ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၇/၁၅ စာ. ၂၁-၂၆
  • ချစ်ခင်ကြင်နာမှုကို အမြဲမီအောင်လိုက်လေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ချစ်ခင်ကြင်နာမှုကို အမြဲမီအောင်လိုက်လေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကြင်နာမှုသည် ကျွန်ုပ်တို့အားအတ္တမရှိစေဘဲ ပျူငှာစေ
  • ကြင်နာမှုသည် ကျွန်ုပ်တို့အားစာနာစေ
  • ကြင်နာမှုသည် နှောင်ကြိုးများကို ခိုင်မြဲစေ
  • အမျိုးသမီးများ ကြင်နာမှုပြကြသောအခါ
  • ချစ်ခင်ကြင်နာမှုကို အမြဲမီအောင်လိုက်လေ
  • လိုအပ်နေသူများကို ချစ်ခင်ကြင်နာမှုတင်ပြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ချစ်ခင်ကြင်နာမှုဖြင့် အမြဲပြောဆိုပါလေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ယေဟောဝါ၏ချစ်ခင်ကြင်နာမှုမှ အကျိုးခံစားရခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ကြင်နာမှုပြခြင်းဖြင့် ယေဟောဝါအားပျော်ရွှင်စေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၇/၁၅ စာ. ၂၁-၂၆

ချစ်ခင်ကြင်နာမှုကို အမြဲမီအောင်လိုက်လေ

“ဖြောင့်မတ်ခြင်းတရားနှင့်ကရုဏာတရား [ချစ်ခင်ကြင်နာမှု၊ NW] ကိုရှာသောသူသည် အသက်ရှင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဂုဏ်အသရေထင်ရှားခြင်းကိုတွေ့တတ်၏။”—သု၊ ၂၁: ၂၁။

၁။ ဘုရားသခင့်ဝိညာဉ်တော်၏လမ်းပြမှုခံယူသူများ ကြင်နာမှုပြရန် အဘယ်ကြောင့်မျှော်လင့်သင့်သနည်း။

ယေဟောဝါသည် ကြင်နာ၍ ကရုဏာရှိတော်မူသည်။ ကိုယ်တော်သည် “ချစ်သနားခြင်းမေတ္တာကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့်ကြွယ်ဝတော်မူ” သည်။ (ထွက်မြောက်ရာ ၃၄:၆၊ ၇) ထိုကြောင့် ကိုယ်တော်၏ဝိညာဉ်တော်အသီးတွင် မေတ္တာနှင့်ကြင်နာမှုပါဝင်ရခြင်းဖြစ်သည်။—ဂလာတိ ၅:၂၂၊ ၂၃။

၂။ ယခုအဘယ်ဥပမာများကိုသုံးသပ်မည်နည်း။

၂ ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော် သို့မဟုတ်လှုပ်ရှားသောစွမ်းအားဖြင့် လမ်းညွှန်ခံရသူများသည် ယင်း၏ကြင်နာမှုအသီးကိုသီးပြကြသည်။ သူတစ်ပါးနှင့်ဆက်ဆံရာတွင် သူတို့ချစ်ခင်ကြင်နာမှုပြကြသည်။ တမန်တော်ပေါလု၏ပုံသက်သေကို သူတို့အမှန်အတုယူကာ “ကြင်နာမှုပြခြင်း” နှင့်အခြားနည်းများဖြင့် ဘုရားသခင်၏ဓမ္မအမှုဆောင်များအဖြစ် ကိုယ်ကိုယ်ကိုထောက်ခံကြသည်။ (၂ ကောရိန္သု ၆:၃-၁၀) သူတို့၏ကြင်နာမှု၊ ကရုဏာ၊ ခွင့်လွှတ်တတ်သောသဘောသည် “ကရုဏာ [ချစ်ခင်ကြင်နာမှု၊ NW] ကြွယ်ဝသော” ယေဟောဝါ၏ဥပဓိရုပ်နှင့်ညီညွတ်သည်။ ကိုယ်တော်၏နှုတ်ကပါဌ်တော်တွင် ကြင်နာမှုပြသည့်ပုံဥပမာများစွာရှိပါသည်။ (ဆာလံ ၈၆:၁၅။ ဧဖက် ၄:၃၂) ယင်းတို့မှ ကျွန်ုပ်တို့အဘယ်သင်ခန်းစာရရှိသနည်း။

ကြင်နာမှုသည် ကျွန်ုပ်တို့အားအတ္တမရှိစေဘဲ ပျူငှာစေ

၃။ ကြင်နာမှုပြရာတွင် အာဗြဟံသည် အဘယ်နည်းဖြင့်ပုံသက်သေကောင်းပြသနည်း။ ဤကိစ္စတွင် ပေါလုမည်သို့အားပေးသနည်း။

