ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၈ အမှတ် ၃ စာ. ၄-၅
  • ကြုံရမယ့်အရာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြုံရမယ့်အရာ
  • နိုးလော့!—၂၀၁၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘယ်လောက် ဆိုးရွားမလဲ
  • ပြန်ပျော်ရွှင်နိုင်ပါဦးမလား
  • ပူဆွေးသောကနှင့် ကျွန်ုပ်မည်သို့ စခန်းသွားရမည်နည်း
    သင်ချစ်ရသူတစ်ဦး ကွယ်လွန်သည့်အခါ
  • ဒီစာစောင်မှာ– ဝမ်းနည်းပူဆွေးသူများအတွက် အကူအညီ
    နိုးလော့!—၂၀၁၈
  • ဤကဲ့သို့သောခံစားချက်သည် ဖြစ်ရိုးဖြစ်စဉ်ဓမ္မတာလော
    သင်ချစ်ရသူတစ်ဦး ကွယ်လွန်သည့်အခါ
  • ဝမ်းနည်းပူဆွေးမှုဒဏ်
    နိုးလော့!—၂၀၁၈
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၈
န၁၈ အမှတ် ၃ စာ. ၄-၅
ဝမ်းနည်းပူဆွေးနေတဲ့ ဇနီးမောင်နှံ

ဝမ်းနည်းပူဆွေးသူများအတွက် အကူအညီ

ကြုံရမယ့်အရာ

ဝမ်းနည်းပူဆွေးမှု အဆင့်လိုက် ဖြစ်တတ်တယ်လို့ ကျွမ်းကျင်သူတချို့ ဆိုကြပေမဲ့ ဝမ်းနည်းပူဆွေးပုံချင်း မတူကြဘူး။ ပူဆွေးပုံ မတူတဲ့အတွက် လူတချို့က သိပ်ဝမ်းမနည်းဘူး၊ ခံစားချက်ကို “မျိုသိပ်ထား” တတ်တယ်လို့ ဆိုလိုသလား။ မဆိုလိုပါဘူး။ ပူဆွေးမှု ဖော်ပြခြင်းက ကုစားပေးနိုင်တာ မှန်ပေမဲ့ ပူဆွေး “နည်းတစ်မျိုးတည်း” ရှိတာ မဟုတ်ဘူး။ ယဉ်ကျေးမှု၊ ပင်ကိုယ်စရိုက်၊ ဘဝအတွေ့အကြုံ၊ သေပုံသေနည်းတို့ပေါ် မူတည်ပြီး ကွဲပြားနိုင်တယ်။

ဘယ်လောက် ဆိုးရွားမလဲ

ချစ်ရသူတစ်ဦး သေဆုံးပြီးတဲ့နောက် ဘာတွေ ကြုံရမလဲဆိုတာ ပူဆွေးကျန်ရစ်သူတွေ မသိနိုင်ဘူး။ ဒါပေမဲ့ အောက်ပါခံစားချက်တွေ၊ အခက်အခဲတွေတော့ ကြုံတတ်ကြတယ်-

ခံစားချက် ပြင်းထန်တတ်တယ်။ ငိုကြွေးခြင်း၊ သေဆုံးသူကို လွမ်းဆွတ်ခြင်း၊ စိတ်အပြောင်းအလဲမြန်ခြင်းတို့ ဖြစ်တတ်တယ်။ အမှတ်ရစရာတွေ၊ အိပ်မက်တွေကြောင့် ပိုဆိုးတတ်တယ်။ စစချင်းမှာတော့ ထိတ်လန့်တတ်တယ်။ လက်မခံနိုင် ဖြစ်တတ်တယ်။ ခင်ပွန်းသည် တီမို ရုတ်တရက် သေဆုံးသွားတဲ့အခါ တုံ့ပြန်ပုံကို တီနာ ဒီလိုပြောပြတယ်– “စစချင်းမှာတော့ ဆွံ့အသွားတယ်။ ငိုတောင် မငိုနိုင်ဘူး။ စိတ်ထိခိုက်လွန်းလို့ အသက်မနည်းရှူရတယ်။ ဖြစ်ခဲ့တာကို လက်မခံနိုင်ဘူး။”

