ဇူလိုင်
အင်္ဂါနေ့၊ ဇူလိုင် ၁
သူဟာ တစ်ပြည်လုံး လှည့်လည်ရင်း ကောင်းမှုတွေ ပြုပြီး မာရ်နတ် ညှဉ်းဆဲတဲ့သူတွေကို ပြန်ကျန်းမာလာအောင် လုပ်ပေးခဲ့တယ်။—တ. ၁၀:၃၈။
ယေရှု ပြောသမျှ၊ လုပ်သမျှဟာ အဖဘုရားရဲ့ အတွေးအခေါ်၊ ခံစားချက်တွေကို အပြည့်အဝ ထင်ဟပ်တယ်။ (ယော. ၁၄:၉) ယေရှုရဲ့ အံ့ဖွယ်အမှုတွေကနေ ဘာသင်ယူနိုင်သလဲ။ ကျွန်တော်တို့ကို ယေရှုနဲ့ အဖယေဟောဝါ သိပ်ချစ်တယ်။ မြေကြီးပေါ် ရှိစဉ် အံ့ဖွယ်နည်းနဲ့ ဝေဒနာ သက်သာစေခြင်းအားဖြင့် လူတွေကို ဘယ်လောက် ချစ်ကြောင်း ယေရှု ပြတယ်။ တစ်ခေါက်၊ မျက်မမြင် နှစ်ယောက် ယေရှုကို အော်ဟစ် အကူအညီတောင်းကြတယ်။ (မ. ၂၀:၃၀-၃၄) ယေရှု “သနားစိတ် ယိုဖိတ်လာတဲ့အတွက်” သူတို့ကို ကုသပေးလိုက်တယ်။ “သနားစိတ် ယိုဖိတ်” လို့ ပြန်ဆိုထားတဲ့ ဂရိ ကြိယာဟာ ရင်ထဲ၊ အသည်းထဲကနေ အကြီးအကျယ် ကရုဏာ သက်တာကို ဆိုလိုတယ်။ ဆာလောင်သူတွေကို ကျွေးမွေးဖို့၊ အနာကြီး ရောဂါသည်ကို ကုသပေးဖို့လည်း မေတ္တာကနေ ပေါက်ဖွားလာတဲ့ အဲဒီကရုဏာကပဲ ယေရှုကို လှုံ့ဆော်ပေးခဲ့တာ။ (မ. ၁၅:၃၂။ မာ. ၁:၄၁) ကျွန်တော်တို့ကို ကရုဏာရှင် ယေဟောဝါဘုရားနဲ့ သားတော် သိပ်ချစ်တယ်၊ ကျွန်တော်တို့ ဒုက္ခ ကြုံနေရတာကို ကြည့်ပြီး စိတ်ထိခိုက်တယ်၊ လူ့ပြဿနာအားလုံးကို သိပ်ဖယ်ရှားပေးချင်နေမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။—လု. ၁:၇၈။ ၁ ပေ. ၅:၇။ w23.04 ၃ ¶၄-၅
ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၂
ယေဟောဝါကို ချစ်မြတ်နိုးသူတို့၊ မကောင်းမှုကို မုန်းကြပါ။ ဘုရားက သစ္စာစောင့်သိသူတွေရဲ့ အသက်ကို စောင့်ရှောက်တယ်။ လူဆိုးတွေလက်ကနေ သူတို့ကိုကယ်တင်တယ်။—ဆာ. ၉၇:၁၀။
စာတန့်လောကမှာ ရေပန်းစားနေတဲ့ အတွေးအခေါ်၊ အယူအဆ အမှားတွေကို မဖတ်မိ၊ နားမထောင်မိဖို့ ကြိုးစားရမယ်။ ကျမ်းစာ ဖတ်ရှု၊ လေ့လာခြင်းအားဖြင့် စိတ်နှလုံးထဲ ကောင်းတဲ့ အတွေးအခေါ်တွေ ဖြည့်ထားရမယ်။ အစည်းအဝေး တက်တာ၊ အမှုဆောင်မှာ ပါဝင်တာကလည်း အတွေးအခေါ်ကို ကာကွယ်ပေးတယ်။ ဒါ့အပြင် ကျွန်တော်တို့ မခံနိုင်လောက်တဲ့ သွေးဆောင်ခြင်းကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ ယေဟောဝါ ကတိပေးထားတယ်။ (၁ ကော. ၁၀:၁၂၊ ၁၃) ခက်ခဲတဲ့ ဒီနောက်ဆုံးကာလမှာ ကျွန်တော်တို့ ယောက်တိုင်း ယေဟောဝါအပေါ် ဆက်သစ္စာရှိနိုင်အောင် အရင်ကထက် ဆုတောင်းဖို့ လိုအပ်တယ်။ ယေဟောဝါက မိမိဆီ “ရင်ဖွင့်” ဆုတောင်းစေချင်တယ်။ (ဆာ. ၆၂:၈) ဒါကြောင့် အူလှိုက်သည်းလှိုက် ဆုတောင်းဖို့ နေ့တိုင်း အချိန် ဖယ်ထားပါ။ ယေဟောဝါ လုပ်ပေးသမျှအတွက် ချီးမွမ်း၊ ကျေးဇူးတင်ပါ။ ရဲရဲရင့်ရင့် ဟောပြောနိုင်ဖို့၊ အခက်အခဲတွေ ခံရပ်နိုင်ဖို့၊ သွေးဆောင်မှုတွေ တိုက်လှန်နိုင်ဖို့ အကူအညီ တောင်းပါ။ ဘယ်သူ့ကြောင့်၊ ဘာကြောင့်မှ ယေဟောဝါဆီ ဆုတောင်းတာ အပျက်မခံပါနဲ့။ w23.05 ၇ ¶၁၇-၁၈
ကြာသပတေးနေ့၊ ဇူလိုင် ၃
အချင်းချင်း ထောက်ထားစာနာကြစို့။ . . . အချင်းချင်း အားပေးကြပါ။—ဟီ. ၁၀:၂၄၊ ၂၅။
အသင်းတော် အစည်းအဝေးတွေ ကျွန်တော်တို့ ဘာကြောင့် တက်ကြသလဲ။ အဓိကကတော့ ယေဟောဝါဘုရားကို ချီးမွမ်းဖို့ပါ။ (ဆာ. ၂၆:၁၂။ ၁၁၁:၁) ခက်ခဲတဲ့ ဒီကာလအတွင်း အချင်းချင်း အားပေးဖို့လည်း ပါတယ်။ (၁ သက်. ၅:၁၁) လက်ထောင်ပြီး မှတ်ချက်ပေးတဲ့အခါ ဘုရားကို ချီးမွမ်းရာလည်း ရောက်တယ်၊ ညီအစ်ကို/မတွေကို အားပေးရာလည်း ရောက်တယ်။ ဒါပေမဲ့ မှတ်ချက်ပေးတာနဲ့ပတ်သက်ပြီး အခက်အခဲတွေ ကြုံရနိုင်တယ်။ မှတ်ချက်ပေးဖို့ ကြောက်နေနိုင်တယ်။ ဒါမှမဟုတ် မှတ်ချက် ခဏခဏ ပေးချင်ပေမဲ့ သိပ်အခေါ်မခံရတာ ဖြစ်နိုင်တယ်။ ဒီအခက်အခဲတွေကို ဘယ်လို ဖြေရှင်းနိုင်သလဲ။ “အချင်းချင်း အားပေးကြပါ” လို့ တမန်တော် ပေါလု ပြောတယ်။ ကိုယ့်ယုံကြည်ခြင်းကို ဖော်ပြတဲ့ မှတ်ချက်တိုလေး တစ်ခုကတောင် အစည်းအဝေး တက်ရောက်သူတွေကို အားရှိစေနိုင်မှန်း သတိရရင် လက်ထောင်ဖို့ ကြောက်တဲ့စိတ် လျော့လာပါလိမ့်မယ်။ ဒါမှမဟုတ် ကိုယ်သိပ်အခေါ်မခံရရင်လည်း တခြားသူတွေ မှတ်ချက်ပေးခွင့် ရလို့ ဝမ်းသာပေးနိုင်တယ်။—၁ ပေ. ၃:၈။ w23.04 ၂၀ ¶၁-၃
သောကြာနေ့၊ ဇူလိုင် ၄
ဂျေရုဆလင်မြို့ကို သွားစေ။ . . . ယေဟောဝါရဲ့အိမ်တော်ကို ပြန်တည်ဆောက်စေ။—ဧဇ. ၁:၃။
ဗာဗုလုန်ပြည်မှာ အနှစ် ၇၀ လောက် သုံ့ပန်းဘဝ ရောက်နေတဲ့ ဂျူးတွေ နေရင်းပြည် အစ္စရေး ပြန်လို့ ရပြီဆိုတဲ့ အမိန့်ထွက်လာတယ်။ (ဧဇ. ၁:၂-၄) ဒါ ယေဟောဝါကြောင့်ပဲ။ ဗာဗုလုန်တွေဟာ သုံ့ပန်းတွေကို ပြန်လွှတ်ပေးရိုး ထုံးစံ မရှိဘူး။ (ဟေရှာ. ၁၄:၄၊ ၁၇) ဒါပေမဲ့ ဗာဗုလုန်မြို့ သိမ်းပိုက်ခံလိုက်ရတယ်။ အဲဒီနောက် လာအုပ်ချုပ်တဲ့ ဘုရင်က ဂျူးတွေကို နိုင်ငံကနေ ထွက်ခွာခွင့် ပေးလိုက်တယ်။ ဂျူးအားလုံး၊ အထူးသဖြင့် အိမ်ထောင်ဦးစီးတွေ ဆုံးဖြတ်ရတော့မယ်။ ဗာဗုလုန်ပြည်ကနေ ထွက်သွားမလား၊ ဆက်နေမလား။ တော်တော် ဆုံးဖြတ်ရ ခက်မှာပဲ။ ခရီးဝေး နှင်ဖို့ သက်ကြီးပိုင်းတွေအတွက် မလွယ်ဘူး။ ဗာဗုလုန်ပြည်မှာ မွေးတဲ့ နောက်ပေါက်တွေအတွက်ကျတော့ ဒီနေရာက နေရင်းပြည် ဖြစ်နေပြီ။ အစ္စရေးပြည်လို့ ပြောလိုက်ရင် ဘိုးဘေးတွေ နေခဲ့တဲ့ နေရာလို့ပဲ မြင်နေကြတာ။ ဒါ့အပြင် တချို့က ဗာဗုလုန်ပြည်မှာ တော်တော်လေး စီးပွားဖြစ်နေကြတယ်။ ဒီတော့ အိမ်ကြီးအိမ်ကောင်းတွေ၊ စီးပွားတွေ ထားခဲ့ပြီး နေရာသစ်မှာ သွားအခြေချဖို့ ခက်နေနိုင်တယ်။ w23.05 ၁၄ ¶၁-၂
