ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • bh အခန်း ၅ စာ. ၄၇-၅၆
  • ရွေးနုတ်ဖိုး—ဘုရားသခင်ပေးတဲ့ အကြီးမြတ်ဆုံးဆုကျေးဇူး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရွေးနုတ်ဖိုး—ဘုရားသခင်ပေးတဲ့ အကြီးမြတ်ဆုံးဆုကျေးဇူး
  • သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရွေးနုတ်ဖိုးဆိုတာ ဘာလဲ
  • ရွေးနုတ်ဖိုးကို ယေဟောဝါပြင်ဆင်ပေးပုံ
  • ရွေးနုတ်ဖိုးက သင့်အတွက် ဘာအဓိပ္ပာယ်ရှိ
  • ကျေးဇူးတင်လေးမြတ်ကြောင်း သင်ဘယ်လိုဖော်ပြနိုင်သလဲ
  • ရွေးဖိုး —ဘုရားပေးတဲ့ အဖိုးထိုက်ဆုံးလက်ဆောင်
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • “လူများကိုရွေးခြင်းငှာ” ယေဟောဝါစီမံ
    ယေဟောဝါထံ ချဉ်းကပ်လော့
  • ရွေးဖိုးအတွက် ကျေးဇူးတင်လေးမြတ်နေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • အကောင်းတကာ့ အကောင်းဆုံးလက်ဆောင်ဟာ ဘာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
နောက်ထပ် ကြည့်ပါ
သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
bh အခန်း ၅ စာ. ၄၇-၅၆

အခန်း ငါး

ရွေးနုတ်ဖိုး—ဘုရားသခင်ပေးတဲ့ အကြီးမြတ်ဆုံးဆုကျေးဇူး

  • ရွေးနုတ်ဖိုးဆိုတာ ဘာလဲ။

  • ဒါကို ဘုရားသခင် ဘယ်လိုပြင်ဆင်ပေးခဲ့သလဲ။

  • ဒါက သင့်အတွက် ဘာအဓိပ္ပာယ်ရှိသလဲ။

  • ဒီအတွက် ကျေးဇူးတင်လေးမြတ်ကြောင်း သင် ဘယ်လိုပြသနိုင်သလဲ။

၁၊ ၂။ (က) လက်ဆောင်တစ်ခုက ဘယ်အချိန်မှာ သင့်အတွက် အလွန်တန်ဖိုးရှိသလဲ။ (ခ) သင်ရရှိနိုင်သမျှ လက်ဆောင်တွေထဲမှာ ရွေးနုတ်ဖိုးဟာ တန်ဖိုးအရှိဆုံးလက်ဆောင်ဖြစ်တယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။

သင်ရရှိဖူးသမျှ လက်ဆောင်တွေထဲမှာ တန်ဖိုးအရှိဆုံးလက်ဆောင်က ဘာလဲ။ အရေးပါတဲ့လက်ဆောင်တစ်ခုဖြစ်ဖို့ တန်ဖိုးကြီးစရာမလိုပါဘူး။ လက်ဆောင်တစ်ခုရဲ့ တကယ့်တန်ဖိုးကို ငွေနဲ့တိုင်းတာလို့မရဘူး။ အဲဒီအစား၊ လက်ဆောင်တစ်ခုက သင့်ကိုပျော်ရွှင်စေတယ်၊ သင် တကယ်လိုအပ်တဲ့အရာဖြစ်တယ်ဆိုရင် အဲဒါက သင့်အတွက် အလွန်အဖိုးတန်တယ်။

၂ သင်ရရှိနိုင်သမျှ လက်ဆောင်တွေထဲမှာ အကောင်းမြတ်ဆုံး လက်ဆောင်တစ်ခုရှိတယ်။ အဲဒါက လူသားတွေအတွက် ဘုရားသခင်ပေးတဲ့ လက်ဆောင်တစ်ခုဖြစ်တယ်။ ကျွန်ုပ်တို့ကို ယေဟောဝါပေးတာတွေ အများကြီးရှိတယ်၊ ဒါပေမဲ့ အကြီးမြတ်ဆုံးလက်ဆောင်က ကိုယ်တော့်သားတော် ယေရှုခရစ်ရဲ့ ရွေးနုတ်ဖိုးပူဇော်သက္ကာဖြစ်တယ်။ (မဿဲ ၂၀:၂၈ ကိုဖတ်ပါ) ရွေးနုတ်ဖိုးဟာ သင်ရရှိနိုင်တဲ့လက်ဆောင်တွေထဲမှာ တန်ဖိုးအရှိဆုံးလက်ဆောင်ဖြစ်တယ်ဆိုတာ ဒီအခန်းမှာ သိရပါလိမ့်မယ်။ အကြောင်းကတော့ ရွေးနုတ်ဖိုးက မကုန်ဆုံးနိုင်တဲ့ ပျော်ရွှင်မှုကိုရရှိစေပြီး သင့်အတွက် အရေးကြီးဆုံးလိုအပ်ရာတွေကို ဖြည့်ဆည်းပေးနိုင်လို့ပဲ။ သင့်ကို ယေဟောဝါ ဘယ်လောက်ချစ်တယ်ဆိုတာ ရွေးနုတ်ဖိုးက ဖော်ပြတယ်။

ရွေးနုတ်ဖိုးဆိုတာ ဘာလဲ

၃။ ရွေးနုတ်ဖိုးဆိုတာ ဘာလဲ၊ အဲဒါဟာ အဖိုးတန်တဲ့ဆုကျေးဇူးဖြစ်တယ်ဆိုတာ နားလည်ဖို့ ဘယ်အရာကို သိဖို့လိုသလဲ။

