ဩဂုတ်
သောကြာနေ့၊ ဩဂုတ် ၁
ဖြောင့်မတ်သူဟာ အခက်အခဲ အများကြီး ကြုံရပေမဲ့ ယေဟောဝါက အခက်အခဲမှန်သမျှ ကနေ သူ့ကို ကယ်တင်တယ်။—ဆာ. ၃၄:၁၉။
ဒီဆာလံကျမ်းထဲက အချက် နှစ်ချက်ကို သတိပြုပါ။ (၁) ဖြောင့်မတ်သူတွေ အခက်အခဲ ကြုံကြရတယ်။ (၂) အခက်အခဲတွေကနေ ယေဟောဝါ ကယ်တင်တယ်။ ဘယ်လို ကယ်တင်ပေးသလဲ။ တစ်နည်းကတော့ ကိစ္စရပ်တွေကို အရှိကို အရှိအတိုင်း လက်ခံတတ်ဖို့ ကူညီပေးခြင်းပါ။ မိမိကို ဝတ်ပြုရင် ပျော်ရွှင်မယ်လို့ ကတိပေးပေမဲ့ အပူအပင် ကင်းတဲ့ဘဝ ရမယ်လို့တော့ အာမ မခံထားဘူး။ (ဟေရှာ. ၆၆:၁၄) ဘုရား ရည်ရွယ်ထားတဲ့ ဘဝမျိုး ထာဝစဉ် ပိုင်ဆိုင်ရမယ့် အနာဂတ်ကို အာရုံစိုက်ဖို့ ကူညီပေးတယ်။ (၂ ကော. ၄:၁၆-၁၈) ဒီအတောအတွင်း တစ်ရက်ပြီး တစ်ရက် ရှေ့ဆက်နိုင်ဖို့ ကူညီပေးတယ်။ (မြည်. ၃:၂၂-၂၄) ကျမ်းစာခေတ်နဲ့ ဒီနေ့ခေတ် သစ္စာရှိ ကျေးကျွန်တွေရဲ့ စံနမူနာကနေ ဘာသင်ယူနိုင်သလဲ။ မျှော်လင့်မထားတဲ့ အခက်အခဲတွေ ကျွန်တော်တို့ ရင်ဆိုင်ရနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါကို ယုံကြည်ကိုးစားမယ်ဆိုရင် ဘုရား အမြဲ ထောက်မပေးမယ်။—ဆာ. ၅၅:၂၂။ w23.04 ၁၄-၁၅ ¶၃-၄
စနေနေ့၊ ဩဂုတ် ၂
အထက်အာဏာပိုင်တွေကို . . . လက်အောက်ခံရမယ်။—ရော. ၁၃:၁။
နာခံဖို့ ခက်ချိန်မှာတောင် အထက်အာဏာပိုင်တွေကို နာခံတဲ့ ယောသပ်နဲ့ မာရိဆီကနေ သင်ယူနိုင်တယ်။ (လု. ၂:၁-၆) လူတိုင်း ကိုယ့်မြို့ကိုယ့်ရွာ ပြန်ပြီး နာမည်စာရင်း ပေးဖို့ ရောမ ဧကရာဇ် ဩဂတ်စတပ် အမိန့်ထုတ်တယ်။ ၉၃ မိုင် (ကီလိုမီတာ ၁၅၀) လောက် ဝေးတဲ့ ဘက်သလီဟင်မြို့ကို ယောသပ်နဲ့ မာရိ တစ်တောင်တက် တစ်တောင်ဆင်း ခရီးနှင်ကြရတော့မယ်။ မာရိ ကိုယ်ဝန် ကိုးလ ရှိနေပြီ ဖြစ်လို့ တော်တော့်ကို ခက်မှာ။ မိခင်နဲ့ ရင်သွေး ဘေးကင်းရေးအတွက် စိုးရိမ်မိကြမှာပဲ။ လမ်းခုလတ်မှာ ကလေး မွေးရင် ဘယ့်နှယ် လုပ်မလဲ။ အနာဂတ် မေရှိယကို ကိုယ်ဝန် လွယ်ထားရတာ။ ဒီအကြောင်းပြချက်နဲ့ အစိုးရ ဥပဒေ မလိုက်နာဘဲ နေကြမလား။ စိုးရိမ်မိတာတွေ ရှိပေမဲ့ ယောသပ်နဲ့ မာရိ ဥပဒေ လိုက်နာကြတယ်။ သူတို့ နာခံမှု ရှိလို့ ယေဟောဝါ ဝမ်းသာတယ်။ စောင့်ရှောက်ပေးတယ်။ ဘက်သလီဟင်မြို့ကို ဘေးမသီ ရန်မခ ရောက်လာပြီး ရင်သွေးလေး ကျန်းကျန်းမာမာ မွေးဖို့၊ ကျမ်းစာ ကြိုဟောချက် ပြည့်စုံစေဖို့ ကူညီပေးတယ်။—မိ. ၅:၂။ w23.10 ၈ ¶၉။ ၉ ¶၁၁-၁၂
တနင်္ဂနွေနေ့၊ ဩဂုတ် ၃
အချင်းချင်း အားပေးကြပါ။—ဟီ. ၁၀:၂၅။
အစည်းအဝေးမှာ မှတ်ချက်ပေးရမှာ ကြောက်နေတယ်ဆိုရင် ဘာလုပ်နိုင်သလဲ။ ကောင်းကောင်း ပြင်ဆင်ပါ။ (ပညာ. ၂၁:၅) အကြောင်းအရာကို ကောင်းကောင်း သဘောပေါက်လေ မှတ်ချက်ပေးဖို့ စိတ်ပေါ့လေပဲ။ တိုတိုတုတ်တုတ် ဖြေပါ။ (ပညာ. ၁၅:၂၃။ ၁၇:၂၇) မှတ်ချက်တိုရင် ဖြေဖို့ သိပ်စိုးရိမ်မှာ မဟုတ်တော့ဘူး။ ကိုယ်ပိုင် စကားနဲ့ တိုတိုတုတ်တုတ် ဖြေတာက ကောင်းကောင်း ပြင်ဆင်ထားကြောင်း၊ အကြောင်းအရာကို ကောင်းကောင်း နားလည်ကြောင်း ပြရာရောက်တယ်။ အကြံပြုချက်တွေအတိုင်း စမ်းကြည့်ပေမဲ့ တစ်ကြိမ်၊ နှစ်ကြိမ်အပြင် ပိုမဖြေရဲသေးဘူးဆိုရင်ကော။ သင် တတ်နိုင်သလောက် ကြိုးစားတာကို ယေဟောဝါ တန်ဖိုးထားတယ်ဆိုတာ စိတ်ချပါ။ (လု. ၂၁:၁-၄) အကောင်းဆုံး ပေးဆက်တယ်ဆိုတာ မတတ်နိုင်တာကို ဖျစ်ညှစ်လုပ်တာ မဟုတ်ဘူး။ (ဖိ. ၄:၅) ကိုယ် ဘယ်လောက် တတ်နိုင်သလဲ စဉ်းစားပါ။ ပန်းတိုင်ထားပါ။ စိတ်တည်ငြိမ်ဖို့ ဆုတောင်းပါ။ မှတ်ချက်တိုလေး တစ်ခု ပေးဖို့ကိုပဲ အရင်ဆုံး ပန်းတိုင်ထားကြည့်ပါ။ w23.04 ၂၁ ¶၆-၈
တနင်္လာနေ့၊ ဩဂုတ် ၄
ရင်အုပ်တန်ဆာ [ကို] ဝတ်ဆင်ထားကြစို့။ . . . သံခမောက် [ကို] ဆောင်းထားကြစို့။ —၁ သက်. ၅:၈။
နိုးနိုးကြားကြား ရှိနေပြီး တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေတဲ့ စစ်သားနဲ့ ကျွန်တော်တို့ကို တမန်တော် ပေါလု ခိုင်းနှိုင်းထားတယ်။ ရှေ့တန်း ရောက်နေတဲ့ စစ်သားဟာ တိုက်ပွဲအတွက် အချိန်ပြည့် အသင့်ဖြစ်နေရတယ်။ ကျွန်တော်တို့လည်း ယုံကြည်ခြင်းနဲ့ ချစ်ခြင်းကို ရင်အုပ်တန်ဆာလို ဝတ်ဆင်ထားပြီး မျှော်လင့်ချက်ကို သံခမောက်လို ဆောင်းထားခြင်းအားဖြင့် ယေဟောဝါရဲ့ နေ့အတွက် အသင့်ဖြစ်နေကြတယ်။ ရင်အုပ်တန်ဆာက စစ်သားရဲ့ နှလုံးကို ကာကွယ်ပေးသလို ယုံကြည်ခြင်းနဲ့ ချစ်ခြင်းက ကျွန်တော်တို့ရဲ့ စိတ်နှလုံးကို ကာကွယ်ပေးတယ်။ ယေဟောဝါကို ဆက်ဝတ်ပြုနေဖို့၊ ယေရှုနောက် ဆက်လိုက်ဖို့ ကူညီပေးတယ်။ ယုံကြည်ခြင်းက ယေဟောဝါကို စိတ်နှလုံး အကြွင်းမဲ့ ရှာဖွေသူတွေ ဆုချခံရမယ်ဆိုတာ စိတ်ချစေတယ်။ (ဟီ. ၁၁:၆) အခက်အခဲတွေ ကြုံရရင်တောင် ခေါင်းဆောင် ယေရှုကို ဆက်သစ္စာရှိနေဖို့ လှုံ့ဆော်ပေးတယ်။ ယုံကြည်ခြင်း တိုးများအောင် ဘာတွေ လုပ်နိုင်သလဲ။ နှိပ်စက်ညှဉ်းပန်းမှု၊ စီးပွားရေး အခက်အခဲတွေ ရှိပေမဲ့ သမာဓိ စောင့်ထိန်းတဲ့ ခေတ်သစ် စံနမူနာရှင်တွေအကြောင်း လေ့လာနိုင်တယ်။ နိုင်ငံတော် အကျိုးစီးပွားကို ဦးစားထားဖို့ ဘဝကို ရိုးရှင်းစေသူတွေကို အတုယူနိုင်တယ်။ ဒါဆိုရင် ရုပ်ဝါဒ ထောင်ချောက်ကို ရှောင်နိုင်ပါလိမ့်မယ်။ w23.06 ၁၀ ¶၈-၉
