ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lr အခန်း ၃၄ စာ. ၁၇၇-၁၈၁
  • သေရင် ဘာဖြစ်သွားမလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သေရင် ဘာဖြစ်သွားမလဲ
  • ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သေသောအခါ ဘာဖြစ်သွားသနည်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ယေရှုက လာဇရုကို အသက်ပြန်ရှင်လာစေ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ယေရှု ဘာကြောင့် ချက်ချင်းမသွားခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • သေဆုံးသွားတဲ့ သင်ချစ်မြတ်နိုးရသူတွေအတွက် စစ်မှန်တဲ့မျှော်လင့်ချက်
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
နောက်ထပ် ကြည့်ပါ
ကြီးမြတ်သောဆရာထံမှ သင်ယူပါ
lr အခန်း ၃၄ စာ. ၁၇၇-၁၈၁

အခန်း ၃၄

သေရင် ဘာဖြစ်သွားမလဲ

ကလေးတို့ သိကြတဲ့အတိုင်း ဒီကနေ့ လူတွေဟာ အိုရ၊ နာရ၊ သေရတယ်။ ကလေးတွေတောင် သေရတယ်။ ဒီတော့ ကလေးတို့ သေရမှာကို ကြောက်သလား၊ ဒါမှမဟုတ် သေသွားသူကို ကြောက်သင့်သလား။— တို့တစ်တွေ သေရင် ဘာဖြစ်သွားသလဲ သိသလား။—

ဒီကနေ့ အသက်ရှင်နေသူ တစ်ယောက်မှ ဒီအကြောင်းကို ပြောပြနိုင်ဖို့ သေပြီး ပြန်ရှင်လာတာ မရှိဘူး။ ဒါပေမဲ့ ကြီးမြတ်တဲ့ဆရာ ယေရှု ကမ္ဘာပေါ် ရှိတုန်းက အဲဒီလို လူတစ်ယောက် ရှိခဲ့တယ်။ သူ့အကြောင်းကို ဖတ်ကြည့်ရင် သေသွားတဲ့သူတွေ ဘာဖြစ်သွားလဲဆိုတာ သိနိုင်တယ်။ အဲဒီလူကတော့ ဂျေရုဆလင်မြို့နဲ့ သိပ်မဝေးတဲ့ ဗေသနိမြို့ကလေးမှာနေတဲ့ ယေရှုရဲ့ မိတ်ဆွေတစ်ယောက်ပေါ့။ သူ့နာမည်ကတော့ လာဇရု လို့ခေါ်တယ်။ မာသနဲ့ မာရိလို့ခေါ်တဲ့ အစ်မနှစ်ယောက် ရှိတယ်။ ဘယ်လိုဖြစ်သလဲဆိုတာ ကျမ်းစာထဲမှာ ကြည့်ရအောင်။

တစ်နေ့ကျတော့ လာဇရု အသည်းအသန် ဖျားပါလေရော။ အဲဒီအချိန်မှာ ယေရှုဟာ အဝေးတစ်နေရာကို ရောက်နေတယ်။ ဒါနဲ့ မာသနဲ့ မာရိတို့က လာဇရု ဖျားနေတဲ့အကြောင်း ယေရှုဆီ လူလွှတ်ပြီး အကြောင်းကြားတယ်။ ယေရှု လာပြီး သူတို့မောင် နေကောင်းအောင် လုပ်ပေးနိုင်မှန်း သိလို့ ခုလို လွှတ်လိုက်တာပေါ့။ ယေရှုဟာ ဆရာဝန် မဟုတ်ပေမဲ့ ရောဂါဝေဒနာအမျိုးမျိုးကို ပျောက်ကင်းစေနိုင်တဲ့တန်ခိုး ဘုရားသခင်ဆီက ရထားတယ်။—မဿဲ ၁၅:၃၀၊ ၃၁။

ဒါပေမဲ့ ယေရှု ရောက်မလာခင် လာဇရုဟာ အဖျားကြီးပြီး သေသွားပါလေရော။ ယေရှုကတော့ လာဇရု အိပ်ပျော်နေတယ်၊ သူ့ကို သွားနှိုးရမယ်လို့ တပည့်တွေကို ပြောတယ်။ ယေရှု ဘာကိုဆိုလိုနေမှန်း တပည့်တွေ မသိရှာဘူး။ ဒါကြောင့် ယေရှုက တဲ့တိုးပဲ “လာဇရု ဆုံးသွားပြီ” လို့ ပြောပြတယ်။ ဒီအချက်က သေခြင်းနဲ့ပတ်သက်ပြီး ဘာသိရသလဲ။— ဟုတ်ပါတယ်၊ သေတယ်ဆိုတာ အိပ်မောကျနေတာနဲ့ တူတယ်။ လူတစ်ယောက် အိပ်မောကျသွားရင် အိပ်မက်တောင် မမက်တော့ဘူး။