၃ ရိုးရိုးလေးပြောရရင် ရွေးနုတ်ဖိုးဆိုတာ လူတွေကို အပြစ်နဲ့သေခြင်းကနေ ရွေးနုတ်ကယ်တင်တဲ့ ယေဟောဝါရဲ့နည်းလမ်းဖြစ်တယ်။ (ဧဖက် ၁:၇) ကျမ်းစာသွန်သင်ချက်ဖြစ်တဲ့ ရွေးနုတ်ဖိုးရဲ့အဓိပ္ပာယ်ကိုနားလည်ဖို့ ဧဒင်ဥယျာဉ်မှာဖြစ်ပျက်ခဲ့ရာကို ပြန်သုံးသပ်ဖို့လိုတယ်။ အာဒံအပြစ်လုပ်လိုက်လို့ ဆုံးရှုံးသွားတဲ့အရာကို ကျွန်ုပ်တို့သိမှ ရွေးနုတ်ဖိုးက ဘာကြောင့် အဲဒီလောက် အဖိုးတန်တဲ့ဆုကျေးဇူးဖြစ်သလဲဆိုတာကို နားလည်နိုင်မယ်။

၄။ အာဒံ ဘယ်လိုအသက်တာမျိုးနဲ့ အသက်ရှင်ခဲ့သလဲ။

၄ အာဒံကို ယေဟောဝါဘုရားသခင်ဖန်ဆင်းချိန်မှာ အလွန်တန်ဖိုးရှိတဲ့ ပြည့်ဝစုံလင်တဲ့လူ့အသက်ကို ပေးခဲ့တယ်။ အဲဒါက ဘယ်လိုအသက်မျိုးလဲဆိုတာ စဉ်းစားကြည့်ပါ။ ပြည့်ဝစုံလင်တဲ့ခန္ဓာ၊ ပြည့်ဝစုံလင်တဲ့စိတ်နဲ့ ဖန်ဆင်းခံရတဲ့အတွက် သူဟာ ဘယ်တော့မှ ဖျားနာ၊ အိုမင်း၊ သေဆုံးမှာ မဟုတ်ဘူး။ စုံလင်တဲ့လူသားတစ်ဦးအနေနဲ့ သူ့မှာ ယေဟောဝါနဲ့ အထူးဆက်ဆံရေး ရရှိထားတယ်။ ကျမ်းစာမှာ အာဒံကို “ဘုရားသခင်၏သား” လို့ ဖော်ပြထားတယ်။ (လုကာ ၃:၃၈) ဒါကြောင့် သားတစ်ဦးနဲ့ မေတ္တာပြည့်ဝတဲ့ဖခင်တစ်ဦးရဲ့ ဆက်ဆံရေးလိုမျိုး အာဒံဟာ ယေဟောဝါဘုရားသခင်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့တယ်။ ယေဟောဝါက မြေကြီးပေါ်မှာရှိတဲ့ မိမိရဲ့သား အာဒံနဲ့ ပြောဆိုဆက်သွယ်ခဲ့တယ်၊ အာဒံကို ကျေနပ်စရာကောင်းတဲ့ အလုပ်တာဝန်တွေပေးပြီး သူ့ဆီကနေ ဘုရားသခင် ဘာမျှော်လင့်တယ်ဆိုတာကို အသိပေးခဲ့တယ်။—ကမ္ဘာဦး ၁:၂၈-၃၀; ၂:၁၆၊ ၁၇။

၅။ အာဒံဟာ ‘ဘုရားသခင်၏ပုံသဏ္ဌာန်နှင့်အညီ’ ဖန်ဆင်းခံရတယ်ဆိုတဲ့ သမ္မာကျမ်းစာပြောဆိုချက်က ဘာကိုဆိုလိုသလဲ။

၅ အာဒံဟာ ‘ဘုရားသခင်၏ပုံသဏ္ဌာန်နှင့်အညီ’ ဖန်ဆင်းခံခဲ့ရတယ်။ (ကမ္ဘာဦး ၁:၂၇) ဒီအချက်က အာဒံဟာ ဘုရားသခင်နဲ့ ရုပ်ရည်တူတယ်ဆိုတဲ့ သဘောမဟုတ်ဘူး။ ဒီစာအုပ်ရဲ့ အခန်း ၁ မှာ လေ့လာသိရှိခဲ့ပြီးဖြစ်တဲ့အတိုင်း ယေဟောဝါဟာ မျက်စိနဲ့မမြင်နိုင်တဲ့ နာမ်ဝိညာဉ်ပုဂ္ဂိုလ်ဖြစ်တယ်။ (ယောဟန် ၄:၂၄) ဒါကြောင့် ယေဟောဝါမှာ လူသားတွေလို သွေးသားခန္ဓာမရှိဘူး။ ဘုရားသခင်ရဲ့ပုံသဏ္ဌာန်နဲ့အညီ ဖန်ဆင်းခံရတယ်ဆိုတာက အာဒံဟာ မေတ္တာ၊ ဉာဏ်ပညာ၊ တရားမျှတခြင်းနဲ့ တန်ခိုးအပါအဝင် ဘုရားသခင်ရဲ့ဂုဏ်ရည်တော်တွေနဲ့ ထည့်သွင်းဖန်ဆင်းခံရတာကို ဆိုလိုတယ်။ အာဒံဟာ အရေးကြီးတဲ့နောက်နည်းတစ်နည်းနဲ့လည်း သူ့ခမည်းတော်နဲ့ ဆင်တူတယ်၊ အဲဒါကတော့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် ရှိခြင်းဖြစ်တယ်။ သူဟာ အမှားနဲ့အမှန်ကို ရွေးချယ်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်တယ်။ သူသာ ဘုရားသခင်ကို နာခံဖို့ရွေးချယ်ခဲ့မယ်ဆိုရင် မြေကြီးပရဒိသုမှာ ထာဝစဉ်အသက်ရှင်ခွင့် ရရှိမှာဖြစ်တယ်။

၆။ အာဒံ ဘုရားသခင့်စကား နားမထောင်ခဲ့ချိန်မှာ ဘယ်အရာ ဆုံးရှုံးခဲ့သလဲ၊ သူ့ရဲ့မျိုးဆက်တွေအပေါ် ဘယ်လိုထိခိုက်ခဲ့သလဲ။