အင်္ဂါနေ့၊ ဩဂုတ် ၅
လေကိုပဲ စောင့်ကြည့်နေသူက မျိုးစေ့ကြဲမှာ မဟုတ်ဘူး။—ဒေ. ၁၁:၄။
ချုပ်တည်းခြင်းဆိုတာ ခံစားချက်၊ လုပ်ရပ်ကို ကြပ်မတ်နိုင်စွမ်း ဖြစ်တယ်။ ပန်းတိုင် ရောက်ဖို့ ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ရတယ်။ အထူးသဖြင့်၊ ခက်တဲ့ ပန်းတိုင်၊ စိတ်မပါတဲ့ ပန်းတိုင်ဆိုရင်ပေါ့။ ချုပ်တည်းခြင်းဟာ စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေး ဖြစ်လို့ ချုပ်တည်းမှု ပိုရှိလာအောင် ယေဟောဝါဆီကနေ သန့်ရှင်းသော စွမ်းအားတော် တောင်းပါ။ (လု. ၁၁:၁၃။ ဂလ. ၅:၂၂၊ ၂၃) အချိန်အခါကောင်းကို စောင့်မနေပါနဲ့။ ဒီလောကမှာ အချိန်အခါကောင်းဆိုတာ ရှိလာမှာ မဟုတ်ဘူး။ ရက်ကောင်း ရက်မြတ် ရွေးနေရင် ပန်းတိုင် ရောက်တော့မှာ မဟုတ်ဘူး။ ပန်းတိုင် အလှမ်းဝေးလွန်းပုံ ရလို့ ကြိုးစားချင်စိတ် မရှိတော့တာ ဖြစ်နိုင်တယ်။ ဒါဆိုရင် နည်းနည်းကနေ စပါ။ ကိုယ့်ပန်းတိုင်ဟာ အရည်အသွေးတစ်ခု ရှိလာဖို့ဆိုရင် အဲဒီအရည်အသွေးကို အသေးအဖွဲ လုပ်ရပ်တွေနဲ့ စပြကြည့်ပါ။ ကျမ်းစာ တစ်အုပ်လုံး အပြီးဖတ်ဖို့ ပန်းတိုင်ထားတယ်ဆိုရင် အချိန် နည်းနည်းလောက်ကနေ စဖတ်ကြည့်ပါ။ w23.05 ၂၉ ¶၁၁-၁၃
ဗုဒ္ဓဟူးနေ့၊ ဩဂုတ် ၆
ဖြောင့်မတ်သူတွေရဲ့ လမ်းကတော့ မွန်းတည့်ချိန်ရောက်တဲ့အထိ လင်းသည်ထက် လင်းလာတဲ့ အရုဏ်ဦးအလင်းရောင်နဲ့ တူတယ်။ —ပညာ. ၄:၁၈။
ကျွန်တော်တို့အားလုံး “သန့်ရှင်းတဲ့ လမ်း” မှာ ဆက်လျှောက်နိုင်ဖို့ နောက်ဆုံးကာလတစ်လျှောက် အဖွဲ့အစည်းကတစ်ဆင့် ကျမ်းစာ အသိပညာတွေ ယေဟောဝါ မပြတ် ပြင်ဆင်ပေးနေတယ်။ (ဟေရှာ. ၃၅:၈။ ၄၈:၁၇။ ၆၀:၁၇) လူတစ်ယောက် ကျမ်းစာ သင်အံမှု လက်ခံလိုက်တာနဲ့ “သန့်ရှင်းတဲ့ လမ်း” မှာ လျှောက်ဖို့ အခွင့်အရေး ရသွားပြီ။ တချို့က ခဏပဲ လျှောက်ပြီး လှည့်ထွက်သွားကြတယ်။ တချို့ကတော့ ခရီးဆုံး ပန်းတိုင် ရောက်တဲ့အထိ ဆက်လျှောက်ဖို့ ဆုံးဖြတ်ထားကြတယ်။ ခရီးဆုံး ပန်းတိုင်က ဘာလဲ။ ကောင်းကင် မျှော်လင့်ချက် ရှိသူတွေဟာ “သန့်ရှင်းတဲ့ လမ်း” အတိုင်း ဆက်လျှောက်ရင် ကောင်းကင်မှာ ရှိတဲ့ “ဘုရားသခင့်ပရဒိသု” ကို ရောက်မယ်။ (ဗျာ. ၂:၇) မြေကြီး မျှော်လင့်ချက် ရှိသူတွေကတော့ အနှစ် ၁,၀၀၀ အကုန်မှာ စုံလင်ခြင်းအဖြစ်ကို ရောက်မယ်။ ဒီလမ်းအတိုင်း သင် လျှောက်နေတယ်ဆိုရင် နောက်လှည့် မကြည့်ပါနဲ့။ လှည့်ထွက်မသွားပါနဲ့။ ကမ္ဘာသစ်ဆိုတဲ့ ခရီးဆုံး ပန်းတိုင် ရောက်တဲ့အထိ ဆက်လျှောက်နေပါ။ w23.05 ၁၇-၁၉ ¶၁၅-၁၈
ကြာသပတေးနေ့၊ ဩဂုတ် ၇
ဘုရားသခင်က အရင်ဦးဆုံး ချစ်ခဲ့လို့ ကျွန်တော်တို့လည်း ချစ်တတ်ကြတာပါ။ —၁ ယော. ၄:၁၉။
ကိုယ့်အတွက် ယေဟောဝါ လုပ်ပေးသမျှ စဉ်းစားတဲ့အခါ ကျေးဇူးတင်စိတ်၊ ဆက်ကပ်အပ်နှံချင်စိတ် တဖွားဖွား ပေါ်လာမယ်။ (ဆာ. ၁၁၆:၁၂-၁၄) ယေဟောဝါဟာ “ကောင်းမြတ်တဲ့ ဆုကျေးဇူး၊ ပြည့်ဝစုံလင်တဲ့ လက်ဆောင်မှန်သမျှ” ပေးတဲ့အရှင် ဖြစ်တယ်။ (ယာ. ၁:၁၇) တန်ဖိုး အကြီးမားဆုံး လက်ဆောင်ကတော့ သားတော်ယေရှုရဲ့ ရွေးဖိုးပါ။ ရွေးဖိုးကြောင့်သာ ဘုရားနဲ့ ရင်းနှီးနိုင်တာ။ ဒါ့အပြင် ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ချက်လည်း ဘုရား ပေးထားတယ်။ (၁ ယော. ၄:၉၊ ၁၀) ကောင်းချီးအားလုံးနဲ့ ရွေးဖိုးအတွက် ကျေးဇူးတင်ကြောင်း ပြနိုင်တဲ့ အကောင်းဆုံးနည်းက ဘုရားဆီ ဆက်ကပ်အပ်နှံတာပါပဲ။—တရား. ၁၆:၁၇။ ၂ ကော. ၅:၁၅။ w24.03 ၅ ¶၈
သောကြာနေ့၊ ဩဂုတ် ၈
ဖြောင့်မှန်တဲ့လမ်းမှာ လျှောက်လှမ်းသူဟာ ယေဟောဝါကို ကြောက်ရွံ့ရိုသေတဲ့သူပဲ။ —ပညာ. ၁၄:၂။
ဒီနေ့ခေတ် လူတွေ ကိုယ်ကျင့်တရား စံနှုန်း လျော့ရဲလာတာကို ကြည့်ပြီး ဖြောင့်မတ်သူ လောတလို ကျွန်တော်တို့ ခံစားကြရတယ်။ “လောတဟာ တရားမဲ့သူတွေရဲ့ မျက်နှာပြောင်တိုက်တဲ့ လုပ်ရပ်တွေကြောင့် အကြီးအကျယ် စိတ်ဆင်းရဲခဲ့ရတယ်။” (၂ ပေ. ၂:၇၊ ၈) အဲဒီလုပ်ရပ်တွေကို ကောင်းကင်ဘုံစံ အဖ မုန်းတယ်ဆိုတာ သိလို့၊ ဘုရားကို ချစ်ကြောက်ရိုသေလို့ ပတ်ဝန်းကျင်က လူတွေရဲ့ အကျင့်ပျက် လုပ်ရပ်တွေကို လောတ မုန်းတာ။ ဒီနေ့ ကျွန်တော်တို့လည်း ယေဟောဝါရဲ့ စံနှုန်းတွေကို သိပ်မလေးစားသူ၊ လုံးဝ မလေးစားသူတွေကြားမှာ နေကြရတယ်။ ဒါပေမဲ့ ဘုရားကိုသာ ချစ်ကြောက်ရိုသေရင် ကျွန်တော်တို့ ကိုယ်ကျင့်တရား စင်ကြယ်နေနိုင်ပါတယ်။ ကိုယ်ကျင့်တရား စင်ကြယ်နေဖို့ ပညာအလိမ္မာကျမ်းမှာ ယေဟောဝါ အားပေးထားတယ်။ အဲဒီကျမ်းမှာ ပါတဲ့ ပညာရှိ အကြံပြုချက်တွေကို သုံးသပ်ခြင်းကနေ အမျိုးသား/သမီး၊ လူကြီးလူငယ် မရွေး ခရစ်ယာန်အားလုံး အကျိုးရနိုင်တယ်။ ယေဟောဝါကို ကြောက်တယ်ဆိုရင် ကျွန်တော်တို့ မကောင်းတဲ့ အပေါင်းအသင်းတွေ ရှောင်မှာ ဖြစ်တယ်။ w23.06 ၂၀ ¶၁-၂။ ၂၁ ¶၅
