ကြင်နာမှုပြခြင်းဖြင့် ယေဟောဝါအားပျော်ရွှင်စေ
“တရားသဖြင့်ပြုခြင်း၊ ကရုဏာ [ ကြင်နာမှု၊NW ] ကိုနှစ်သက်ခြင်း၊ သင်၏ဘုရားသခင့်ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့်ကျင့်နေခြင်းမှတစ်ပါး အဘယ်ပူဇော်သက္ကာကို ထာဝရဘုရား [ယေဟောဝါ၊ NW] တောင်းတော်မူသနည်း။—မိက္ခာ ၆:၈။
၁။ ကြင်နာမှုပြရန် မိမိလူမျိုးအား ယေဟောဝါတောင်းဆိုထားခြင်းကို ကျွန်ုပ်တို့အဘယ်ကြောင့်မအံ့သြသင့်သနည်း။
ကြ င်နာမှုပြရန် မိမိလူမျိုးအား ယေဟောဝါတောင်းဆိုထားသည်။ ယင်းကြောင့် ကျွန်ုပ်တို့အံ့သြစရာမဟုတ်ပါ။ ဘုရားသခင်ကိုယ်တော်တိုင် ကျေးဇူးမသိတတ်သည့်လူဆိုးများကိုပင် ကြင်နာမှုပြတော်မူသည်။ ယင်းနှင့်စပ်လျဉ်း၍ တပည့်တော်များအားယေရှုခရစ် ဤသို့မိန့်တော်မူသည်။ “သင်တို့မူကား ရန်သူတို့ကိုချစ်ကြလော့။ ကျေးဇူးပြုကြလော့။ တစ်စုံတစ်ခုကိုရမည်ဟု မျှော်လင့်ခြင်းမရှိဘဲ ချေးငှားကြလော့။ ထိုသို့ပြုလျှင် သင်တို့အကျိုးကြီးလိမ့်မည်။ အမြင့်ဆုံးသောဘုရား၏သားဖြစ်ကြလိမ့်မည်။ ထိုဘုရားသည် ကျေးဇူးမသိသောသူ၊ ဆိုးညစ်သောသဘောရှိသောသူတို့အား ကျေးဇူးပြုတော်မူ၏။ ထိုကြောင့် သင်တို့အဖသည် သနားခြင်းစိတ်ရှိတော်မူသည်နည်းတူ သင်တို့သည်လည်း သနားခြင်းစိတ်ရှိကြလော့။”—လုကာ ၆:၃၅၊ ၃၆။
၂။ ကြင်နာမှုနှင့်ပတ်သက်၍ အဘယ်မေးခွန်းများကို ကျွန်ုပ်တို့သုံးသပ်ထိုက်သနည်း။
၂ မိက္ခာ ၆:၈ [NW] ဆိုသည့်အတိုင်း ဘုရားသခင်နှင့်အတူသွားလာသူများသည် “ကြင်နာမှုကို မြတ်နိုး ” ရမည်။ ကိုယ်တော်၏ကျေးကျွန်များသည် ကြင်နာမှုကိုမြတ်နိုးပြီး လှိုက်လှဲစွာတင်ပြကြသည့်အခါ ယေဟောဝါနှစ်သက်ဝမ်းသာကြောင်း ထင်ရှားပါသည်။ သို့သော် ကြင်နာမှုကားအဘယ်နည်း။ ယင်းကိုတင်ပြခြင်းမှ အဘယ်အကျိုးကျေးဇူးများခံစားရသနည်း။ ဤအရည်အချင်းကို မည်သို့တင်ပြနိုင်မည်နည်း။
ကြင်နာမှုမည်သည်ကား
၃။ ကြင်နာမှုကို သင်မည်သို့အဓိပ္ပာယ်ဖွင့်မည်နည်း။
