံ့မရဲဖြစ်နေတယ်။ တော်တော်ကြာမှ ဘုရားသခင့်အကူအညီနဲ့ သတ္တိတွေရှိလာပြီး ကက်သလစ်အသင်းကနေ နုတ်ထွက်လိုက်တယ်။

နောက်ပြောင်းလဲမှုကြီးတစ်ခုလုပ်ဖို့ ကျန်သေးတယ်။ ကျမ်းစာလေ့လာလိုက်တော့ မိန်းမအများကြီးယူတာကို ဘုရားသခင် မနှစ်သက်ဘူးဆိုတာ သိလာရတယ်။ (ကမ္ဘာဦး ၂:၁၈-၂၄။ မဿဲ ၁၉:၄-၆) ပထမဆုံးအိမ်ထောင်ကပဲ တရားဝင်တယ်လို့ ဘုရားသခင် ရှုမြင်တယ်။ ဒါကြောင့် အရင်ဆုံးယူတဲ့ ဇနီးနဲ့ တရားဝင်လက်ထပ်လိုက်ပြီး ကျန်တဲ့ဇနီးတွေကို ကွာရှင်းလိုက်တယ်။ သူတို့ရဲ့နောင်ရေးအတွက်ပါ စီစဉ်ပေးလိုက်တယ်။ အချိန်ကြာလာတော့ ဇနီးဟောင်းနှစ်ယောက်က ယေဟောဝါသက်သေတွေ ဖြစ်လာတယ်။

အကျိုးကျေးဇူး ရရှိခဲ့ပုံ-

ဇနီးသည်က ကက်သလစ်အသင်းသား ဖြစ်နေပေမဲ့ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်မယ်ဆိုတဲ့ ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ကို မကန့်ကွက်ဘူး။ ကျွန်တော်လည်း ခင်ပွန်းကောင်းတစ်ယောက် ဖြစ်လာတယ်။

နိုင်ငံရေးလုပ်ပြီး ရပ်ရွာကောင်းကျိုး သယ်ပိုးမယ်လို့ စဉ်းစားခဲ့ပေမဲ့ အဲဒီလိုလုပ်တာက အချည်းနှီးပါပဲ။ ဘုရားသခင့်နိုင်ငံတော်ကပဲ လူ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်ဆိုတာ အခု ကျွန်တော် သိပါပြီ။ (မဿဲ ၆:၉၊ ၁၀) ဘဝကို ပျော်ရွှင်စွာ ဘယ်လို ဖြတ်သန်းရမယ်ဆိုတာကို လမ်းညွှန်ပေးတဲ့ ယေဟောဝါဘုရားသခင်ကို ကျွန်တော် အရမ်းကျေးဇူးတင်တယ်။

အဲလက်စ် လေမိုစ် ဆီလ်ဗာ

“ပြောင်းလဲရတာ မလွယ်ဘူး”—အဲလက်စ် လေမိုစ် ဆီလ်ဗာ

  • မွေးဖွားတဲ့နှစ်– ၁၉၇၇

  • နေရင်းနိုင်ငံ– ဘရာဇီး

  • နောက်ခံ– ပဲန်တီကော့စ်တယ်လ် ခရစ်ယာန်တရားဟောဆရာ

အတိတ်-

ဆော ပိုလိုပြည်နယ်၊ အီတူးမြို့က ဆင်ခြေဖုံးရပ်ကွက်မှာ ကျွန်တော် ကြီးပြင်းခဲ့တယ်။ အဲဒီရပ်ကွက်က ရာဇဝတ်မှုပေါတယ်လို့ နာမည်ကြီးတယ်။

ကျွန်တော်ဟာ ကမ်းကုန်အောင် ဆိုးတယ်၊ အကျင့်လည်း မကောင်းဘူး။ မူးယစ်ဆေးဝါးလည်း မှောင်ခိုလုပ်တယ်။ ဒီလိုသာလုပ်နေလို့ကတော့ ကြာရင် ထောင်နန်းစံရမယ် ဒါမှမဟုတ် သေတွင်းထဲ ခုန်ဆင်းရမယ်ဆိုတာ သဘောပေါက်လာတယ်။ ဒါနဲ့ အဲဒီအလုပ်တွေ မလုပ်တော့ဘူး။ အဲဒီနောက် ပဲန်တီကော့စ်တယ်လ် ခရစ်ယာန်အသင်းနဲ့ ပူးပေါင်းပြီး တရားဟောဆရာ ဖြစ်လာတယ်။