၆ နောက်ပိုင်း အာဒံ ဘုရားသခင်ကိုမနာခံလို့ သေဒဏ်ချမှတ်ခံရချိန်မှာ အလွန်တန်ဖိုးကြီးတဲ့အရာတစ်ခုကို ပေးဆပ်ခဲ့ရတယ်။ သူ့အပြစ်ကြောင့် သူ့ရဲ့ပြည့်ဝစုံလင်တဲ့အသက်နဲ့ ကောင်းချီးအားလုံး ဆုံးရှုံးခဲ့ရတယ်။ (ကမ္ဘာဦး ၃:၁၇-၁၉) ဝမ်းနည်းစရာက အာဒံတစ်ယောက်တည်းသာမက မွေးဖွားလာမယ့် သူ့ရဲ့သားမြေးတွေပါ ဒီအဖိုးတန်အသက်ကို ဆုံးရှုံးခဲ့ကြရတယ်။ ကျမ်းစာမှာ ဒီလိုပြောတယ်– “အပြစ်တရားသည် တစ်ယောက်သောသူ [အာဒံ] အားဖြင့် ဤလောကသို့ဝင်လာ၏။ သေခြင်းတရားသည်လည်း အပြစ်တရားအားဖြင့် ဝင်လာ၏။ သို့ဖြစ်၍ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းတရားသည် လူအပေါင်းတို့ထံ ပြန့်ပွားရ၏။” (ရောမ ၅:၁၂) ကျွန်ုပ်တို့အားလုံးဟာ အာဒံထံကနေ အပြစ်ကို အမွေရရှိထားကြတယ်။ ဒါကြောင့် သမ္မာကျမ်းစာမှာ အာဒံဟာ သူကိုယ်တိုင်နဲ့ သူ့သားသမီးတွေကို အပြစ်နဲ့သေခြင်းရဲ့ကျွန်ဖြစ်စေဖို့ “ရောင်းချ” ခဲ့တယ်လို့ ဆိုထားတယ်။ (ရောမ ၇:၁၄) အာဒံနဲ့ဧဝဟာ ဘုရားသခင့်စကားနားမထောင်ဖို့ တမင်ရွေးချယ်ခဲ့တဲ့အတွက် သူတို့မှာ မျှော်လင့်ချက်မရှိတော့ဘူး။ ဒါပေမဲ့ ကျွန်ုပ်တို့အပါအဝင် သူတို့ရဲ့မျိုးဆက်တွေအတွက်ကော။

၇၊ ၈။ လူတစ်ယောက် ပြန်ပေးဆွဲခံရရင် လွတ်မြောက်ဖို့ ဘာလုပ်ရသလဲ။ အဲဒီလိုပဲ လူသားတွေ အပြစ်နဲ့သေခြင်းအောက်ကလွတ်မြောက်ဖို့ ဘာလိုသလဲ။

၇ ယေဟောဝါရဲ့ ရည်ရွယ်ချက်က အပြစ်အနာအဆာမရှိ ပြည့်ဝစုံလင်တဲ့လူတွေကို ထာဝစဉ်အသက်ရှင်စေဖို့ဖြစ်တယ်။ အဲဒီလိုဖြစ်ဖို့ဆိုရင် ယေရှုရဲ့အသက်ကို ပေးဖို့လိုတယ်။ ဘာကြောင့်လဲ။ လူဆိုးတစ်ယောက်က လူတစ်ယောက်ကို ပြန်ပေးဆွဲပြီးဖမ်းသွားတယ်လို့ မြင်ယောင်ကြည့်ပါ။ ပြန်ပေးဆွဲခံရသူဟာ လွတ်မြောက်ချင်ပေမဲ့ သူ့မှာ လွတ်မြောက်နိုင်တဲ့နည်းလမ်းမရှိဘူး။ သူလွတ်မြောက်ဖို့ဆိုရင် သူ့မိသားစုက ငွေနဲ့ရွေးရမှာဖြစ်တယ်။

၈ အဲဒီလိုပဲ ကျွန်ုပ်တို့က အပြစ်ကနေလွတ်မြောက်ပြီး ထာဝစဉ်အသက်ရှင်ချင်တယ်၊ ဒါပေမဲ့ ကျွန်ုပ်တို့က အပြစ်နဲ့သေခြင်းအောက်မှာ ချုပ်နှောင်ခံနေရတယ်။ ကျွန်ုပ်တို့လွတ်မြောက်ပြီး ပြည့်ဝစုံလင်တဲ့အသက်နဲ့ ထာဝစဉ်အသက်ရှင်နိုင်ဖို့ ယေဟောဝါက ကျွန်ုပ်တို့အတွက် ယေရှုကို ပေးခဲ့တယ်။ ဘယ်လိုနည်းလမ်းနဲ့ ပေးခဲ့သလဲ။ ကြည့်ကြစို့။

ရွေးနုတ်ဖိုးကို ယေဟောဝါပြင်ဆင်ပေးပုံ

၉။ ယေရှုရဲ့အသက်က ဘယ်လိုနည်းနဲ့ အာဒံရဲ့အသက်နဲ့ တန်ဖိုးညီသလဲ၊ ဘာကြောင့် အဲဒီလိုလုပ်ဖို့လိုသလဲ။

၉ အာဒံနဲ့ဧဝ ပြည့်ဝစုံလင်တဲ့အသက်ကို ဆုံးရှုံးပြီးကတည်းက မစုံလင်တဲ့ ဘယ်လူသားတစ်ဦးတစ်ယောက်ကမှ အဲဒါကို ပြန်ရအောင် မလုပ်နိုင်တော့ဘူး။ (ဆာလံ ၄၉:၇၊ ၈) ဒါကြောင့် အာဒံဆုံးရှုံးခဲ့တဲ့အသက်ကို ပြန်ရဖို့ ယေဟောဝါ ဘာလုပ်ခဲ့သလဲ။ အာဒံရဲ့အသက်နဲ့ တန်ဖိုးညီမျှတဲ့ ယေရှုရဲ့ ပြည့်ဝစုံလင်တဲ့အသက်ကို ပေးခဲ့တယ်။ (၁ တိမောသေ ၂:၆) ဘာကြောင့် အဲဒီလိုလုပ်ဖို့လိုသလဲ။ ဒီအချက်က တရားမျှတမှုမှာ အပြစ်ပြောစရာမရှိတဲ့ “အသက်အတွက် အသက်” ဆိုတဲ့ ကျမ်းစာမူနဲ့ ကိုက်ညီတယ်။ (တရားဟောရာ ၁၉:၂၁) ဒီဥပမာကိုကြည့်ပါ– လူတစ်ယောက်က သူတစ်ပါးရဲ့ပစ္စည်းတစ်ခုကို ပျက်စီးသွားအောင် လုပ်မိတယ်ဆိုပါစို့။ ပျက်စီးသွားတဲ့ပစ္စည်းရဲ့ တန်ဖိုးအပြည့်ကို ပြန်လျော်ပေးရမှာဖြစ်တယ်။ အဲဒီလိုပဲ ဆုံးရှုံးသွားတဲ့ ပြည့်ဝစုံလင်တဲ့လူ့အသက်ကို ပြန်ရဖို့ ပြည့်ဝစုံလင်တဲ့လူ့အသက်ကို ပြန်ပေးလျော်ရမှာဖြစ်တယ်။