၃ ကြင်နာမှုဆိုသည်မှာ သူတစ်ပါးကိုစိတ်ဝင်စားကြောင်း လက်တွေ့ပြသည့်အရည်အချင်းဖြစ်သည်။ ကူညီမစခြင်း၊ သနားညှာတာသောစကားများပြောဆိုခြင်းဖြင့် ယင်းကိုတင်ပြပါသည်။ ကြင်နာမှုပြသည်ဆိုခြင်းမှာ နစ်နာစေမည့်အစား အကျိုးပြုခြင်းဖြစ်သည်။ ကြင်နာမှုရှိသောသူသည် ခင်မင်တတ်သည်၊ နူးညံ့သည်၊ သနားညှာတာသည်၊ သိမ်မွေ့သည်။ သူတစ်ပါးအပေါ် ရက်ရောထောက်ထားတတ်သောသဘောရှိသည်။ ကြင်နာမှုသည်လည်း ခရစ်ယာန်စစ်တိုင်း၏ ပုံဆောင်ရာအဝတ်တန်ဆာတွင် အပါအဝင်ဖြစ်သည်။ အကြောင်းမှာ ပေါလုဤသို့တိုက်တွန်းခဲ့သည်။ “ချစ်အပ်သောသူကဲ့သို့ သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း [ကြင်နာခြင်း၊ NW]၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင်ကြလော့။”—ကောလောသဲ ၃:၁၂။
၄။ လူသားတို့အားကြင်နာမှုပြခြင်းတွင် ယေဟောဝါမည်သို့ဦးစီးဦးဆောင်တော်မူသနည်း။
၄ ကြင်နာမှုပြခြင်းတွင် ယေဟောဝါဦးစီးဦးဆောင်တော်မူသည်။ တမန်တော်ပေါလုပြောသည့်အတိုင်းပင် “ငါတို့ကိုကယ်တင်တော်မူသော အရှင်ဘုရားသခင်၏စေတနာတော် [ကြင်နာမှု၊ NW] နှင့် လူတို့ကိုချစ်တော်မူသောမေတ္တာတော်သည် ပေါ်ထွန်းသောအခါ ငါတို့ကျင့်သောဖြောင့်မတ်ခြင်းကရုဏာတော်နှင့်အညီ ဒုတိယမွေးခြင်းနှင့်ဆိုင်သော ဆေးကြောခြင်းအားဖြင့် လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ အသစ်ပြုပြင်ခြင်းအားဖြင့်လည်းကောင်း ငါတို့ကိုကယ်တင်တော်မူ၏။” (တိတု ၃:၄၊ ၅) ဘိသိက်ခံခရစ်ယာန်များကို ယေရှု၏အသွေး၌ ဘုရားသခင်သန့်ရှင်းစေသည်၊ သို့မဟုတ် ‘ဆေးကြောပေး’ သည်။ သူတို့အကျိုးအလို့ငှာ ခရစ်တော်၏ရွေးဖိုးပူဇော်သက္ကာတန်ဖိုးကို သူတို့နှင့်သက်ဆိုင်စေသည်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်လည်း အသစ်ပြုပြင်စေခဲ့ရာ ဘုရားသခင်၏ဝိညာဉ်တော်ဖွားသားများအနေနှင့် “အသစ်ပြုပြင်သောသတ္တဝါ” ဖြစ်လာစေသည်။ (၂ ကောရိန္သု ၅:၁၇) လူတို့အပေါ် ဘုရားသခင်ထားတော်မူသည့်ကြင်နာမှုနှင့်မေတ္တာတော်သည် “ဝတ်လုံကို