အဲဒီအသင်းမှာ အမှုဆောင်တဲ့အတွက် လူတွေကို တကယ်ပဲ ကူညီပေးနိုင်မယ်လို့ ကျွန်တော် ထင်ခဲ့တာ။ ဒေသန္တရ ရေဒီယို အသံလွှင့်ရုံကနေ ဘာသာရေးဟောပြောချက်တွေ ဟောတဲ့အတွက် နာမည်ကြီးလာတယ်။ ဒါပေမဲ့ အသင်းတော်က အသင်းသားတွေရဲ့အကျိုးကို စိတ်မဝင်စားတဲ့အပြင် ဘုရားသခင်ကို ချီးမွမ်းတာလည်း အပေါ်ယံဖြစ်နေတာကို တဖြည်းဖြည်း သိမြင်လာတယ်။ အလှူငွေကောက်ဖို့လောက်ပဲ အာရုံစိုက်နေတယ်လို့ ကျွန်တော် ခံစားရတယ်။ ဒါနဲ့ အဲဒီအသင်းကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။

သမ္မာကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲပေးခဲ့ပုံ-

ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာစလေ့လာတဲ့အခါ တခြားဘာသာတွေနဲ့ မတူတာကို ချက်ချင်းပဲ သတိပြုမိတယ်။ အချက်နှစ်ချက်ကို ကျွန်တော် သဘောကျသွားတယ်။ ပထမအချက်က ယေဟောဝါသက်သေတွေဟာ ဘုရားသခင်နဲ့လူတွေကို ချစ်တယ်ဆိုတာကို အပြောနဲ့ရော အလုပ်နဲ့ပါ ပြသကြတယ်။ ဒုတိယအချက်က သူတို့ဟာ နိုင်ငံရေး ဒါမှမဟုတ် စစ်ရေးတွေမှာ မပါဝင်ကြဘူး။ (ဟေရှာယ ၂:၄) အဲဒီအချက်နှစ်ချက်ကြောင့် ထာဝရအသက်ရရှိစေတဲ့ လမ်းမှန်ကို ညွှန်ပြပေးတဲ့ စစ်မှန်တဲ့အဖွဲ့ကို တွေ့ပြီလို့ ယုံကြည်စိတ်ချသွားတယ်။—မဿဲ ၇:၁၃၊ ၁၄။

ဘုရားသခင်ရဲ့ နှစ်သက်လက်ခံမှုကို ရချင်တယ်ဆိုရင် ပြောင်းလဲမှုကြီးတချို့ကို ပြုလုပ်ရမယ်ဆိုတာ သိမြင်လာတယ်။ ကျွန်တော့်ရဲ့မိသားစုကို ပိုပြီးဂရုစိုက်ရမှာဖြစ်သလို ပိုပြီးနှိမ့်ချဖို့လည်း လိုတယ်။ ပြောင်းလဲရတာ မလွယ်ပေမဲ့ ဘုရားသခင့်အကူအညီနဲ့ ကျွန်တော် အောင်မြင်ခဲ့တယ်။ အဲလိုပြောင်းလဲလာတာကို ကျွန်တော့်ဇနီးက အရမ်းသဘောကျသွားတယ်။ သူက ကျွန်တော့်ထက်အရင် ကျမ်းစာစလေ့လာခဲ့ပေမဲ့ အခုတော့ သူ့ရဲ့တိုးတက်မှုနှုန်းက အရမ်းမြန်လာနေပါပြီ။ မကြာခင်မှာပဲ ကျွန်တော်တို့နှစ်ယောက်စလုံး ယေဟောဝါသက်သေတွေ ဖြစ်ချင်လာတယ်။ နောက်ဆုံးတော့ တစ်နေ့တည်းမှာပဲ နှစ်ခြင်းခံလိုက်ကြတယ်။

အကျိုးကျေးဇူး ရရှိခဲ့ပုံ-

ကျွန်တော်တို့ရဲ့ ကလေးသုံးယောက်ကို ဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိအောင် ကူညီပေးခွင့်ရလို့ ဝမ်းသာလိုက်တာဗျာ။ ပျော်ရွှင်တဲ့မိသားစုဘဝကိုလည်း ပိုင်ဆိုင်လာပါပြီ။ ကျမ်းစာအမှန်တရားသိရှိအောင် ကျွန်တော့်ကို သွေးဆောင်တဲ့အတွက် ယေဟောဝါဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ကျမ်းစာက လူတွေရဲ့ဘဝကို တကယ်ပဲ ပြောင်းလဲပေးပါတယ်။ ကျွန်တော်ကိုယ်တိုင်ကိုက သက်သေပဲလေ။