စိုးရိမ်ပူပန်တတ်တယ်၊ ဒေါသထွက်တတ်တယ်၊ အပြစ် ရှိတယ်လို့ ခံစားတတ်တယ်။ အိုင်ဗန် ဒီလိုပြောတယ်– “၂၄ နှစ်အရွယ်သား အဲရိခ် သေဆုံးပြီး အတော်ကြာတဲ့အထိ ကျွန်တော်ရော ဇနီးယိုလန်ဒါပါ ဒေါသကြီးနေတယ်။ အရင်တုန်းက ဒေါသကြီးသူတွေ မဟုတ်လို့ အံ့ဩမိတယ်။ သားကို ဒီထက်မက လုပ်ပေးနိုင်ရဲ့သားနဲ့ဆိုပြီး အပြစ်ရှိတယ်လို့လည်း ခံစားရတယ်။” နာတာရှည်ရောဂါကြောင့် ဇနီး ဆုံးပါးသွားတဲ့ အလဟန်ဒရိုလည်း အပြစ်ရှိတယ်လို့ ခံစားခဲ့ဖူးတယ်။ “ကျွန်တော် ဆိုးလို့ ဘုရားသခင်က ဒီလိုဒုက္ခကြုံတွေ့စေတာလို့ အစပိုင်းမှာ တွေးမိတယ်။ ဘုရားကို အပြစ်တင်ရာရောက်သွားလို့ အပြစ်ရှိတယ်လို့ ခံစားရပြန်ရော။” ပထမဆောင်းပါးမှာပါတဲ့ ကော့စတာက “ဆုံးသွားတဲ့ ဆိုဖီယာကိုတောင် တစ်ခါတလေ ဒေါသထွက်လိုက်သေးတယ်။ ဒါကြောင့် အပြစ်ရှိတယ်လို့ ခံစားရတယ်။ တကယ်တော့ ဆုံးသွားတာ သူ့အပြစ်မှ မဟုတ်တာ” လို့ပြောတယ်။

ဒုက္ခပေးတဲ့အတွေးများ။ တစ်ခါတလေ စိတ်အပြောင်းအလဲ မြန်နိုင်တယ်။ ဥပမာ၊ သေဆုံးသွားသူ ကြားနိုင်၊ မြင်နိုင်၊ ခံစားနိုင်သေးတယ်လို့ ပူဆွေးကျန်ရစ်သူ ထင်ယောင်ထင်မှား ဖြစ်တတ်တယ်။ အာရုံ မစုစည်းနိုင်တာ၊ မှတ်ဉာဏ်အားနည်းတာတွေ ဖြစ်နိုင်တယ်။ တီနာ ဒီလိုပြောတယ်– “တစ်ခါတလေ လူကသာ စကားပြောနေတာ။ စိတ်က အဝေးရောက်နေတတ်တယ်။ တီမို ဆုံးချိန်က ဖြစ်ရပ်တွေကို ပြန်သတိရမိတယ်။ အာရုံမစုစည်းနိုင်တာက စိတ်ပျက်စေတယ်။”

လူတွေနဲ့ ကင်းကင်း နေချင်တယ်။ ပူဆွေးနေသူဟာ လူတောထဲ နေရတာ စိတ်မသက်မသာ ဖြစ်တတ်တယ်။ “အိမ်ထောင်သည်တွေကြားထဲ ရောက်ရင် လူပိုတစ်ယောက်လိုပဲ။ လူလွတ်တွေကြားထဲ ရောက်ရင်လည်း အဲဒီလိုပဲ ခံစားရတယ်” လို့ ကော့စတာ ပြောတယ်။ “ကျွန်မတို့ ပြဿနာနဲ့စာရင် အသေးအဖွဲလို့ ထင်ရတဲ့ အရာတွေအတွက် ညည်းညူနေသူတွေကြားမှာ နေရတာ ခက်တယ်။ ကိုယ့်သားသမီး တော်ကြောင်း၊ တတ်ကြောင်း ပြောတဲ့သူတွေကြားထဲ ရောက်ရင်လည်း အဲဒီလိုပဲ။ သူတို့အတွက် ဝမ်းသာပေမဲ့ သူတို့ရဲ့ စကားတွေကို နားမထောင်ချင်ဘူး။ ဘဝက ဒီလိုပဲဆိုတာ ကျွန်မတို့လင်မယား နားလည်ပေမဲ့ နားထောင်နိုင်စွမ်း မရှိဘူး” လို့ အိုင်ဗန်ရဲ့ဇနီး ယိုလန်ဒါ ပြောတယ်။