သိုးသငယ်၏အသွေး၌လျှော်၍ဖြူစေသော” အပြည်ပြည်မှ “လူအုပ်ကြီး” အတွက်လည်းဖြစ်သည်။ (ဗျာဒိတ် ၇:၉၊ ၁၄။ ၁ ယောဟန် ၂:၁၊ ၂) ထို့ပြင် ဘိသိက်ခံသူများနှင့် မြေကြီးဆိုင်ရာမျှော်လင့်ချက်ရှိ လူအုပ်ကြီးပါအပါအဝင် ယေရှု၏ “ကြင်နာမှု” ထမ်းပိုးအောက် အားလုံးရှိကြသည်။—မဿဲ ၁၁:၃၀။
၅။ ဘုရားသခင့်ဝိညာဉ်တော်ညွှန်ကြားမှုကိုခံယူသူများ သူတစ်ပါးအားကြင်နာမှုပြရန် အဘယ်ကြောင့်မျှော်လင့်သင့်သနည်း။
၅ ကြင်နာမှုသည် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော် သို့မဟုတ် လှုပ်ရှားသောစွမ်းအား၏အသီးများအဝင်လည်းဖြစ်သည်။ ပေါလုက “ဝိညာဉ်ပကတိ၏အကျိုးမူကား ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်းပေတည်း။ ထိုသို့သောအကျင့်ကို အဘယ်တရားမျှမမြစ်တား” ဟုဆိုသည်။ (ဂလာတိ ၅:၂၂၊ ၂၃၊ NW) ထိုကြောင့် ဘုရားသခင့်ဝိညာဉ်တော်ညွှန်ကြားမှုကိုခံယူသူများထံမှ အဘယ်အရာမျှော်လင့်နိုင်သနည်း။ သူတစ်ပါးအား ကြင်နာမှုအမှန်တင်ပြကြပေမည်။
၆။ ကြင်နာမှုသည် အကြီးအကဲများနှင့်အခြားခရစ်ယာန်များအား အဘယ်နည်းဖြင့်ကျင့်ကြံရန် လှုံ့ဆော်သင့်သနည်း။
၆ ကြင်နာမှုကို နည်းအမျိုးမျိုးဖြင့် တင်ပြနိုင်ပါသည်။ ကရုဏာပြသည့်အခါ ကြင်နာမှုတင်ပြပါသည်။ ဥပမာ၊ နောင်တယူသောပြစ်မှားသူအား ကရုဏာပြ၍ ဝိညာဉ်ရေးဘက်သူ့အားကြိုးစားကူညီပေးသည့်အခါ ခရစ်ယာန်အကြီးအကဲများသည် ကြင်နာမှုပြကြသည်။ ဘုရားပေးအရည်အချင်းဖြစ်သည့် ကြင်နာမှုသည် ကြီးကြပ်မှူးများအား စိတ်ရှည်စေသည်၊ စာနာမှု၊ ကရုဏာနှင့်နူးညံ့သောသဘောရှိစေသည်။ ယင်းက ‘သိုးစုတစ်စုလုံးကို တယုတယဆက်ဆံ’ ရန် သူတို့အားတိုက်တွန်းပေးသည်။ (တမန်တော် ၂၀:၂၈၊ ၂၉) အမှန်မှာ ကြင်နာမှုဖြစ်သည့် ဝိညာဉ်အသီးသည် ခရစ်ယာန်တိုင်းအား ကရုဏာ၊ စိတ်ရှည်ခြင်း၊ စာနာမှု၊ သနားခြင်း၊ ခင်မင်မှု၊ ပျူငှာမှုရှိစေသင့်သည်။
မှားယွင်းသောကြင်နာမှုကို ရှောင်ကြဉ်လေ