၃ “ယေဟောဝါ၏မိတ်ဆွေ၊” “ယုံကြည်သောသူတို့၏အဘ” ဘိုးဘေးအာဗြဟံ (အာဗြံ) သည် ကြင်နာမှုပြရာတွင်ပုံသက်သေကောင်းဖြစ်သည်။ (ယာကုပ် ၂:၂၃။ ရောမ ၄:၁၁) သူ၏တူလောတအပါအဝင်၊ သူ၏အိမ်ထောင်သည် ခါလဒဲပြည် ဥရမြို့မှထွက်ခွာပြီး ဘုရားသခင့်အမိန့်တော်အရ ခါနာန်ပြည်ထဲဝင်ခဲ့သည်။ အာဗြဟံသည် ပိုအသက်ကြီးပြီး အိမ်ထောင်ဦးစီးလည်းဖြစ်သော်လည်း လောတအားအကောင်းဆုံးစားကျက်ကိုယူစေပြီး မိမိမူကား ကျန်ကြွင်းသောနေရာတွင်နေထိုင်ခြင်းမှာ ကြင်နာ၍အတ္တသဘောမရှိကြောင်း ထင်ရှားပါသည်။ (ကမ္ဘာဦး ၁၃:၅-၁၈) ထပ်တူကြင်နာမှုမျိုးသည် မိမိအားခုတုံးလုပ်ပြီး သူတစ်ပါးအခွင့်အရေးများရစေရန် လှုံ့ဆော်ပေးပေမည်။ ဤကဲ့သို့သောအတ္တမဆန်သည့်ကြင်နာမှုသည် တမန်တော်ပေါလု၏သြဝါဒနှင့်ညီညွတ်ပေသည်။ “ကိုယ်အကျိုးကို အဘယ်သူမျှမရှာစေနှင့်။ သူ့အကျိုးကို လူတိုင်းရှာစေ။” ပေါလုကိုယ်တိုင်ပင် ‘လူများတို့သည် ကယ်တင်ခြင်းသို့ရောက်စိမ့်သောငှာ ကိုယ်အကျိုးကိုမရှာဘဲ သူ့အကျိုးကိုရှာ၍ ခပ်သိမ်းသောလူတို့၏အလိုသို့ အရာရာ၌လိုက်လျော’ ခဲ့သည်။—၁ ကောရိန္သု ၁၀:၂၄၊ ၃၃။

၄။ ဧည့်ဝတ်ပျူငှာခြင်းဖြင့် ကြင်နာမှုပြခဲ့သည့်အတွက် အာဗြဟံနှင့်စာရာ မည်သို့အကျိုးခံစားရသနည်း။

၄ တစ်ခါတစ်ရံ ကြင်နာမှုကို လှိုက်လှဲစွာပျူငှာခြင်းဖြင့် တင်ပြနိုင်သည်။ ခရီးသွားနေသော သူစိမ်းသုံးဦးအား အာဗြဟံနှင့်သူ၏ဇနီး စာရာတို့သည် ကြင်နာမှုနှင့်ဧည့်ဝတ်ပျူငှာမှုပြခဲ့သည်။ ဧည့်သည်များအတွက်စားစရာဟင်းလျာကိုပြင်ဆင်ပေးစဉ် မိမိတို့နှင့်ခေတ္တတည်းခိုရန် အာဗြဟံနှင့်စာရာတို့ကဖျောင်းဖျခဲ့သည်။ ထိုဧည့်သည်တို့သည် နောက်ဆုံးယေဟောဝါ၏ကောင်းကင်တမန်များဖြစ်နေကြရာ အရွယ်လွန်၍မြုံနေသောစာရာသည် သားဖွားလိမ့်မည်ဟု ကောင်းကင်တမန်တစ်ပါးက ကတိပြုခဲ့သည်။ (ကမ္ဘာဦး ၁၈:၁-၁၅) ကြင်နာမှုရှိရှိဧည့်ဝတ်ပျူငှာခြင်း အကျိုးကျေးဇူးကြီးလှပါတကား။

၅။ ဂါယုသည် အဘယ်နည်းဖြင့် ကြင်နာမှုပြသနည်း။ ထပ်တူနည်းဖြင့် ကျွန်ုပ်တို့မည်သို့ပြုနိုင်သနည်း။

၅ ခရစ်ယာန်အပေါင်း ကြင်နာမှုပြနိုင်သည့်နည်းတစ်နည်းကား ဧည့်ဝတ်ပျူငှာခြင်းအားဖြင့်ဖြစ်သည်။ (ရောမ ၁၂:၁၃။ ၁ တိမောသေ ၃:၁၊ ၂) ယင်းနှင့်အညီ ယေဟောဝါ၏ကျေးကျွန်တို့သည် နယ်လှည့်ကြီးကြပ်မှူးများအား ကြင်နာမှုရှေ့ထားပြီး ဧည့်ဝတ်ပြုကြသည်။ ဤသို့ပြုခြင်းကား ပထမရာစုရှိခရစ်ယာန်ဂါယုတင်ပြခဲ့သော ကြင်နာမှုကိုသတိရစေသည်။ မိမိအသိအကျွမ်းမဟုတ်သော “အာဂန္တုတို့” ဖြစ်သည့် ခရီးလှည့်လည်ရောက်ရှိလာသောညီအစ်ကိုများကို ဧည့်ဝတ်ပျူငှာစွာလက်ခံခြင်းဖြင့် “သစ္စာနှင့်အညီ” ပြုသောဝတ်ကိုထမ်းဆောင်ခဲ့သည်။ (၃ ယောဟန် ၅-၈) အများအားဖြင့်ဆိုလျှင် ကြင်နာစွာဖြင့်ဧည့်ဝတ်ပြုနိုင်သူတို့ကို ကျွန်ုပ်တို့သိကျွမ်းပြီးသားဖြစ်သည်။ ဝိညာဏညီအစ်မတစ်ဦး စိတ်ဓာတ်ကျနေဟန်ရှိသည်ကို ကျွန်ုပ်တို့သတိပြုမိမည်။ သူမ၏အိမ်ထောင်ဖက်မှာ မယုံကြည်သူဖြစ်ကောင်းဖြစ်မည်။ သို့မဟုတ် နှင်ထုတ်ခံရသူတစ်ဦးဖြစ်အံ့။ ထိုအခါမျိုးကိုအခွင့်အရေးယူ၍ ကျွန်ုပ်တို့အိမ်ထောင်စုနှင့်အတူ တစ်ခါတစ်ရံ ဝိညာဏပေါင်းသင်းမှုရရှိရန် ထမင်းစားခေါ်ဖိတ်လျှင်မကောင်းပေလော။ ပွဲကြီးပွဲကောင်း မကျွေးမွေးနိုင်သည်တိုင် ဤကဲ့သို့သောညီအစ်မတစ်ဦးအား ကြင်နာမှုပြလိုက်နိုင်ခြင်းမှ မိသားစုပျော်ရွှင်မှုရရှိပေလိမ့်မည်။ (သု၊ ၁၅:၁၇ နှင့်နှိုင်းယှဉ်) ယင်းအတွက် သူမကအမှန်ပင်ကျေးဇူးတင်ကြောင်း နှုတ်အားဖြင့်လည်းကောင်း၊ ကျေးဇူးတင်စာတိုဖြင့်လည်းကောင်း တင်ပြပေလိမ့်မည်။