ဗစ်တိုးရီးယား တန်

“ကျွန်မဘဝ ပြန်သန့်ရှင်း သွားပြီး အကောင်းဆုံးအသက်တာနဲ့ ပျော်မွေ့နေပါပြီ”—ဗစ်တိုးရီးယား တန်

  • မွေးဖွားတဲ့နှစ်– ၁၉၅၇

  • နေရင်းနိုင်ငံ– ဩစတြေးလျ

  • နောက်ခံ– ဝမ်းနည်းကြေကွဲစရာကောင်းတဲ့ ငယ်ဘဝ

အတိတ်-

နယူးဆောက်ဝေးလ်ပြည်နယ်၊ နယူးကာဆယ်လ်မြို့မှာ ကျွန်မ ကြီးပြင်းလာတယ်။ မောင်နှမ ခုနစ်ယောက်ထဲမှာ ကျွန်မက အကြီးဆုံး။ အဖေက ဆိုးသွမ်းတဲ့ အရက်သမား၊ အမေကလည်း ကြမ်းမှကြမ်း။ အမေဟာ ကျွန်မကို ကျွဲရိုက်နွားရိုက် ရိုက်တယ်၊ ဆဲဆိုတာလည်း မိုးမွှန်နေတာပဲ။ ကျွန်မက အရမ်းဆိုးတဲ့အတွက် ငရဲကျမယ်လို့လည်း ခဏခဏ ပြောတယ်။ အဲလိုခြိမ်းခြောက်လို့ ကျွန်မ အရမ်းကြောက်သွားတယ်။

ကျွန်မတစ်ကိုယ်လုံး ဒဏ်ရာဗရပွဖြစ်အောင် ရိုက်နှက်ခံရတဲ့အတွက် မကြာခဏ ကျောင်းပျက်ခဲ့ရတယ်။ အသက် ၁၁ နှစ်မှာ ကျွန်မကို အစိုးရအာဏာပိုင်တွေက မိဘတွေဆီကနေ ခေါ်ထုတ်သွားပြီး အရင်ဆုံး ပရဟိတကျောင်း၊ နောက်တော့ ခရစ်ယာန်သီလရှင်ကျောင်းမှာ ထားပေးတယ်။ အသက် ၁၄ နှစ်ရောက်တော့ အဲဒီကနေ ထွက်ပြေးခဲ့တယ်။ အိမ်ကိုလည်း မပြန်ချင်တဲ့အတွက် ဆစ်ဒနီမြို့ ကင်းစ်ခရော့စ် ဆင်ခြေဖုံးရပ်ကွက်က လမ်းတွေပေါ်မှာ ကျက်စားခဲ့တယ်။

လမ်းတွေပေါ်မှာပဲ အလေလိုက်နေတုန်း မူးယစ်ဆေးဝါးတွေသုံး၊ အရက်တွေသောက်၊ ညစ်ညမ်းစာပေရုပ်ရှင်တွေ ကြည့်၊ ပြည့်တန်ဆာလည်း လုပ်ခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်မအတွက် အရမ်းထိတ်လန့်စရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုကို တွေ့ကြုံခဲ့ရတယ်။ နိုက်ကလပ်ပိုင်ရှင်တစ်ယောက်ရဲ့ တိုက်ခန်းမှာ ကျွန်မ နေထိုင်ခဲ့တယ်။ ညနေခင်းတစ်ခုမှာ တိုက်ခန်းကို လူနှစ်ယောက် ရောက်လာတယ်။ ပိုင်ရှင်က ကျွန်မကို အိပ်ခန်းထဲ သွားခိုင်းပေမဲ့ သူတို့ ဘာပြောနေတယ်ဆိုတာကို အမှတ်မထင် ကြားလိုက်ရတယ်။ လက်စသတ်တော့ ကျွန်မကို အဲဒီလူတွေဆီ ရောင်းစားဖို့ စီစဉ်နေတာကိုး။ ဂျပန်နိုင်ငံက အရက်ဘားဆိုင်တစ်ဆိုင်မှာ ကျွန်မကို အလုပ်လုပ်ခိုင်းဖို့ သူတို့က ကုန်တင်သင်္ဘောပေါ် ဝှက်ပြီး ခေါ်သွားကြမလို့တဲ့။ ကျွန်မ အရမ်းထိတ်လန့်သွားပြီး ဝရန်တာပေါ်ကနေ ခုန်ချ၊ အကူအညီရဖို့ ခြေဦးတည့်ရာကို ထွက်ပြေးခဲ့တယ်။