၇။ မှားယွင်းသောကြင်နာမှုသည် ပျော့ညံ့ခြင်းဖြစ်သည်ဟု အဘယ်ကြောင့်ဆိုမည်နည်း။
၇ ကြင်နာမှုကို အချို့သူတို့က ပျော့ညံ့ခြင်းဟူ၍ယူဆကြသည်။ မိမိ၏စွမ်းပကားကို မှတ်လောက်သားလောက်အောင်ဖြစ်စေရန် ခက်ထန်ရမည်၊ တစ်ခါတစ်ရံ ရိုင်းပျဖို့လိုမည်ဟူ၍ပင် သူတို့ယူမှတ်ကြသည်။ သို့သော် “ရိုင်းပျမှုသည် လူပျော့၏အတုအယောင်အင်အားတည်း” ဟုလျောက်ပတ်စွာဆိုထားပေသည်။ အမှန်မှာ တကယ်ကြင်နာမှုရှိပြီး မှားယွင်းသောကြင်နာမှုကိုရှောင်ကြဉ်နိုင်ရန် ထက်မြက်သောစိတ်ဓာတ်စွမ်းပကားရှိဖို့လိုသည်။ ဘုရားသခင့်ဝိညာဉ်အသီးဖြစ်သော ကြင်နာမှုသည် မှားယွင်းသောအကျင့်ကို ပျော့ညံ့စွာလိုက်လျောခြင်းလုံးဝမဟုတ်ပေ။ မှားယွင်းသောကြင်နာမှုမှာမူ အပြစ်ကိုဥပေက္ခာပြုစေသည့် ပျော့ညံ့မှုဖြစ်သည်။
၈။ (က) မိမိသားများနှင့်စပ်လျဉ်း၍ ဧလိသည် အဘယ်နည်းဖြင့်ပေါ့လျော့သနည်း။ (ခ) မှားယွင်းသောကြင်နာမှုကိုအညံ့မခံရန် အကြီးအကဲများအဘယ်ကြောင့်သတိထားသင့်သနည်း။
၈ ဗိမာန်တော်တွင် ယဇ်ပုရောဟိတ်ကိုယ်စား အမှုဆောင်ရွက်ကြသော သားဟောဖနိနှင့်ဖိနဟတ်တို့ကို ဣသရေလယဇ်ပုရောဟိတ်ဧလိသည် ကောင်းစွာမဆုံးမ၊ ပေါ့လျော့စွာပဲ့ပြင်တတ်သည်။ ဘုရားသခင့်ပညတ်တော်အရ သူတို့အတွက်ဖြစ်သောယဇ်ကောင်အပိုင်းနှင့်မရောင့်ရဲနိုင်သဖြင့် ဆီဥကိုယဇ်ပလ္လင်ပေါ်မီးမရှို့မီ စိမ်းသောအမဲသားကိုယူလာရန် အစေအပါးတို့အားခိုင်းစေကြသည်။ တဲတော်တံခါးနားမှာ စည်းဝေးသောမိန်းမတို့နှင့်လည်း ဧလိသားများသည် မှားယွင်းစွာပြုမူကြသည်။ အမှုတော်ထမ်းခြင်းအခွင့်ကို ဟောဖနိနှင့်ဖိနဟတ်တို့ထံမှရုတ်သိမ်းမည့်အစား နူးညံ့ပေါ့လျော့စွာဆုံးမကာ ဘုရားသခင်ထက် သားများကိုသာ၍ဧလိဂုဏ်ပြုခဲ့သည်။ (၁ ဓမ္မရာဇဝင် ၂:၁၂-၂၉) “ထိုကာလ၌ ထာဝရဘုရား [ယေဟောဝါ၊ NW] ၏နှုတ်ကပါဌ်တော်သည် နည်းပါး” ခဲ့ခြင်းသည် အံ့ဩစရာမဟုတ်ပေ။ (၁ ဓမ္မရာဇဝင် ၃:၁) ထိုကြောင့် ခရစ်ယာန်အကြီးအကဲများသည် မှားယွင်းသောဆင်ခြင်တွေးတောမှု သို့မဟုတ် အသင်းတော်၏ဝိညာဉ်ရေးကိုထိခိုက်နစ်နာစေမည့် မှားယွင်းသောကြင်နာမှုပြခြင်းကို ရှောင်ကြဉ်ရမည်။ စစ်မှန်သောကြင်နာမှုသည် ဘုရားသခင်၏စံချိန်ကိုချိုးဖောက်သည့် ဆိုးရွားသောစကားနှင့်အပြုအမူများကို မမြင်ဘဲမနေပါ။