စနေနေ့၊ ဇူလိုင် ၅
အသင့်ရှိနေကြပါ။—မ. ၂၄:၄၄။
ခံနိုင်ရည်၊ စာနာမှု၊ မေတ္တာ ဆက်ပြဖို့ ကျမ်းစာ အားပေးထားတယ်။ လုကာ ၂၁:၁၉ မှာ “ခံနိုင်ရည် ရှိမယ်ဆိုရင် ခင်ဗျားတို့ အသက်ရလိမ့်မယ်၊” ကောလောသဲ ၃:၁၂ မှာ ‘ချစ်ခင်စာနာခြင်းကို ဝတ်ဆင်ကြပါ’ လို့ ဆိုထားတယ်။ ဒါ့အပြင် ‘အချင်းချင်း ချစ်ကြဖို့ ဘုရားသခင်ကိုယ်တိုင် သင်ထားပေးပြီးသားပဲ။ ဒါပေမဲ့ ညီအစ်ကိုတို့၊ ဒီထက်မက မေတ္တာပြကြဖို့ ခင်ဗျားတို့ကို တိုက်တွန်းပါတယ်’ လို့ ၁ သက်သာလောနိတ် ၄:၉၊ ၁၀ မှာ ဖော်ပြထားတယ်။ ခံနိုင်ရည်၊ စာနာမှု၊ မေတ္တာ ပြနေကြတဲ့ တပည့်တွေဆီ ဒီစကားတွေ ရေးခဲ့တာ။ ဒီအရည်အသွေးတွေ ရှိပြီးသား ဖြစ်ပေမဲ့ ဆက်ပြဖို့ လိုတယ်။ ဒီအရည်အသွေး တစ်ခုစီကို အစောပိုင်း ခရစ်ယာန်တွေ ဘယ်လို ပြကြသလဲဆိုတာ စဉ်းစားကြည့်ပါ။ သူတို့ကို ကျွန်တော်တို့ အတုယူမယ်ဆိုရင် ကြီးစွာသောဒုက္ခအတွက် အသင့်ရှိနိုင်ကြမယ်။ ဒါဆိုရင် ကြီးစွာသောဒုက္ခ ရောက်လာတဲ့အခါ ဘယ်လို ဆက်ခံရပ်ရမလဲဆိုတာ သိနေမယ်။ ဆက်ခံရပ်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက် ခိုင်မာနေမယ်။ w23.07 ၃ ¶၄၊ ၈
တနင်္ဂနွေနေ့၊ ဇူလိုင် ၆
အဲဒီမှာ လမ်းမကြီးတစ်ခု ရှိမယ်။ သန့်ရှင်းတဲ့ လမ်း [ဖြစ်]တယ်။—ဟေရှာ. ၃၅:၈။
ဘိသိက်ခံ ဖြစ်ဖြစ်၊ “တခြားသိုး” ဖြစ်ဖြစ် “သန့်ရှင်းတဲ့ လမ်း” မှာ ဆက်လျှောက်နေကြရမယ်။ ဒီလမ်းပေါ် ဆက်လျှောက်နေတာက အခုကော၊ နိုင်ငံတော် ကောင်းချီးတွေ ရမယ့် အနာဂတ်မှာပါ ယေဟောဝါကို ဆက်ဝတ်ပြုဖို့ ကူညီပေးမှာ ဖြစ်လို့ပဲ။ (ယော. ၁၀:၁၆) အေဒီ ၁၉၁၉ ကစပြီး သန်းနဲ့ချီတဲ့ အမျိုးသား/သမီး၊ ကလေးတွေဟာ မှားယွင်းတဲ့ ကမ္ဘာ့ဘာသာရေး အင်ပါယာ မဟာဗာဗုလုန်ကနေ ထွက်လာပြီး ဒီပုံဆောင်လမ်းမှာ စလျှောက်ကြတယ်။ ဗာဗုလုန်ပြည်ကနေ ထွက်လာတဲ့ ဂျူးတွေအတွက် အတားအဆီးတွေ ယေဟောဝါ ဖယ်ရှားပေးတယ်။ (ဟေရှာ. ၅၇:၁၄) ခေတ်သစ် “သန့်ရှင်းတဲ့ လမ်း” ကိုကော။ မဟာဗာဗုလုန်ကနေ ထွက်လာမယ့် လမ်းကို ရှင်းလင်းဖို့ ဘုရားတရား ကိုင်းရှိုင်းတဲ့ အမျိုးသားတွေကို ၁၉၁၉ မတိုင်ခင် ရာစုနှစ်တွေကတည်းက ယေဟောဝါ စသုံးနေပြီ။ (ဟေရှာယ ၄၀:၃ နဲ့ နှိုင်းယှဉ်ပါ။) စိတ်ရိုးဖြောင့်သူတွေ မဟာဗာဗုလုန်ကနေ ထွက်လာပြီး လူမျိုးတော်နဲ့အတူ ယေဟောဝါကို ဝတ်ပြုနိုင်ဖို့ အဲဒီအမျိုးသားတွေ လမ်း အသင့်ပြင်ကြတယ်။ w23.05 ၁၅-၁၆ ¶၈-၉
တနင်္လာနေ့၊ ဇူလိုင် ၇
ယေဟောဝါကို ဝမ်းမြောက်စွာ ဝတ်ပြုကြပါ။ ရွှင်လန်းစွာ သီချင်းဆိုရင်း ရှေ့တော်ကို လာကြပါ။—ဆာ. ၁၀၀:၂။
ယေဟောဝါက မိမိကို ပျော်ပျော်ရွှင်ရွှင်၊ စိတ်ပါလက်ပါ ဝတ်ပြုစေချင်တယ်။ (၂ ကော. ၉:၇) ဒီတော့ စိတ်မပါဘဲ ဘုရားရေးရာ ပန်းတိုင်တစ်ခု ရောက်ဖို့ ကြိုးစားသင့်သလား။ တမန်တော် ပေါလုအကြောင်း စဉ်းစားကြည့်ပါ။ “ကျွန်တော့်ကိုယ်ခန္ဓာကို ထိုးနှက်ပြီး ကျွန်တစ်ယောက်လို ဖြစ်အောင် ထိန်းချုပ်ထားတယ်” လို့ ပြောတယ်။ (၁ ကော. ၉:၂၅-၂၇၊ အောက်ခြေမှတ်ချက်) လုပ်သင့်တာနဲ့ လုပ်ချင်တာ လွန်ဆွဲလာတဲ့အခါ ပေါလု ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်တယ်။ ပေါလုရဲ့ လုပ်ရပ်ကို ယေဟောဝါ နှစ်သက်သလား။ နှစ်သက်တယ်။ ဆုတောင် ချခဲ့တယ်။ (၂ တိ. ၄:၇၊ ၈) စိတ်မပါရင်တောင် ပန်းတိုင် ရောက်ဖို့ ကျွန်တော်တို့ ကြိုးစားနေတာ မြင်တဲ့အခါ ယေဟောဝါ သိပ်ဝမ်းသာတယ်။ လုပ်ရတာ မပျော်တဲ့ အချိန်တွေ ရှိပေမဲ့ မိမိကို ချစ်လို့ လုပ်နေမှန်း သိလို့ပဲ။ ပေါလုကို ကောင်းချီးပေးသလို ကျွန်တော်တို့ကိုလည်း ကောင်းချီးပေးပါလိမ့်မယ်။ (ဆာ. ၁၂၆:၅) ဘုရားကောင်းချီး ခံစားရတဲ့အခါ လုပ်ချင်ကိုင်ချင်စိတ်တောင် ရှိလာနိုင်တယ်။ w23.05 ၂၉ ¶၉-၁၀
အင်္ဂါနေ့၊ ဇူလိုင် ၈
ယေဟောဝါရဲ့ နေ့ လာ [ပြီ။]—၁ သက်. ၅:၂။
ယေဟောဝါရဲ့ နေ့မှာ မလွတ်မြောက်မယ့်သူတွေကို အိပ်ပျော်နေသူတွေနဲ့ တမန်တော် ပေါလု ခိုင်းနှိုင်းထားတယ်။ အိပ်ပျော်နေသူဟာ ပတ်ဝန်းကျင်ကိုကော အချိန်ကိုပါ သတိမမူမိလို့ ဘာတွေ ထူးသလဲ၊ ဘာလုပ်ရမလဲ မသိကြဘူး။ ဒီနေ့ခေတ် လူအများစုဟာ အိပ်မောကျနေသူတွေနဲ့ တူတယ်။ (ရော. ၁၁:၈) “နောက်ဆုံးကာလ” ရောက်နေပြီ၊ ကြီးစွာသောဒုက္ခ မကြာခင် ရောက်လာတော့မယ်ဆိုတဲ့ အထောက်အထားတွေကို မသိကျိုးကျွန် ပြုထားကြတယ်။ (၂ ပေ. ၃:၃၊ ၄) ဒါပေမဲ့ တစ်ရက်ပြီး တစ်ရက် ကုန်သွားတိုင်း နိုးနိုးကြားကြား ရှိနေဖို့ ပိုအရေးကြီးလာတယ်ဆိုတာ ကျွန်တော်တို့ အသိအမှတ်ပြုကြတယ်။ (၁ သက်. ၅:၆) တည်တည်ငြိမ်ငြိမ်၊ အေးအေးဆေးဆေး ရှိဖို့ လိုတယ်။ ဘာကြောင့်လဲ။ လောက နိုင်ငံရေး၊ လူမှုရေး ကိစ္စတွေမှာ ဝင်မပါမိဖို့ပါ။ ယေဟောဝါရဲ့ နေ့ နီးလာတာနဲ့အမျှ အဲဒီကိစ္စတွေမှာ ဝင်ပါမိဖို့ ဖိအား ပိုများလာမယ်။ ဘယ်လို တုံ့ပြန်ရမလဲဆိုတာ တွေးပူစရာတော့ မလိုပါဘူး။ တည်ငြိမ်အေးဆေး နေဖို့၊ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ဖို့ စွမ်းအားတော် ကူညီပေးနိုင်တယ်။—လု. ၁၂:၁၁၊ ၁၂။ w23.06 ၁၀ ¶၆-၇
ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၉
အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါဘုရား၊ ကျွန်တော့်ကို သတိရလှည့်ပါ။ . . . ခွန်အားပေးလှည့်ပါ။—သူကြီး. ၁၆:၂၈။
ရှံဆုန်လို့ ပြောလိုက်တာနဲ့ ဘာပြေးမြင်သလဲ။ လူသန်ကြီးတစ်ယောက်လို့ ပြေးမြင်မိနိုင်တယ်။ တကယ်လည်း ရှံဆုန်ရဲ့ ခွန်အားဟာ သိပ်ထူးခြားတယ်။ ဒါပေမဲ့ တစ်ခေါက် ဆုံးဖြတ်ချက် မှားသွားလို့ ဆိုးကျိုးတွေ ကြုံရတယ်။ ဒါတောင် ရှံဆုန်ရဲ့ သစ္စာရှိ လုပ်ရပ်တွေကို ယေဟောဝါ တန်ဖိုးထားတယ်။ ကျွန်တော်တို့ အကျိုးရဖို့ ကျမ်းစာမှာ မှတ်တမ်းတင်စေတယ်။ အစ္စရေးလူမျိုးရဲ့ အကျိုးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ဖို့ ရှံဆုန်ကို ယေဟောဝါ သုံးတယ်။ ရှံဆုန် သေဆုံးပြီးနောက် နှစ်ရာချီအကြာမှာ ယုံကြည်ခြင်း စံနမူနာရှင် စာရင်းထဲ ရှံဆုန်ရဲ့ နာမည် ထည့်ဖို့ တမန်တော် ပေါလုကို ယေဟောဝါ စွမ်းအားတော်နဲ့ ညွှန်ကြားတယ်။ (ဟီ. ၁၁:၃၂-၃၄) ခက်ခဲတဲ့ အခြေအနေမှာ ယေဟောဝါကို ရှံဆုန် အားကိုးတယ်။ ရှံဆုန်ရဲ့ စံနမူနာက ကျွန်တော်တို့ကို ခွန်အား ရှိစေနိုင်တယ်။ သင်ခန်းစာတွေ ပေးတယ်။ w23.09 ၂ ¶၁-၂
ကြာသပတေးနေ့၊ ဇူလိုင် ၁၀
ဘုရားသခင်ဆီ အသနားခံကြပါ။—ဖိ. ၄:၆။
ကိုယ့်စိုးရိမ်ပူပန်မှုတွေကို ယေဟောဝါဆီ ထက်ထက်သန်သန်၊ မှန်မှန် ရင်ဖွင့်ဆုတောင်းခြင်းအားဖြင့် ခံနိုင်ရည် တိုးများအောင် လုပ်နိုင်တယ်။ (၁ သက်. ၅:၁၇) လောလောဆယ် အခက်အခဲ ကြီးကြီးမားမား ကြုံနေရချင်မှ ကြုံနေရမယ်။ ဒါပေမဲ့ စိတ်ပျက်စရာ၊ စိတ်ရှုပ်စရာလေးတွေ ပေါ်လာရင်ကော ယေဟောဝါဆီ ဆုတောင်းရဲ့လား။ သေးသေးမွှားမွှား ကိစ္စကအစ မှန်မှန် ဆုတောင်းပြောပြမှ အနာဂတ်မှာ အခက်အခဲ ကြီးကြီးမားမား ကြုံရတဲ့အခါ ဆုတောင်းပြောပြဖို့ ဝန်လေးမနေမှာ။ ကိုယ့်ကို ဘယ်အချိန်၊ ဘယ်လို ဝင်ကူရမလဲဆိုတာ ဘုရား အတိအကျ သိမှန်း စိတ်ချနေမှာ။ (ဆာ. ၂၇:၁၊ ၃) လက်ရှိ အခက်အခဲတွေကို ခံရပ်နိုင်ရင် ကြီးစွာသောဒုက္ခအတွင်းမှာလည်း ခံရပ်နိုင်ဖို့ များတယ်။ (ရော. ၅:၃) ဘာကြောင့်လဲ။ ယေဟောဝါဘုရားရဲ့ အကူအညီကြောင့် ယုံကြည်ခြင်း စမ်းသပ်မှုတစ်ခုကို ခံရပ်နိုင်တိုင်း ဘုရား ကူညီဖို့ အသင့်ရှိတယ်၊ ကူညီပေးချင်တယ်ဆိုတဲ့ ယုံကြည်ခြင်း ခိုင်မာလာတယ်။ အဲဒီလို ယုံကြည်ခြင်းက နောက်ထပ် စမ်းသပ်မှုတွေကို ခံရပ်စေနိုင်တယ်။ ဒါကို ညီအစ်ကို/မတွေ သတိထားမိကြတယ်။—ယာ. ၁:၂-၄။ w23.07 ၃ ¶၇-၈
သောကြာနေ့၊ ဇူလိုင် ၁၁
ခင်ဗျားကို ငဲ့ညှာ [ပေးမယ်။]—က. ၁၉:၂၁။
အကျိုးသင့်အကြောင်းသင့် ရှိဖို့ နှိမ့်ချမှုနဲ့ ထောက်ထားစာနာမှုက ယေဟောဝါကို လှုံ့ဆော်ပေးတယ်။ ဥပမာ၊ သောဒုံမြို့က လူဆိုးတွေကို ဖျက်ဆီးခါနီးမှာ တောင်တန်းဒေသဘက် ထွက်ပြေးဖို့ ဖြောင့်မတ်သူ လောတကို ကောင်းကင်တမန်တွေကတစ်ဆင့် ယေဟောဝါ ညွှန်ကြားတယ်။ ဒါပေမဲ့ အဲဒီကို လောတ မပြေးရဲဘူး။ မိသားစုနဲ့အတူ ဇောရလို့ ခေါ်တဲ့ မြို့ငယ်လေးကို ပြေးပါရစေလို့ တောင်းဆိုတယ်။ တကယ်တော့ ဖျက်ဆီးမယ့်အထဲမှာ ဇောရမြို့လည်း ပါတယ်။ ယေဟောဝါအနေနဲ့ လောတကို တောင်ပေါ် မရမက ပြေးခိုင်းလို့ ရတယ်။ ဒါပေမဲ့ တောင်းဆိုတာကို လိုက်လျောပေးတယ်။ ဇောရမြို့ကိုတော့ မဖျက်ဆီးလိုက်ရတော့ဘူးပေါ့။ ယေဟောဝါ နှိမ့်ချမှု ရှိကြောင်း ပေါ်လွင်တယ် မဟုတ်လား။ (က. ၁၉:၁၈-၂၂) ရာစုနှစ်များစွာ ကြာပြီးနောက်မှာ နိနဝေမြို့နဲ့အတူ ဆိုးသွမ်းတဲ့ မြို့သားတွေကို ဖျက်ဆီးမယ်လို့ ပရောဖက် ယောနကို ယေဟောဝါ ကြေညာခိုင်းတယ်။ ဒါပေမဲ့ နိနဝေမြို့သားတွေ နောင်တရတော့ သနားသွားပြီး မဖျက်ဆီးတော့ဘူး။ ယေဟောဝါ ထောက်ထားစာနာမှု ရှိကြောင်း ပေါ်လွင်တယ် မဟုတ်လား။—ယောန ၃:၁၊ ၁၀။ ၄:၁၀၊ ၁၁။ w23.07 ၂၁ ¶၅
စနေနေ့၊ ဇူလိုင် ၁၂
ယောရှကို သူ့အမှုထမ်းတွေ . . . ကွပ်မျက်လိုက်တယ်။ ဘုရင့်သင်္ချိုင်းမှာတော့ မသင်္ဂြိုဟ်ကြဘူး။—၂ ရာ. ၂၄:၂၅။