စနေနေ့၊ ဩဂုတ် ၉
ကျွန်တော့်နောက်လိုက် ဖြစ်ချင်သူတိုင်း ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ရမယ်။ ဒုက္ခသစ်တိုင်ကို ထမ်းပြီး ကျွန်တော့်နောက်ကို အမြဲ လိုက်ရမယ်။ —လု. ၉:၂၃။
မိသားစုဝင်တွေ ဆန့်ကျင်တာ သင် ကြုံခဲ့ရနိုင်တယ်။ ဘုရားနိုင်ငံတော်ကို ဦးစားထားဖို့ ငွေကြေးဥစ္စာ စွန့်ခဲ့ရနိုင်တယ်။ (မ. ၆:၃၃) သင် ကိုယ်ကျိုးစွန့်သမျှ ယေဟောဝါ သိတယ်။ (ဟီ. ၆:၁၀) “ကျွန်တော့်နာမည်ကြောင့်၊ သတင်းကောင်းကြောင့် မိဘ၊ ညီအစ်ကိုမောင်နှမ၊ သားသမီး၊ အိမ်၊ မြေယာ တစ်ခုခုကို စွန့်လွှတ်လိုက်ရသူတိုင်း အခုအချိန်မှာ မိဘ၊ ညီအစ်ကိုမောင်နှမ၊ သားသမီး၊ အိမ်၊ မြေယာ အဆ ၁၀၀ ပြန်ရမယ့်အပြင် ညှဉ်းဆဲတာ ခံရမယ်။ နောင်လာမယ့် လောကစနစ်မှာလည်း ထာဝရအသက်ကို ရဦးမယ်” ဆိုတဲ့ ယေရှုစကားတွေ မှန်ကန်ကြောင်း ကိုယ်တွေ့ ကြုံခဲ့မှာပါ။ (မာ. ၁၀:၂၉၊ ၃၀) စွန့်လွှတ်လိုက်ရတာတွေထက် ရလာတဲ့ ကောင်းချီးတွေ ပိုများတယ် မဟုတ်လား။—ဆာ. ၃၇:၄။ w24.03 ၉ ¶၅
တနင်္ဂနွေနေ့၊ ဩဂုတ် ၁၀
မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြ တတ်တယ်။ သူဟာ ဒုက္ခရောက်ချိန်မှာ အားကိုး ရတဲ့ ညီအစ်ကိုပဲ။—ပညာ. ၁၇:၁၇။
ယုဒပြည်က ခရစ်ယာန်တွေ အငတ်ဘေးကြီး ကြုံတုန်းက အန္တိအုတ်မြို့က ညီအစ်ကို/မတွေ “တတ်နိုင်သလောက် ကယ်ဆယ်ရေး အထောက်အပံ့တွေ ပို့ပေးဖို့ ဆုံးဖြတ်လိုက်တယ်။” (တ. ၁၁:၂၇-၃၀) အငတ်ဘေး ဆိုက်တဲ့ ဒေသနဲ့ တော်တော် လှမ်းပေမဲ့ မရရအောင် ကူညီပေးကြတယ်။ (၁ ယော. ၃:၁၇၊ ၁၈) ဒီနေ့လည်း ဘေးအန္တရာယ် ကြုံရတဲ့ ညီအစ်ကို/မတွေကို ကျွန်တော်တို့ စာနာမှု ပြနိုင်တယ်။ ကယ်ဆယ်ရေး စီမံကိန်းတွေမှာ ဘယ်လို ကူညီပေးရမလဲဆိုတာ အကြီးအကဲတွေကို မေးနိုင်တယ်။ ကမ္ဘာချီ အလှူငွေ ထည့်နိုင်တယ်။ ဘေးသင့် ညီအစ်ကို/မတွေအတွက် ဆုတောင်းပေးနိုင်တယ်။ ညီအစ်ကို/မတွေဟာ အခြေခံ လိုအပ်ရာတွေ ရဖို့တောင် အခက်တွေ့နိုင်တယ်။ ဘုရင် ခရစ်တော် ယေရှု တရားစီရင်ဖို့ ကြွလာတဲ့အခါ ကျွန်တော်တို့ အချင်းချင်း စာနာမှု ပြနေတာကို မြင်စေချင်တယ် မဟုတ်လား။ “နိုင်ငံကို လာပြီး အမွေခံကြပါ” လို့ ဖိတ်ခေါ်ခံချင်တယ် မဟုတ်လား။—မ. ၂၅:၃၄-၄၀။ w23.07 ၄ ¶၉-၁၀။ ၆ ¶၁၂
တနင်္လာနေ့၊ ဩဂုတ် ၁၁
ခင်ဗျားတို့ရဲ့ အကျိုးသင့်အကြောင်းသင့်သဘောကို လူတိုင်း သိမြင်စေပါ။—ဖိ. ၄:၅။
ယေဟောဝါကို ယေရှု အတုယူတယ်။ တကယ်တော့ “အစ္စရေးအမျိုးထဲက ပျောက်နေတဲ့ သိုးတွေ” ကို ဟောဖို့ မြေကြီးပေါ် ယေရှု စေလွှတ်ခံရတာ။ ဒါပေမဲ့ အကျိုးသင့်အကြောင်းသင့် ရှိတယ်။ တစ်ခေါက် ‘နတ်ဆိုးစွဲတဲ့ ဝေဒနာ အလူးအလိမ့် ခံစားနေရ’ တဲ့ သမီးကို ကုပေးဖို့ အစ္စရေးလူမျိုး မဟုတ်တဲ့ အမျိုးသမီးတစ်ယောက် ယေရှုကို လာအသနားခံတယ်။ အမျိုးသမီး တောင်းဆိုတဲ့အတိုင်း ယေရှု ကုပေးလိုက်တယ်။ (မ. ၁၅:၂၁-၂၈) နောက်ဥပမာတစ်ခု စဉ်းစားကြည့်ပါ။ ‘ကျွန်တော့်ကို ငြင်းပယ်သူကို ငြင်းပယ်မယ်’ လို့ အမှုဆောင်ချိန် အစောပိုင်းမှာ ယေရှု ပြောဖူးတယ်။ (မ. ၁၀:၃၃) ဒါပေမဲ့ မိမိကို သုံးကြိမ် ငြင်းတဲ့ ပေတရုကို ယေရှု ငြင်းပယ်သလား။ မငြင်းပယ်ဘူး။ ပေတရု နောင်တ ရတယ်၊ ယုံကြည်ခြင်း ရှိတယ်ဆိုတာ ထည့်တွက်ပေးတယ်။ ဒါကြောင့် ရှင်ပြန်ထမြောက်ပြီးနောက် ပေတရုဆီ ကိုယ်ယောင်ထင်ပြပြီး ခွင့်လွှတ်တယ်၊ ချစ်တယ်ဆိုတာ စိတ်ချစေခဲ့တယ်။ (လု. ၂၄:၃၃၊ ၃၄) ယေဟောဝါဘုရားနဲ့ ယေရှုခရစ် အကျိုးသင့်အကြောင်းသင့် ရှိတယ်။ ကျွန်တော်တို့ကိုလည်း ယေဟောဝါ အကျိုးသင့်အကြောင်းသင့် ရှိစေချင်တယ်။ w23.07 ၂၁ ¶၆-၇
အင်္ဂါနေ့၊ ဩဂုတ် ၁၂
သေခြင်း ရှိတော့မှာ မဟုတ်ဘူး။—ဗျာ. ၂၁:၄။
ကမ္ဘာမြေ ပရဒိသု ဖြစ်လာမယ်ဆိုတာ မယုံသူတွေကို ဘယ်အာမခံချက်တွေ ပြောပြလို့ ရသလဲ။ ပထမ၊ ယေဟောဝါကိုယ်တိုင် ကတိပေးတယ်။ “ရာဇပလ္လင်ပေါ် ထိုင်နေတဲ့ ဘုရားသခင်က ‘အရာခပ်သိမ်းကို ငါ အသစ်ဖန်ဆင်းနေတယ်’ လို့ ပြောတယ်။” ကတိ ပြည့်စုံစေဖို့ ဉာဏ်ပညာ၊ တန်ခိုး၊ ဆန္ဒ ဘုရားမှာ ရှိတယ်။ ဒုတိယ၊ သေချာလွန်းလို့ ယေဟောဝါအမြင်မှာ ပြည့်စုံပြီးသလိုတောင် ဖြစ်နေပြီ။ ဒါကြောင့်လည်း “ဒါဟာ သစ္စာစကား၊ ဟုတ်မှန်တဲ့ စကား။ . . . အဲဒီစကားအတိုင်း ဖြစ်နေပြီ” လို့ ပြောတာ။ တတိယ၊ ယေဟောဝါ တစ်ခုခု စပြီဆိုရင် အောင်အောင်မြင်မြင် အဆုံးသတ်မယ်။ ဒါကြောင့်လည်း “ငါဟာ အာလဖနဲ့ သြမေဃ ဖြစ်တယ်” လို့ ပြောတာ။ (ဗျာ. ၂၁:၆) စာတန်သာ မုသာကောင်၊ အရှုံးသမား ဖြစ်ကြောင်း ယေဟောဝါ သက်သေပြလိမ့်မယ်။ “ကောင်းလွန်းနေတယ်။ ဟုတ်ကော ဟုတ်ပါ့မလား” ဆိုပြီး တစ်ယောက်ယောက် ပြောလာရင် ဗျာဒိတ် ၂၁:၅၊ ၆ ကို ဖတ်ပြီး ရှင်းပြလိုက်ပါ။ ယေဟောဝါကိုယ်တိုင် ကျိန်ဆိုလက်မှတ်ထိုးထားသလို အာမခံထားတာကို ပြလိုက်ပါ။—ဟေရှာ. ၆၅:၁၆။ w23.11 ၇ ¶၁၈-၁၉