ဆစ်ဒနီမြို့ကို အလည်အပတ်ရောက်လာတဲ့ အမျိုးသားတစ်ယောက်နဲ့တွေ့ပြီး သူ့ဆီက ပိုက်ဆံရမယ်အထင်နဲ့ ကျွန်မရဲ့ အခြေအနေကို ရှင်းပြလိုက်တယ်။ သူက ကျွန်မကို ပိုက်ဆံပေးမယ့်အစား သူနေတဲ့နေရာကို ခေါ်သွားပြီး အဲဒီမှာ ရေမိုးချိုး၊ အစာစားခွင့် ရလိုက်တယ်။ ဒီလိုနဲ့ ကျွန်မလည်း အဲဒီမှာပဲ နေလိုက်တော့တယ်။ တစ်နှစ်လည်းကြာရော ကျွန်မတို့ လက်ထပ်လိုက်ကြတယ်။

သမ္မာကျမ်းစာက ကျွန်မဘဝကို ပြောင်းလဲပေးခဲ့ပုံ-

ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာစလေ့လာတဲ့အခါ စိတ်ခံစားမှု အမျိုးမျိုး ဖြစ်ခဲ့ရတယ်။ ဆင်းရဲခက်ခဲမှုတွေဟာ ဘုရားသခင်ကြောင့်လို့ အမြဲ သွန်သင်ခံခဲ့ရတာ။ အခုတော့ မကောင်းမှုတွေက နတ်ဆိုးမင်း စာတန်ကြောင့်ဖြစ်မှန်း သိလိုက်ရတော့ အရမ်းဒေါသထွက်သွားတယ်။ ငယ်ငယ်လေးကတည်းက ကျွန်မကို ထိတ်လန့်စေခဲ့တဲ့ သွန်သင်ချက်တစ်ခုကတော့ မီးငရဲဖြစ်တယ်။ ဘုရားသခင်က လူတွေကို မီးငရဲနဲ့ အပြစ်မပေးဘူးဆိုတာကို သိလိုက်ရတော့ စိတ်သက်သာမှု ရသွားတယ်။

သက်သေခံတွေဟာ ကျမ်းစာမူတွေအပေါ် အခြေခံပြီး ဆုံးဖြတ်ချက်တွေ ချကြတာကို ကျွန်မ သဘောကျမိတယ်။ သူတို့ရဲ့ယုံကြည်ချက်အတိုင်း အသက်ရှင်ကြတယ်။ ကျွန်မက လူ့ခွစာတစ်ယောက်ပါ။ ဒါပေမဲ့ သက်သေခံတွေက ကျွန်မကို ဗွေမယူဘဲ မေတ္တာနဲ့ လေးလေးစားစား ဆက်ဆံကြတယ်။

ကျွန်မဟာ တန်ဖိုးမရှိဘူးဆိုတဲ့ ခံစားချက်နဲ့ နပန်းလုံးလာခဲ့ရတာပါ။ ကိုယ့်ကိုယ်ကိုယ်လည်း ရွံမုန်းမိတယ်။ ယေဟောဝါသက်သေတစ်ယောက်အဖြစ် နှစ်ခြင်းခံပြီးတဲ့နောက်မှာတောင် အဲဒီခံစားချက်တွေက ရှိနေတုန်းပဲ။ ယေဟောဝါဘုရားသခင်ကို ကျွန်မ ချစ်ပေမဲ့ ကျွန်မလိုလူစားမျိုးကို ကိုယ်တော် ဘယ်တော့မှ ချစ်မှာ မဟုတ်ပါဘူးလေလို့ ယူမှတ်ထားတာ။