ယောရှဆီကနေ ဘာသင်ယူနိုင်သလဲ။ ယောရှဟာ အမြစ် မစွဲလို့ ဒေါက်တိုင်ကို မှီနေရတဲ့ အပင်နဲ့ တူတယ်။ ဒေါက်တိုင် ယောယဒ သေဆုံးပြီးနောက် အယူမှားလေ တိုက်ခတ်တဲ့အခါ ယောရှ ပြိုလဲသွားတော့တယ်။ သင်ခန်းစာက ဘာလဲ။ မိသားစုဝင်တွေ၊ ညီအစ်ကို/မတွေ စံနမူနာကောင်း ပြတာ တစ်ခုတည်းကြောင့် ဘုရားကို ကြောက်ရွံ့တာမျိုး မဖြစ်သင့်ဘူး။ ဘုရားကို ချစ်ကြောက်ရိုသေစိတ် အမြဲ ရှိနေအောင် မှန်မှန် ကျမ်းစာ လေ့လာ၊ တွေးတောဆင်ခြင်၊ ဆုတောင်းရမယ်။ ဒါမှ ဘုရားနဲ့ နှစ်ကိုယ်ကြား ဆက်ဆံရေး ခိုင်မြဲနေမှာ။ (ယေ. ၁၇:၇၊ ၈။ ကော. ၂:၆၊ ၇) ကျွန်တော်တို့ဆီက ယေဟောဝါ များများစားစား မတောင်းဆိုဘူး။ တောင်းဆိုထားတာကို ဒေသနာ ၁၂:၁၃ မှာ ဒီလို အနှစ်ချုပ် ဖော်ပြထားတယ်– “စစ်မှန်တဲ့ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး ပညတ်ချက်တွေကို လိုက်နာပါ။ ဒါဟာ လူတွေ မပျက်မကွက် လိုက်နာရမယ့် တာဝန်ပဲ။” မှန်ပါတယ်၊ ဘုရားကိုသာ ကြောက်ရွံ့မယ်ဆိုရင် အနာဂတ်မှာ ဘာတွေပဲ ရင်ဆိုင်ရပါစေ ဆက်ခံရပ်နိုင်မယ်၊ ဆက်သစ္စာရှိနိုင်မယ်။ ဘာအကြောင်းကြောင့်မှ ယေဟောဝါနဲ့ ဆက်ဆံရေး ပျက်စီးမှာ မဟုတ်ဘူး။ w23.06 ၁၉ ¶၁၇-၁၉
တနင်္ဂနွေနေ့၊ ဇူလိုင် ၁၃
အရာခပ်သိမ်းကို ငါ အသစ်ဖန်ဆင်းနေတယ်။ —ဗျာ. ၂၁:၅။
“ရာဇပလ္လင်ပေါ် ထိုင်နေတဲ့ ဘုရားသခင်” ဆိုပြီး ဗျာဒိတ် ၂၁:၅ ကို နိဒါန်းပျိုးထားတယ်။ အဲဒီနောက် ပြောတဲ့ စကားဟာ ဗျာဒိတ်ကျမ်းမှာ ယေဟောဝါကိုယ်တိုင် ပြောတဲ့ စကား သုံးခွန်းထဲက တစ်ခွန်း ဖြစ်တယ်။ ဒီတော့ တန်ခိုးကြီး ကောင်းကင်တမန်ကတစ်ဆင့်၊ ရှင်ပြန်ထမြောက်ပြီးသား ယေရှုကတစ်ဆင့် အာမခံနေတာ မဟုတ်ဘူး။ ယေဟောဝါကိုယ်တိုင် အာမခံနေတာ။ ဆက်ပြောမယ့် စကားကို အကြွင်းမဲ့ ယုံလို့ ရတယ်ဆိုတာ ဒီအချက်က ပေါ်လွင်စေတယ်။ ယေဟောဝါ “မုသာ မသုံး” လို့ပဲ။ (တိ. ၁:၂) ဗျာဒိတ် ၂၁:၅၊ ၆ မှာ ပါတဲ့ စကားတွေကို တကယ် ယုံလို့ ရတယ်။ အဲဒီနောက် “အရာခပ်သိမ်းကို ငါ အသစ်ဖန်ဆင်းနေတယ်” လို့ ယေဟောဝါ ပြောတယ်။ တကယ်တော့ အနာဂတ်မှာ လုပ်ပေးမယ့်အရာတွေအကြောင်း ပြောနေတာ။ ဒါပေမဲ့ သေချာလွန်းလို့ ဖန်ဆင်းနေတယ်လို့ကို ပြောထားတယ်။—ဟေရှာ. ၄၆:၁၀။ w23.11 ၃-၄ ¶၇-၈
တနင်္လာနေ့၊ ဇူလိုင် ၁၄
အပြင်ထွက်ပြီး ရှိုက်ကြီးတငင် ငိုချတော့တယ်။ —မ. ၂၆:၇၅။
တမန်တော် ပေတရု အားနည်းချက်တွေ တွန်းလှန်ခဲ့ရတယ်။ ဥပမာတချို့ စဉ်းစားကြည့်ပါ။ ကျမ်းစာ ကြိုဟောချက်တွေအရ မိမိ ဘယ်လို ဒုက္ခခံပြီး သေရမယ်ဆိုတာ ယေရှု ပြောပြတော့ အဲဒီလို ပြောစရာလားဆိုပြီး ပေတရု အပြစ်တင်တယ်။ (မာ. ၈:၃၁-၃၃) ဘယ်သူ အကြီးမြတ်ဆုံးလဲဆိုပြီး ပေတရုကော တခြားတမန်တော်တွေပါ ခဏခဏ ငြင်းခုံကြတယ်။ (မာ. ၉:၃၃၊ ၃၄) ယေရှု မသေခင် ညမှာ လူတစ်ယောက်ကို ပေတရု လက်ရဲဇက်ရဲ ဓားနဲ့ ခုတ်လိုက်တာ နားရွက် ပြတ်သွားတယ်။ (ယော. ၁၈:၁၀) ဒါပေမဲ့ အဲဒီညမှာပဲ သတ္တိကြောင်ပြီး မိတ်ဆွေ ယေရှုကို မသိပါဘူးလို့ သုံးကြိမ် ငြင်းတယ်။ (မာ. ၁၄:၆၆-၇၂) နောက်တော့ ရှိုက်ကြီးတငင် သွားငိုတယ်။ ယူကျုံးမရ ဖြစ်နေတဲ့ ပေတရုကို ယေရှု ပစ်ပစ်ခါခါ မလုပ်ဘူး။ ရှင်ပြန်ထမြောက်လာတော့ မိမိကို ပေတရု ချစ်တုန်းပဲဆိုတာ သက်သေပြဖို့ အခွင့်အရေး ပေးတယ်။ သိုးတွေကို ထိန်းကျောင်းဖို့ တာဝန်ပေးတယ်။ (ယော. ၂၁:၁၅-၁၇) ပေးတဲ့ တာဝန် ထမ်းဆောင်ဖို့ ပေတရု အသင့်ပဲ။ ဒါကြောင့်လည်း ပင်တေကုတ္တေပွဲနေ့မှာ ဂျေရုဆလင်မြို့ ရောက်နေတာ။ သန့်ရှင်းသော စွမ်းအားတော်နဲ့ ဘိသိက်ပေးခံရတဲ့ ပထမဆုံး အုပ်စုမှာ ပါတာ။ w23.09 ၂၂ ¶၆-၇
အင်္ဂါနေ့၊ ဇူလိုင် ၁၅
ကျွန်တော့် သိုးကလေးတွေကို ထိန်းပါ။ —ယော. ၂၁:၁၆။
“ဘုရားသခင့် သိုးတော်စုကို ထိန်းကျောင်းကြပါ” လို့ အကြီးအကဲ အချင်းချင်းကို တမန်တော် ပေတရု အားပေးတယ်။ (၁ ပေ. ၅:၁-၄) အကြီးအကဲတို့၊ ညီအစ်ကို/မတွေကို သင် ချစ်တယ်၊ ထိန်းကျောင်းပေးချင်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ အလုပ်များလွန်းလို့၊ ပင်ပန်းလွန်းလို့ တာဝန် မကျေဘူးလို့ တစ်ခါတလေ ခံစားရနိုင်တယ်။ ဘာလုပ်နိုင်သလဲ။ ကိုယ့်ခံစားချက်ကို ယေဟောဝါဆီ ရင်ဖွင့်ပြောပြပါ။ “သူတစ်ပါးအတွက် အကျိုးဆောင်တဲ့သူကလည်း ဘုရား ပေးတဲ့ ခွန်အားနဲ့ လုပ်ဆောင်ပါစေ” လို့ ပေတရု ပြောတယ်။ (၁ ပေ. ၄:၁၁) ညီအစ်ကို/မတွေ ကြုံနေရတာက ဒီလောကစနစ်မှာ ဘယ်လိုမှ ပြေလည်မှာ မဟုတ်တဲ့ ပြဿနာတွေ ဖြစ်နိုင်တယ်။ သင် ကူညီပေးနိုင်တာထက် “သိုးထိန်းချုပ်” ယေရှုခရစ် ပိုကူညီပေးနိုင်တယ်ဆိုတာ သတိရပါ။ လောလောဆယ်ကော ကမ္ဘာသစ်မှာပါ ကူညီပေးနိုင်တယ်။ ညီအစ်ကို/မတွေကို ချစ်ဖို့၊ ထိန်းကျောင်းဖို့၊ “သိုးတော်စုရှေ့မှာ စံနမူနာ ပြ” ဖို့ပဲ သင့်ကို ယေဟောဝါ တောင်းဆိုတာပါ။ w23.09 ၃၀ ¶၁၃-၁၄
ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၁၆
ပညာရှိတွေရဲ့ အကြံအစည်တွေဟာ အချည်းနှီးပဲ ဆိုတာ ယေဟောဝါ ဘုရားသိတယ်။ —၁ ကော. ၃:၂၀။