ဗုဒ္ဓဟူးနေ့၊ ဩဂုတ် ၁၃
ငါက မင်းကို လူမျိုးကြီး ဖြစ်စေပြီး ကောင်းချီးပေးမယ်။—က. ၁၂:၂။
ယေဟောဝါ ကတိပေးချိန်မှာ အာဗြဟံ အသက် ၇၅ နှစ် ရှိပြီ။ သားသမီး မရှိဘူး။ အဲဒီကတိ ပြည့်စုံလာတာ အာဗြဟံ မြင်လိုက်ရသလား။ အကုန်အစင် မမြင်လိုက်ရဘူး။ ယူဖရေးတီးမြစ်ကို ဖြတ်၊ ၂၅ နှစ် စောင့်ပြီးနောက် သားအိဇက် မွေးတာ မြင်ရတယ်။ နောက်အနှစ် ၆၀ အကြာမှာ မြေး ဧသောနဲ့ ယာကုပ် မွေးတာ မြင်ရတယ်။ (ဟီ. ၆:၁၅) မိမိမျိုးနွယ် လူမျိုးကြီး ဖြစ်လာတာ၊ ကတိထားရာပြည် အမွေရတာတော့ မမြင်လိုက်ရဘူး။ ဒါပေမဲ့ ဖန်ဆင်းရှင်နဲ့ သိပ်ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့တယ်။ (ယာ. ၂:၂၃) ပြန်ထမြောက်လာတဲ့အခါ မိမိရဲ့ ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်းကြောင့် လူမျိုးအားလုံး ကောင်းချီး ရတာ သိရင် ဝမ်းသာသွားမှာပဲ။ (က. ၂၂:၁၈) ဘာသင်ခန်းစာ ရသလဲ။ ယေဟောဝါရဲ့ ကတိအားလုံး ပြည့်စုံလာတာ ကျွန်တော်တို့ ချက်ချင်းလက်ငင်း မြင်ချင်မှ မြင်ရမယ်။ ဒါပေမဲ့ အာဗြဟံလို စိတ်ရှည်ရင် အခုအချိန်မှာ ယေဟောဝါဆီက ဆုကျေးဇူးတွေ ခံစားရမယ်။ ကမ္ဘာသစ်ကျရင် ပိုလို့တောင် ခံစားရဦးမယ်။—မာ. ၁၀:၂၉၊ ၃၀။ w23.08 ၂၄ ¶၁၄
ကြာသပတေးနေ့၊ ဩဂုတ် ၁၄
ဘုရားသခင်ကို . . . ရှာဖွေနေချိန် တစ်လျှောက်လုံး ယေဟောဝါက သူ့ကို တိုးတက်အောင်မြင်စေတယ်။—၂ ရာ. ၂၆:၅။
ဘုရင် ဩဇိ နန်းတက်စမှာ သိပ်နှိမ့်ချတယ်။ “စစ်မှန်တဲ့ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေတတ်” ဖို့ ကြိုးစားတယ်။ ၆၈ နှစ် အသက်ရှည်တယ်။ ဘုရားကောင်းချီး တော်တော် ရတယ်။ (၂ ရာ. ၂၆:၁-၄) ရန်သူ အများကြီးကို အောင်နိုင်တယ်။ ဂျေရုဆလင်မြို့ရဲ့ ခံတပ် တောင့်တင်းအောင် တည်ဆောက်တယ်။ (၂ ရာ. ၂၆:၆-၁၅) ဘုရားအကူအညီကြောင့် လုပ်နိုင်ခဲ့တာ အားလုံးအတွက် ဩဇိ သိပ်ကျေနပ်မှာပဲ။ (ဒေ. ၃:၁၂၊ ၁၃) ဒါပေမဲ့ ဘုရင် ဩဇိဟာ တခြားသူတွေကို လက်ညှိုးထိုး အမိန့်ပေးနေကျဆိုတော့ ငါပြီးရင် ပြီးရောဆိုတဲ့ အတွေးမျိုး ဝင်လာပုံပဲ။ ဒီလိုနဲ့ တစ်နေ့၊ နံ့သာပေါင်း မီးရှို့ဖို့ ယေဟောဝါရဲ့ ဗိမာန်တော်ထဲ ဝင်သွားတယ်။ တကယ်ဆိုရင် ပုရောဟိတ်တွေပဲ နံ့သာပေါင်း မီးရှို့ခွင့် ရှိတာ။ တော်တော် ရောင့်တက်နေတာပဲ။ (၂ ရာ. ၂၆:၁၆-၁၈) ပုရောဟိတ်မင်း အာဇရိ လိုက်တားတယ်။ ဩဇိ အကြီးအကျယ် ဒေါသထွက်တယ်။ တစ်သက်လုံး သစ္စာရှိခဲ့ပါတယ်ဆိုတဲ့ မှတ်တမ်း ဒီလုပ်ရပ်ကြောင့် ပျက်သွားတော့တာပဲ။ အနာကြီးရောဂါနဲ့ ယေဟောဝါ ဒဏ်ခတ်လိုက်တယ်။ (၂ ရာ. ၂၆:၁၉-၂၁) ဆက်သာ နှိမ့်ချရင် ဒီလိုမရှုမလှ ဘဝဇာတ်သိမ်းမှာ မဟုတ်ဘူး။ w23.09 ၁၀ ¶၉-၁၀
သောကြာနေ့၊ ဩဂုတ် ၁၅
လူမျိုးခြားတွေနဲ့ . . . ခပ်ခွာခွာ နေတယ်။ အရေဖျား ဖြတ်ထားသူတွေကို သူ ကြောက်တာကိုး။—ဂလ. ၂:၁၂။
ဘိသိက်ခံ ခရစ်ယာန် ဖြစ်လာပြီးနောက်မှာတောင် တမန်တော် ပေတရု အားနည်းချက်တွေ တွန်းလှန်နေရတုန်းပဲ။ အရေဖြား ဖြတ်မထားတဲ့ လူမျိုးခြား ကော်နေလိ အေဒီ ၃၆ မှာ သန့်ရှင်းသော စွမ်းအားတော်နဲ့ ဘိသိက်ပေးခံရတုန်းက ပေတရု ရှိနေတယ်။ “ဘုရားသခင် မျက်နှာမလိုက်” ကြောင်း၊ လူမျိုးခြားတွေကို ခရစ်ယာန် အသင်းတော်ဝင် ဖြစ်ခွင့်ပြုကြောင်း ရှင်းလင်းတဲ့ အထောက်အထားပါပဲ။ (တ. ၁၀:၃၄၊ ၄၄၊ ၄၅) ဒါကြောင့် အရင်ကဆိုရင် လူမျိုးခြားတွေနဲ့ တစ်ခါမှ အတူတူ မစားသောက်ခဲ့ပေမဲ့ အဲဒီနောက်ပိုင်း စိတ်ရှင်းရှင်းနဲ့ စားသောက်တယ်။ ဂျူးခရစ်ယာန်တချို့ကတော့ ဂျူးနဲ့ လူမျိုးခြား အတူတူ မစားသောက်သင့်ဘူးလို့ မြင်ကြတယ်။ အဲဒီလို အမြင်ရှိသူတချို့ အန္တိအုတ်မြို့ကို ရောက်လာတော့ လူမျိုးခြား ညီအစ်ကိုတွေနဲ့ ပေတရု မစားသောက်တော့ဘူး။ ဂျူးခရစ်ယာန်တွေ အမြင်မကြည်မှာ ကြောက်လို့ ဖြစ်မယ်။ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး လုပ်တာကို တမန်တော် ပေါလု မြင်တော့ လူရှေ့သူရှေ့မှာတင် ပေတရုကို ဆုံးမလိုက်တယ်။ (ဂလ. ၂:၁၃၊ ၁၄) အမှား လုပ်မိပေမဲ့ ပေတရု လက်မလျှော့ဘဲ ပြန်ကြိုးစားတယ်။ w23.09 ၂၂ ¶၈
စနေနေ့၊ ဩဂုတ် ၁၆
ဘုရားသခင်က ခင်ဗျားတို့ကို . . . ကြံ့ကြံ့ခံ ရပ်တည်စေမယ်။—၁ ပေ. ၅:၁၀။