ကျွန်မ နှစ်ခြင်းခံပြီးတဲ့နောက် ၁၅ နှစ်ကြာတဲ့အခါမှ အဲဒီအတွေးအခေါ် ပြောင်းလဲသွားတယ်။ ယေဟောဝါသက်သေတွေရဲ့ ဝတ်ပြုရာခန်းမမှာ ညီအစ်ကိုတစ်ယောက် ဟောပြောချက်ပေးနေတုန်း ယာကုပ် ၁:၂၃၊ ၂၄ ကို ညွှန်းခဲ့တယ်။ အဲဒီကျမ်းပိုဒ်တွေထဲမှာ သမ္မာကျမ်းစာကို မှန်တစ်ချပ်နဲ့ နှိုင်းယှဉ်ပြထားတယ်။ အဲဒီမှန်က ကျွန်မတို့အပေါ် ဘုရားသခင့်ရှုမြင်ပုံနဲ့ ကိုယ့်ကိုယ်ကိုယ် ရှုမြင်စေနိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် ရှုမြင်ပုံနဲ့ ကျွန်မအပေါ် ဘုရားသခင်ရဲ့ရှုမြင်ပုံက ကွာနေမလားဆိုပြီး သိချင်စိတ်ပေါက်လာတယ်။ အစပိုင်းမှာတော့ အမြင်သစ်ကို ကျွန်မ လက်မခံနိုင်ဘူး ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မကို ဘုရားသခင် ချစ်မှာမဟုတ်ဘူးလို့ ခံစားနေရတုန်းပဲ။

ရက်အနည်းငယ်အကြာမှာ ကျွန်မရဲ့ဘဝကို ပြောင်းလဲသွားစေတဲ့ ကျမ်းချက်တစ်ချက်ကို ဖတ်မိလိုက်တယ်။ အဲဒီကျမ်းချက်ကတော့ ဟေရှာယ ၁:၁၈ [သမ္မာ] ပါ။ အဲဒီမှာ ဒီလိုဖော်ပြထားတယ်– “လာကြ၊ ဆွေးနွေးဆင်ခြင်ကြကုန်အံ့။ သင်တို့အပြစ်သည် အဝတ်နီနှင့်တူသော်လည်း မိုးပွင့်ကဲ့သို့ ဖြူနိုင်စရာရှိ၏။” “လာ၊ ဗစ်ကီ၊ ဆွေးနွေးကြရအောင်။ ငါ မင်းကို သိတယ်။ မင်းရဲ့အပြစ်တွေကို သိတယ်။ မင်းရဲ့နှလုံးကိုလည်း သိတယ်။ မင်းကို ငါ ချစ်တယ်” လို့ ကျွန်မကို ဘုရားသခင် တိုက်ရိုက်ပြောနေသလိုမျိုး ခံစားရတယ်။

အဲဒီညမှာ ကျွန်မ အိပ်မပျော်ခဲ့ဘူး။ ဘုရားသခင်က ကျွန်မကို ချစ်နိုင်ပါ့မလားလို့ သံသယဝင်နေသေးတယ်။ ဒါပေမဲ့ ယေရှုရဲ့ ရွေးနုတ်ဖိုး ပူဇော်ရာယဇ်အကြောင်း စပြီး စဉ်းစားလိုက်တယ်။ ဘုရားသခင်က ကျွန်မကို ဒီလောက်ကြာကြာ စိတ်ရှည်ခဲ့တယ်၊ ကျွန်မကို ချစ်ကြောင်း နည်းမျိုးစုံနဲ့ ဖော်ပြခဲ့တယ်ဆိုတာကို ရုတ်တရက်ကြီး အသိတရားဝင်လာတယ်။ ဒါပေမဲ့ “ကိုယ်တော်ရဲ့မေတ္တာက ကျွန်မခံစားရလောက်အောင် မကြီးမားလှပါဘူး။ ယေရှုရဲ့ ပူဇော်သကာကလည်း ကျွန်မရဲ့အပြစ်တွေကို မဖြေလွှတ်ပေးနိုင်ပါဘူး” လို့ဘုရားသခင်ကို ပြောလိုက်တယ်။ အဲလိုပြောလိုက်တာက ယေရှုရဲ့ရွေးနုတ်ဖိုးကို ဘုရားသခင်ဆီ ပြန်ပေးလိုက်သမျိုး ဖြစ်သွားတယ်။ အဲဒီရွေးနုတ်ဖိုး ဆုကျေးဇူးအကြောင်း တွေးတောဆင်ခြင်လိုက်တဲ့အခါကျမှ ကျွန်မကို ဘုရားသခင် ချစ်တယ်ဆိုတာ စပြီး ခံစားလာရတယ်။