၆။ လုဒိသည် ကြင်နာမှုမည်သို့ပြခဲ့သနည်း။ ကြင်နာမှုပါအပြုအမူများအတွက် ကျေးဇူးတင်ရန် အဘယ်ကြောင့်အရေးကြီးသနည်း။

၆ ဘုရားတရားကြည်ညိုသောအမျိုးသမီးလုဒိ နှစ်ခြင်းခံပြီးနောက် ပေါလုနှင့်အပေါင်းအပါတို့အား “ကျွန်မသည် သခင်ဘုရား [ယေဟောဝါ၊ NW] ၌အမှန်ယုံကြည်သည်ကို သင်တို့သည်ထင်မှတ်လျှင် ကျွန်မအိမ်သို့ဝင်၍နေကြပါဟု တောင်းပန်လျက်အနိုင်သွေးဆောင်” ခဲ့သည်ဟုလုကာပြောပြသည်။ လုဒိ၏ကြင်နာမှုကို သူတို့အမှန်ကျေးဇူးတင်ခဲ့ကြပေမည်။ (တမန်တော် ၁၆:၁၄၊ ၁၅၊ ၄၀) ကျေးဇူးကန်းခြင်းမူကား အမှန်အကျိုးနည်း၍ မကောင်းမှုဖြစ်သည်။ တစ်ခါက၊ ချို့ငဲ့သောအသက် ၈၀ ရှိညီအစ်မတစ်ဦးသည် ဧည့်သည်အချို့ကိုထမင်းစားခေါ်ဖိတ်ခဲ့သည်။ လူငယ်တစ်ဦးမှာ မလာနိုင်ကြောင်းကိုပင်အသိမပေးသည့်အတွက် သူမအလွန်စိတ်ထိခိုက်ခဲ့သည်။ အခြားတစ်ချိန်တွင်၊ မိမိတို့အတွက် အမျိုးသမီးငယ်တစ်ဦး အထူးချက်ပြုတ်ထားသည့်ထမင်းစားပွဲကို ညီအစ်မနှစ်ဦး သွားမစားခဲ့ပါ။ “သူတို့နှစ်ယောက်စလုံးမေ့သွားသည်မဟုတ်။ . . . သတိရလျက်နှင့်မလာကြခြင်းဖြစ်သည့်အတွက် စိတ်မကောင်းခဲ့ပါ။ သူတို့အနက်တစ်ဦးမျှလည်း မတောင်းပန်နိုင်ကြသည်အထိ ကြင်နာမှုမဲ့ပြီး မေတ္တာမရှိကြပါ” ဟုသူမဆိုသည်။ ထပ်တူအခြေအနေမျိုးတွင် ကြင်နာမှုဖြစ်သည့်ဝိညာဉ်အသီးက သင့်အား ကျေးဇူးတင်စာနာတတ်ရန် လှုံ့ဆော်ပေးမည်လော။

ကြင်နာမှုသည် ကျွန်ုပ်တို့အားစာနာစေ

၇။ ယာကုပ်သင်္ဂြိုဟ်ခံလိုသည့်ဆန္ဒအတိုင်းပြုမူရန် ကြိုးစားမှုများက ကြင်နာမှုနှင့်ပတ်သက်၍ အဘယ်အချက်ကိုဖေါ်ပြသနည်း။

၇ ကြင်နာမှုသည် သူတစ်ပါးကိုစာနာစေသည်။ သူတို့ဆန္ဒကိုလည်း ထောက်ထားစေသည်။ ဥပမာတင်ပြရလျှင်၊ မိမိအားအီဂျစ်ပြည်တွင် မသင်္ဂြိုဟ်ခြင်းအားဖြင့် ချစ်ခင်ကြင်နာမှုပြရန် သားယောသပ်အား ယာကုပ် (ဣသရေလ) တောင်းဆိုခဲ့သည်။ ယင်းသို့ပြုရန် ယာကုပ်၏ရုပ်ကလာပ်ကို ဝေးလံသောအရပ်သို့ သယ်ဆောင်စရာအကြောင်းရှိသော်လည်း ယောသပ်နှင့်ယာကုပ်၏အခြားသားများသည် “ခါနာန်ပြည်သို့ဆောင်သွား၍ အာဗြဟံသည် ကိုယ်ပိုင်သောသင်္ချိုင်းဖို့ ဟိတ္တိအမျိုးသား ဧဖရုန်၌ဝယ်ထားသောမံရေမြို့ရှေ့မပ္ပေလလယ်ပြင်တွင်ရှိသောမြေတွင်း၌ သင်္ဂြိုဟ်ကြ၏။” (ကမ္ဘာဦး ၄၇:၂၉။ ၄၉:၂၉-၃၁။ ၅၀:၁၂၊ ၁၃) ထိုပုံသက်သေအတိုင်းပင် ခရစ်ယာန်အိမ်သားတစ်ဦး ကျမ်းစာနှင့်ညီညွတ်စွာ သင်္ဂြိုဟ်စေလိုသည့်အတိုင်း ပြုလုပ်ပေးရန် ချစ်ခင်ကြင်နာမှုကလှုံ့ဆော်ပေးသင့်သည်မဟုတ်လော။