ကိုယ့်ကိုယ်ကိုယ် ရိုးရိုးသားသား ဆန်းစစ်ကြည့်လို့ ဟာကွက်လေးတွေ တွေ့တဲ့အခါ စိတ်ဓာတ်မကျပါနဲ့။ “သခင် [ယေရှု] ဟာ သနားကြင်နာတတ်” တယ်။ ကူညီပေးလိမ့်မယ်။ (၁ ပေ. ၂:၃) ‘ဘုရားသခင်ကိုယ်တိုင် ခင်ဗျားတို့ကို အပြည့်အဝ လေ့ကျင့်ပေးလိမ့်မယ်။ ခင်ဗျားတို့ကို မြဲမြံ စေမယ်’ လို့ တမန်တော် ပေတရု အာမခံထားတယ်။ ယေရှုဘေးမှာ ရှိနေဖို့တောင် မထိုက်တန်ဘူးလို့ ပေတရု ခံစားခဲ့ရဖူးတယ်။ (လု. ၅:၈) ဒါပေမဲ့ ယေဟောဝါ၊ ယေရှုတို့ရဲ့ မေတ္တာပါ ထောက်မမှုနဲ့ လက်မလျှော့တမ်း ခရစ်တော်နောက် ဆက်လိုက်တယ်။ ဒါကြောင့် “ကယ်တင်ရှင် သခင်ယေရှုခရစ်ရဲ့ ထာဝရ နိုင်ငံတော်ထဲ ဝင်ရောက်ခွင့်” ရတယ်။ (၂ ပေ. ၁:၁၁) တကယ့် အခွင့်ထူးပဲ။ သင်လည်း ပေတရု လက်မလျှော့ဘဲ ဆက်ကြိုးစားသလို ကြိုးစားမယ်၊ ယေဟောဝါ လေ့ကျင့်ပေးတာ ခံယူမယ်ဆိုရင် ထာဝရအသက် ဆုကျေးဇူး ရမယ်။ “ယုံကြည်ခြင်းကြောင့် ကယ်တင်ခြင်း ရ” ပါလိမ့်မယ်။—၁ ပေ. ၁:၉။ w23.09 ၃၁ ¶၁၆-၁၇
တနင်္ဂနွေနေ့၊ ဩဂုတ် ၁၇
ကောင်းကင်၊ မြေကြီး . . . ဖန်ဆင်းတဲ့ အရှင်ကို ကိုးကွယ်ကြပါ။—ဗျာ. ၁၄:၇။
ရှေးခေတ် တဲတော်မှာ ဝင်းခတ်ထားတဲ့ ရင်ပြင်တစ်ခု ရှိတယ်။ အဲဒီမှာ ပုရောဟိတ်တွေ တာဝန် ထမ်းဆောင်ကြတယ်။ မီးရှို့ပူဇော်ရာတွေ ဆက်သဖို့ ကြေးနီပလ္လင်ကြီး ရှိတယ်။ မြင့်မြတ်တဲ့ ပုရောဟိတ်တာဝန် မထမ်းဆောင်ခင် ခြေလက်ဆေးဖို့ ကြေးနီအင်တုံ ရှိတယ်။ (ထွ. ၃၀:၁၇-၂၀။ ၄၀:၆-၈) တဲတော်နဲ့ ဗိမာန်တော်တွေမှာ သုံးတဲ့ ကြေးနီအင်တုံဟာ ကိုယ်ကျင့်တရားပိုင်း၊ ဘုရားရေးရာပိုင်း သန့်ရှင်းနေဖို့ ခရစ်ယာန် ယောက်တိုင်းအတွက် အရေးကြီး သတိပေးချက်ပါပဲ။ ဒီနေ့အချိန်မှာ ဘိသိက်ခံ ခရစ်ယာန်တွေဟာ မြေကြီးပေါ် သစ္စာရှိရှိ အမှုဆောင်နေကြတယ်။ ပုံဆောင် ဗိမာန်တော် အတွင်းရင်ပြင်မှာ အမှုဆောင်ကြတာ။ ခရစ်တော်ရဲ့ ဘိသိက်ခံ ညီတွေကို သစ္စာရှိရှိ ထောက်မနေတဲ့ “လူအုပ်ကြီး” လည်း ‘ရာဇပလ္လင်ရှေ့မှာ ရပ်နေပြီး’ “ဗိမာန်တော်မှာ ဘုရားသခင်အတွက် နေ့ညမပြတ် အမှုဆောင်နေကြ” တယ်လို့ တမန်တော် ယောဟန် ပြောတယ်။ ဗိမာန်တော်ရဲ့ ဘယ်နေရာမှာလဲ။ အပြင်ရင်ပြင်မှာပါ။ (ဗျာ. ၇:၉၊ ၁၃-၁၅) ကြီးမြတ်တဲ့ ပုံဆောင် ဗိမာန်တော်မှာ ယေဟောဝါကို ဝတ်ပြုခွင့် ရတာ ကျေးဇူးတင်စရာပါပဲ။ w23.10 ၂၈-၂၉ ¶၁၅-၁၆
တနင်္လာနေ့၊ ဩဂုတ် ၁၈
ဘုရားသခင်ရဲ့ ကတိတော် . . . ကြောင့် ခွန်အား ရှိလာ [တယ်။]—ရော. ၄:၂၀။
ကျွန်တော်တို့ကို ယေဟောဝါ အားရှိစေတဲ့ တစ်နည်းကတော့ အကြီးအကဲတွေအားဖြင့်ပါ။ (ဟေရှာ. ၃၂:၁၊ ၂) ဒါကြောင့် စိုးရိမ်ပူပန်တဲ့အခါ အကြီးအကဲတွေဆီ ရင်ဖွင့်ပါ။ အကူအညီ ပေးတဲ့အခါ ဝမ်းသာအားရ လက်ခံပါ။ အကြီးအကဲတွေကတစ်ဆင့် သင့်ကို ယေဟောဝါ အားရှိစေနိုင်တယ်။ မြေကြီးပရဒိသုမှာ ဖြစ်ဖြစ်၊ ကောင်းကင်မှာ ဖြစ်ဖြစ် ထာဝစဉ် အသက်ရှင်ဖို့ဆိုတဲ့ ကျမ်းစာ မျှော်လင့်ချက်ကလည်း အားရှိစေနိုင်တယ်။ (ရော. ၄:၃၊ ၁၈၊ ၁၉) အဲဒီမျှော်လင့်ချက်က အခက်အခဲတွေ ခံရပ်ဖို့၊ တခြားသူတွေကို သတင်းကောင်း ပြောပြဖို့၊ အသင်းတော် တာဝန်အမျိုးမျိုး ထမ်းဆောင်ဖို့ အားရှိစေတယ်။ (၁ သက်. ၁:၃) တမန်တော် ပေါလုလည်း အဲဒီမျှော်လင့်ချက်ကြောင့်ပဲ အားရှိခဲ့တာ။ ပေါလုခမျာ “ဖိနှိပ်ခံရ” တယ်။ “ကြံရာမရ ဖြစ်” တယ်။ “ညှဉ်းပန်းနှိပ်စက်ခံရ” တယ်။ “အထိုးခံရ” တယ်။ အသက်အန္တရာယ်တောင် ကြုံရတယ်။ (၂ ကော. ၄:၈-၁၀) မျှော်လင့်ချက်ကို အာရုံစိုက်တဲ့အတွက် အခက်အခဲတွေ ခံရပ်ဖို့ ပေါလု အားရှိလာတယ်။ (၂ ကော. ၄:၁၆-၁၈) ကောင်းကင်မှာ ထာဝရ အသက်ရှင်ရမယ်ဆိုတဲ့ အနာဂတ်မျှော်လင့်ချက်ကို အာရုံစိုက်တယ်။ အဲဒီမျှော်လင့်ချက်ကို တွေးတောဆင်ခြင်လို့ “တစ်နေ့ပြီးတစ်နေ့ အသစ်အသစ် ပြန်ဖြစ်တယ်။” w23.10 ၁၅-၁၆ ¶၁၄-၁၇
အင်္ဂါနေ့၊ ဩဂုတ် ၁၉
လူမျိုးတော်ကို ယေဟောဝါ အစွမ်းခွန်အား ပေးလိမ့်မယ်။ ငြိမ်သက်ခြင်းကောင်းချီးကို ယေဟောဝါ ပေးလိမ့်မယ်။—ဆာ. ၂၉:၁၁။
ကိုယ့်ဆုတောင်းချက်ကို ယေဟောဝါ ဖြည့်ဆည်းပေးဖို့ အချိန် တန်ပြီလားလို့ စဉ်းစားကြည့်ပါ။ ဆုတောင်းချက် အဖြေ ချက်ချင်း ရမှ ဖြစ်မယ်လို့ ကျွန်တော်တို့ ခံစားမိနိုင်တယ်။ ဘယ်အချိန် အကောင်းဆုံးလဲ ယေဟောဝါ သိတယ်။ (၁ ပေ. ၅:၆၊ ၇) တောင်းတာ ချက်ချင်း မရရင် ယေဟောဝါ ‘မပေးဘူး’ လို့ မတွေးလိုက်ပါနဲ့။ ‘မပေးသေးတာ’ ဖြစ်မှာပါ။ ဥပမာ၊ ရောဂါ သက်သာဖို့ ညီအစ်ကိုလေးတစ်ယောက် ဆုတောင်းပေမဲ့ သက်သာမလာဘူး။ အံ့ဖွယ်နည်းနဲ့ ယေဟောဝါ ကုပေးလိုက်ရင် ‘ယေဟောဝါကို ဆက်ဝတ်ပြုမှာပေါ့။ ရောဂါ ပျောက်အောင် လုပ်ပေးထားတာကိုး’ ဆိုပြီး စာတန် စွပ်စွဲမှာ။ (ယောဘ ၁:၉-၁၁။ ၂:၄) အနာရောဂါအားလုံး ပျောက်ကင်းအောင် လုပ်ပေးမယ့်အချိန် ယေဟောဝါ သတ်မှတ်ပြီးပြီ။ (ဟေရှာ. ၃၃:၂၄။ ဗျာ. ၂၁:၃၊ ၄) အဲဒီအချိန် မရောက်ခင်တော့ အံ့ဖွယ်နည်းနဲ့ ရောဂါ ပျောက်ဖို့ မျှော်လင့်လို့ မရဘူး။ ဒီတော့ ညီအစ်ကိုလေး ဘယ်လို ပြောင်းပြီး ဆုတောင်းနိုင်သလဲ။ ရောဂါဒဏ် ခံနိုင်ဖို့၊ ဘုရားကို သစ္စာရှိရှိ ဆက်ဝတ်ပြုနိုင်ဖို့ အစွမ်းခွန်အား၊ ငြိမ်သက်ခြင်း ပေးပါဆိုပြီး တောင်းနိုင်တယ်။ w23.11 ၂၄ ¶၁၃