အခု မာသနဲ့ မာရိတို့ဆီကို ယေရှု ရောက်လာတယ်။ ဆွေမျိုးမိတ်ဆွေတွေ အများကြီးလည်း ရောက်နှင့်နေကြပြီ။ မောင်ဖြစ်သူ ဆုံးပါးသွားလို့ ညီအစ်မနှစ်ယောက်ကို နှစ်သိမ့်အားပေးဖို့ ရောက်နေကြတာ။ ယေရှု လာနေတယ်ဆိုတာ ကြားတာနဲ့ မာသက သွားကြိုတယ်။ ခဏကြာတော့ မာရိလည်း ယေရှုကို ထွက်ကြိုတယ်။ မာရိဟာ ဝမ်းနည်းလွန်းလို့ ယေရှုခြေရင်းမှာ ပျပ်ဝပ်ပြီး ငိုတော့တာပေါ့။ မာရိနောက် လိုက်လာတဲ့ မိတ်ဆွေတွေလည်း ငိုကြတယ်။

ကြီးမြတ်တဲ့ဆရာက လာဇရုအလောင်းကို ဘယ်မှာထားသလဲလို့ မေးတယ်။ ဒါနဲ့ ယေရှုကို လာဇရုရဲ့ သင်္ချိုင်းဂူဆီ ခေါ်သွားကြတယ်။ အားလုံး ငိုနေတာကို တွေ့တော့ ယေရှုလည်း ငိုပါလေရော။ ချစ်ခင်ရသူတစ်ယောက် သေဆုံးတာဟာ ဘယ်လောက် နာကျင်ခံစားရတယ်ဆိုတာ ယေရှု သိတယ်လေ။

သင်္ချိုင်းဂူဝကို ကျောက်တုံးနဲ့ ပိတ်ထားတဲ့အတွက် ယေရှုက “ကျောက်တုံးကို ဖယ်လိုက်ပါ” ဆိုပြီး ပြောတယ်။ သူတို့ ကျောက်တုံးကို ရွှေ့လိုက်ရမလား။— မာသကတော့ မရွှေ့သင့်ဘူးလို့ ယူဆတယ်။ သူက “သခင်၊ လေးရက်တောင် ရှိပြီဆိုတော့ အခု နံနေလောက်ပြီ” လို့ ပြောတယ်။

ဒါပေမဲ့ ယေရှုက “ယုံတယ်ဆိုရင် ဘုရားသခင့်ဘုန်းတော်ကို မြင်ရလိမ့်မယ်လို့ ကျွန်တော်ပြောခဲ့တယ် မဟုတ်လား” ဆိုပြီး မာသကို ပြန်ပြောလိုက်တယ်။ ဘုရားသခင်ကို ဂုဏ်တင်မယ့် ဖြစ်ရပ်တစ်ခု မာသ တွေ့ရမယ်လို့ ယေရှုပြောချင်နေတာ။ ယေရှု ဘာလုပ်မှာလဲ။ ကျောက်တုံးကို ရွှေ့လိုက်တဲ့အခါ ယေဟောဝါဆီကို အသံကျယ်ကျယ်နဲ့ ဆုတောင်းတယ်။ ပြီးတော့ “လာဇရု၊ ထွက်လာခဲ့” ဆိုပြီး အကျယ်ကြီး အော်ခေါ်လိုက်တယ်။ လာဇရု ထွက်လာပါ့မလား။ ထွက်ကော ထွက်လာနိုင်ပါ့မလား။—

အိပ်ပျော်နေတဲ့ လူတစ်ယောက်ကို ကလေးတို့ နှိုးလို့ရသလား။— ရတာပေါ့၊ အသံအကျယ်ကြီးနဲ့ ခေါ်မယ်ဆိုရင် နိုးလာမှာပဲ။ ဒါပေမဲ့ သေခြင်းမှာ အိပ်ပျော်နေတဲ့သူကို ကလေးတို့ နှိုးလို့ရမလား။— ရမှာမဟုတ်ဘူး။ အသံ ကျယ်ကျယ်နဲ့ ဘယ်လောက်ပဲ ခေါ်ခေါ် သေတဲ့လူကတော့ ကြားမှာ မဟုတ်ဘူး။ ကလေးတို့ပဲဖြစ်ဖြစ်၊ တို့ပဲဖြစ်ဖြစ်၊ ကမ္ဘာပေါ်မှာ ဘယ်သူမှ သေသွားတဲ့သူ နိုးလာအောင် မတတ်နိုင်ဘူးကွဲ့။