လူ့အတွေးအခေါ်တွေကို ရှောင်ရမယ်။ လူ့အတွေးအခေါ် ဝင်လာရင် ကျွန်တော်တို့ ယေဟောဝါဘုရားနဲ့ ဘုရားပညတ်တွေကို လျစ်လျူရှုမိလာနိုင်တယ်။ (၁ ကော. ၃:၁၉၊ ၂၀) လူတွေ ဘုရားစကား နားမထောင်အောင် “လောကရဲ့ ဉာဏ်ပညာ” က ပရိယာယ်ဆင် ထောင်ဖမ်းတတ်တယ်။ ပေရဂံနဲ့ သွာတိရ အသင်းတော်က ခရစ်ယာန်တချို့ဟာ လိင်အကျင့် ယိုယွင်းမှု၊ ရုပ်တု ကိုးကွယ်မှုနဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်က လူတွေ ဩဇာလွှမ်းမိုးတာ ခံနေကြရတယ်။ လိင်အကျင့် ယိုယွင်းမှုကို သည်းခံထားကြလို့ အသင်းတော် နှစ်ခုစလုံးကို ယေရှု ပြင်းပြင်းထန်ထန် ဆုံးမခဲ့ရတယ်။ (ဗျာ. ၂:၁၄၊ ၂၀) ဒီနေ့လည်း အတွေးအခေါ်မှားတွေ လက်ခံဖို့ ကျွန်တော်တို့ ဖိအားပေးခံရနိုင်တယ်။ မိသားစုဝင်တွေ၊ အသိတွေက ကျွန်တော်တို့ပဲ တင်းကျပ်လွန်းနေသယောင် ပြောလာနိုင်တယ်။ ဘုရားပညတ်တွေ ချိုးဖောက်ဖို့ ဖိအားပေးလာနိုင်တယ်။ ကိုယ်ကျင့်တရား စင်ကြယ်နေလို့လည်း ဘာမှ မထူးဘူး၊ ကျမ်းစာမှာ ပါတဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေ ခေတ်နောက်ကျသွားပြီလို့ ပြောလာနိုင်တယ်။ ယေဟောဝါရဲ့ ညွှန်ကြားချက်တွေ မရှင်းဘူးလို့ ကျွန်တော်တို့ တစ်ခါတလေ တွေးမိနိုင်တယ်။ “ကျမ်းစာမှာ ရေးထားတာ” ကိုတောင် ကျော်ချင်လာနိုင်တယ်။—၁ ကော. ၄:၆။ w23.07 ၁၆ ¶၁၀-၁၁
ကြာသပတေးနေ့၊ ဇူလိုင် ၁၇
မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာ ပြတတ်တယ်။ သူဟာ ဒုက္ခရောက်ချိန်မှာ အားကိုးရတဲ့ ညီအစ်ကိုပဲ။—ပညာ. ၁၇:၁၇။
ဘုရားပေး တာဝန် ထမ်းဆောင်ဖို့ ယေရှုရဲ့ မိခင် မာရိ အားအင် လိုတယ်။ သားသမီး ပြုစုပျိုးထောင်ဖူးတဲ့ အတွေ့အကြုံ ရှိတာ မဟုတ်ဘူး။ အခု ကလေးတစ်ယောက် ပျိုးထောင်ရတော့မယ်။ ပျိုးထောင်ရမှာမှ မေရှိယ ဖြစ်လာမယ့်သူ။ အပျိုလေးတန်မဲ့ ကိုယ်ဝန် ရှိနေပါပြီဆိုတာ စေ့စပ်ထားတဲ့ ယောသပ်ကို ဘယ်လို ရှင်းပြမလဲ။ (လု. ၁:၂၆-၃၃) ထူးခြားခက်ခဲတဲ့ ဒီတာဝန် ထမ်းဆောင်ဖို့ လိုတဲ့ အားအင် မာရိ ဘယ်လို ရသလဲ။ တခြားသူတွေကို အကူအညီ တောင်းတယ်။ ဥပမာ၊ တာဝန်နဲ့ပတ်သက်ပြီး ထပ်ဆင့် ရှင်းပြဖို့ ဂါဗြေလကို တောင်းဆိုတယ်။ (လု. ၁:၃၄) သိပ်မကြာဘူး၊ ယုဒပြည် “တောင်တန်းဒေသ” က ဆွေမျိုး ဧလိရှဗက်ဆီ သွားလည်တယ်။ ဧလိရှဗက်ဆီက ချီးမွမ်းစကား ကြားရတယ်။ မွေးမလာသေးတဲ့ သားလေးအကြောင်း အားရှိစရာ ပရောဖက်ပြုချက်ကို စွမ်းအားတော် စေ့ဆော်မှုနဲ့ ပြောပြတာ ကြားရတယ်။ (လု. ၁:၃၉-၄၅) ယေဟောဝါ “လက်ရုံးတော်နဲ့ တန်ခိုးပြတယ်” လို့ ခံစားရတယ်။ (လု. ၁:၄၆-၅၁) ဂါဗြေလနဲ့ ဧလိရှဗက်ကတစ်ဆင့် မာရိကို ယေဟောဝါ အားရှိစေတယ်။ w23.10 ၁၄-၁၅ ¶၁၀-၁၂
သောကြာနေ့၊ ဇူလိုင် ၁၈
ကျွန်တော်တို့ကို ဘုရင်တွေ၊ အဖဘုရားသခင်ရဲ့ ပုရောဟိတ်တွေ ဖြစ်စေ [တယ်။]—ဗျာ. ၁:၆။
အရေအတွက် ၁၄၄,၀၀၀ ကန့်သတ်ထားတဲ့ ခရစ်တော်နောက်လိုက်တွေဟာ စွမ်းအားတော်နဲ့ ဘိသိက်ပေးခံရပြီး ယေဟောဝါနဲ့ အထူးဆက်ဆံရေး ရှိလာကြတယ်။ ယေရှုနဲ့အတူ ကောင်းကင်မှာ ပုရောဟိတ်တွေအဖြစ် အမှုဆောင်ကြရမယ်။ (ဗျာ. ၁၄:၁) မြေကြီးပေါ်မှာ ရှိနေဆဲ ဖြစ်ပေမဲ့ ဘုရားသားတွေအဖြစ် မွေးစားခံရတဲ့ အခြေအနေကို တဲတော်ရဲ့ သန့်ရှင်းရာအခန်းက ကိုယ်စားပြုတယ်။ (ရော. ၈:၁၅-၁၇) ယေဟောဝါ စံမြန်းတဲ့ ကောင်းကင်ကို အသန့်ရှင်းဆုံးအခန်းက ကိုယ်စားပြုတယ်။ သန့်ရှင်းရာအခန်းနဲ့ အသန့်ရှင်းဆုံးအခန်းကို “ကန့်လန့်ကာ” ကာထားသလိုပဲ ကောင်းကင် သွားလို့ မရအောင် ယေရှုရဲ့ သွေးသား ကိုယ်ခန္ဓာက ကာဆီးထားတယ်။ လူတွေအတွက် ပူဇော်သက္ကာအဖြစ် သွေးသား ကိုယ်ခန္ဓာ စွန့်လိုက်တော့မှပဲ ပုံဆောင် ဗိမာန်တော်ရဲ့ မဟာပုရောဟိတ်မင်းအဖြစ် ကောင်းကင် သွားလို့ ရသွားတယ်။ ဘိသိက်ခံ ခရစ်ယာန်အားလုံး ကောင်းကင် တက်ဖို့ လမ်းပွင့်သွားတယ်။ ဘိသိက်ခံတွေလည်း ကောင်းကင် ဆုကျေးဇူး ရဖို့ သွေးသား ကိုယ်ခန္ဓာ စွန့်ရမယ်။—ဟီ. ၁၀:၁၉၊ ၂၀။ ၁ ကော. ၁၅:၅၀။ w23.10 ၂၈ ¶၁၃
စနေနေ့၊ ဇူလိုင် ၁၉
ဂိဒေါင် . . . အကြောင်းသာ ဆက်ပြောနေရရင် အချိန်လောက်မှာ မဟုတ်တော့ဘူး။—ဟီ. ၁၁:၃၂။
ဧဖရိမ် အမျိုးသားတွေ ပြစ်တင်ဝေဖန်လာချိန်မှာ ဂိဒေါင် အေးအေးဆေးဆေး တုံ့ပြန်တယ်။ (သူကြီး. ၈:၁-၃) ဒေါသနဲ့ မတုံ့ပြန်ဘူး။ သူတို့ ပြောတာ နားထောင်ပေးတယ်။ စိတ်ပြေမယ့် စကားမျိုး ပြောတယ်။ ဒီနည်းနဲ့ နှိမ့်ချမှု ရှိကြောင်း ပြတယ်။ အကြီးအကဲတွေလည်း ပြစ်တင်ဝေဖန်ခံရတဲ့အခါ တစ်ဖက်က ပြောတာကို ဂရုတစိုက် နားထောင်ခြင်း၊ နူးနူးညံ့ညံ့ တုံ့ပြန်ခြင်းအားဖြင့် ဂိဒေါင်ကို အတုယူကြတယ်။ (ယာ. ၃:၁၃) ဒီလိုနည်းနဲ့ အသင်းတော်မှာ ငြိမ်သက်မှု တိုးပွားစေကြတယ်။ မိဒျန်လူတွေကို အနိုင်ရလို့ လူတွေ ဝိုင်းမြှောက်စားတဲ့အခါ ယေဟောဝါကိုပဲ ဂိဒေါင် ဂုဏ်တင်တယ်။ (သူကြီး. ၈:၂၂၊ ၂၃) ဂိဒေါင်ကို အကြီးအကဲတွေ ဘယ်လို အတုယူနိုင်သလဲ။ ကိုယ့်ပြီးမြောက်အောင်မြင်မှုတွေအတွက် ယေဟောဝါကို ဂုဏ်တင်ခြင်းအားဖြင့်ပါ။ (၁ ကော. ၄:၆၊ ၇) ဥပမာ၊ ကိုယ့်သွန်သင်ပုံကြောင့် ချီးမွမ်းခံရတဲ့အခါ ‘ကျမ်းစာမှာ ပါတဲ့အတိုင်းပဲ ပြောတာပါ။ ယေဟောဝါရဲ့ အဖွဲ့အစည်း လေ့ကျင့်ပေးလို့ပါ’ စသဖြင့် ပြောနိုင်တယ်။ ဒါ့အပြင် ‘ယေဟောဝါကို ဂုဏ်တင်ရာ မရောက်ဘဲ ငါ ဂုဏ်တက်မယ့် နည်းနဲ့ သွန်သင်နေသလား’ လို့ မကြာခဏ ဆန်းစစ်နိုင်တယ်။ w23.06 ၄ ¶၇-၈
တနင်္ဂနွေနေ့၊ ဇူလိုင် ၂၀
ငါ့အကြံအစည်ဟာ မင်းတို့ရဲ့ အကြံအစည်နဲ့ မတူဘူး။—ဟေရှာ. ၅၅:၈။