ဗုဒ္ဓဟူးနေ့၊ ဩဂုတ် ၂၀
ငါတို့ကို အပြစ်ရှိတဲ့အလျောက် ဒဏ်မပေးဘူး။ အမှားရှိတဲ့အလျောက် ပြန်မဆပ်ပေးဘူး။ —ဆာ. ၁၀၃:၁၀။
ရှံဆုန် အမှားကြီး မှားခဲ့ပေမဲ့ မထူးဇာတ် မခင်းဘူး။ ဖိလိတိတွေကို တိုက်ဖို့ဆိုတဲ့ ဘုရားပေး တာဝန် ပြီးမြောက်ဖို့ အခွင့်အရေး ရှာတယ်။ (သူကြီး. ၁၆:၂၈-၃၀) “ဖိလိတိလူတွေကို လက်စားချေပါရစေ” လို့ ဆုတောင်းတယ်။ ရှံဆုန်ရဲ့ ဆုတောင်းချက်ကို ယေဟောဝါ အဖြေပေးတယ်။ ခွန်အား ပြန်ပေးတယ်။ ဒါကြောင့် ဖိလိတိလူ အများကြီးကို ရှံဆုန် သတ်နိုင်ခဲ့တယ်။ ဒီတစ်ခေါက် သတ်တာ အရင်က သတ်ခဲ့သမျှထက် ပိုများတယ်။ အမှား လုပ်မိလို့ ဆိုးကျိုးတွေ ရှံဆုန် ခံရပေမဲ့ ယေဟောဝါရဲ့ အလို မဆောင်ဘဲ မနေဘူး။ ကျွန်တော်တို့လည်း အမှား လုပ်မိလို့ တည့်မတ်ခံရတဲ့အခါ၊ အခွင့်ထူး ဆုံးရှုံးလိုက်ရတဲ့အခါ လက်မလျှော့သင့်ဘူး။ ယေဟောဝါ ခွင့်လွှတ်ဖို့ အသင့် ရှိတယ်ဆိုတာ သတိရ,ရမယ်။ (ဆာ. ၁၀၃:၈၊ ၉) အမှား လုပ်ဖူးရင်တောင် ရှံဆုန်လိုပဲ ယေဟောဝါအတွက် အသုံးဝင်နိုင်တုန်းပါပဲ။ w23.09 ၆ ¶၁၅-၁၆
ကြာသပတေးနေ့၊ ဩဂုတ် ၂၁
ခံနိုင်ရည်ကလည်း ဘုရားသခင်ရဲ့ နှစ်သက်မှုကို ရစေတယ်။ ဘုရားသခင်ရဲ့ နှစ်သက်မှုကို ရတာကလည်း မျှော်လင့်ချက် ရှိစေတယ်။ —ရော. ၅:၄။
ခံနိုင်ရည်က ဘုရားရဲ့ “နှစ်သက်မှုကို ရစေတယ်။” သင် ဒုက္ခရောက်တာကို ယေဟောဝါ နှစ်သက်တယ်လို့ ပြောတာ မဟုတ်ဘူး။ သင် သစ္စာရှိရှိ ခံရပ်တာကို နှစ်သက်တာ။ ခံနိုင်ရည် ရှိရင် ယေဟောဝါရဲ့ နှစ်သက်မှု၊ မျက်နှာသာ ရမှန်း သိရတာ အားရှိစရာပဲ။ (ဆာ. ၅:၁၂) စမ်းသပ်မှု ကြုံရချိန်မှာ အာဗြဟံ သစ္စာရှိရှိ ခံရပ်လို့ ဘုရား နှစ်သက်တယ်။ မိတ်ဆွေ၊ ဖြောင့်မတ်သူလို့ သတ်မှတ်တယ်။ (က. ၁၅:၆။ ရော. ၄:၁၃၊ ၂၂) ကျွန်တော်တို့လည်း ဘုရားနှစ်သက်မှု ရနိုင်တယ်။ အမှုတော်မှာ ဘယ်လောက် ပါဝင်နေတယ်၊ ဘယ်နေရာကနေ ပါဝင်နေတယ်ဆိုတာအပေါ် မမူတည်ဘူး။ သစ္စာရှိရှိ ခံရပ်နေတာအပေါ်ပဲ မူတည်တယ်။ ဘယ်အသက်အရွယ်၊ အခြေအနေ၊ စွမ်းရည်ပဲ ရှိပါစေ ကျွန်တော်တို့အားလုံး ခံရပ်နိုင်တယ်။ လောလောဆယ် အခက်အခဲတစ်ခုခု သင် ကြုံနေရသလား။ ကြုံနေရပေမဲ့ ဘုရားကို ဆက်သစ္စာရှိနေသလား။ ဒါဆိုရင် ဘုရားနှစ်သက်မှု ရနေတယ်ဆိုတဲ့ အသိနဲ့ အားယူလိုက်ပါ။ ဘုရားနှစ်သက်မှု ရနေတယ်လို့ သိထားတာ တကယ် အကျိုးရှိတယ်။ ကိုယ် မျှော်လင့်တဲ့အတိုင်း ဘုရား ဖြစ်လာစေမယ်ဆိုတာ ပိုစိတ်ချစေတယ်။ w23.12 ၁၁ ¶၁၃-၁၄
သောကြာနေ့၊ ဩဂုတ် ၂၂
ယောက်ျားပီပီ သတ္တိရှိပါ။—၁ ဘု. ၂:၂။
ဆက်ဆံရေး ပြေပြစ်သူဟာ တခြားသူတွေရဲ့ အတွေးအခေါ်၊ ခံစားချက်ကို နားထောင်ပေးတယ်။ နားလည်ပေးတယ်။ (ပညာ. ၂၀:၅) လေသံ ဖမ်းတတ်တယ်။ မျက်နှာရိပ် မျက်နှာကဲ၊ လူရိပ် လူကဲ ခတ်တတ်တယ်။ အဲဒီလို အကဲခတ်တတ်ဖို့ဆိုရင် လူတွေနဲ့ များများ ပေါင်းပေးရမယ်။ အီးမေးလ်၊ စာတို ပို့ပြီးပဲ အမြဲ ဆက်သွယ်နေရင် လူမှုဆက်ဆံရေး ညံ့သွားမယ်။ ဒါကြောင့် လူချင်း တွေ့ပြီး ပြောဆိုဖို့ အခွင့်အရေး ရှာပါ။ (၂ ယော. ၁၂) ဒါ့အပြင် ရင့်ကျက်တဲ့ အမျိုးသားတွေဟာ ကိုယ့်ဝမ်းကိုယ် ကျောင်းနိုင်ရမယ်။ မိသားစုကို ရှာကျွေးနိုင်ရမယ်။ (၁ တိ. ၅:၈) ဝမ်းစာရှာ ပညာတစ်ခု တတ်ထားတာ ကောင်းတယ်။ (တ. ၁၈:၂၊ ၃။ ၂၀:၃၄။ ဧ. ၄:၂၈) အလုပ်ကြိုးစားသူ၊ စပြီးရင် ဆုံးအောင် လုပ်နိုင်သူဆိုတဲ့ နာမည်ကောင်း ရအောင် ကြိုးစားပါ။ ဒါဆိုရင် အလုပ် ရဖို့၊ အလုပ် မြဲဖို့ လွယ်မယ်။ w23.12 ၂၇ ¶၁၂-၁၃
စနေနေ့၊ ဩဂုတ် ၂၃
ယေဟောဝါရဲ့ နေ့ဟာ ညအချိန်မှာ သူခိုးလာသလို လာလိမ့်မယ်။—၁ သက်. ၅:၂။
ကျမ်းစာမှာ “ယေဟောဝါရဲ့ နေ့” လို့ ပြောတဲ့အခါ ရန်သူတွေကို တရားစီရင်ပြီး မိမိလူမျိုးကို ကယ်လွှတ်ပေးတဲ့ အချိန်ကို ဆိုလိုတယ်။ အတိတ်တုန်းက ယေဟောဝါ အဲဒီလို တရားစီရင်ခဲ့တဲ့ အချိန်တွေ ရှိတယ်။ (ဟေရှာ. ၁၃:၁၊ ၆။ ယေဇ. ၁၃:၅။ ဇေ. ၁:၈) ကျွန်တော်တို့ခေတ်မှာလည်း “ယေဟောဝါရဲ့ နေ့” ဟာ မဟာဗာဗုလုန် ဖျက်ဆီးခံရခြင်းနဲ့ စတင်ပြီး အာမဂေဒုန် စစ်ပွဲမှာ အဆုံးသတ်မယ်။ အဲဒီ “နေ့” မှာ လွတ်မြောက်ဖို့ အခုကတည်းက ကျွန်တော်တို့ ပြင်ဆင်ထားရမယ်။ “ကြီးစွာသောဒုက္ခ” အတွက် အသင့်ပြင်ထားရုံ မဟုတ်ဘဲ “အသင့်ရှိနေကြ” ဖို့ ယေရှု သင်ပေးတယ်။ တောက်လျှောက် အသင့်ရှိနေဖို့ ပြောနေတာ။ (မ. ၂၄:၂၁။ လု. ၁၂:၄၀) ယေဟောဝါရဲ့ တရားစီရင်ရာ နေ့ကြီးအတွက် ခရစ်ယာန်တွေ အသင့်ဖြစ်နေအောင် ကူညီပေးဖို့ ခိုင်းနှိုင်းချက် အများကြီးကို သက်သာလောနိတ် ပထမစောင်မှာ တမန်တော် ပေါလု သုံးထားတယ်။ သူတို့ခေတ်မှာ ယေဟောဝါရဲ့ နေ့ ရောက်လာမှာ မဟုတ်မှန်း ပေါလု သိတယ်။ (၂ သက်. ၂:၁-၃) ဒါပေမဲ့ မနက်ဖြန်ပဲ ရောက်လာတော့မယ့် ပုံစံမျိုးနဲ့ ပြင်ဆင်ထားကြဖို့ ညီအစ်ကို/မတွေကို တိုက်တွန်းထားတယ်။ ဒီတိုက်တွန်းချက်က ကျွန်တော်တို့နဲ့လည်း သက်ဆိုင်တယ်။ w23.06 ၈ ¶၁-၂