၉။ (က) မှားယွင်းသောကြင်နာမှုကိုရှောင်ကြဉ်နိုင်ရန် အဘယ်စိတ်သဘောထားက အကူအညီပေးမည်နည်း။ (ခ) ဖောက်ပြန်သောဘာသာရေးသမားများကို ဖေါ်ထုတ်ရာတွင် ယေရှု၌စွမ်းပကားရှိကြောင်း မည်သို့တင်ပြသနည်း။
၉ မှားယွင်းသောကြင်နာမှုကို ရှောင်ကြဉ်နိုင်ရန် ဆာလံဆရာနည်းတူ လိုအပ်သောစွမ်းပကားအတွက် ဘုရားသခင်ထံအကူအညီတောင်းဆိုရမည်။ “ဒုစရိုက်ကိုပြုသောသူတို့၊ ငါ့ထံမှဖယ်သွားကြ။ ငါသည် ဘုရားသခင်၏ပညတ်တို့ကိုကျင့်စောင့်မည်။” (ဆာလံ ၁၁၉:၁၁၅) မှားယွင်းသောကြင်နာမှုပြခဲ့သည်ဟု တစ်ခါမျှအပြစ်တင်မခံရသော ယေရှုခရစ်၏ပုံသက်သေကိုလည်း ကျွန်ုပ်တို့လိုက်လျှောက်ရန်လိုသည်။ အမှန်မှာ ယေရှုသည် စစ်မှန်သောကြင်နာမှု၏သရုပ်ပြဖြစ်သည်။ ဥပမာ၊ ‘ထိန်းသူမရှိဘဲ ပစ်ထားသောသိုးကဲ့သို့ဖြစ်ကြသောကြောင့် လူအစုအဝေးတို့ကိုမြင်တော်မူလျှင် သနားခြင်းစိတ်ရှိတော်မူသည်။’ ထိုကြောင့် စိတ်နှလုံးရိုးဖြောင့်သူများသည် ယေရှုထံ သူတို့၏ကလေးငယ်များကိုပင်ခေါ်ဆောင်လာဝံ့သည်အထိ ချဉ်းကပ်ရဲကြသည်။ “သူငယ်တို့ကိုချီပိုက်၍ သူတို့အပေါ်မှာလက်တော်ကိုတင်လျက် ကောင်းချီးပေး” တော်မူစဉ် ကိုယ်တော်တင်ပြခဲ့မည့် ကြင်နာမှု၊ သနားခြင်းကရုဏာကိုသာ မြင်ယောင်ကြည့်ပါ။ (မဿဲ ၉:၃၆။ မာကု ၁၀:၁၃-၁၆) ယေရှုသည် ကြင်နာမှုပြခဲ့သော်လည်း ကောင်းကင်ခမည်းတော်ရှေ့မှောက် မှန်ကန်ရာဘက် ကိုယ်တော်မြဲမြံခိုင်ခံ့စွာရပ်တည်ခဲ့သည်။ အဆိုးကို ယေရှုလုံးလုံးဥပေက္ခာမပြုပါ။ ကြောင်သူတော် ဘာသာရေးခေါင်းဆောင်များကို အပြစ်ဖေါ်ထုတ်ပြရန် ကိုယ်တော်၌ဘုရားပေးစွမ်းပကားရှိတော်မူသည်။ မဿဲ ၂၃:၁၃-၂၆ တွင် “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့။ သင်တို့သည် အမင်္ဂလာရှိကြ၏” ဟူ၍ကိုယ်တော်အကြိမ်ကြိမ်ထုတ်ဖေါ်ဖွင့်ဆိုခဲ့သည်။ အကြိမ်တိုင်း သူတို့အဘယ်ကြောင့်စီရင်ချက်ခံထိုက်ကြောင်း ယေရှုအကြောင်းပြတော်မူသည်။