၁၀။ ရွေးနုတ်ဖိုးကို ယေဟောဝါ ဘယ်လိုပြင်ဆင်ပေးခဲ့သလဲ။

၁၀ ရွေးနုတ်ဖိုးကို ယေဟောဝါ ဘယ်လိုပြင်ဆင်ပေးခဲ့သလဲ။ ကိုယ်တော်ဟာ ပြည့်ဝစုံလင်တဲ့နာမ်ဝိညာဉ်သားတွေထဲက တစ်ဦးကို မြေကြီးပေါ် စေလွှတ်ခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါက ကြုံရာ နာမ်ဝိညာဉ်သားတစ်ဦးကို မစေလွှတ်ခဲ့ဘူး။ ကိုယ်တော်တန်ဖိုးအထားဆုံး၊ ကိုယ်တော့်တစ်ပါးတည်းသောသားတော်ကို စေလွှတ်ခဲ့တယ်။ (၁ ယောဟန် ၄:၉၊ ၁၀ ကိုဖတ်ပါ) ဒီသားတော်ဟာ သူ့ရဲ့ကောင်းကင်အိမ်တော်ကို လိုလိုလားလား စွန့်ခွာခဲ့တယ်။ (ဖိလိပ္ပိ ၂:၇) ယေဟောဝါဟာ သားတော်ရဲ့အသက်ကို မာရိရဲ့သားအိမ်ထဲ အံ့ဖွယ်နည်းနဲ့ ပြောင်းရွှေ့ပေးခဲ့တယ်လို့ ဒီစာအုပ်ရဲ့ ရှေ့အခန်းမှာ ကျွန်ုပ်တို့သိရှိခဲ့ရတယ်။ ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်ကြောင့် ယေရှုဟာ အပြစ်မပါတဲ့ စုံလင်သူလူသားတစ်ဦးအနေနဲ့ မွေးဖွားလာခဲ့တယ်။—လုကာ ၁:၃၅။

ယေရှုဟာ နှက်တိုင်တင်ခံရပြီး ပြင်းပြတဲ့နာကျင်မှုနဲ့သေဆုံးခဲ့

ယေဟောဝါက မိမိရဲ့တစ်ပါးတည်းသောသားတော်ကို ကျွန်ုပ်တို့အတွက် ရွေးနုတ်ဖိုးအဖြစ်ပေးခဲ့

၁၁။ လူတစ်ဦးက လူအများကြီးအတွက် ဘယ်လိုလုပ်ပြီး ရွေးနုတ်ဖိုးပေးနိုင်ခဲ့သလဲ။

၁၁ လူတစ်ယောက်က လူအများကြီးအတွက် အသက်စွန့်ပြီး ရွေးနုတ်ဖိုးအနေနဲ့ ဘယ်လိုပေးဆက်နိုင်ခဲ့သလဲ။ အဲဒီလူအများကြီးကလည်း ဘယ်လိုလုပ်ပြီး အပြစ်သားတွေ ဖြစ်သွားကြသလဲ။ အာဒံအပြစ်လုပ်ခဲ့လို့ အဖိုးတန်တဲ့ ပြည့်ဝစုံလင်တဲ့အသက် ဆုံးရှုံးခဲ့ရတယ်ဆိုတာ သတိရပါ။ ဒါကြောင့် သူ့အနေနဲ့ သူ့ရဲ့သားစဉ်မြေးဆက်တွေကို ပြည့်ဝစုံလင်တဲ့လူ့အသက်ကို လက်ဆင့်ကမ်း မပေးနိုင်တော့ဘူး။ အဲဒီအစား အပြစ်နဲ့သေခြင်းကိုပဲ လက်ဆင့်ကမ်းပေးခဲ့တယ်။ “နောက်ဆုံးသောအာဒံ” လို့ ကျမ်းစာမှာ ခေါ်ဆိုထားတဲ့ယေရှုမှာ ပြည့်ဝစုံလင်တဲ့လူ့အသက်ရှိပြီး ကိုယ်တော်ဟာ တစ်ခါမှ အပြစ်မလုပ်ခဲ့ဖူးဘူး။ (၁ ကောရိန္သု ၁၅:၄၅) တစ်နည်းအားဖြင့် ယေရှုက ကျွန်ုပ်တို့ကိုကယ်တင်ဖို့ အာဒံနေရာမှာ အစားဝင်ခဲ့တယ်။ ယေရှုဟာ သူ့ရဲ့ဘဝကဏ္ဍတိုင်းမှာ ဘုရားသခင်ကိုနာခံပြီး ဘာအပြစ်မှမလုပ်ခဲ့ဘူး၊ သူ ဘယ်နည်းနဲ့မှ မသေသင့်ဘူး။ ဒါပေမဲ့ ယေရှုက သူ့ရဲ့ ပြည့်ဝစုံလင်တဲ့အသက်ကို တလိုတလား စွန့်လွှတ်ခြင်းအားဖြင့် အာဒံရဲ့အပြစ်ကြောင့် ဆုံးရှုံးခဲ့တဲ့ ပြည့်ဝစုံလင်တဲ့အသက်အတွက် အဖိုးအခပေးဆပ်ခဲ့တယ်။ ဒါကြောင့် ယေရှုဟာ အာဒံရဲ့မျိုးဆက်တွေကို မျှော်လင့်ချက်ရှိစေခဲ့တယ်။—ရောမ ၅:၁၉; ၁ ကောရိန္သု ၁၅:၂၁၊ ၂၂။