ယေရှု ခေါ်တော့ လာဇရု အသက်ပြန်ရှင်လာပြီး ဂူထဲက ထွက်လာစဉ်

လာဇရုကို ယေရှု ဘာလုပ်ပေးခဲ့သလဲ

ယေရှုကျတော့ တို့တစ်တွေနဲ့ မတူဘူး။ ဘုရားသခင်ဆီက ထူးခြားတဲ့တန်ခိုး ရထားတယ်လေ။ ဒါကြောင့်မို့လို့ လာဇရုကို ယေရှု ခေါ်လိုက်တဲ့အခါ အံ့သြစရာတစ်ခု ဖြစ်လာတယ်။ သေတာ လေးရက်တောင် ရှိပြီဖြစ်တဲ့လူက သင်္ချိုင်းဂူထဲကနေ ထွက်လာတယ်လေ။ လာဇရု အသက်ပြန်ရှင်လာပြီ။ ပြန်အသက်ရှူနိုင်ပြီ၊ လမ်းလျှောက်နိုင်ပြီ၊ စကားလည်း ပြောနိုင်ပြီ! ဟုတ်တယ်၊ ယေရှုက လာဇရုကို သေရာကနေ ပြန်ရှင်အောင် လုပ်ပေးလိုက်တယ်။—ယောဟန် ၁၁:၁-၄၄။

အခု ဒီအချက်ကို စဉ်းစားကြည့်ရအောင်– လာဇရု သေသွားတဲ့အခါ ဘာဖြစ်သွားသလဲ။ သူ့ကိုယ်ထဲကနေ ဝိညာဉ် ထွက်ပြီး တခြား တစ်နေရာရာမှာ ဆက်ရှင်နေသလား။ လာဇရုရဲ့ဝိညာဉ် ကောင်းကင်ဘုံကို ရောက်သွားသလား။ ကောင်းကင်ဘုံမှာ လေးရက်လုံးလုံး ဘုရားသခင်နဲ့အတူ၊ သန့်ရှင်းတဲ့ ကောင်းကင်တမန်တွေနဲ့အတူ နေနေသလား။—

မနေဘူးကွဲ့။ လာဇရု အိပ်ပျော်နေတယ်လို့ ယေရှုပြောခဲ့တာ သတိရပါ။ ကလေးတို့ အိပ်ပျော်နေတယ်ဆိုပါစို့။ သိပ်အိပ်မောကျနေတဲ့ အချိန်ဆိုရင် ကိုယ့်အနားမှာ ဘာဖြစ်လို့ဖြစ်နေမှန်း လုံးဝကို မသိဘူး၊ ဟုတ်တယ် မဟုတ်လား။— နိုးလာတဲ့အခါမှာလည်း ကိုယ်ဘယ်လောက်ကြာကြာ အိပ်ပျော်သွားတယ်ဆိုတာကို နာရီမကြည့်ဘဲ မသိနိုင်ဘူး။

သေသွားတဲ့သူတွေလည်း အဲဒီအတိုင်းပါပဲ။ ဘာဆိုဘာမှ မသိဘူး။ ဘာမှ မခံစားရဘူး။ ဘာမှ မလုပ်နိုင်ဘူး။ လာဇရု သေတုန်းကလည်း ဒီအတိုင်းပါပဲ။ သေတယ်ဆိုတာ လူတစ်ယောက် ဘာကိုမှ မမှတ်မိတော့ဘဲ အိပ်မောကျနေတာနဲ့ တူတယ်ကွဲ့။ “သေလွန်သူကတော့ ဘာမှ မသိဘူး” လို့ ကျမ်းစာက ဆိုတယ်။—ဒေသနာ ၉:၅၊ ၁၀။

ဂူထဲမှာ လာဇရု သေနေစဉ်

လာဇရု သေသွားတဲ့အခါ ဘာဖြစ်သွားသလဲ

ဒီအချက်ကိုလည်း စဉ်းစားကြည့်ပါ– တကယ်လို့ လာဇရုသာ ကောင်းကင်မှာ လေးရက်ကြာ နေခဲ့ရင် ဒီအကြောင်းကို မပြောဘဲ နေပါ့မလား။— သူသာ ကောင်းကင်ကို ရောက်နေရင် အဲဒီလောက်ကောင်းတဲ့ နေရာကနေ ကမ္ဘာပေါ်ကို ယေရှု အတင်းပြန်လာခိုင်းပါ့မလား။— ဘယ်လာခိုင်းပါ့မလဲ။