မေတ္တာနှင့်ဆက်နွယ်သောကြင်နာမှု
၁၀။ ယုံကြည်သူချင်းတို့အား ကြင်နာမှုနှင့်မေတ္တာကို ယေရှုတပည့်များ မည်သို့တင်ပြသနည်း။
၁၀ တပည့်တော်များအကြောင်း ယေရှုဤသို့ဆိုသည်။ “သင်တို့သည် အချင်းချင်းချစ်ကြလျှင် လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကိုသိရကြလိမ့်မည်။” (ယောဟန် ၁၃:၃၅) ယေရှု၏တပည့်စစ်များ၏အမှတ်အသားဖြစ်သည့် ချစ်ခြင်းမေတ္တာ၏အရည်အသွေးတစ်ခုကားအဘယ်နည်း။ ပေါလုက “ချစ်ခြင်းမေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ် [ကြင်နာမှုရှိ၊ NW] ၏” ဟုဆိုသည်။ (၁ ကောရိန္သု ၁၃:၄) စိတ်ရှည်သည်၊ ကြင်နာသည်ဆိုရာတွင် သနားသဖြင့်ယေဟောဝါပြုတော်မူသည့်နည်းတူပင် သူတစ်ပါး၏မစုံလင်မှုများနှင့်အားနည်းချက်များကို သည်းခံတော်မူသည်။ (ဆာလံ ၁၀၃:၁၀-၁၄။ ရောမ ၂:၄။ ၂ ပေတရု ၃:၉၊ ၁၅) ကမ္ဘာပေါ်တစ်နေရာရာတွင် ယုံကြည်သူချင်းတို့ အခက်အခဲကြုံတွေ့သောအခါ ခရစ်ယာန်မေတ္တာနှင့်ကြင်နာမှုထင်ရှားပေါ်လွင်လာပါသည်။ “အထူးကြင်နာမှု” ဖြင့် အခြားအရပ်ဒေသများရှိခရစ်ယာန်များသည် ဒုက္ခသည်ယေဟောဝါဝတ်ပြုသူချင်းတို့ကိုကူညီပေးရန် ပစ္စည်းဥစ္စာများပေးကမ်းစွန့်ကြဲခြင်းဖြင့် ညီအစ်ကိုချင်းမေတ္တာကိုတင်ပြကြသည်။—တမန်တော် ၂၈:၂။
၁၁။ ကျမ်းစာအရ ချစ်ခင်ကြင်နာမှုကားအဘယ်နည်း။
၁၁ “ချစ်ခင်ကြင်နာခြင်း” ဟူသောစကားလုံးတွင် ကြင်နာမှုနှင့်မေတ္တာကိုကွင်းဆက်ထားသည်။ ယင်းက သမာဓိရှိမေတ္တာမှဆင်းသက်သောကြင်နာမှုဖြစ်သည်။ “ချစ်ခင်ကြင်နာခြင်း” (အင်္ဂလိပ်ဖြင့် “loving-kindness”) ဟူ၍ပြန်ဆိုသည့် ဟေဗြဲနာမ် (che’sedh) သည် မြတ်နိုးကြည်ဖြူခြင်းထက်မကချေ။ အရာတစ်ခုအပေါ်ထားသည့်ရည်ရွယ်ချက် မအောင်မြင်မချင်း မေတ္တာပါပါတွယ်တာနေသောကြင်နာမှုပင်ဖြစ်သည်။ ယေဟောဝါ၏ချစ်ခင်ကြင်နာခြင်း သို့မဟုတ် သမာဓိရှိမေတ္တာတော်သည် နည်းအဖုံဖုံဖြင့်ထင်ရှားသည်။ ဥပမာ၊ ကယ်နှုတ်တော်မူသည့်အခါ၊ ကာကွယ်ပေးတော်မူသည့်အခါတိုင်း ထင်ရှားပါသည်။—ဆာလံ ၆:၄။ ၄၀:၁၁။ ၁၄၃:၁၂။