၁၂။ ဝေဒနာခံစားရတဲ့ကြားကနေ ယေရှု သစ္စာရှိခြင်းက ဘာကိုသက်သေပြခဲ့သလဲ။

၁၂ ယေရှုမသေဆုံးခင် ခံခဲ့ရတဲ့ ဒုက္ခဝေဒနာအသေးစိတ်ကို သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ ကိုယ်တော်ဟာ ကျာပွတ်နဲ့ မညှာမတာရိုက်နှက်ခံရ၊ သံနဲ့ ရက်ရက်စက်စက် ထိုးဖောက်ခံခဲ့ရပြီး နှက်တိုင်ပေါ်မှာ ပြင်းပြတဲ့နာကျင်မှုနဲ့ သေဆုံးခဲ့တယ်။ (ယောဟန် ၁၉:၁၊ ၁၆-၁၈၊ ၃၀; နောက်ဆက်တွဲ “ခရစ်ယာန်စစ်တွေ ဝတ်ပြုရေးမှာ လက်ဝါးကားတိုင် မသုံးတဲ့အကြောင်းရင်း”) ယေရှု ဘာကြောင့် အဲဒီလောက်ထိ ဝေဒနာပြင်းစွာခံဖို့ လိုအပ်ခဲ့တာလဲ။ ယေဟောဝါရဲ့လူသားကျေးကျွန်မှန်သမျှဟာ စုံစမ်းနှောင့်ယှက်မှုကြုံရတဲ့အခါ ဆက်သစ္စာရှိမရှိနဲ့ပတ်သက်ပြီး စာတန် ဖြစ်ပေါ်စေခဲ့တဲ့ပြဿနာအကြောင်းကို ဒီစာအုပ်ရဲ့ နောက်အခန်းမှာ တွေ့ရမယ်။ ပြင်းထန်တဲ့ဝေဒနာတွေ ခံစားနေရတဲ့ကြားကနေ သစ္စာရှိရှိခံရပ်ခြင်းအားဖြင့် ယေရှုဟာ စာတန်ဖြစ်ပေါ်စေခဲ့တဲ့ပြဿနာကို အကောင်းဆုံးဖြေရှင်းနိုင်ခဲ့တယ်။ စာတန်ဘယ်လိုပဲပြုလုပ်ပါစေ ပြည့်ဝစုံလင်တဲ့လူသားတစ်ဦးပိုင်ဆိုင်တဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကိုသုံးပြီး ဘုရားသခင်ပေါ် ဆက်သမာဓိစောင့်သိနိုင်တယ်ဆိုတဲ့အချက်ကို ယေရှု သက်သေပြခဲ့တယ်။ ယေဟောဝါက မိမိချစ်မြတ်နိုးတဲ့သားတော်ရဲ့ သစ္စာရှိမှုကြောင့် အရမ်းဝမ်းမြောက်ခဲ့မှာပဲ။—သုတ္တံ ၂၇:၁၁။

၁၃။ ရွေးနုတ်ဖိုးကို ဘယ်လိုပေးခဲ့သလဲ။

၁၃ ရွေးနုတ်ဖိုးကို ဘယ်လိုပေးခဲ့သလဲ။ ဂျူးပြက္ခဒိန်အရ အေဒီ ၃၃၊ နိသန်လ ၁၄ ရက်မှာ ယေဟောဝါဟာ ပြည့်ဝစုံလင်ပြီးအပြစ်မရှိတဲ့ မိမိရဲ့သားတော်ကို အသတ်ခံရဖို့ ခွင့်ပြုခဲ့တယ်။ ဒါနဲ့ ယေရှုက မိမိရဲ့ပြည့်ဝစုံလင်တဲ့လူ့အသက်ကို “တစ်ကြိမ်တည်းအပြီး” ပူဇော်ခဲ့တယ်။ (ဟေဗြဲ ၁၀:၁၀) ယေရှုသေဆုံးပြီး တတိယနေ့မှာ ယေဟောဝါက သူ့ကို ဝိညာဉ်အသက်တာနဲ့ ပြန်အသက်ရှင်စေခဲ့တယ်။ ကောင်းကင်ပြန်တက်သွားတဲ့အခါ အာဒံရဲ့မျိုးဆက်တွေကို အပြစ်နဲ့သေခြင်းကနေ ရွေးနုတ်ဖို့ သူ့အသက်ကိုပေးဆက်ခဲ့တာကို ယေဟောဝါလက်ခံခဲ့တယ်။ (ဟေဗြဲ ၉:၂၄) အပြစ်နဲ့သေခြင်းရဲ့ကျွန်ဘဝကနေ လူသားတွေကိုကယ်နုတ်ဖို့ လိုအပ်တဲ့ရွေးနုတ်ဖိုးအနေနဲ့ ယေရှုရဲ့ပူဇော်ရာယဇ်ကို ယေဟောဝါ လက်ခံခဲ့တယ်။—ရောမ ၃:၂၃၊ ၂၄ ကိုဖတ်ပါ။

ရွေးနုတ်ဖိုးက သင့်အတွက် ဘာအဓိပ္ပာယ်ရှိ

၁၄၊ ၁၅။ ကျွန်ုပ်တို့ “အပြစ်လွှတ်ခြင်း” ခံရဖို့ ဘာလုပ်ရမလဲ။

၁၄ ကျွန်ုပ်တို့ဟာ အပြစ်ရှိနေတဲ့ကြားကနေ ရွေးနုတ်ဖိုးကြောင့် တန်ဖိုးမဖြတ်နိုင်တဲ့ ကောင်းချီးတွေကို ခံစားနိုင်ကြတယ်။ ဘုရားသခင်ထံကရတဲ့ ဒီအကြီးမြတ်ဆုံးဆုကျေးဇူးကြောင့် ယခုနဲ့ အနာဂတ်မှာရရှိမယ့် အကျိုးကျေးဇူးတချို့ကို သုံးသပ်ကြည့်ကြစို့။

