အခန်း ၈
မင်းဆိုးရန်မှ ထွက်ပြေးလွတ်မြောက်ခြင်း
ယောသပ်သည်မာရိအားနှိုး၍ အရေးကြီးသတင်းပြောသည်။ ယခုပင် ယေဟောဝါ၏ကောင်းကင်တမန်ပေါ်လာ၍ “ထလော့။ မယ်တော်နှင့်သူငယ်ကို ဆောင်ယူပြီးလျှင် အဲဂုတ္တုပြည်သို့ပြေး၍ တစ်ဖန်ငါပြောဆိုသည့်တိုင်အောင် ထိုပြည်၌နေလော့။ ဟေရုဒ်မင်းကြီးသည် သူငယ်တော်ကိုသတ်အံ့သောငှာ ရှာလိမ့်မည်” ဟုပြောခဲ့သည်။
သုံးယောက်သား အမီထွက်ပြေးကြသည်။ အကြောင်းမှာနက္ခတ်ဆရာများ မိမိအားတပတ်ရိုက်ပြီး နိုင်ငံမှထွက်ခွာသွားကြကြောင်း ဟေရုဒ်မင်းသိသွားပြီဖြစ်သည်။ ယေရှုကိုတွေ့လျှင် ပြန်အကြောင်းကြားရမည်ကို သတိရပေမည်။ ဟေရုဒ်မင်း အမျက်ချောင်းချောင်းထွက်တော့သည်။ ထိုကြောင့်ယေရှုကိုသတ်နိုင်ရန် ဗက်လင်မြို့နှင့်အနီးတစ်ဝိုက်တွင် နှစ်နှစ်နှင့်နှစ်နှစ်အောက် သားယောက်ျားမှန်သမျှကို သတ်ပစ်ရန်အမိန့်ပေးသည်။ အရှေ့တိုင်းနက္ခတ်ဆရာများထံမှ ရရှိခဲ့သောအချက်အလက်ပေါ်မူတည်၍ အသက်အရွယ်ကိုတွက်ချက်ခြင်းဖြစ်သည်။
သားယောက်ျားကလေးမှန်သမျှကို လိုက်လံသတ်ဖြတ်နေသည့်မြင်ကွင်းသည် မည်မျှထိတ်လန့်စရာပါတကား။ ဟေရုဒ်၏စစ်သားများ တစ်အိမ်တက်ဆင်း သားယောက်ျားကလေးများကိုရှာဖွေတွေ့ရှိသည့်အခါ မိခင်လက်ထဲမှဆွဲငင်ယူကြသည်။ ကလေးမည်မျှသတ်ကြောင်း ကျွန်ုပ်တို့မသိပါ။ သို့သော် ထိုမိခင်တို့၏ကြီးစွာသောငိုကြွေးမြည်တမ်းခြင်းသည် ယေရမိ၏ပရောဖက်ပြုချက်ကို ပြည့်စုံစေခဲ့သည်။
ထိုအတောအတွင်း ယောသပ်နှင့်သူ၏မိသားစုသည် အီဂျစ်သို့ဘေးကင်းစွာ ရောက်ခဲ့ကြသည်။ ယခုမူသူတို့သည် ထိုနေရာတွင်နေထိုင်လျက်ရှိသည်။ တစ်ညတွင် ယေဟောဝါ၏ကောင်းကင်တမန်သည် ယောသပ်၏အိပ်မက်၌ ပေါ်လာပြန်သည်။ ‘ထလော့။ မိခင်နှင့်သူငယ်အား ဣသရေလပြည်သို့ ပြန်ခေါ်သွားလော့။’ ‘သူငယ်ကိုသတ်ရန် ကြိုးစားသူတို့သေကြပြီ’ ဖြစ်သည်။ ဘုရားသခင်၏သားတော်ကို အီဂျစ်ပြည်မှခေါ်မည်ဟူသော နောက်ကျမ်းစာပရောဖက်ပြုချက်တစ်ရပ်ပြည့်စုံချက်နှင့်အညီ ထိုမိသားစုသည် မိမိတို့နိုင်ငံသို့ပြန်သွားကြသည်။
အီဂျစ်သို့မပြေးမီ နေထိုင်ခဲ့ကြသည့် ယုဒပြည်ဗက်လင်မြို့တွင်အခြေချရန် ယောသပ်ရည်သန်ကြောင်း ထင်ရှားသည်။ သို့သော်ဟေရုဒ်မင်း၏သားဆိုး အာခေလသည် ယုဒတွင်မင်းပြုလျက်ရှိကြောင်းကို သူကြားသိသည့်အပြင် ဤအန္တရာယ်အကြောင်းအိပ်မက်အားဖြင့် ယေဟောဝါသတိပေးသည်။ ထိုကြောင့်ယောသပ်နှင့် သူ၏မိသားစုသည် မြောက်ဘက်သို့ခရီးနှင်ကာ ဂါလိလဲနယ်နာဇရက်မြို့တွင် အခြေချကြသည်။ ယုဒဘာသာရေး အချက်အချာနေရာနှင့်ဝေးသည့် ဤအသိုင်းအဝိုင်းတွင် ယေရှုကြီးပြင်းလာလေသည်။ မဿဲ ၂:၁၃-၂၃။ ယေရမိ ၃၁:၁၅။ ဟောရှေ ၁၁:၁။
▪ နက္ခတ်ဆရာများပြန်မလာကြသည့်အခါ အဘယ်အမှုဆိုးကိုဟေရုဒ်ပြုသနည်း။ သို့သော် ယေရှုမည်သို့ကာကွယ်ခံရသနည်း။
▪ အီဂျစ်မှအပြန် ယောသပ်သည် ဗက်လင်မြို့တွင် အဘယ်ကြောင့်ပြန်၍မနေသနည်း။
▪ ဤအချိန်ကာလအတွင်း အဘယ်ကျမ်းစာပရောဖက်ပြုချက်များ ပြည့်စုံခဲ့သနည်း။