၁၂။ အကူအညီ သို့မဟုတ် ကယ်နှုတ်ခြင်းအတွက် ယေဟောဝါ၏ကျေးကျွန်များဆုတောင်းသည့်အခါ သူတို့အဘယ်အရာကိုစိတ်ချနိုင်သနည်း။
၁၂ ယေဟောဝါ၏ချစ်ခင်ကြင်နာမှုက လူတို့အားကိုယ်တော်ထံပို့ဆောင်ပေးသည့်အတွက် အံ့ဩစရာမဟုတ်ပါ။ (ယေရမိ ၃၁:၃၊ NW) ဘုရားသခင်၏သစ္စာရှိကျေးကျွန်များသည် ကယ်နှုတ်ခြင်း သို့မဟုတ် အကူအညီလိုသောအခါ ကိုယ်တော်၏ချစ်ခင်ကြင်နာခြင်းသည် သူတို့အားပစ်ထားတော်မူမည်မဟုတ်သော သမာဓိရှိမေတ္တာတော်အစစ်အမှန်ဖြစ်ကြောင်း တပ်အပ်သိကြသည်။ သို့ဖြစ်၍ ယုံကြည်စွာဖြင့် ဆာလံဆရာနည်းတူ “အကျွန်ုပ်သည် ကရုဏာတော်ကိုယုံကြည်ပါ၏။ ကယ်တင်တော်မူခြင်းအရာ၌ နှလုံးရွှင်လန်းပါလိမ့်မည်” ဟုဆုတောင်းနိုင်ကြပါသည်။ (ဆာလံ ၁၃:၅) ဘုရားသခင်၏မေတ္တာတရားသည် သမာဓိရှိသောကြောင့် ကိုယ်တော်၏ကျေးကျွန်များသည် ကိုယ်တော့်ချစ်ခင်ကြင်နာခြင်းကို အချည်းနှီးအားမကိုးကြပါ။ ကူညီမစမှု သို့မဟုတ် ကယ်မပေးတော်မူရန် သူတို့ဆုတောင်းကြသောအခါ ဤအာမခံချက်ကို သူတို့ရရှိထားကြပါသည်။ “ယေဟောဝါသည် မိမိလူတို့ကိုမပယ်၊ အမွေတော်ကို စွန့်ပစ်တော်မမူ။”—ဆာလံ ၉၄:၁၄။
ကြင်နာမှု၏ရလဒ်များ
၁၃၊ ၁၄။ ကြင်နာသူသည် အဘယ်ကြောင့်သစ္စာရှိမိတ်ဆွေပေါများသနည်း။
၁၃ ယေဟောဝါကိုအတုယူကာ ကိုယ်တော်၏ကျေးကျွန်များသည် “သနားခြင်းကရုဏာစိတ်နှင့် တစ်ယောက်ကိုတစ်ယောက်ကျေးဇူးပြုကြ” ၏။ (ဇာခရိ ၇:၉။ ဧဖက် ၅:၁) “လူ၏နှစ်လိုဖွယ်ရာကား သူ၏ချစ်ခင်ကြင်နာမှုပြခြင်းဖြစ်သည်။” ဤအရည်အချင်းကိုတင်ပြသူသည် ကြွယ်ဝသောဆုကျေးဇူးများကိုခံစားရ၏။ (သု၊ ၁၉:၂၂၊ NW) ယင်းတို့အနက်အချို့ကားအဘယ်နည်း။