၁၅ အပြစ်ခွင့်လွှတ်ခံရမှု။ ကျွန်ုပ်တို့ဟာ အမွေရထားတဲ့ မစုံလင်မှုကြောင့် မှန်ရာကိုပြုလုပ်ဖို့ တကယ့်ကိုကြိုးစားအားထုတ်ကြရတယ်။ ကျွန်ုပ်တို့အားလုံးဟာ စကားနဲ့ရော၊ အပြုအမူနဲ့ပါ မှားတတ်ကြတယ်။ ဒါပေမဲ့ ယေရှုရဲ့ရွေးနုတ်ဖိုးပူဇော်သက္ကာကြောင့် ကျွန်ုပ်တို့ “အပြစ်လွှတ်ခြင်း” ခံရနိုင်တယ်။ (ကောလောသဲ ၁:၁၃၊ ၁၄) ဒါပေမဲ့ အဲဒီလိုခွင့်လွှတ်ခံရဖို့အတွက် ကျွန်ုပ်တို့က စစ်မှန်တဲ့နောင်တယူရမယ်။ ယေဟောဝါကို နှိမ့်ချစွာတောင်းပန်ရမယ်၊ ကိုယ်တော့်သားတော်ရဲ့ ရွေးနုတ်ဖိုးပူဇော်သက္ကာကို ယုံကြည်ခြင်းအပေါ် အခြေခံပြီး ကျွန်ုပ်တို့ကို ခွင့်လွှတ်ဖို့လည်း တောင်းဆိုရမယ်။—၁ ယောဟန် ၁:၈၊ ၉ ကိုဖတ်ပါ။

၁၆။ ဘယ်အရာကြောင့် ကျွန်ုပ်တို့ကို ဘုရားသခင် လက်ခံတယ်ဆိုတဲ့ခံစားချက် ရှိလာသလဲ၊ ဒီခံစားချက်က ဘာဖြစ်စေသလဲ။

၁၆ အပြစ်ရှိတယ်ဆိုတဲ့ခံစားချက်မဟုတ်ဘဲ ကျွန်ုပ်တို့ကို ဘုရားသခင် လက်ခံတယ်ဆိုတဲ့ခံစားချက်။ ကျွန်ုပ်တို့မှာ အပြစ်ရှိတယ်ဆိုတဲ့ခံစားချက်က ကျွန်ုပ်တို့ကို မျှော်လင့်ချက်မဲ့စေပြီး တန်ဖိုးမရှိသူလို့ အလွယ်တကူခံစားမိစေနိုင်တယ်။ ဒါပေမဲ့ ရွေးနုတ်ဖိုးကြောင့် မစုံလင်တဲ့ကျွန်ုပ်တို့ကို ဘုရားသခင်လက်ခံတယ်ဆိုတဲ့ ခံစားချက်နဲ့ ယေဟောဝါကို ကိုးကွယ်နိုင်ကြတယ်။ (ဟေဗြဲ ၉:၁၃၊ ၁၄) ယေဟောဝါနဲ့ လွတ်လပ်စွာပြောဆိုခွင့် ရရှိလာတယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ ဆုတောင်းခြင်းဖြင့် ကိုယ်တော်ထံ လွတ်လွတ်လပ်လပ် ချဉ်းကပ်နိုင်ကြတယ်။ (ဟေဗြဲ ၄:၁၄-၁၆) ကျွန်ုပ်တို့ကို ဘုရားသခင်လက်ခံတယ်ဆိုတဲ့ ခံစားချက်ကို ဆက်ရှိနေစေခြင်းဖြင့် စိတ်ငြိမ်သက်မှု၊ မိမိကိုယ်ကိုလေးစားမှုနဲ့ ပျော်ရွှင်မှု ရရှိစေတယ်။

၁၇။ ကျွန်ုပ်တို့အတွက် ယေရှုအသေခံပေးခဲ့လို့ ဘယ်ကောင်းချီးတွေ မျှော်လင့်နိုင်သလဲ။

၁၇ မြေကြီးပရဒိသုမှာ ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်ချက်။ “အပြစ်တရား၏အခကား သေခြင်းဖြစ်၏” လို့ ရောမ ၆:၂၃ က ပြောတယ်။ အဲဒီအခန်းငယ်မှာပဲ ဒီလိုထပ်ပြောထားတယ်– “ဘုရားသခင်၏ ဆုကျေးဇူးတော်ကား ငါတို့၏သခင် ခရစ်တော်ယေရှုအားဖြင့် ထာဝရအသက် ဖြစ်သတည်း။” ဒီစာအုပ်ရဲ့ အခန်း ၃ မှာ ရောက်လာတော့မယ့် သာယာလှပတဲ့ မြေကြီးပရဒိသုမှာရရှိမယ့် ကောင်းချီးတွေအကြောင်း ကျွန်ုပ်တို့ဆွေးနွေးခဲ့ကြတယ်။ (ဗျာဒိတ် ၂၁:၃၊ ၄) ကျွန်ုပ်တို့အတွက် ယေရှုအသေခံပေးခဲ့လို့ ပြည့်ဝစုံလင်တဲ့ကျန်းမာရေးနဲ့ ထာဝစဉ်အသက်ရှင်ခြင်းအပါအဝင် အနာဂတ်မှာရမယ့် ကောင်းချီးအားလုံးကို မျှော်လင့်နိုင်တာဖြစ်တယ်။ အဲဒီကောင်းချီးတွေရရှိဖို့ ရွေးနုတ်ဖိုးဆုကျေးဇူးကို ကျေးဇူးတင်လေးမြတ်ကြောင်း တင်ပြဖို့လိုတယ်။