အကျိုးကျေးဇူး ရရှိခဲ့ပုံ-

ကျွန်မရဲ့ဘဝက ပြန်သန့်ရှင်းလာပါပြီ။ ကျွန်မရဲ့ အိမ်ထောင်ရေးလည်း တိုးတက်လာခဲ့ပြီ။ တခြားသူတွေအတွက် အကူအညီဖြစ်စေဖို့ ကျွန်မရဲ့တွေ့ကြုံမှုတွေကို ပြောပြတယ်။ ဘုရားသခင်နဲ့ ပိုပြီးရင်းနှီးလာတယ်လို့လည်း ခံစားနေရပါပြီ။

ဆာဂေး ဘိုတန်ကင်

“ဒါက ကျွန်တော့် ဆုတောင်းချက်ရဲ့ အဖြေပဲ”—ဆာဂေး ဘိုတန်ကင်

  • မွေးဖွားတဲ့နှစ်– ၁၉၇၄

  • နေရင်းနိုင်ငံ– ရုရှား

  • နောက်ခံ– ဟဲဗီးမက်တယ် ဂီတသမား

အတိတ်-

နာမည်ကြီး တေးရေးဆရာ ပရိုတာ အီလ်ရိချ် ချိုင်ကော့ဗ်စကီရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်တဲ့ ဗော့တ်ခင်စ်ရွာမှာ ကျွန်တော့်ကို မွေးတယ်။ ကျွန်တော်တို့ မိသားစုက ဆင်းရဲတယ်။ အဖေ့မှာ အရည်အသွေးကောင်းတွေ အများကြီးရှိပေမဲ့ အရက်ချိုး ဖြစ်နေတယ်။ အဲဒါကြောင့် မိသားစုမှာ အမြဲလိုလို ရင်တထိတ်ထိတ်နဲ့ အသက်ရှင်နေရတယ်။

ကျွန်တော်က စာညံ့တယ်။ ဒါကြောင့် နှစ်တွေကုန်လွန်သွားတာနဲ့အမျှ တခြားသူတွေလို ဘယ်တော့မှ စာတော်လာမှာ မဟုတ်ပါဘူးလေဆိုပြီး သိမ်ငယ်စိတ်တွေ ဝင်လာခဲ့တယ်။ လူတွေနဲ့လည်း ရောရောနှောနှော မနေတဲ့အပြင် တခြားသူတွေကိုလည်း မယုံဘူး။ ကျောင်းတက်ရတာ အရမ်းစိတ်ဖိစီးတာပဲ။ ဥပမာ၊ တခြားအချိန်တွေမှာ ဖော်ပြနိုင်တဲ့ အခြေခံအကြောင်းအရာတွေကိုတောင် အတန်းရှေ့ထွက်ပြီး တင်ဆက်ရတဲ့အခါမျိုးမှာဆိုရင် မရှင်းပြတတ်တော့ဘူး။ ရှစ်တန်းအောင်လို့ ပညာရည်မှတ်တမ်းကတ်ရတဲ့အခါ “ကိုယ့်ရဲ့အတွေးကို ဖော်ပြနိုင်လောက်အောင် ဝေါဟာရ မကြွယ်ဝဘူး” လို့ မှတ်ချက်ချခံရတယ်။ အဲဒီမှတ်ချက်ကြောင့် ကျွန်တော့်ရဲ့စိတ်တွေ ကြေမွသွားတဲ့အပြင် တန်ဖိုးမရှိဘူးလို့တောင် ပိုပြီးခံစားလိုက်ရတယ်။ ကျွန်တော့်ဘဝက အဓိပ္ပာယ်မဲ့နေပြီလားလို့ သိချင်လာခဲ့တယ်။

ဆယ်ကျော်သက်အရွယ်မှာ အရက်ယမကာအမျိုးမျိုး သောက်တတ်လာတယ်။ အစပိုင်းမှာတော့ အရက်သောက်တာက ကျွန်တော့်စိတ်ကို ပျော်ရွှင်စေတယ်။ ဒါပေမဲ့ အရက်တွေကို နင်းကန်သောက်တဲ့အခါမှာတော့ စိတ်အနှောင့်အယှက် ဖြစ်လာတယ်။ ကျွန်တော့်ဘဝက အဓိပ္ပာယ်မဲ့နေသလိုပဲ။ ပိုပြီးစိတ်ဓာတ်ကျလာတယ်၊ တစ်ခါတလေ ရက်ပေါင်းများစွာ အိမ်တွင်းအောင်းနေလိုက်တယ်။ သေကြောင်းကြံစည်ဖို့တောင် စဉ်းစားမိတယ်။