၈။ ကြင်နာမှုအတွက်ကျေးဇူးဆပ်ခြင်းအကြောင်း ရာခပ်၏အဖြစ်အပျက်က ကျွန်ုပ်တို့အားအဘယ်အရာသွန်သင်ပေးသနည်း။

၈ ကျွန်ုပ်တို့ကို သူတစ်ပါးချစ်ခင်ကြင်နာမှုပြသည့်အခါ ကျေးဇူးတင်ကြောင်းပြောခြင်းဖြင့် သို့မဟုတ် တစ်နည်းနည်းဖြင့် ကျေးဇူးမပြုသင့်သလော။ အမှန်ပြုသင့်သည်။ ပြည့်တန်ဆာရာခပ်သည် ဣသရေလသူလျှိုများကိုဝှက်ထားပေးခြင်းဖြင့် ကြင်နာမှုပြခဲ့သည်။ သို့ဖြစ်သောကြောင့် ယေရိခေါမြို့ကိုဖျက်ဆီးချိန်တွင် သူမနှင့်သူမ၏အိမ်ထောင်သားများကို အသက်ချမ်းသာပေးခြင်းဖြင့် ဣသရေလအမျိုးသားများသည် ချစ်ခင်ကြင်နာမှုပြခဲ့သည်။ (ယောရှု ၂:၁-၂၁။ ၆:၂၀-၂၃) ကျွန်ုပ်တို့ကိုယ်တိုင် ကရုဏာပြ၍ကြင်နာခြင်းအားဖြင့် ကြင်နာမှုကို ကျေးဇူးဆပ်သင့်ကြောင်းတင်ပြသည့် ပုံသက်သေကောင်းပါတကား။

၉။ ကျွန်ုပ်တို့အားချစ်ခင်ကြင်နာမှုပြရန် သူတစ်ဦးအားတောင်းဆိုခြင်းသည် လျောက်ပတ်သည်ဟူ၍ အဘယ်ကြောင့်ဆိုနိုင်သနည်း။

၉ စကားမစပ် ကျွန်ုပ်တို့အား ချစ်ခင်ကြင်နာမှုပြရန် သူတစ်ဦးအားတောင်းဆိုနိုင်ပါသည်။ ဣသရေလ၏ပထမဘုရင် ရှောလု၏သား ယောနသန်သည် ထိုသို့ပြုခဲ့သည်။ မိမိချစ်ခင်သော အသက်ပိုငယ်သူအဆွေဒါဝိဒ်အား မိမိနှင့်မိမိအိမ်ထောင်အား ချစ်ခင်ကြင်နာမှုပြရန် ယောနသန်တောင်းဆိုခဲ့သည်။ (၁ ဓမ္မရာဝင် ၂၀:၁၄၊ ၁၅။ ၂ ဓမ္မရာဇဝင် ၉:၃-၇) ရှောလုပြစ်မှားခဲ့သောဂိဗောင်အမျိုးသားတို့အတွက် ဂလဲ့စားချေချိန်တွင် ယင်းကိုဒါဝိဒ်သတိရခဲ့သည်။ မိမိနှင့်ယောနသန်စပ်ကြားပြုခဲ့သော ‘ယေဟောဝါရှေ့သစ္စာကတိ’ ကိုသတိရကာ ယောနသန်၏သား မေဖိဗောရှက်အသက်ကို ချမ်းသာပေးခြင်းဖြင့် ဒါဝိဒ်သည် ချစ်ခင်ကြင်နာမှုပြခဲ့သည်။ (၂ ဓမ္မရာဇဝင် ၂၁:၇၊ ၈) ကျွန်ုပ်တို့လည်း ‘ကျွန်ုပ်တို့၏အဟုတ်ကို အဟုတ်’ ဖြစ်စေကြသလော။ (ယာကုပ် ၅:၁၂) ကျွန်ုပ်တို့သည် အသင်းတော်အကြီးအကဲများဖြစ်ကြပါမူ ယုံကြည်သူချင်းတို့သည် ချစ်ခင်ကြင်နာမှုပြခံလိုသည့်အခါ ထပ်တူကရုဏာမျိုးပြကြပါသလော။