ကျန်းမာရေး ပြဿနာများ။ ခံတွင်း၊ ကိုယ်အလေးချိန်၊ အိပ်ချိန် ပြောင်းသွားတယ်။ ဖခင် သေဆုံးပြီး နောက်တစ်နှစ်အကြောင်း အာရွန် ပြောပြတယ်– “ကောင်းကောင်း အိပ်မပျော်ဘူး။ ညတိုင်း အချိန်မှန် လန့်နိုးပြီး အဖေ သေဆုံးချိန်ကအကြောင်းကို တွေးနေတတ်တယ်။”

အလဟန်ဒရိုလည်း ကြုံရတဲ့ ကျန်းမာရေး ပြဿနာအကြောင်း ဒီလိုပြောပြတယ်– “မကြာမကြာ ဆရာဝန်နဲ့ ပြတယ်။ ကျန်းမာတယ်လို့ ပြောတယ်။ ဝမ်းနည်းပူဆွေးမှုကြောင့် ရုပ်ပိုင်းဝေဒနာတွေ ခံစားနေရတာ ဖြစ်မယ်။” ဝေဒနာတွေ တဖြည်းဖြည်း သက်သာသွားတယ်။ ဒါပေမဲ့ ဆရာဝန်နဲ့ ပြလိုက်တာ ကောင်းသွားတယ်။ ဝမ်းနည်းပူဆွေးခြင်းက ကိုယ်ခံအားစနစ်ကို ကျဆင်းစေတယ်။ ရှိနှင့်ပြီးသား ရောဂါကို ဆိုးစေတယ်။ ရောဂါသစ်တောင် ရစေတယ်။

အရေးကြီးတဲ့အလုပ်တွေကို မလုပ်နိုင်ခြင်း။ အိုင်ဗန် ဒီလိုပြောတယ်– “အဲရိခ် သေဆုံးပြီးနောက် ဆွေမျိုးတွေ၊ မိတ်ဆွေတွေသာမက အလုပ်ရှင်၊ အိမ်ရှင်တွေကိုပါ အကြောင်းကြားရတယ်။ စာရွက်စာတမ်းတွေကိုလည်း ဖြည့်စွက်ရတယ်။ အဲရိခ်ရဲ့ ပစ္စည်းတွေကိုလည်း သိမ်းဆည်းရတယ်။ စိတ်ရော ကိုယ်ပါ ပင်ပန်းနေချိန်မှာ ဒါတွေကိုပါ လုပ်ရတယ်။”

တချို့ကတော့ နောက်ပိုင်းကျမှ တကယ့်အခက်အခဲတွေ ကြုံကြရတယ်။ သေဆုံးသွားသူ လုပ်ကိုင်ခဲ့တဲ့ကိစ္စတွေ ကိုယ်တိုင် လုပ်ကိုင်ရတဲ့အခါမျိုးမှာပေါ့။ တီနာ အဲဒီအတိုင်း ကြုံခဲ့ရတယ်။ “ဘဏ်ကိစ္စတွေ၊ တခြားအလုပ်ကိစ္စတွေကို တီမိုပဲ လုပ်ခဲ့တာ။ အခုတော့ ကျွန်မရဲ့တာဝန် ဖြစ်လာလို့ စိတ်ဖိစီးမှု ပိုများလာတယ်။ ဒါတွေကို ချောချောမောမော လုပ်နိုင်ပါ့မလား။”