ဆုတောင်းထားတာ အဖြေ မရဘူးဆိုရင် ‘တောင်းသင့်တာ တောင်းနေတာ ဟုတ်ရဲ့လား’ လို့ စဉ်းစားကြည့်ပါ။ ကိုယ့်အတွက် ဘာအကောင်းဆုံးလဲ ကိုယ် သိတယ်လို့ ထင်တတ်ကြတယ်။ ဒါပေမဲ့ ကိုယ် တောင်းထားတာက ရေရှည် အကျိုးမရှိတာမျိုး ဖြစ်နေနိုင်တယ်။ ပြဿနာတစ်ခုနဲ့ပတ်သက်ပြီး ဆုတောင်းတာဆိုရင် ကိုယ် တောင်းထားတဲ့ ဖြေရှင်းနည်းထက် ပိုကောင်းတဲ့ ဖြေရှင်းနည်း ရှိနေနိုင်တယ်။ တစ်ခါတလေ ကိုယ် တောင်းတာတွေက ယေဟောဝါရဲ့ အလိုတော်နဲ့ မညီတာ ဖြစ်နေနိုင်တယ်။ (၁ ယော. ၅:၁၄) ဥပမာ၊ သားသမီး အမှန်တရားမှာ ဆက်ရှိနေဖို့ မိဘတွေ ဆုတောင်းတယ်။ ဒီလိုတောင်းတာ သင့်တော်ပုံ ပေါက်နိုင်တယ်။ ဒါပေမဲ့ မိမိကို ဝတ်ပြုဖို့ ဘယ်သူ့ကိုမှ ယေဟောဝါ ဖိအားမပေးဘူး။ သားသမီးတွေ အပါအဝင် ကျွန်တော်တို့အားလုံး ကိုယ့်စိတ်နဲ့ကိုယ် ရွေးချယ်ပြီး ဝတ်ပြုတာကို လိုချင်တာ။ (တရား. ၁၀:၁၂၊ ၁၃။ ၃၀:၁၉၊ ၂၀) ဒီတော့ မိဘတွေ ဘယ်လို ပြောင်းပြီး ဆုတောင်းနိုင်သလဲ။ ဘုရားကို သားသမီး ချစ်လာအောင်၊ ဘုရားနဲ့ ရင်းနှီးလာအောင် ထိထိမိမိ သွန်သင်ဆုံးမနိုင်ဖို့ ကူညီပေးပါဆိုပြီး တောင်းနိုင်တယ်။—ပညာ. ၂၂:၆။ ဧ. ၆:၄။ w23.11 ၂၁ ¶၅။ ၂၃ ¶၁၂
တနင်္လာနေ့၊ ဇူလိုင် ၂၁
အချင်းချင်း နှစ်သိမ့်ပေးကြပါ။ —၁ သက်. ၄:၁၈။
နှစ်သိမ့်ပေးတာ ဘာကြောင့် ချစ်ကြောင်း ပြတဲ့ အရေးကြီး နည်းတစ်နည်း ဖြစ်သလဲ။ အကိုးအကားစာအုပ် တစ်အုပ်အရ ပေါလု သုံးတဲ့ “နှစ်သိမ့်” ဆိုတဲ့ စကားလုံးဟာ “သောကရောက်နေသူ ဘေးမှာ ရပ်ပြီး အားပေးတယ်” လို့ အဓိပ္ပာယ် ရတယ်။ ဒါကြောင့် သောကရောက်နေတဲ့ ညီအစ်ကို/မကို နှစ်သိမ့်ပေးတာဟာ အသက်လမ်းမှာ ဆက်လျှောက်နိုင်အောင် ထူမပေး၊ ဖေးမပေးတာမို့ ချစ်ရာ ရောက်တယ်။ (၂ ကော. ၇:၆၊ ၇၊ ၁၃) ကရုဏာ ထားတာနဲ့ နှစ်သိမ့်ပေးတာ ဆက်စပ်နေတယ်။ ကရုဏာ ရှိသူဟာ တခြားသူတွေကို နှစ်သိမ့်ပေးချင်တယ်။ ဒုက္ခ လျော့အောင် လုပ်ပေးချင်တယ်။ လူတွေကို ယေဟောဝါ ကရုဏာ ရှိလို့ နှစ်သိမ့်ပေးတာ ဖြစ်ကြောင်း ပေါလု ရှင်းပြတယ်။ ယေဟောဝါကို “ကရုဏာကြီးတဲ့ အဖ၊ နှစ်သိမ့်ခြင်းအမျိုးမျိုးရဲ့ အရှင်” လို့ ခေါ်ထားတယ်။—၂ ကော. ၁:၃။ w23.11 ၉-၁၀ ¶၈-၁၀
အင်္ဂါနေ့၊ ဇူလိုင် ၂၂
ဆင်းရဲဒုက္ခ ရောက်နေချိန်မှာလည်း ရွှင်လန်း နေကြစို့။—ရော. ၅:၃။
ဆင်းရဲဒုက္ခ ကြုံရမှာကို ခရစ်တော် နောက်လိုက်အားလုံး မျှော်လင့်ထားနိုင်တယ်။ တမန်တော် ပေါလုအကြောင်း စဉ်းစားကြည့်ပါ။ “ဆင်းရဲဒုက္ခ ကြုံရမယ့်အကြောင်း ခင်ဗျားတို့နဲ့အတူ ရှိတုန်းက ကျွန်တော်တို့ ကြိုတင် ပြောခဲ့တယ်။ အခု အဲဒီအတိုင်း ဖြစ်ပျက်လာတာ ခင်ဗျားတို့ အသိပဲ” လို့ သက်သာလောနိတ် အသင်းတော်ကို ပြောတယ်။ (၁ သက်. ၃:၄) ဒါ့အပြင် “ကျွန်တော်တို့ ကြုံခဲ့ရတဲ့ ဆင်းရဲဒုက္ခအကြောင်း ခင်ဗျားတို့ကို မသိဘဲ မနေစေချင်ဘူး။ . . . အသက်ရှင်ဖို့ မျှော်လင့်ချက်တောင် မရှိသလောက်ပဲ” လို့ ကောရိန္သု အသင်းတော်ကို ပြောတယ်။ (၂ ကော. ၁:၈။ ၁၁:၂၃-၂၇) ဒီနေ့ခေတ် ခရစ်ယာန်တွေလည်း ဆင်းရဲဒုက္ခ တစ်မျိုးမဟုတ် တစ်မျိုး ကြုံရမှာကို မျှော်လင့်ထားနိုင်တယ်။ (၂ တိ. ၃:၁၂) ယေရှုကို ယုံလို့၊ ယေရှုနောက် လိုက်လို့ မိတ်ဆွေ၊ ဆွေမျိုးတွေ ရန်လုပ်တာ သင် ခံရသလား။ အရာရာမှာ ရိုးရိုးသားသား ကျင့်ကြံပြုမူလို့ အလုပ်မှာ အခက်တွေ့သလား။ (ဟီ. ၁၃:၁၈) မျှော်လင့်ချက်အကြောင်း တခြားသူတွေကို ပြောပြလို့ အစိုးရရဲ့ ဆန့်ကျင်မှု ကြုံရသလား။ ဘာဒုက္ခပဲ ကြုံကြုံ ရွှင်လန်းနေသင့်တယ်လို့ ပေါလု ပြောတယ်။ w23.12 ၁၀-၁၁ ¶၉-၁၀
ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၂၃
မင်းတို့ကြောင့် ငါ အကြီးအကျယ် ဒုက္ခရောက်ပြီ။—က. ၃၄:၃၀။
ပြဿနာ အများကြီး ယာကုပ် ကြုံရတယ်။ သား ရှိမောင်နဲ့ လေဝိရဲ့ လုပ်ရပ်ကြောင့် မိသားစုနာမည် ပျက်ရတယ်။ ယေဟောဝါနာမ ထိခိုက်တယ်။ ဒါ့အပြင် ချစ်ဇနီး ရာခေလ ဒုတိယသား မွေးရင်း မီးတွင်းထဲမှာ ဆုံးသွားတယ်။ တိုင်းပြည်မှာ အငတ်ဘေး ဆိုက်လို့ အသက်ကြီးခါမှ ယာကုပ် အီဂျစ်ပြည်ကို ပြောင်းရွှေ့ရတယ်။ (က. ၃၅:၁၆-၁၉။ ၃၇:၂၈။ ၄၅:၉-၁၁၊ ၂၈) အခက်အခဲတွေ ယာကုပ် ကြုံရပေမဲ့ ယေဟောဝါအပေါ်၊ ဘုရားကတိတွေအပေါ် တစ်ခါမှ အယုံအကြည် မပျက်ခဲ့ဘူး။ ယေဟောဝါလည်း ယာကုပ်ကို မျက်နှာသာ ပြတယ်။ ယာကုပ် ကြီးပွားလာအောင် ကောင်းချီးပေးတယ်။ သေပြီလို့ ထင်တဲ့ သားယောသပ်နဲ့ ပြန်ဆုံတွေ့ရတဲ့အခါ ယေဟောဝါကို ယာကုပ် သိပ်ကျေးဇူးတင်နေမှာပဲ။ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခြင်းက အခက်အခဲတွေကို အောင်အောင်မြင်မြင် ခံရပ်နိုင်ဖို့ ယာကုပ်ကို ကူညီပေးတယ်။ (က. ၃၀:၄၃။ ၃၂:၉၊ ၁၀။ ၄၆:၂၈-၃၀) ကျွန်တော်တို့လည်း ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိမယ်ဆိုရင် မျှော်လင့်မထားတဲ့ အခက်အခဲတွေ ကြုံတဲ့အခါ အောင်အောင်မြင်မြင် ရင်ဆိုင်နိုင်မယ်။ w23.04 ၁၅ ¶၆-၇
ကြာသပတေးနေ့၊ ဇူလိုင် ၂၄
ယေဟောဝါဟာ ငါ့သိုးထိန်းပါ။ လိုလေသေးမရှိ ငါ ပြည့်စုံနေတာ။—ဆာ. ၂၃:၁။