တနင်္ဂနွေနေ့၊ ဩဂုတ် ၂၄
ချစ်ရတဲ့ ညီအစ်ကိုတို့၊ မယိမ်းမယိုင်ဘဲ ကြံ့ကြံ့ခံ ရပ်တည်နေကြပါ။—၁ ကော. ၁၅:၅၈။
၁၉၇၈၊ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ မိုးမျှော်တိုက် တစ်တိုက် ဆောက်တယ်။ အဲဒီမြို့မှာ ငလျင် ခဏခဏ လှုပ်လို့ အဆောက်အအုံ ခိုင်ပါ့မလားဆိုပြီး လူတွေ တွေးကြတယ်။ ဒါပေမဲ့ အင်ဂျင်နီယာတွေက အဆောက်အအုံ ခိုင်ခံ့မှု ရှိအောင်ကော ငလျင် တုန်ခါမှုနဲ့အညီ အလိုက်သင့် ဖြစ်အောင်ပါ ဒီဇိုင်းဆွဲထားကြတယ်။ ခရစ်ယာန်တွေဟာ အဲဒီလို မိုးမျှော်တိုက်နဲ့ တူတယ်။ ဘယ်လိုနည်းနဲ့လဲ။ ခရစ်ယာန်တွေဟာ အခိုင်အမာ ရပ်တည်ဖို့ လိုသလို အလိုက်သင့် ဖြစ်ဖို့လည်း လိုတယ်။ မျှတမှုတော့ ရှိရမယ်။ ဥပမာ၊ ယေဟောဝါရဲ့ ပညတ်တွေ၊ စံနှုန်းတွေနဲ့ပတ်သက်လာရင် ပြတ်ပြတ်သားသား၊ မယိမ်းမယိုင် ရပ်တည်ရမယ်။ “နာခံဖို့ အသင့်ရှိ” ရမယ်။ အလျှော့မပေးရဘူး။ ဒါပေမဲ့ တချို့အခြေအနေတွေမှာ လိုအပ်လာတဲ့အခါ “အကျိုးသင့်အကြောင်းသင့်” ရှိရမယ်။ (ယာ. ၃:၁၇) ဒီလိုမျိုး မျှတတဲ့သဘော ရှိသူဟာ တင်းကျပ်လွန်းမှာ မဟုတ်သလို လျော့ရဲလွန်းမှာ မဟုတ်ဘူး။ w23.07 ၁၄ ¶၁-၂
တနင်္လာနေ့၊ ဩဂုတ် ၂၅
ခရစ်တော်ကို ခင်ဗျားတို့ မမြင်ဖူးပေမဲ့ ချစ်ကြတယ်။—၁ ပေ. ၁:၈။
စာတန် မာရ်နတ်ရဲ့ သွေးဆောင်မှုတွေကို ယေရှု တွန်းလှန်ခဲ့ရတယ်။ တစ်ခေါက်ဆိုရင် ဘုရားကို သစ္စာဖောက်ဖို့ စာတန် တဲ့ကို ပြောတာ။ (မ. ၄:၁-၁၁) ယေရှု အပြစ် လုပ်မိအောင် သွေးဆောင်ဖို့ စာတန် ဆုံးဖြတ်ထားတယ်။ ဒါမှ ရွေးဖိုး မပေးနိုင်မှာကိုး။ မြေကြီးပေါ် အမှုဆောင်ချိန်အတွင်းမှာလည်း နောက်ထပ် စမ်းသပ်မှုတွေ ယေရှု ကြုံရတယ်။ လိုက်နှောင့်ယှက်ခံရတယ်။ အသက် အန္တရာယ် ခြိမ်းခြောက်ခံရတယ်။ (လု. ၄:၂၈၊ ၂၉။ ၁၃:၃၁) နောက်လိုက်တွေရဲ့ မစုံလင်မှုကို သည်းခံရတယ်။ (မာ. ၉:၃၃၊ ၃၄) မြေကြီးအသက်တာ နောက်ဆုံး စမ်းသပ်မှုမှာ ညှဉ်းဆဲခံရတယ်။ အလှောင်ခံရတယ်။ နာနာကျင်ကျင် အရှက်တကွဲ အသတ်ခံရတယ်။ (ဟီ. ၁၂:၁-၃) ယေဟောဝါ ကာကွယ်မပေးလို့ နောက်ဆုံး စမ်းသပ်မှုတွေကို တစ်ယောက်တည်း ခါးစည်းခံခဲ့ရတယ်။ (မ. ၂၇:၄၆) ရွေးဖိုး ပေးနိုင်ဖို့ ယေရှု အကြီးအကျယ် အနစ်နာခံခဲ့တာ ရှင်းနေပါတယ်။ ကိုယ့်အတွက် ယေရှု ဘယ်လောက် လိုလိုလားလား အနစ်နာခံခဲ့တယ်ဆိုတာ စဉ်းစားလိုက်တော့ ပိုချစ်လာတယ် မဟုတ်လား။ w24.01 ၁၀-၁၁ ¶၇-၉
အင်္ဂါနေ့၊ ဩဂုတ် ၂၆
အလျင်စလို လုပ်တဲ့သူကတော့ ကျိန်းသေ ဆင်းရဲလိမ့်မယ်။—ပညာ. ၂၁:၅။
စိတ်ရှည်တာက ဆက်ဆံရေး ကောင်းသူ ဖြစ်လာစေတယ်။ တခြားသူတွေ စကားပြောတဲ့အခါ အာရုံစိုက် နားထောင်ဖို့ ကူညီပေးတယ်။ (ယာ. ၁:၁၉) စိတ်ဖိစီးနေလို့ဆိုပြီး ကမူးရှူးထိုး မလုပ်မိဖို့၊ လွှတ်ခနဲ မပြောမိဖို့၊ တစ်ယောက်ယောက် စိတ်ထိခိုက်အောင် ပြောတဲ့အခါ လွယ်လွယ် ဒေါသ မထွက်ဖို့၊ သင့်သင့်မြတ်မြတ် နေဖို့၊ “ဆက်ပြီး သည်းခံ” ဖို့၊ “ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်” ဖို့ ကူညီပေးတယ်။ (ကော. ၃:၁၂၊ ၁၃) ဆုံးဖြတ်ချက်ကောင်းတွေ ချဖို့လည်း စိတ်ရှည်မှုက ကူညီပေးတယ်။ စိတ်ရှည်မယ်ဆိုရင် ကျွန်တော်တို့ အလျင်စလို၊ စိတ်မြန်လက်မြန် ဆုံးဖြတ်မှာ မဟုတ်ဘူး။ မဆုံးဖြတ်ခင် အချိန်ယူ လေ့လာမှာ၊ ချင့်ချိန်မှာ ဖြစ်တယ်။ ဥပမာ၊ အလုပ် ရှာနေတယ် ဆိုပါစို့။ အစည်းအဝေး၊ အမှုဆောင် ပျက်မယ်ဆိုရင်တောင် ဦးဆုံး ခေါ်တဲ့ အလုပ် လုပ်ချင်တတ်တယ်။ ဒါပေမဲ့ စိတ်ရှည်သူဆိုရင် အိမ်နဲ့ အလုပ် ဘယ်လောက် ဝေးသလဲ၊ ဘယ်နှနာရီ လုပ်ရမလဲ၊ မိသားစုနဲ့ ဝတ်ပြုရေးကို ဘယ်လို ထိခိုက်မလဲဆိုတာ ထည့်စဉ်းစားမှာပဲ။ စိတ်ရှည်မှုက ဆုံးဖြတ်ချက် အမှား မချမိဖို့ တကယ် ကူညီပေးတယ်။ w23.08 ၂၂ ¶၈-၉
ဗုဒ္ဓဟူးနေ့၊ ဩဂုတ် ၂၇
ကျွန်တော့်ကိုယ်ခန္ဓာထဲမှာ တခြားတရားတစ်ခုက စိတ်ထဲက တရားကို တိုက်ခိုက်တဲ့အတွက် ကိုယ်ခန္ဓာထဲမှာ ရှိနေတဲ့ အပြစ်တရားရဲ့ ဖမ်းဆီးချုပ်နှောင်မှုအောက် ကျွန်တော် ရောက်သွားတာကို မြင်လိုက်တယ်။—ရော. ၇: ၂၃။
သွေးသားအလိုဆန္ဒ တိုက်လှန်ရလွန်းလို့ စိတ်ဓာတ်ကျလာရင် ဘုရားဆီ ဆက်ကပ်အပ်နှံချိန်မှာ ပေးထားတဲ့ ကတိကို စဉ်းစားတာက သွေးဆောင်မှုတွေ တိုက်လှန်မယ်ဆိုတဲ့ သန္နိဋ္ဌာန် ပိုခိုင်မာစေတယ်။ ဘယ်လိုနည်းနဲ့လဲ။ ယေဟောဝါဘုရားဆီ ဆက်ကပ်အပ်နှံတာဟာ ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်လိုက်တာပဲ။ ဘုရားစိတ်နဲ့ မတွေ့မယ့် အလိုဆန္ဒတွေ၊ ပန်းတိုင်တွေကို ငြင်းပယ်ဖို့ ရွေးချယ်လိုက်တာပဲ။ (မ. ၁၆:၂၄) ဘုရားကို သစ္စာစောင့်သိဖို့၊ ဘုရား နှစ်သက်တာ လုပ်ဖို့ ဆုံးဖြတ်ပြီးသား ဖြစ်နေလို့ သွေးဆောင်မှုတွေ၊ အခက်အခဲတွေ ကြုံလာမှ ဘာလုပ်ရမလဲ အချိန်ကုန်ခံ စဉ်းစားနေစရာ မလိုတော့ဘူး။ ပြင်းထန်တဲ့ စမ်းသပ်မှုတွေ ကြုံတာတောင် “ကျုပ်ရဲ့ သမာဓိကို မစွန့်ဘူး” လို့ ပြောတဲ့ ယောဘလို သစ္စာစောင့်သိမှာ ဖြစ်တယ်။—ယောဘ ၂၇:၅။ w24.03 ၉ ¶၆-၇