ကြင်နာမှုသည် နှောင်ကြိုးများကို ခိုင်မြဲစေ

၁၀။ ရုသ၏ချစ်ခင်ကြင်နာမှုကြောင့် မည်သို့ကောင်းချီးရသနည်း။

၁၀ ချစ်ခင်ကြင်နာမှုသည် အိမ်ထောင်နှောင်ကြိုးကို ခိုင်မြဲစေပြီး ပျော်ရွှင်မှုတိုးပွားစေသည်။ ယင်းသို့ဖြစ်ကြောင်း မောဘအမျိုးသမီး ရုသအဖြစ်အပျက်က ထင်ရှားသည်။ ဗက်လင်မြို့အနီး အသက်ကြီးသူဗောဇ၏လယ်ကွင်းတွင် ကောက်သင်းကောက်သူအဖြစ် သူမအလုပ်ကြိုးပမ်းပြီး ချို့တဲ့သောမုဆိုးမဖြစ်သူ၊ ယောက္ခမနောမိနှင့်မိမိအတွက် ဝမ်းစာရှာခဲ့သည်။ (ရုသ ၂:၁၄-၁၈) နောင်တွင် ရုသအားဗောဇက “သင်သည် ငွေရတတ်သောလူပျို၊ ဆင်းရဲသောလူပျိုတစ်စုံတစ်ယောက်ကိုမမှီမဝဲဘဲနေ၍ အရင်ပြုသောကျေးဇူးထက် နောက်ပြုသောကျေးဇူး သာ၍ကြီး၏” ဟုဆိုသည်။ (ရုသ ၃:၁၀) နောမိအား ရုသသည် ဦးစွာချစ်ခင်ကြင်နာမှုပြသည်။ “နောက်ပြုသောကျေးဇူး” က မိမိ၏သေလွန်သောခင်ပွန်းနှင့် သက်ကြီးရွယ်အိုနောမိအတွက် မျိုးဆက်ရှိစေရန် သက်ကြီးသူဗောဇကိုထိမ်းမြားရန်အသင့်ရှိခြင်းဖြင့် ချစ်ခင်ကြင်နာမှုပြခြင်းဖြစ်သည်။ ဗောဇအားဖြင့် ရုသသည် ဒါဝိဒ်၏အဘိုး ဩဗက်၏မိခင်ဖြစ်လာလေသည်။ ယေရှုခရစ်၏ဘိုးဘွားစာရင်းဝင်သူဖြစ်စေခြင်းဖြင့် ဘုရားသခင်သည် သူမအား “စုံလင်သောဆု” ချပေးတော်မူသည်။ (ရုသ ၂:၁၂။ ၄:၁၃-၁၇။ မဿဲ ၁:၃-၆၊ ၁၆။ လုကာ ၃:၂၃၊ ၃၁-၃၃) သူမနှင့်သူမ၏အိမ်ထောင်စုအတွက် ရုသ၏ချစ်ခင်ကြင်နာမှုသည် ကောင်းချီးကြွယ်ဝလှသည်တကား။ ယနေ့ ဘုရားတရားကြည်ညိုသောအိမ်ထောင်များတွင် ချစ်ခင်ကြင်နာမှုရှိသောအခါ ကောင်းချီးများ၊ ပျော်ရွှင်မှုနှင့်အိမ်ထောင်နှောင်ကြိုးခိုင်မြဲခြင်း ဖြစ်ပေါ်စေသည်။

၁၁။ ဖိလေမုန်၏ကြင်နာမှုက အဘယ်အကျိုးသက်ရောက်ခဲ့သနည်း။

၁၁ ကြင်နာမှုသည် ယေဟောဝါလူမျိုး၏အသင်းတော်များအတွင်း နှောင်ကြိုးခိုင်မြဲစေသည်။ ခရစ်ယာန်အမျိုးသား ဖိလေမုန်သည် ယုံကြည်သူချင်းတို့အား ချစ်ခင်ကြင်နာမှုပြခြင်းအတွက် နာမည်ကျော်ကြားခဲ့သည်။ ပေါလုကသူ့အားဤသို့ဆိုသည်။ “သင်သည် သခင်ယေရှုခရစ်ကိုယုံကြည်၍ သန့်ရှင်းသူအပေါင်းတို့ကိုချစ်သည်ဟု ငါသည်ကြားလျှင် ငါ၏ဘုရားသခင့်ကျေးဇူးတော်ကို အစဉ်ချီးမွမ်း၍ သင့်အဖို့အလိုငှာ ဆုတောင်းပတ္ထနာပြုလျက်နေ၏။ . . . အချင်းငါ့ညီ၊ သင်သည် သန့်ရှင်းသူတို့၏စိတ်နှလုံးကို သက်သာစေသောကြောင့် သင်၏မေတ္တာကိုထောက်၍ ငါတို့သည် အလွန်ဝမ်းမြောက်ချမ်းသာခြင်းရှိ၏။” (ဖိလေမုန် ၄-၇) ဖိလေမုန်အားဖြင့် သန့်ရှင်းသူများ မည်သို့ဝမ်းမြောက်ချမ်းသာရရှိသည်ကို ကျမ်းစာမဖေါ်ပြပါ။ သို့ရာတွင် ဘိသိက်ခံချင်းတို့အတွက် ချမ်းသာရရှိသော နည်းအမျိုးမျိုးဖြင့် ချစ်ခင်ကြင်နာမှုပြခဲ့ပေမည်။ ယင်းကလည်း သူတို့နှောင်ကြိုးကိုပိုခိုင်မြဲစေခဲ့မည်အမှန်။ ယနေ့ ခရစ်ယာန်များချစ်ခင်ကြင်နာမှုပြကြသည့်အခါ ထပ်တူပင်ဖြစ်တတ်ပါသည်။

၁၂။ ဩနေသိဖော်၏ကြင်နာမှုမှ အဘယ်အကျိုးဖြစ်ထွန်းသနည်း။

၁၂ ဩနေသိဖော်၏ကြင်နာမှုသည်လည်း အကျိုးပေးခဲ့သည်။ ပေါလုက“ထာဝရဘုရား၏ကရုဏာတော်သည် ဩနေသိဖော်၏အိမ်၌ သက်ရောက်ပါစေသော။ သူသည် ငါ့ကိုအဖန်ဖန်သက်သာစေပြီ။ ငါ၌သံကြိုးချည်နှောင်လျက်ရှိသော်လည်း သူသည်ရှက်ကြောက်ခြင်းမရှိဘဲ ရောမမြို့သို့ရောက်သောအခါ သာ၍ကြိုးစားလျက် ငါ့ကိုရှာ၍တွေ့၏။ သူသည် ထိုနေ့ရက်၌ သခင်ဘုရား၏လက်မှ ကရုဏာတော်ကိုခံရမည်အကြောင်း ထာဝရဘုရားသည် ပေးသနားတော်မူပါစေသော။ သူသည် ဧဖက်မြို့၌လည်း ငါ့ကိုအဘယ်မျှလောက်ပြုစုသည်ကို သင်သည်အမှန်သိ၏” ဟုဆိုသည်။ (၂ တိမောသေ ၁:၁၆-၁၈) ဝတ်ပြုသူချင်းတို့အား ချစ်ခင်ကြင်နာမှုကြိုးစား၍ပြကြမည်ဆိုလျှင် ကျွန်ုပ်တို့ပျော်ရွှင်မှုရှိပြီး ခရစ်ယာန်အသင်းတော်အတွင်း ညီအစ်ကိုချင်းမေတ္တာနှောင်ကြိုးကိုလည်း ခိုင်မြဲစေပါလိမ့်မည်။