ကိုယ့်ကို ယေဟောဝါ ချစ်တယ်ဆိုတာ ယုံကြည်စိတ်ချကြောင်း ဆာလံ ၂၃ မှာ ဒါဝိဒ် သီချင်း စပ်ဆိုထားတယ်။ သိုးထိန်း ယေဟောဝါနဲ့ မိမိရဲ့ ခိုင်မြဲတဲ့ နှောင်ကြိုးအကြောင်း စပ်ဆိုထားတာ။ ယေဟောဝါ ဦးဆောင်ခေါ်သွားရာနောက် လိုက်တဲ့အတွက်၊ အကြွင်းမဲ့ အားကိုးတဲ့အတွက် လုံခြုံတယ်လို့ ခံစားရတယ်။ ဘုရားမေတ္တာ တစ်သက်လုံး ခံစားရမယ်ဆိုတာ စိတ်ချတယ်။ ဘာကြောင့် အဲဒီလောက် စိတ်ချသလဲ။ လိုလေသေးမရှိ ပြည့်စုံတယ်လို့ ဒါဝိဒ် ခံစားရတယ်။ လိုသမျှ ဘုရား အမြဲ ဖြည့်ဆည်းပေးလို့၊ ဘုရားနဲ့ ရင်းနှီးနေလို့၊ ဘုရားမျက်နှာသာ ရထားလို့ပဲ။ ဒါကြောင့်လည်း ရှေ့မှာ ဘာပဲ ကြုံကြုံ လိုသမျှ ယေဟောဝါ ဆက်ဖြည့်ဆည်းပေးမယ်ဆိုတာ စိတ်ချနေတာ။ အဲဒီလို စိတ်ချလွန်းလို့ စိုးရိမ်စိတ်တွေ ပျောက်သွားတယ်။ ပျော်ရွှင်ကျေနပ်နေတယ်။—ဆာ. ၁၆:၁၁။ w24.01 ၂၈-၂၉ ¶၁၂-၁၃
သောကြာနေ့၊ ဇူလိုင် ၂၅
လောကစနစ် နိဂုံးပိုင်းအထိ ခင်ဗျားတို့နဲ့အတူ ကျွန်တော် အမြဲ ရှိနေမယ်။—မ. ၂၈:၂၀။
ဒုတိယကမ္ဘာစစ် ပြီးနောက် နိုင်ငံဒေသ တော်တော်များများမှာ ဘုရားလူမျိုး လွတ်လွတ်လပ်လပ် ဟောပြောနိုင်လာတယ်။ လူများစွာ ယေဟောဝါအကြောင်း သိလာကြတယ်။ ဒီနေ့အချိန်မှာ ခရစ်တော်ရဲ့ လမ်းညွှန်မှုကို အုပ်ချုပ်ရေးအဖွဲ့ ဆက်မှီခိုတယ်။ ယေဟောဝါနဲ့ ခရစ်တော် ဘာလမ်းညွှန်သလဲ သိအောင် လုပ်တယ်။ အဲဒီနောက် တိုက်နယ်ကြီးကြပ်မှူးတွေ၊ အကြီးအကဲတွေကတစ်ဆင့် အသင်းတော်ကို လမ်းညွှန်တယ်။ ဘိသိက်ခံ အကြီးအကဲတွေကော တခြားအကြီးအကဲအားလုံးပါ ခရစ်တော်ရဲ့ “ညာလက်မှာ” ရှိနေတယ်။ (ဗျာ. ၂:၁) အကြီးအကဲတွေ မစုံလင်လို့ အမှား လုပ်မိနိုင်တယ်။ မောရှေ၊ ယောရှု၊ တမန်တော်တွေလည်း အမှား လုပ်မိကြတယ်။ (တော. ၂၀:၁၂။ ယောရှု ၉:၁၄၊ ၁၅။ ရော. ၃:၂၃) ဒါပေမဲ့ သစ္စာရှိကျွန်၊ ခန့်အပ်ခံ အကြီးအကဲတွေကို ခရစ်တော် အနီးကပ် လမ်းညွှန်ပေးနေတယ်။ ဆက်လမ်းညွှန်ပေးဦးမယ်။ ဦးဆောင်သူတွေကတစ်ဆင့် ပေးတဲ့ ခရစ်တော်ရဲ့ လမ်းညွှန်မှုကို စိတ်ချသင့်တယ် မဟုတ်လား။ w24.02 ၂၃-၂၄ ¶၁၃-၁၄
စနေနေ့၊ ဇူလိုင် ၂၆
ခင်ဗျားတို့ဟာ ဘုရားသခင် ချစ်ရတဲ့ သားသမီးတွေ ဖြစ်နေတဲ့အတွက် ဘုရားသခင်ကို အတုယူကြပါ။—ဧ. ၅:၁။
ယေဟောဝါကို ကျွန်တော်တို့ စိတ်ရွှင်လန်းစေနိုင်တယ်။ ယေဟောဝါကို ချစ်ကြောင်း၊ ကျေးဇူးတင်ကြောင်း ထင်ဟပ်တဲ့နည်းနဲ့ ပြောဆိုခြင်းအားဖြင့်ပါ။ အမှုဆောင်တဲ့အခါ ကျွန်တော်တို့ရဲ့ အဓိက ပန်းတိုင်ဟာ ချစ်ဖခင် ယေဟောဝါကို လူတွေ ရင်းနှီးချင်လာအောင်၊ ကျွန်တော်တို့ မြင်သလို မြင်လာအောင် ကူညီပေးဖို့ ဖြစ်တယ်။ (ယာ. ၄:၈) ဒါကြောင့် ယေဟောဝါရဲ့ မေတ္တာ၊ တရားမျှတမှု၊ ဉာဏ်ပညာ၊ တန်ခိုး၊ တခြားအရည်အသွေးတွေအကြောင်း ကျမ်းစာ ဘယ်လို ဖော်ပြထားသလဲ ဝမ်းသာအားရ ပြောပြကြတယ်။ ယေဟောဝါကို ချီးမွမ်းချင်လို့၊ စိတ်ရွှင်လန်းစေချင်လို့ အတတ်နိုင်ဆုံး အတုယူကြတယ်။ လောက,က လူတွေနဲ့ ကွဲထွက်နေလို့ လူတွေ သတိထားမိလာနိုင်တယ်။ အကြောင်းရင်း သိချင်လာနိုင်တယ်။ (မ. ၅:၁၄-၁၆) နေ့စဉ် အသက်တာမှာ လှုပ်ရှားသွားလာရင်း အခွင့်အရေး ရရင် ရသလို အကြောင်းရင်း ရှင်းပြနိုင်တယ်။ ရလဒ်အနေနဲ့ စိတ်ရင်းမှန်သူတွေ ဘုရားနဲ့ ရင်းနှီးချင်လာကြတယ်။ ဒီနည်းတွေနဲ့ ချီးမွမ်းတဲ့အခါ ယေဟောဝါ စိတ်ရွှင်လန်းတယ်။—၁ တိ. ၂:၃၊ ၄။ w24.02 ၁၀ ¶၇
တနင်္ဂနွေနေ့၊ ဇူလိုင် ၂၇
သူဟာ . . . အားပေးနိုင်ရုံမက . . . ပဲ့ပြင်နိုင် လိမ့်မယ်။—တိ. ၁:၉။
ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်လာဖို့ လက်တွေ့ အသုံးချပညာ တတ်ထားရမယ်။ လက်တွေ့ အသုံးချပညာ တတ်ထားရင် အသင်းတော် တာဝန်တွေ ယူနိုင်မယ်။ ကိုယ့်ဝမ်းကိုယ် ကျောင်းနိုင်မယ်။ မိသားစုကို ရှာကျွေးနိုင်မယ်။ တခြားသူတွေနဲ့ ပြေပြေပြစ်ပြစ် ဆက်ဆံတတ်မယ်။ ဥပမာ၊ ကောင်းကောင်း ရေးတတ်၊ ဖတ်တတ်အောင် သင်ပါ။ ပျော်ရွှင်အောင်မြင်သူဟာ နေ့တိုင်း ကျမ်းစာ ဖတ်ရွတ်ဆင်ခြင်တယ်လို့ ကျမ်းစာမှာ ဆိုတယ်။ (ဆာ. ၁:၁-၃) နေ့တိုင်း ကျမ်းစာ ဖတ်ရင် ယေဟောဝါရဲ့ စဉ်းစားတွေးခေါ်ပုံ သိလာလို့ ကောင်းကောင်း ချင့်ချိန်သုံးသပ်တတ်လာမယ်။ (ပညာ. ၁:၃၊ ၄) ကျမ်းစာကို အခြေခံပြီး သွန်သင်၊ အကြံပေးနိုင်တဲ့ ညီအစ်ကိုတွေကို ညီအစ်ကို/မတွေ အားကိုးကြတယ်။ ကောင်းကောင်း ရေးတတ်၊ ဖတ်တတ်ရင် မှတ်သားထိုက်တဲ့၊ ယုံကြည်ခြင်း ခိုင်ခံ့စေတဲ့ ဟောပြောချက်တွေ၊ မှတ်ချက်တွေ ပြင်ဆင်နိုင်မယ်။ ကိုယ့်ယုံကြည်ခြင်း ခိုင်ခံ့အောင် လုပ်ဖို့၊ တခြားသူတွေကို အားပေးဖို့ အထောက်အကူ ပြုတဲ့ မှတ်စုတွေ ယူနိုင်မယ်။ w23.12 ၂၆-၂၇ ¶၉-၁၁
တနင်္လာနေ့၊ ဇူလိုင် ၂၈
ခင်ဗျားတို့နဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေတဲ့ ဘုရားသခင်ဟာ လောကနဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေတဲ့ မာရ်နတ်ထက် တန်ခိုးကြီးတယ်။—၁ ယော. ၄:၄။