အသက် ၂၀ ရောက်လာတဲ့အခါ ကျွန်တော့်စိတ်ကို တစ်ခဏ ထွက်ပေါက်ရစေတဲ့ အသစ်အဆန်းတစ်ခုကို ရှာတွေ့သွားတယ်။ အဲဒါကတော့ ဟဲဗီးမက်တယ်တေးဂီတ ဖြစ်တယ်။ အဲဒီတေးဂီတက ကျွန်တော့်ရဲ့စိတ်ကို တက်ကြွလန်းဆန်းစေတဲ့အတွက် ဝါသနာတူတဲ့သူတွေကို ရှာဖွေပေါင်းသင်းတယ်။ ဆံပင်အရှည်ထားတယ်၊ နားဖောက်တယ်၊ ကျွန်တော်ကြိုက်တဲ့ တေးဂီတသမားတွေ ဝတ်သလို လိုက်ဝတ်တယ်။ တဖြည်းဖြည်းနဲ့ ကျွန်တော်ဟာ ထင်ရာစိုင်းပြီး ရန်လိုတတ်လာတယ်။ မိသားစုနဲ့လည်း မကြာခဏ ကတောက်ကဆဖြစ်တယ်။

ဟဲဗီးမက်တယ်တေးဂီတကို နားထောင်တာက ကျွန်တော့်ကို ပျော်ရွှင်စေမယ်လို့ ထင်ထားပေမဲ့ တက်တက်စင်အောင် လွဲတာပဲ။ အများနဲ့မတူတဲ့ လူထူးလူဆန်းတစ်ယောက် ဖြစ်လာတယ်။ ကျွန်တော်ကြိုက်တဲ့ တေးဂီတအကျော်အမော်တွေက အကျင့်မကောင်းဘူးဆိုတာကို သိလိုက်ရတော့ စိတ်ပျက်သွားတယ်။

တစ်ခါထပ်ပြီး သေကြောင်းကြံဖို့ စိတ်ကူးပြန်တယ်။ ဒီတစ်ခါတော့ တကယ်လုပ်တော့မယ်။ ဒါပေမဲ့ ဒီလိုလုပ်လိုက်မယ်ဆိုရင် အမေ စိတ်ထိခိုက်သွားမှာပဲလို့ တွေးမိသွားပြီး မလုပ်ဖြစ်တော့ဘူး။ အမေက ကျွန်တော့်ကို အရမ်းချစ်တာ။ ကျွန်တော့်အတွက်ဆိုရင် အမေက အရမ်းအနစ်နာခံတာ။ အခြေအနေက တော်တော့်ကို ဆိုးဝါးလာတဲ့အတွက် ကျွန်တော် ဆက်အသက်မရှင်ချင်တော့ဘူး။ သေလည်း မသေနိုင်ဘူး ဖြစ်နေတယ်။

အာရုံပြောင်းတဲ့အနေနဲ့ ဂန္ထဝင်ရုရှားစာပေတွေကို စဖတ်ခဲ့တယ်။ ချာ့ချ်မှာ အမှုဆောင်နေတဲ့ ဇာတ်လိုက်မင်းသားတစ်ယောက်အကြောင်း ဖော်ပြထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ဖတ်မိလိုက်တယ်။ ဘုရားသခင်နဲ့ လူတွေအတွက် တစ်ခုခု လုပ်ပေးချင်တဲ့စိတ်တွေ ရုတ်တရက်ကြီး ပေါ်လာတယ်။ အရင်က တစ်ခါမှ မလုပ်ဖူးတဲ့အရာတစ်ခုကို လုပ်လိုက်တယ်။ အဲဒါကတော့ ဘုရားသခင်ဆီ ရင်ဖွင့်ဆုတောင်းလိုက်တာပါ။ ဘဝကို ရည်ရွယ်ချက်ရှိရှိနဲ့ ဘယ်လို အသက်ရှင်နေထိုင်ရမလဲဆိုပြီး ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ အဲလိုဆုတောင်းနေတဲ့အချိန်မှာ အံ့ဩစရာကောင်းလောက်အောင် စိတ်သက်သာရာ ရသွားတယ်။ ပိုပြီးအံ့သြစရာကောင်းတာကတော့ နောက်နှစ်နာရီအကြာမှာ ယေဟောဝါသက်သေတစ်ယောက် ကျွန်တော့်အိမ်ကို ရောက်လာပြီး ကျမ်းစာသင်မလားလို့ ကမ်းလှမ်းတယ်။ ဒါက ကျွန်တော့်ဆုတောင်းချက်ရဲ့ အဖြေပဲလို့ ယုံကြည်တယ်။ အဲဒီနေ့က ကျွန်တော့်ဘဝမှာ ပထမဆုံး ပျော်ရွှင်ရတဲ့ နေ့ရက်တစ်ရက်ပါပဲ။

