ခေတ်ဆိုးခေတ်ကျပ်ကြီးထဲမှာ
၁ | ကျန်းမာရေး ဂရုစိုက်ပါ
ဘာကြောင့် အရေးကြီး
ဘေးဒုက္ခတွေက ကျန်းမာရေးကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ထိခိုက်နိုင်တယ်။
ဒုက္ခပြဿနာတွေကြောင့် စိတ်ဖိစီးကြရတယ်။ စိတ်ဖိစီးမှုဒဏ် ရေရှည်ခံနေရမယ်ဆိုရင် ရောဂါဝေဒနာ ရနိုင်တယ်။
အဖြစ်ဆိုးတွေကြောင့် ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ် ကမောက်မကဖြစ်တာ၊ ဆေးဝါး မလုံလောက်တာတွေ ဖြစ်နိုင်တယ်။
ဘေးဆိုးတွေကြောင့် ငွေကြေး ကျပ်တည်းလာတဲ့အတွက် အစာရေစာနဲ့ ဆေးဝါးတို့လို အခြေခံလိုအပ်ရာတွေ ဝယ်ဖို့ ခက်သွားနိုင်တယ်။
သိသင့်သိအပ်ရာ
အသည်းအသန် ဖျားနာမှု၊ စိတ်ဖိစီးမှုကြောင့် ကောင်းစွာ ချင့်ချိန်ဆုံးဖြတ်နိုင်စွမ်း မရှိတော့ဘဲ ကျန်းမာရေး ဂရုမစိုက်တော့တဲ့အထိ ဖြစ်လာတယ်။ ဒါနဲ့ပဲ နေမကောင်းဖြစ်ပြီး ချူချာလာတယ်။
ချက်ချင်း ဆေးမကုရင် ပိုဆိုးနိုင်တယ်။ အသက်အန္တရာယ်တောင် ရှိတယ်။
ကျန်းမာရေးကောင်းလေ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်လေ ဖြစ်မယ်။
စီးပွားရေးအခြေအနေ ဘယ်လိုပဲ ရှိပါစေ ကျန်းမာရေးကောင်းအောင် ဂရုစိုက်နိုင်ပါတယ်။
အခု လုပ်ဆောင်နိုင်ရာ
ဉာဏ်ပညာ ရှိသူဟာ ဖြစ်လာမယ့် အန္တရာယ်တွေကို မြင်ပြီး ရှောင်နိုင်အောင် ကြိုတင် စီစဉ်ထားတယ်။ ဒါဟာ ကျန်းမာရေးနဲ့လည်း သက်ဆိုင်တယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေး၊ အိမ်သန့်ရှင်းရေးကို ဂရုစိုက်ရင် ရောဂါရဖို့ အကြောင်းနည်းမယ်။ ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုကောင်းတယ်။
“ကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထားတဲ့အတွက် ဆရာဝန်ပြခ၊ ဆေးဖိုးဝါးခ ချွေတာလို့ ရတယ်။”—အန်ဒရီယက်စ်။a
a အမည်လွှဲ။