ကြောက်စိတ် ဝင်လာပြီဆိုရင် အနာဂတ်မှာ ယေဟောဝါ လုပ်ပေးမှာတွေကို တွေးလိုက်ပါ။ စာတန် မရှိတော့မယ့်အချိန်အကြောင်း စဉ်းစားကြည့်ပါ။ အနာဂတ်အကြောင်း ဘယ်လို တွေးကြည့်နိုင်တယ်ဆိုတာ ၂၀၁၄ ခုနှစ် ခရိုင်အစည်းအဝေး သရုပ်ပြ တင်ဆက်မှုတစ်ခုမှာ ပါတယ်။ ၂ တိမောသေ ၃:၁-၅ သာ ပရဒိသုအကြောင်း ကြိုဟောထားတာဆိုရင် အခု ကျမ်းစာမှာ ဖတ်ရတာနဲ့ ဘယ်လို ကွာသွားမလဲဆိုပြီး တင်ဆက်မှုမှာ ပါတဲ့ မိသားစုလို တွေးနိုင်တယ်။ “ကမ္ဘာသစ် အသက်တာဟာ အလွန် ပျော်စရာကောင်းမယ်ဆိုတာ သိထားပါ။ ဘာလို့လဲဆိုတော့ လူတွေဟာ တခြားသူတွေကို ချစ်တဲ့သူ၊ ဘုရားရေးရာကို တန်ဖိုးထားသူ၊ ကျိုးနွံသူ၊ နှိမ့်ချသူ၊ ဘုရားကို ချီးမွမ်းသူ၊ မိဘကို နာခံသူ၊ ကျေးဇူးသိတတ်သူ၊ သစ္စာရှိသူ၊ မိသားစုကို ချစ်ခင်တွယ်တာသူ၊ ညှိနှိုင်းရလွယ်သူ၊ တခြားသူအကြောင်း အကောင်းချည်း ပြောတတ်သူ၊ ချုပ်တည်းသူ၊ နူးညံ့သူ၊ ကောင်းမြတ်ရာကို နှစ်သက်သူ၊ ယုံကြည်စိတ်ချထိုက်သူ၊ အလျှော့ပေးလိုက်လျောတတ်သူ၊ အောက်ကျို့တတ်သူ၊ အပျော်အပါးကို မနှစ်သက်ဘဲ ဘုရားသခင်ကို ချစ်သူ၊ ဘုရားတရား ကြည်ညိုသူ ဖြစ်ကြလိမ့်မယ်။ အဲဒီလူတွေနဲ့ ရင်းရင်းနှီးနှီး ပေါင်းပါ” လို့ ဖတ်ရမှာ။ ကမ္ဘာသစ် အသက်တာအကြောင်း မိသားစုဝင်တွေ၊ ညီအစ်ကို/မတွေနဲ့ သင် ပြောဖြစ်သလား။ w24.01 ၆ ¶၁၃-၁၄
အင်္ဂါနေ့၊ ဇူလိုင် ၂၉
မင်းဟာ ငါ မြတ်နိုးတဲ့ ငါ့ရဲ့ ချစ်သားပဲ။ —လု. ၃:၂၂။
“ယေဟောဝါက မိမိရဲ့ လူတွေကို နှစ်သက်တယ်” လို့ ကျမ်းစာမှာ ဆိုတယ်။ (ဆာ. ၁၄၉:၄) မိမိရဲ့ လူတွေကို အုပ်စုလိုက်အနေနဲ့ ယေဟောဝါ နှစ်သက်မြတ်နိုးကြောင်း သိရတာ စိတ်ချမ်းသာစရာပါပဲ။ ဒါပေမဲ့ ‘တစ်ယောက်ချင်းစီအနေနဲ့ဆိုရင်ကော ငါ့ကို နှစ်သက်မြတ်နိုးရဲ့လား’ လို့ တွေးပြီး တချို့ စိတ်ဓာတ်ကျမိနိုင်တယ်။ ကျမ်းစာမှာ ပါတဲ့ သစ္စာရှိ ဘုရားကျေးကျွန်များစွာ အဲဒီလို တွေးပြီး စိတ်ဓာတ်ကျတဲ့အချိန်တွေ ရှိတယ်။ (၁ ရှ. ၁:၆-၁၀။ ယောဘ ၂၉:၂၊ ၄။ ဆာ. ၅၁:၁၁) မစုံလင်သူတွေ ယေဟောဝါရဲ့ နှစ်သက်မှု ရနိုင်တယ်လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။ နှစ်သက်မှု ရဖို့ ဘာလုပ်ရမလဲ။ ယေရှုခရစ်ကို ယုံကြည်သက်ဝင်ပြီး နှစ်ခြင်းခံရမယ်။ (ယော. ၃:၁၆) ဒါက အပြစ်တွေအတွက် နောင်တယူပြီးကြောင်း၊ အလိုတော် ဆောင်ဖို့ ဘုရားကို ကတိပေးပြီးကြောင်း လူအများရှေ့ ဖော်ပြတာပဲ။ (တ. ၂:၃၈။ ၃:၁၉) မိမိနဲ့ ခင်မင်ရင်းနှီးချင်ကြောင်း ဒီနည်းတွေနဲ့ ပြတဲ့အခါ ယေဟောဝါ ဝမ်းသာတယ်။ ဆက်ကပ်အပ်နှံခြင်းကတိ တည်ဖို့ အတတ်နိုင်ဆုံး ကြိုးစားနေသရွေ့ နှစ်သက်မြတ်နိုးတယ်။ မိတ်ဆွေလို့ သတ်မှတ်တယ်။—ဆာ. ၂၅:၁၄။ w24.03 ၂၆ ¶၁-၂
ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၃၀
ကျွန်တော်တို့ကတော့ ကြားခဲ့မြင်ခဲ့တာတွေကို မဟောဘဲ မနေနိုင်ပါဘူး။—တ. ၄:၂၀။
မဟောပြောဖို့ အာဏာပိုင်တွေ ပြောလာရင်တောင် ဆက်ဟောပြောခြင်းအားဖြင့် ပထမရာစု တပည့်တွေကို ကျွန်တော်တို့ အတုယူနိုင်တယ်။ ကျွန်တော်တို့ကို အမှုဆောင်မှာ အောင်မြင်ဖို့ ယေဟောဝါ ကူညီပေးမယ်ဆိုတာ စိတ်ချနိုင်တယ်။ ဘုရားဆီ ရဲစွမ်းသတ္တိနဲ့ ဉာဏ်ပညာ တောင်းပါ။ အခက်အခဲတွေကို ခံရပ်နိုင်ဖို့လည်း အကူအညီ တောင်းပါ။ ကျွန်တော်တို့ အများစုဟာ စိတ်ပန်း၊ လူပန်း ဖြစ်နေကြတယ်။ ချစ်ရသူ သေဆုံးသွားတာ၊ မိသားစုမှာ အခက်အခဲ ကြုံရတာ၊ နှိပ်စက်ညှဉ်းပန်းခံရတာ ဖြစ်နိုင်တယ်။ ဒီကြားထဲ ကပ်ရောဂါတွေ၊ စစ်ပွဲတွေကြောင့် တစ်ပူပေါ် နှစ်ပူဆင့်ရတယ်။ သိပ်ခင်တဲ့ မိတ်ဆွေတစ်ယောက်ကို ပြောပြသလိုမျိုး ကိုယ့်အခြေအနေ၊ ခံစားချက်ကို ယေဟောဝါဆီ ရင်ဖွင့်ပြောပြပါ။ သင့်အကျိုးအတွက် ယေဟောဝါ လုပ်ဆောင်ပေးမယ်ဆိုတာ စိတ်ချပါ။ (ဆာ. ၃၇:၃၊ ၅) ဇွဲမလျှော့တမ်း ဆုတောင်းတာက “ဒုက္ခရောက်တဲ့အခါ ခံနိုင်ရည် ရှိ” စေတယ်။ (ရော. ၁၂:၁၂) ဝတ်ပြုသူတွေ ဘာကြုံနေရတယ်ဆိုတာ ယေဟောဝါ သိတယ်။ “သူတို့ အော်ဟစ် အကူအညီ တောင်း” တာ ကြားတယ်။—ဆာ. ၁၄၅:၁၈၊ ၁၉။ w23.05 ၅-၆ ¶၁၂-၁၅
ကြာသပတေးနေ့၊ ဇူလိုင် ၃၁
ဘုရားသခင် လက်ခံတဲ့အရာကို သိနိုင်ဖို့ အမြဲ ဆန်းစစ်ကြပါ။—ဧ. ၅:၁၀။
အရေးကြီးတဲ့ ဆုံးဖြတ်ချက် ချဖို့ လိုတဲ့အခါ “ယေဟောဝါရဲ့ အလိုတော်ကို သိနားလည်အောင်” ကြိုးစားရမယ်။ အလိုတော်နဲ့အညီ ကျင့်ကြံပြုမူရမယ်။ (ဧ. ၅:၁၇) ကိုယ့်အခြေအနေနဲ့ သက်ဆိုင်တဲ့ ကျမ်းစာမူတွေ ရှာတာဟာ ဘုရားအတွေးအခေါ်ကို သိနားလည်ဖို့ ကြိုးစားတာပဲ။ ဘုရားအတွေးအခေါ်ကို အခြေခံရင် ဆုံးဖြတ်ချက်ကောင်း ချနိုင်မယ်။ “ဆိုးညစ်သူ” ရန်သူ စာတန်က ကျွန်တော်တို့ ဘုရားအမှုဆောင်ဖို့ အချိန်မရှိတော့တဲ့အထိ လောကမှာ အလုပ်များနေစေချင်တယ်။ (၁ ယော. ၅:၁၉) အမှုဆောင် အခွင့်အရေးတွေနောက် မဟုတ်ဘဲ ငွေ၊ ပညာရေး၊ အလုပ်အကိုင်နောက် လိုက်မိဖို့ သိပ်လွယ်တယ်။ လိုက်နေပြီဆိုရင် လောကအတွေးအခေါ် ဝင်နေပြီဆိုတဲ့ အဓိပ္ပာယ်ပဲ။ အဲဒီအရာတွေဟာ မမှားပေမဲ့ ဘဝမှာ နံပါတ်တစ် ဖြစ်မနေသင့်ဘူး။ w24.03 ၂၄ ¶၁၆-၁၇