၁၃၊ ၁၄။ ဖိလိပ္ပိမြို့ရှိအသင်းတော်သည် အဘယ်နည်းဖြင့် ပုံသက်သေကောင်းဖြစ်ခဲ့သနည်း။ ၄င်း၏ကြင်နာမှုကို ပေါလု မည်သို့တုံ့ပြန်ခဲ့သနည်း။

၁၃ အသင်းတော်လိုက် ဝတ်ပြုသူချင်းတို့အား ချစ်ခင်ကြင်နာမှုပြသည့်အခါ သူတို့အချင်းချင်းဖွဲ့စည်းထားသောနှောင်ကြိုးကို ခိုင်မြဲစေသည်။ ဤကဲ့သို့စည်းကြပ်သောနှောင်ကြိုးမျိုးသည် ပေါလုနှင့် ဖိလိပ္ပိမြို့ရှိအသင်းတော်စပ်ကြား၌ရှိသည်။ အမှန်မှာ ဖိလိပ္ပိအသင်းတော်ထံ သူစာရေးခဲ့ရခြင်းအကြောင်းမှာ သူတို့၏ကြင်နာမှုနှင့်ထောက်ပံ့ကူညီမှုကို ကျေးဇူးတင်ကြောင်းတင်ပြရန်အတွက်ဖြစ်သည်။ သူဤသို့ရေးခဲ့သည်။ “ဧဝံဂေလိတရားကိုဟောစပြု၍ မာကေဒေါနိပြည်မှ ငါထွက်ဆဲရှိသောအခါ အလှူလှူခြင်း၊ အလှူခံခြင်းအမှု၌ သင်တို့မှတစ်ပါး အဘယ်အသင်းတော်မျှ ငါနှင့်မဆက်ဆံကြ။ သက်သာလောနိတ်မြို့၌ငါရှိစဉ်ပင် ငါလိုသောအရာကို သင်တို့သည် နှစ်ကြိမ်တိုင်အောင်ပေးလိုက်ကြ၏။ . . . ယခုအခါ အရာရာ၌ငါရတတ်၏။ ဥစ္စာကြွယ်ဝ၏။ မွှေးကြိုင်သောအနံ့နှင့်ပြည့်စုံ၍ ဘုရားသခင်နှစ်သက်အားရတော်မူသောယဇ်တည်းဟူသော သင်တို့ပေးလိုက်သောအရာတို့ကို ဧပဖြောဒိတ်လက်မှ ငါခံရသည်ဖြစ်၍ ကြွယ်ဝလျက်ရှိ၏။”—ဖိလိပ္ပိ ၄:၁၅-၁၈။

၁၄ ယင်းကြောင့် ကြင်နာစိတ်ရှိသောဖိလိပ္ပိအသင်းတော်သားများအတွက် ပေါလုဆုပတ္ထနာပြုခဲ့ခြင်းသည် အံ့ဩစရာမဟုတ်ပေ။ သူဤသို့ဆိုသည်။ “ငါသည် ဆုတောင်းပတ္ထနာပြုသောအခါခါ ဝမ်းမြောက်သောစိတ်နှင့်သင်တို့ရှိသမျှအဖို့ကို အစဉ်ဆုတောင်းပတ္ထနာပြုလျက် သင်တို့ကိုအောက်မေ့သောအခါအခါ၊ သင်တို့သည်ရှေ့ဦးစွာသောနေ့ရက်မှစ၍ ယခုတိုင်အောင် ဧဝံဂေလိတရားကိုဆက်ဆံ၍ခံစားကြောင်းကို ငါထောက်သဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းပါ၏။” (ဖိလိပ္ပိ ၁:၃-၅) ဤကဲ့သို့သောကြင်နာမှုဖြင့် ဘုရားသခင့်နိုင်ငံသတင်းဟောပြောခြင်းလုပ်ငန်းကို ရက်ရက်ရောရောထောက်ပံ့ပေးခြင်းသည် အသင်းတော်အား ဘယ်သောအခါမျှ ဆင်းရဲချို့ငဲ့စေမည်မဟုတ်ပါ။ ယင်းနှင့်စပ်လျဉ်း၍ ဖိလိပ္ပိအသင်းသားများ ကြင်နာမှုရှိရှိပြုမူကြပြီးနောက် သူတို့အား ပေါလုဤသို့စိတ်ချစေခဲ့သည်။ “ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော်မူသောစည်းစိမ်ရှိသည်အတိုင်း သင်တို့အလိုရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်။” (ဖိလိပ္ပိ ၄:၁၉) မှန်ပါသည်။ ကြင်နာမှုနှင့်ရက်ရောမှုကို ဘုရားသခင်ဆုချတော်မူသည်။ ကိုယ်တော်၏နှုတ်ကပါဌ်တော်က ဤသို့ဆိုသည်။ “ကောင်းသောအကျင့်ကိုကျင့်သောသူမည်သည်ကား . . . သခင်ဘုရား [ယေဟောဝါ၊ NW] ၏လက်တော်မှအကျိုးကိုခံရလိမ့်မည်။”—ဧဖက် ၆:၈။

အမျိုးသမီးများ ကြင်နာမှုပြကြသောအခါ

၁၅၊ ၁၆။ (က) ဒေါ်ကာ၏ကြင်နာမှုကို မည်သို့မှတ်မိကြသနည်း။ သူမသေဆုံးသောအခါ ဘာဖြစ်ပျက်ခဲ့သနည်း။ (ခ) ယနေ့ ကြင်နာမှုရှိခရစ်ယာန်အမျိုးသမီးများသည် ကောင်းသောအကျင့်များကို မည်သို့များစွာပြုကြသနည်း။