ကျေးဇူးတင်လေးမြတ်ကြောင်း သင်ဘယ်လိုဖော်ပြနိုင်သလဲ

၁၈။ ရွေးနုတ်ဖိုးပြင်ဆင်ပေးတဲ့အတွက် ယေဟောဝါကို ဘာကြောင့် ကျေးဇူးတင်သင့်သလဲ။

၁၈ ကျွန်ုပ်တို့ ဘာကြောင့် ရွေးနုတ်ဖိုးအတွက် ယေဟောဝါကို အလွန်ကျေးဇူးတင်သင့်သလဲ။ လက်ဆောင်တစ်ခုနဲ့ပတ်သက်ပြီး အဲဒီလက်ဆောင်ကိုပေးတဲ့သူဘက်က အနစ်နာခံရတဲ့အချိန်၊ ကြိုးစားအားထုတ်မှု ဒါမှမဟုတ် အကုန်အကျတွေကို ထည့်တွက်တဲ့အခါ အဲဒီလက်ဆောင်က သိပ်တန်ဖိုးရှိတယ်။ လက်ဆောင်တစ်ခုဟာ ကျွန်ုပ်တို့အပေါ်ထားတဲ့ အဲဒီလက်ဆောင်ပေးသူရဲ့ စစ်မှန်တဲ့မေတ္တာကို ဖော်ပြတယ်ဆိုတာသိရတဲ့အခါ ကျွန်ုပ်တို့စိတ်လှုပ်ရှားကြတယ်။ ရွေးနုတ်ဖိုးက ရရှိနိုင်သမျှလက်ဆောင်တွေထဲမှာ တန်ဖိုးအရှိဆုံးလက်ဆောင်ဖြစ်တယ်၊ အကြောင်းကတော့ ပေးသမျှအရာအားလုံးထဲမှာ ဘုရားသခင်ဘက်က ကိုယ်ကျိုးအစွန့်ရဆုံးအရာဖြစ်လို့ပဲ။ “ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် ဤလောကကို ချစ်တော်မူ၏” လို့ ယောဟန် ၃:၁၆ မှာ ဖော်ပြထားတယ်။ ရွေးနုတ်ဖိုးက ကျွန်ုပ်တို့ကို ယေဟောဝါချစ်မြတ်နိုးကြောင်းဖော်ပြတဲ့ အထူးခြားအထင်ရှားဆုံး သက်သေဖြစ်တယ်။ ဒါ့အပြင် ကျွန်ုပ်တို့အကျိုးအတွက် မိမိရဲ့အသက်ကို လိုလိုလားလားပေးခဲ့တဲ့ ယေရှုရဲ့မေတ္တာကိုလည်း အထင်အရှားဖော်ပြတယ်။ (ယောဟန် ၁၅:၁၃ ကိုဖတ်ပါ။) ဒါကြောင့် ရွေးနုတ်ဖိုးဆုကျေးဇူးက ယေဟောဝါနဲ့ ကိုယ်တော့်သားတော်ဟာ ကျွန်ုပ်တို့တစ်ဦးစီကို ချစ်တယ်ဆိုတဲ့အချက်ကို ယုံကြည်စိတ်ချစေတယ်။—ဂလာတိ ၂:၂၀။

အမျိုးသမီးတစ်ဦး ကျမ်းစာလေ့လာနေ

ယေဟောဝါအကြောင်း ပိုသိအောင် ကြိုးစားခြင်းက ရွေးနုတ်ဖိုးဆုကျေးဇူးကို ကျေးဇူးတင်လေးမြတ်ကြောင်း တင်ပြတဲ့နည်းတစ်နည်းဖြစ်

၁၉၊ ၂၀။ ဘုရားသခင်ပေးတဲ့ ရွေးနုတ်ဖိုးဆုကျေးဇူးကို ကျေးဇူးတင်လေးမြတ်ကြောင်း ဘယ်နည်းတွေနဲ့ တင်ပြနိုင်သလဲ။

၁၉ ဒါဆို ဘုရားသခင်ပေးတဲ့ ရွေးနုတ်ဖိုးဆုကျေးဇူးကို ကျေးဇူးတင်လေးမြတ်ကြောင်း သင်ဘယ်လိုတင်ပြနိုင်သလဲ။ ဦးဆုံး ကြီးမြတ်တဲ့ဆုကျေးဇူးပေးရှင် ယေဟောဝါအကြောင်း ပိုသိရှိအောင် ကြိုးစားပါ။ (ယောဟန် ၁၇:၃) ဒီစာအုပ်ကိုသုံးပြီး သမ္မာကျမ်းစာကို လေ့လာခြင်းက သင့်ကို ယေဟောဝါအကြောင်း ပိုသိရှိစေပါလိမ့်မယ်။ သင် ယေဟောဝါအကြောင်း ပိုသိလာလေ ကိုယ်တော့်ကို ပိုချစ်လာလေပဲ။ အဲဒီမေတ္တာကပဲ ကိုယ်တော်နှစ်သက်ရာကို လုပ်ဆောင်ဖို့ သင့်ကိုလှုံ့ဆော်ပေးပါလိမ့်မယ်။—၁ ယောဟန် ၅:၃။

၂၀ ယေရှုရဲ့ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို ယုံကြည်ကြောင်း တင်ပြပါ။ ယေရှုနဲ့ပတ်သက်ပြီး ဒီလိုပြောထားတယ်– “သားတော်ကိုယုံကြည်ကြောင်း တင်ပြသူသည် ထာဝရအသက်ကိုရ၏။” (ယောဟန် ၃:၃၆) ယေရှုကို ယုံကြည်ကြောင်း ဘယ်လိုတင်ပြနိုင်သလဲ။ အဲဒီယုံကြည်ခြင်းကို အပြောသက်သက်နဲ့ တင်ပြလို့မရဘူး။ “အကျင့်မရှိသောယုံကြည်ခြင်းသည် အသေဖြစ်၏” လို့ ယာကုပ် ၂:၂၆ မှာ ဖော်ပြထားတယ်။ စစ်မှန်တဲ့ယုံကြည်ခြင်းကို “အကျင့်၊” ဆိုလိုတာက ကျွန်ုပ်တို့ရဲ့လုပ်ရပ်တွေနဲ့ တင်ပြရမှာဖြစ်တယ်။ ကျွန်ုပ်တို့ ယေရှုကိုယုံကြည်ကြောင်း တင်ပြနိုင်တဲ့နည်းတစ်နည်းက အပြောနဲ့သာမဟုတ်ဘဲ လုပ်ရပ်အားဖြင့် ကိုယ်တော့်ကို အတတ်နိုင်ဆုံး တုပခြင်းဖြစ်တယ်။—ယောဟန် ၁၃:၁၅။