သမ္မာကျမ်းစာက ကျွန်တော့်ဘဝကို ပြောင်းလဲပေးခဲ့ပုံ-

ဟဲဗီးမက်တယ် တေးဂီတနဲ့ဆိုင်တဲ့ အရာအားလုံးကို လွှင့်ပစ်ရမှာ နှမြောပေမဲ့ လွှင့်ပစ်လိုက်ပါတယ်။ ဒါပေမဲ့ အဲဒီတေးဂီတကို အတော်ကြာတဲ့အထိ မေ့ပစ်လို့မရဘူး ဖြစ်နေတယ်။ အဲဒီသီချင်းဖွင့်ထားတဲ့ နေရာအနားကို ဖြတ်လျှောက်သွားတိုင်း အတိတ်ကို ချက်ချင်းပဲ သွားသတိရမိတယ်။ အတိတ်က မနှစ်မြို့ဖွယ် အမှတ်တရတွေကို အခု ကျွန်တော့်စိတ်နှလုံးထဲမှာ အမြစ်တွယ်နေပြီဖြစ်တဲ့ ကောင်းတဲ့အရာတွေနဲ့ မရောထားချင်ဘူး။ ဒါနဲ့ အဲလိုနေရာတွေဆီ လုံးဝမသွားတော့ဘူး။ အတိတ်ကို ပြန်စဉ်းစားဖို့ သွေးဆောင်ခံရတိုင်း ဘုရားသခင်ဆီ ထက်ထက်သန်သန် ဆုတောင်းလိုက်တယ်။ အဲလိုလုပ်တဲ့အခါ “စဉ်းစား၍မမီနိုင်သည့် ဘုရားသခင်၏ ငြိမ်သက်ခြင်း” ကို ခံစားရတယ်။—ဖိလိပ္ပိ ၄:၇။

ကျမ်းစာကို လေ့လာတာနဲ့အမျှ ခရစ်ယာန်တွေဟာ တခြားသူတွေကို ကိုယ့်ရဲ့ယုံကြည်ခြင်းအကြောင်း ပြောပြရမယ်ဆိုတာ သိလာရတယ်။ (မဿဲ ၂၈:၁၉၊ ၂၀) ရိုးရိုးသားသား ဝန်ခံရရင် အဲလို ဘယ်တော့မှ လုပ်နိုင်လိမ့်မယ်လို့ မထင်ဘူး။ ဒါပေမဲ့ ကျွန်တော် သိလာရတဲ့ အသစ်သော အကြောင်းအရာတွေက ကျွန်တော့်ကို ပျော်ရွှင်မှုနဲ့ ငြိမ်သက်မှု ခံစားစေတယ်။ တခြားသူတွေလည်း ဒီအမှန်တရားတွေ သိဖို့လိုတယ်ဆိုတာ သိလိုက်ရတယ်။ ကြောက်ရွံ့နေပေမဲ့လည်း တခြားသူတွေကို ကိုယ်သိထားတဲ့အရာတွေ စပြီးပြောပြတယ်။ တခြားသူတွေကို ကျမ်းစာအကြောင်း ပြောပြတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု ပိုရှိလာတာကို အရမ်းအံ့သြသွားတယ်။ ဒါ့အပြင် ယုံကြည်ချက်အသစ်တွေက ကျွန်တော့်နှလုံးထဲ ပိုပြီးစွဲမြဲလာတယ်။

အကျိုးကျေးဇူး ရရှိခဲ့ပုံ-

အခုဆိုရင် ကျွန်တော်ရဲ့အိမ်ထောင်ရေးက သာယာနေပါပြီ။ ကျွန်တော့်အမေနဲ့ ညီမလေးအပါအဝင် တခြားသူတွေကို ကျမ်းစာအကြောင်း ပြောပြရလို့လည်း ပျော်ရွှင်မှု ခံစားခဲ့ရတယ်။ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ပြီး ကိုယ်တော့်အကြောင်း တခြားသူတွေ သိရှိအောင် ကူညီပေးရလို့ ကျွန်တော့်ဘဝဟာ တကယ်ပဲ အဓိပ္ပာယ်ရှိသွားပါပြီ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