၁၅ ယုပ္ပေမြို့မှတပည့်မဒေါ်ကာ (တဗိသ) ၏ချစ်ခင်ကြင်နာမှုသည် ဆုချမခံရဘဲမဖြစ်ခဲ့။ “ထိုမိန်းမသည် ကောင်းသောအကျင့်၊ စွန့်ကြဲခြင်းအကျင့်နှင့်ပြည့်စုံလျက်” ‘ဖျားနာ၍သေသောအခါ’ လုဒ္ဒမြို့သို့ ပေတရုထံတပည့်များသည် လူစေလွှတ်ခေါ်လာစေသည်။ သူရောက်လာသည်နှင့် “အထက်ခန်းသို့ခေါ်ပင့်၍ မုဆိုးမများတို့သည် ငိုကြွေးလျက် သူတို့နှင့်အတူ ဒေါ်ကာရှိစဉ်အခါလုပ်ခဲ့သောအင်္ကျီနှင့်အဝတ်များကိုပြ” ကြသည်။ ထိုမြင်ကွင်းကို မြင်ယောင်လိုက်ပါ။ ဒေါ်ကာသည် မည်မျှကြင်နာမှုရှိကြောင်း မျက်ရည်တလည်လည်နှင့် တမန်တော်အား မုဆိုးမများဝမ်းနည်းစွာပြောပြနေမည်။ သူမ၏ချစ်ခြင်းမေတ္တာနှင့်ကြင်နာမှု၏သက်သေအဖြစ် ထိုအင်္ကျီများကို ထုတ်ပြနေမည်။ အားလုံးကို အပြင်သို့ထွက်စေပြီး ပေတရုဒူးထောက်ဆုတောင်းကာ ရုပ်ကလာပ်ဘက်သို့လှည့်၏။ နားဆင်ပါ။ သူက “တဗိသ၊ ထလော့” ဟုဆိုသည်။ ထိုသို့နှင့် ရှုစားဦးလော့။ “ထိုမိန်းမသည်မျက်စိကိုဖွင့်၍ ပေတရုကိုမြင်လျှင် ထ၍ထိုင်၏။ ပေတရုသည် မိမိလက်ကိုသူ့အားပေး၍ ချီကြွပြီးမှ သန့်ရှင်းသူတို့နှင့်မုဆိုးမတို့ကိုခေါ်၍ အသက်ရှင်လျက်ရှိသောမိန်းမကိုပြလေ၏။” (တမန်တော် ၉:၃၆-၄၁) ဘုရားသခင်ထံတော်မှ ကြီးမြတ်လှသောကောင်းချီးပါတကား။

၁၆ ဤကား ယေရှုခရစ်၏တမန်တော်တစ်ပါးပြုသော မှတ်တမ်းတင်သည့် ပထမဆုံးထမြောက်ခြင်းပင်ဖြစ်သည်။ ဤအံ့ချီးဖွယ်အမှုဖြစ်ပေါ်စေသည့်အခြေအနေများသည် ကြင်နာမှု၌အခြေခံပါသည်။ ဒေါ်ကာသာ ချစ်ခင်ကြင်နာမှုကို ကြွယ်ဝစွာမတင်ပြ၊ ကောင်းသောအကျင့်၊ စွန့်ကြဲခြင်းအကျင့်နှင့် မပြည့်စုံခဲ့လျှင် အသက်ရှင်ပြန်ထမြောက်ခွင့်ရမည်ဟု မည်သူဆိုနိုင်မည်နည်း။ ဒေါ်ကာနှင့် ထိုမုဆိုးမများကောင်းချီးရသည်သာမက သူမ၏ရှင်ပြန်ထမြောက်ခြင်းအံ့ဖွယ်ရာကြောင့် ဘုရားသခင်၏ဘုန်းတော်အတွက် သက်သေခံချက်ဖြစ်ခဲ့ပေသည်။ မှန်သည်။ “ထိုအကြောင်းကို ယုပ္ပေမြို့၌ အနှံ့အပြားသိကြ၍ လူများတို့သည် သခင်ဘုရားကိုယုံကြည်ခြင်းသို့ရောက်ကြ၏။” (တမန်တော် ၉:၄၂) ယနေ့ ကြင်နာမှုရှိသောခရစ်ယာန်အမျိုးသမီးများသည်လည်း ယုံကြည်သူချင်းများအတွက် အင်္ကျီများချုပ်ပေးခြင်း၊ သက်ကြီးရွယ်အိုများအတွက် ချက်ပြုတ်ပေးခြင်း၊ သူတစ်ပါးအား ဧည့်ဝတ်ပျူငှာခြင်း အစရှိသည့်ကောင်းသောအကျင့်များကို များစွာပြုတတ်ကြသည်။ (၁ တိမောသေ ၅:၉၊ ၁၀) ယင်းကား တွေ့မြင်သူတို့အတွက် သက်သေခံချက်ကောင်းဖြစ်ပေသည်။ အလုံးစုံတို့ထက် ဘုရားရေးရာဆက်ကပ်အပ်နှံခြင်းနှင့်ချစ်ခင်ကြင်နာမှုသည် ဤ ‘အမျိုးသမီးတပ်မဟာအား သတင်းကောင်းကြေညာ’ ရန်လှုံ့ဆော်ပေးသဖြင့် ယေဟောဝါဘုရား၏ဘုန်းတော်ထင်ရှားသည့်အတွက် မည်မျှဝမ်းသာအားရနိုင်သည်တကား။—ဆာလံ ၆၈:၁၁။