အဲဒီလိုမျိုး စိတ်ပိုင်း၊ ကာယပိုင်း၊ ခံစားချက်ပိုင်း အခက်အခဲတွေကြောင့် ဝမ်းနည်းပူဆွေးမှုကို ရင်ဆိုင်ကျော်လွှားဖို့ အခက်တွေ့ရတယ်။ ချစ်ရသူ ဆုံးပါးသွားလို့ နာကျင်မှု တကယ်ပြင်းထန်ပေမဲ့ ကြိုသိထားရင် ရင်ဆိုင်ခံရပ်ဖို့ ထောက်ကူပေးနိုင်တယ်။ ဝမ်းနည်းပူဆွေးမှုဒဏ်ကို အထက်ပါနည်းတွေအတိုင်း လူတိုင်း ကြုံရမှာ မဟုတ်ကြောင်း သတိရပါ။ ဝမ်းနည်းပူဆွေးမှုနဲ့အတူ ပြင်းထန်တဲ့ ခံစားချက်တွေ ဖြစ်ပေါ်တတ်မှန်း သိထားခြင်းကလည်း ပူဆွေးကျန်ရစ်သူတွေအတွက် နှစ်သိမ့်မှု ဖြစ်စေနိုင်တယ်။

ပြန်ပျော်ရွှင်နိုင်ပါဦးမလား

ကြုံရမယ့်အရာ။ ဝမ်းနည်းပူဆွေးမှုဟာ အမြဲပြင်းထန်နေမှာတော့ မဟုတ်ဘူး။ တဖြည်းဖြည်း သက်သာသွားမယ်။ ဒီလိုပြောလို့ လုံးလုံး “ပျောက်သွား” မယ်၊ သေတဲ့သူကို မေ့သွားမယ်လို့ မဆိုလိုဘူး။ နာကျင်မှုတွေ တဖြည်းဖြည်း လျော့ပါးသွားတတ်တယ်။ အမှတ်ရစရာတွေ ရုတ်တရက် ပေါ်လာတဲ့အခါ၊ နှစ်ပတ်လည်နေ့တွေ ရောက်တဲ့အခါ ပြန်ဝမ်းနည်းပူဆွေးတတ်တယ်။ ဒါပေမဲ့ ခံစားချက်ကို တဖြည်းဖြည်းနဲ့ ထိန်းတတ်လာတယ်။ နေ့စဉ် လုပ်ငန်းဆောင်တာတွေကို ပြန်အာရုံစိုက်လာနိုင်တယ်။ မိသားစုဝင်တွေ၊ မိတ်ဆွေတွေရဲ့ အကူအညီနဲ့ တစ်ဆင့်ချင်း ရင်ဆိုင်ကျော်လွှားသွားနိုင်ပါတယ်။

ဘယ်လောက်ကြာ ခံစားနေရမလဲ။ တချို့က လနဲ့ချီ ဆိုးဆိုးရွားရွား ခံစားရနိုင်တယ်။ အများစုကတော့ တစ်နှစ်၊ နှစ်နှစ်အကြာမှာ သက်သာလာကြတယ်။ တချို့က ဒီထက်မက ကြာကြာခံစားကြတယ်။a “ကျွန်တော်ကတော့ သုံးနှစ်လောက် အကြီးအကျယ် ဝမ်းနည်းပူဆွေးခဲ့တယ်” လို့ အလဟန်ဒရို ပြောတယ်။

စိတ်ရှည်ပါ။ တစ်နေ့တာအတွက်ပဲ စဉ်းစားပါ။ ကိုယ့်နှုန်းနဲ့ကိုယ် သွားပါ။ နာကျင်မှုဝေဒနာ တစ်နေ့ ပျောက်သွားပါမယ်။ ဒါဆိုရင် အခု ဝမ်းနည်းပူဆွေးနေတာကို သက်သာစေနိုင်တဲ့အရာတွေ ရှိသလား။ ပူဆွေးမှု တာရှည်မနေစေမယ့်အရာတွေကော ရှိသလား။

ဝမ်းနည်းပူဆွေးမှုနဲ့အတူ ပြင်းထန်တဲ့ခံစားချက်တွေ ဖြစ်ပေါ်တတ်

a လူတချို့ အကြာကြီး ဆိုးဆိုးရွားရွား ဝမ်းနည်းပူဆွေးနိုင်တယ်။ ဒါကို “နာတာရှည်” ပူဆွေးမှုလို့ ခေါ်တယ်။ အဲဒီလိုလူတွေအနေနဲ့ စိတ်ကျန်းမာရေး ပါရဂူတွေရဲ့ အကူအညီ တောင်းခံနိုင်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