ကြာသပတေးနေ့၊ ဩဂုတ် ၂၈
ယေဟောဝါဟာ ဆုတောင်းတဲ့သူတိုင်း၊ စိတ်ရင်းမှန်နဲ့ ဆုတောင်းသူတိုင်းရဲ့ အနီးအပါးမှာ ရှိတယ်။—ဆာ. ၁၄၅:၁၈။
ကျွန်တော်တို့နဲ့အတူ ‘မေတ္တာရှင်’ ယေဟောဝါ ရှိနေတယ်။ (၂ ကော. ၁၃:၁၁) တစ်ယောက်ချင်းစီကို ဘုရား ဂရုစိုက်တယ်။ “ခိုင်မြဲတဲ့ မေတ္တာတော်” နဲ့ “ဝိုင်းရံ” ထားပေးတယ်။ (ဆာ. ၃၂:၁၀) ဘုရား မေတ္တာ ဘယ်လို ပြသလဲ တွေးလေ ကိုယ့်ကို ဘယ်လောက် ဂရုစိုက်သလဲ မြင်လာလေ၊ ဘုရားနဲ့ ရင်းနှီးလာလေပဲ။ ကိုယ့်ကို ဘုရား နားလည်တယ်၊ ကူညီပေးချင်တယ်ဆိုတာ စိတ်ချရင် ဘုရားမေတ္တာ ဘယ်လောက်တောင် လိုအပ်တယ်ဆိုတာ တွန့်မနေဘဲ ပြောပြရဲမယ်။ စိုးရိမ်စရာတွေ ပြောပြရဲမယ်။ (ဆာ. ၁၄၅:၁၉) ဆောင်းတွင်းဆိုရင် မီးဖိုနားပဲ ကပ်နေချင်သလို ယေဟောဝါရဲ့ မေတ္တာဟာ နွေးထွေးတာမို့ ယေဟောဝါနား ကျွန်တော်တို့ ကပ်နေချင်ကြတယ်။ ယေဟောဝါဟာ မေတ္တာ အားကြီးတယ်။ ချစ်ခင်တွယ်တာတတ်တယ်။ ဒီလိုဘုရားမျိုးရဲ့ အချစ်ခံရတယ်ဆိုတဲ့ သိစိတ်နဲ့ ပျော်လိုက်ပါ။ “ယေဟောဝါကို ငါ ချစ်မြတ်နိုးတယ်” လို့ ကြွေးကြော်ပြီး ချစ်တုံ့ပြန်လိုက်ပါ။—ဆာ. ၁၁၆:၁။ w24.01 ၃၁ ¶၁၉-၂၀
သောကြာနေ့၊ ဩဂုတ် ၂၉
အဖရဲ့ နာမည်ကို သိအောင် . . . ကျွန်တော် ပြောပြပါပြီ။—ယော. ၁၇:၂၆။
ဘုရားနာမည် ယေဟောဝါဆိုတာလောက်ပဲ ယေရှု မပြောဘူး။ ဘုရားနာမည် ဂျူးတွေ သိပြီးသားပဲ။ ဒါကြောင့် “အဖဘုရားအကြောင်း ရှင်းပြတယ်။” (ယော. ၁:၁၇၊ ၁၈) ဥပမာ၊ ယေဟောဝါဟာ ကရုဏာ ရှိပြီး သနားစာနာတတ်တယ်လို့ ဟီဘရူး ကျမ်းစောင်တွေမှာ ဖော်ပြတယ်။ (ထွ. ၃၄:၅-၇) ဒီအချက်ကို သားမိုက် ဥပမာ သုံးပြီး အကောင်းဆုံး နည်းနဲ့ ယေရှု ရှင်းပြတယ်။ သားဖြစ်သူ နောင်တရပြီး ပြန်လာတာကို ဖခင် “အဝေးကနေ လှမ်းမြင်တဲ့အခါ” ပြေးဖက်ကြောင်း၊ ခွင့်လွှတ်ကြောင်း ဖတ်ရတော့ ယေဟောဝါရဲ့ ကရုဏာ၊ သနားစာနာမှုကို ကျွန်တော်တို့ ကွက်ကွက်ကွင်းကွင်း သဘောပေါက်လာတယ်။ (လု. ၁၅:၁၁-၃၂) ယေဟောဝါ ဘယ်လို ဘုရားမျိုးလဲဆိုတာ အကောင်းဆုံး နည်းနဲ့ ယေရှု ရှင်းပြလိုက်တာပဲ။ w24.02 ၁၀ ¶၈-၉
စနေနေ့၊ ဩဂုတ် ၃၀
ဘုရား ပေးတဲ့ နှစ်သိမ့်မှုအားဖြင့် . . . ပြန်နှစ်သိမ့်ပေး [ကြပါ။]—၂ ကော. ၁:၄။
သောကရောက်သူကို ယေဟောဝါ လန်းဆန်းစေတယ်။ နှစ်သိမ့်ပေးတယ်။ ယေဟောဝါကို အတုယူပြီး တခြားသူတွေကို ဘယ်လို ကရုဏာထား နှစ်သိမ့်ပေးနိုင်မလဲ။ တစ်နည်းကတော့ ကရုဏာ ထားတတ်ဖို့၊ နှစ်သိမ့်ပေးတတ်ဖို့ ကူညီပေးတဲ့ အရည်အသွေးတွေ ရှိလာအောင် ကြိုးစားခြင်းပါ။ ဘာအရည်အသွေးတွေလဲ။ တစ်ရက်ပြီး တစ်ရက် ညီအစ်ကို/မတွေကို ချစ်မြဲ ချစ်ဖို့၊ “ဆက်ပြီး နှစ်သိမ့်အားပေး” ဖို့ ဘာက ကူညီပေးမလဲ။ (၁ သက်. ၅:၁၁) ကိုယ်ချင်းစာခြင်း၊ ညီရင်းအစ်ကို မေတ္တာနဲ့ ချစ်ခင်ခြင်း၊ ကြင်နာခြင်းစတဲ့ အရည်အသွေးတွေပါ။ (ကော. ၃:၁၂။ ၁ ပေ. ၃:၈) ဒီအရည်အသွေးတွေက ဘယ်လို ကူညီပေးသလဲ။ “စိတ်ထဲ ရှိတာတွေပဲ နှုတ်က ထွက်တတ်တယ်။ လူကောင်းတစ်ယောက်ဟာ စိတ်ထဲမှာ ကောင်းတာတွေ ပြည့်နေလို့ ကောင်းတာတွေပဲ ပြောတတ်တယ်” လို့ ယေရှု ပြောတယ်။ (မ. ၁၂:၃၄၊ ၃၅) ဒါကြောင့် စိတ်ထဲမှာသာ ကရုဏာနဲ့ တခြားဆက်စပ် အရည်အသွေးတွေ ပြည့်နေရင် သောကရောက်သူကို နှစ်သိမ့်မပေးဘဲ မနေနိုင်တော့ဘူး။ နှစ်သိမ့်အားပေးတာဟာ ချစ်ကြောင်း ပြတဲ့ နည်းတစ်နည်းပါပဲ။ w23.11 ၁၀ ¶၁၀-၁၁
တနင်္ဂနွေနေ့၊ ဩဂုတ် ၃၁
ထိုးထွင်းဉာဏ် ရှိသူတွေကတော့ နားလည်လိမ့်မယ်။—ဒံ. ၁၂:၁၀။
ကိုယ် သိပ်မကျွမ်းတဲ့ နေရာ သွားလည်တယ်လို့ မြင်ယောင်ကြည့်ပါ။ ဒါပေမဲ့ ကိုယ်နဲ့ လိုက်လာတဲ့ သူငယ်ချင်းက အဲဒီနေရာ ကျွမ်းတယ်။ ဘယ်ရောက်နေသလဲ၊ ဘယ်လမ်းက ဘယ်ပေါက်သလဲ သိတယ်။ အတူတူ လိုက်လာလို့ သူ့ကို သင် သိပ်ကျေးဇူးတင်မှာပဲ။ ဒီလိုပဲ ခေတ်ရေစီးကြောင်းရဲ့ ဘယ်နေရာမှာ ကျွန်တော်တို့ ရောက်နေသလဲ၊ ရှေ့မှာ ဘာရှိသလဲ ယေဟောဝါ သိတယ်။ ဒါကြောင့် ကျမ်းစာ ကြိုဟောချက်တွေ နားလည်ဖို့ ယေဟောဝါဆီ နှိမ့်ချမှုရှိရှိ အကူအညီ တောင်းရမယ်။ (ဒံ. ၂:၂၈။ ၂ ပေ. ၁:၁၉၊ ၂၀) ယေဟောဝါဟာ မိဘကောင်းတစ်ယောက်နဲ့ တူတယ်။ သားသမီးတွေကို ပျော်စရာ အနာဂတ် ပိုင်ဆိုင်စေချင်တယ်။ (ယေ. ၂၉:၁၁) လူသားမိဘတွေနဲ့ မတူတာကတော့ အနာဂတ်အကြောင်း မြေကြီးလက်ခတ် မလွဲ ကြိုပြောနိုင်တာပဲ။ ဒါကြောင့် အရေးကြီး ဖြစ်ရပ်တွေ ဖြစ်မလာခင် ကျွန်တော်တို့ သိနေအောင် ကျမ်းစာမှာ ကြိုဟောချက်တွေ မှတ်တမ်းတင်ထားစေတာ။—ဟေရှာ. ၄၆:၁၀။ w23.08 ၈ ¶၃-၄