ချစ်ခင်ကြင်နာမှုကို အမြဲမီအောင်လိုက်လေ

၁၇။ သု၊ ၂၁:၂၁ တွင် မည်သို့ဆိုသနည်း။ ဘုရားတရားကြည်ညိုသူများနှင့် ထိုစကားများမည်သို့သက်ဆိုင်သနည်း။

၁၇ ဘုရားသခင့်မျက်နှာသာတော်ခံစားလိုသူအားလုံး ချစ်ခင်ကြင်နာမှုကို မီအောင်လိုက်ရမည်။ ပညာရှိစကားတစ်ခွန်းက “ဖြောင့်မတ်ခြင်းတရားနှင့်ကရုဏာတရား [ချစ်ခင်ကြင်နာမှု၊ NW] ကိုရှာသောသူသည် အသက်ရှင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဂုဏ်အသရေထင်ရှားခြင်းကိုတွေ့တတ်၏။” (သု၊ ၂၁:၂၁) ဘုရားတရားကြည်ညိုသူသည် ဘုရားသခင့်ဖြောင့်မတ်ခြင်းကို ကြိုးစား၍မီအောင်လိုက်သည်။ မြင့်မြတ်သောစံချိန်များ၏လမ်းပြညွှန်ကြားမှုကို အမြဲခံယူသည်။ (မဿဲ ၆:၃၃) သူတစ်ပါးအား ကာယရေးနှင့်အထူးသဖြင့်ဝိညာဉ်ရေးအရ သစ္စာရှိမေတ္တာ သို့မဟုတ် ချစ်ခင်ကြင်နာမှုကို အဆက်မပြတ်တင်ပြသည်။ သို့ဖြင့် ဖြောင့်မတ်ခြင်းကိုသူရှာတွေ့သည်။ အကြောင်းမူကား၊ ယေဟောဝါ၏ဝိညာဉ်တော်သည် ဖြောင့်မတ်သောနည်းလမ်းအတိုင်းအသက်ရှင်စေရန် သူ့အားအထောက်အကူပြုပေသည်။ အမှန်မှာ ဘုရားတရားကြည်ညိုသူယောဘနည်းတူ သူသည် ‘ဖြောင့်မတ်ခြင်းပါရမီကိုဝတ်ဆင်’ ထားမည်။ (ယောဘ ၂၉:၁၄) ဤကဲ့သို့သောသူသည် မိမိဘုန်းထင်ရှားရန် မရှာကြံ။ (သု၊ ၂၅:၂၇) ၄င်းအစား ယေဟောဝါသူ့အားရရှိစေသော မည်သည့်ဘုန်းထင်ရှားမှုကိုမဆိုခံယူပါသည်။ လူလူချင်းတို့အား ကိုယ်တိုင်ချစ်ခင်ကြင်နာမှုပြသဖြင့် သူ့အားကြင်နာစွာဆက်ဆံရန် တိုက်တွန်းလှုံ့ဆော်ခံရသူများထံမှ ရိုသေလေးစားမှုရရှိကောင်းရရှိမည်။ ထို့ပြင် ဘုရားသခင့်အလိုတော်ကို သစ္စာရှိရှိဆောင်ရွက်သူတို့သည် အလျင်အမြန်ကုန်လွန်သောနှစ်အနည်းငယ်အတွက်သာမဟုတ် ထာဝစဉ်ကာလအတွက် အသက်ရှင်ခြင်းကိုရှာတွေ့သည်။

၁၈။ ချစ်ခင်ကြင်နာမှုကို ကျွန်ုပ်တို့အဘယ်ကြောင့် မီအောင်လိုက်သင့်သနည်း။

၁၈ ထိုကြောင့် ယေဟောဝါဘုရားသခင်ကိုချစ်မြတ်နိုးသူအားလုံး ချစ်ခင်ကြင်နာမှုကို မီအောင်လိုက်ကြလော့။ ယင်းအရည်အချင်းကိုဘုရားသခင်သော်လည်းကောင်း၊ အခြားသူများသော်လည်းကောင်းမြတ်နိုးပါသည်။ ယင်းက ဧည့်ဝတ်ပျူငှာချင်စိတ်ကိုတိုးပွားစေ၍ စာနာစိတ်ရှိစေသည်။ ကြင်နာမှုသည် မိသားစုအတွင်းနှင့်ခရစ်ယာန်အသင်းတော်တွင် နှောင်ကြိုးများကို ခိုင်မြဲစေသည်။ ချစ်ခင်ကြင်နာမှုပြသောအမျိုးသမီးများသည် ကျေးဇူးတင်ခံရပြီး အလွန်မြတ်နိုးခံရကြသည်။ ဤထူးမြတ်သောအရည်အချင်းကို မီအောင်လိုက်သူအားလုံး ချစ်ခင်ကြင်နာမှုအရှင် ယေဟောဝါဘုရားသခင်၏ဘုန်းတော်ထင်ရှားစေသတည်း။

သင်မည်သို့ဖြေဆိုမည်နည်း

▫ ကြင်နာမှုပြရာတွင် အာဗြဟံသည် ပုံသက်သေကောင်း မည်သို့ဖြစ်သနည်း။

▫ ကြင်နာမှုကိုကျေးဇူးဆပ်ခြင်းအကြောင်း ရာခပ်၏အဖြစ်အပျက်က ကျွန်ုပ်တို့အားမည်သို့သွန်သင်ပေးသနည်း။

▫ ဖိလိပ္ပိအသင်းတော်သည် ကြင်နာမှုကိုမည်သို့ပြခဲ့သနည်း။

▫ ယနေ့ ကြင်နာစိတ်ရှိခရစ်ယာန်အမျိုးသမီးများသည် ကောင်းသောအကျင့်များကို မည်သို့ကျင့်ကြသနည်း။

▫ ချစ်ခင်ကြင်နာမှုကို အဘယ်ကြောင့်မီအောင်လိုက်သင့်သနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