ဒါပေမဲ့လည်း လူအတော်များများက ကိုယ်ခန္ဓာ သေပြီးတဲ့နောက် ဝိညာဉ်မသေဘဲ တစ်နေရာရာမှာ ဆက်အသက်ရှင်နေတယ်လို့ ပြောကြတယ်။ လာဇရုရဲ့ ဝိညာဉ်ဟာ တစ်နေရာရာမှာ အသက်ရှင်နေတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ကျမ်းစာက အဲဒီလို မပြောဘူး။ ဘုရားသခင်က ပထမလူအာဒံကို ဖန်ဆင်းတဲ့အခါ “အသက်ရှင်သူ” ဖြစ်လာတယ်လို့ ကျမ်းစာက ဆိုတယ်။ အာဒံ အပြစ်လုပ်တဲ့အခါ သေဆုံးသွားတယ်လို့လည်း ဆိုထားတယ်။ မြေမှုန့်နဲ့ ဖန်ဆင်းခံရတဲ့အတွက် အာဒံ “သေ” တော့ မြေမှုန့် ပြန်ဖြစ်သွားတယ်။ အာဒံရဲ့ သားစဉ်မြေးဆက် အားလုံးလည်း အပြစ်ရှိသူတွေ ဖြစ်သွားတဲ့အတွက် သေဆုံးကြရတယ်လို့ ကျမ်းစာက ဆိုထားတယ်။—ကမ္ဘာဦး ၂:၇။ ၃:၁၇-၁၉။ ရောမ ၅:၁၂။

ဒါကြောင့် လူသေပြီးတဲ့နောက် ဆက်အသက်ရှင်တဲ့ဝိညာဉ် မရှိဘူးဆိုတာ သိရတယ်။ တချို့က လူသေတွေကို ကြောက်ကြတယ်။ လူသေတွေရဲ့ ဝိညာဉ်က ရှင်တဲ့လူတွေကို ဒုက္ခပေးနိုင်တယ်လို့ ယူဆတဲ့အတွက် သင်္ချိုင်းကုန်းနား မသွားရဲကြဘူး။ ဒါပေမဲ့ သေသွားတဲ့လူဟာ ရှင်နေတဲ့လူကို ဒုက္ခပေးနိုင်သလား။— လုံးဝ မပေးနိုင်ပါဘူး။

သင်္ချိုင်းကုန်းမှာ ကလေးများ

ဘာကြောင့် လူသေကို ကြောက်စရာအကြောင်း မရှိသလဲ

တချို့က သေသွားတဲ့လူတွေဟာ တစ္ဆေသရဲ ဝိညာဉ်ဘဝနဲ့ ရှင်နေတဲ့သူတွေဆီ ပြန်လာလည် တတ်တယ်လို့တောင် ယုံကြတယ်။ ဒါကြောင့် သေသူအတွက် အစားအစာတွေ ပသကြတယ်။ အဲဒီလို လုပ်တဲ့သူတွေဟာ လူသေနဲ့ပတ်သက်ပြီး ဘုရား ပြောတာတွေကို တကယ် မယုံကြဘူး။ ဘုရားသခင် ပြောထားတာကို ယုံမယ်ဆိုရင် လူသေတွေကို ကြောက်မှာ မဟုတ်ဘူး။ ဘုရားပေးတဲ့ အသက်အတွက် တကယ်ကျေးဇူးတင်တယ်ဆိုရင် ဘုရားကြိုက်တာတွေကို လုပ်ကြမှာပဲ။

ဒါပေမဲ့ ‘ဘုရားသခင်က သေသွားတဲ့ ကလေးတွေကို အသက်ပြန်ရှင်စေမလား။ သူတို့ကို အသက်ရှင်စေချင်တဲ့ ဆန္ဒရှိသလား’ ဆိုတာ ကလေးတို့ သိချင်ကြမှာပဲ။ ဒီအကြောင်းကို နောက်အခန်းမှာ ပြောကြတာပေါ့။

လူသေတွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကျမ်းစာထဲမှာ နောက်ထပ် ဖတ်ကြည့်ရအောင်– ဆာလံ ၁၁၅:၁၇။ ၁၄၆:၃၊ ၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