၂၁၊ ၂၂။ (က) နှစ်စဉ်ကျင်းပတဲ့ သခင့်ညစာစားပွဲကို ဘာကြောင့် တက်ရောက်သင့်သလဲ။ (ခ) အခန်း ၆ နဲ့ ၇ မှာ ဘယ်အကြောင်းကို ရှင်းပြမလဲ။

၂၁ နှစ်စဉ်ကျင်းပတဲ့ သခင့်ညစာစားပွဲကို တက်ရောက်ပါ။ အေဒီ ၃၃၊ နိသန်လ ၁၄ ရက်နေ့ညနေပိုင်းမှာ ယေရှုက “သခင့်ညစာစားပွဲ” လို့ ကျမ်းစာမှာခေါ်ဆိုထားတဲ့ အထူးပွဲတော်ကို ဦးဆုံးကျင်းပခဲ့တယ်။ (၁ ကောရိန္သု ၁၁:၂၀; မဿဲ ၂၆:၂၆-၂၈) ဒီပွဲတော်ကို ခရစ်တော်ရဲ့သေခြင်းအောက်မေ့ရာပွဲလို့လည်း ခေါ်တယ်။ ယေရှုဟာ ရွေးနုတ်ဖိုးအဖြစ် မိမိရဲ့ပြည့်ဝစုံလင်တဲ့လူ့အသက်ကိုပေးပြီး အသေခံခဲ့တယ်ဆိုတာ တမန်တော်တွေနဲ့ တမန်တော်တွေနောက်ပိုင်း ပေါ်လာမယ့် စစ်မှန်တဲ့ခရစ်ယာန်အားလုံး သတိရနေစေဖို့ ဒီပွဲတော်ကို အစပြုပေးခဲ့ခြင်းဖြစ်တယ်။ ဒီပွဲတော်နဲ့ပတ်သက်ပြီး ယေရှုက “ငါ့ကိုအောက်မေ့ရန် ဤသို့ပြုလျက်နေကြလော့” လို့မိန့်မှာခဲ့တယ်။ (လုကာ ၂၂:၁၉) အောက်မေ့ရာပွဲကို ကျင်းပခြင်းက ရွေးနုတ်ဖိုးနဲ့ပတ်သက်ပြီး ယေဟောဝါနဲ့ ယေရှုပြခဲ့တဲ့ ကြီးမြတ်တဲ့မေတ္တာကို ပြန်အမှတ်ရစေပါတယ်။ နှစ်စဉ်ကျင်းပတဲ့ ယေရှုရဲ့သေခြင်းအောက်မေ့ရာပွဲကို တက်ရောက်ခြင်းအားဖြင့် ရွေးနုတ်ဖိုးကို ကျေးဇူးတင်လေးမြတ်ကြောင်း တင်ပြနိုင်ပါတယ်။a

၂၂ ယေဟောဝါပြင်ဆင်ပေးတဲ့ ရွေးနုတ်ဖိုးက တကယ့်ကို တန်ဖိုးမဖြတ်နိုင်တဲ့ ဆုကျေးဇူးဖြစ်တယ်။ (၂ ကောရိန္သု ၉:၁၄၊ ၁၅) ဒီတန်ဖိုးမဖြတ်နိုင်တဲ့ဆုကျေးဇူးကနေ သေဆုံးသွားသူတွေတောင် အကျိုးခံစားရနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲဆိုတာကို အခန်း ၆ နဲ့ ၇ မှာ ရှင်းပြပါလိမ့်မယ်။

a သခင့်ညစာစားပွဲရဲ့အဓိပ္ပာယ်နဲ့ပတ်သက်တဲ့ ထပ်ဆင့်အချက်အလက်တွေအတွက် နောက်ဆက်တွဲ “သခင့်ညစာစားပွဲ—ဘုရားသခင်ကို ဂုဏ်တင်တဲ့ပွဲ” ကိုကြည့်ပါ။

သမ္မာကျမ်းစာ သွန်သင်ရာ

  • ရွေးနုတ်ဖိုးက လူသားတွေကို အပြစ်နှင့်သေခြင်းကနေ ကယ်လွှတ်ပေးတဲ့ ယေဟောဝါရဲ့နည်းလမ်းဖြစ်တယ်။—ဧဖက် ၁:၇။

  • ယေဟောဝါက မိမိရဲ့တစ်ပါးတည်းသောသားတော်ကို ကျွန်ုပ်တို့အတွက် အသေခံဖို့ မြေကြီးကိုစေလွှတ်ခြင်းအားဖြင့် ရွေးနုတ်ဖိုးပြင်ဆင်ပေးခဲ့တယ်။—၁ ယောဟန် ၄:၉၊ ၁၀။

  • ရွေးနုတ်ဖိုးအားဖြင့် ကျွန်ုပ်တို့ အပြစ်ကနေ ခွင့်လွှတ်ခံကြရတယ်၊ အပြစ်ရှိတယ်ဆိုတဲ့ခံစားချက် မဟုတ်ဘဲ ဘုရားသခင် ကျွန်ုပ်တို့ကို လက်ခံတယ်ဆိုတဲ့ ခံစားချက်ရှိလာပြီး ထာဝရအသက်မျှော်လင့်ချက် ရရှိကြတယ်။—၁ ယောဟန် ၁:၈၊ ၉။

  • ယေဟောဝါအကြောင်း ပိုသိရှိအောင်သင်ယူခြင်း၊ ယေရှုရဲ့ရွေးနုတ်ဖိုး ပူဇော်သက္ကာကို ယုံကြည်ကြောင်းတင်ပြခြင်း၊ သခင့်ညစာစားပွဲတက်ရောက်ခြင်းအားဖြင့် ရွေးနုတ်ဖိုးအတွက် ကျေးဇူးတင်လေးမြတ်ကြောင်း ကျွန်ုပ်တို့ တင်ပြကြတယ်။—ယောဟန် ၃:၁၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