၁၄ ကြင်နာမှုသည် ကျွန်ုပ်တို့အား လိမ္မာပါးနပ်မှုရှိစေသဖြင့် သူတစ်ထူးနှင့် အမြဲဆက်ဆံရေးကောင်းစေရန် အထောက်အကူပြုသည်။ လိမ္မာပါးနပ်သူသည် စာနာမှုဖြင့် ပြောဆိုလုပ်ကိုင်တတ်ရာ အပြစ်မယူနိုင်သောနည်းမျိုးဖြင့် မလွယ်လှသောအခြေအနေများကို ကိုင်တွယ်ပြုလုပ်တတ်သည်။ “ကြမ်းကြုတ်သောသူ” သည် ဝိုင်းပယ်ခံရ၏။ “ချစ်ခင်ကြင်နာတတ်သောသူမူကား မိမိကိုယ်ကိုကျေးဇူးပြုတတ်၏။” (သု၊ ၁၁:၁၇) ကြမ်းကြုတ်သူကို လူတို့ကြဉ်ရှောင်တတ်ကြသည်။ သို့သော် ချစ်ခင်ကြင်နာတတ်သူကို လူတို့ခင်တွယ်ကြသည်။ သို့ဖြစ်သောကြောင့် ကြင်နာသူသည် သစ္စာရှိမိတ်ဆွေပေါများပါသည်။—သု၊ ၁၈:၂၄။
၁၅။ ဘာသာရေးအရကွဲပြားသောအိမ်ထောင်တွင် ကြင်နာမှုသည် အဘယ်အကျိုးပြုပေးမည်နည်း။
၁၅ မယုံကြည်သောအိမ်ထောင်ဖက်ရှိ ခရစ်ယာန်ဇနီးတစ်ဦးသည် ကြင်နာမှုတည်းဟူသောအရည်အချင်းမျိုးဖြင့် ဘုရားသခင်၏သမ္မာတရားသို့ လင်သားကို သွေးဆောင်နိုင်ပေမည်။ သမ္မာတရားမရမီ “မှန်သောဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းပါရမီအားဖြင့် ဘုရားသခင်နှင့်အတူအမျှဖန်ဆင်းသောလူသစ်ကိုယူတင်ဝတ်ဆောင်” ရန်တိုက်တွန်းမခံရမီက သူမသည် ကြင်နာမှုမရှိ၊ ရန်တွေ့ငြင်းခုံသူတစ်ဦးပင်ဖြစ်ကောင်းဖြစ်မည်။ (ဧဖက် ၄:၂၄) သူမလင်သားအနေနှင့် ပညာရှိစကားအချို့ကိုသာသိထားမည်ဆိုလျှင် “ရန်တွေ့တတ်သောမယားသည် အစက်စက်ကျသောမိုးပေါက်နှင့်တူ” ကြောင်း၊ သို့ဖြင့် “စိတ်တို၍ရန်တွေ့တတ်သောမိန်းမနှင့်နေသည်ထက် တောလွင်ပြင်၌နေသော် သာ၍ကောင်း” ကြောင်း သူသဘောတူလက်ခံပေလိမ့်မည်။ (သု၊ ၁၉:၁၃။ ၂၁:၁၉) သို့သော် ယခုမူ ခရစ်ယာန်ဇနီး၏ စင်ကြယ်သောအကျင့်နှင့်အလေးအနက်ရိုသေလေးစားမှုနှင့်အတူ ကြင်နာမှုအစရှိသောအရည်အချင်းများကြောင့် သူမကြင်ဖော်သည် စစ်မှန်သောယုံကြည်ခြင်းကို မြတ်နိုးတန်ဖိုးထားလာပေမည်။ (၁ ပေတရု ၃:၁၊ ၂) မှန်ပေသည်။ သူမ၏ကြင်နာမှုအကျိုးရလဒ်တစ်ခုမှာ ယင်းသို့ပင်ဖြစ်နိုင်သည်။
၁၆။ ကျွန်ုပ်တို့အားပြသသည့်ကြင်နာမှုမှ မည်သို့အကျိုးခံစားနိုင်မည်နည်း။
၁၆ ကြင်နာမှုခံစားရသည့်အတွက် ကျွန်ုပ်တို့ကိုယ်တိုင် စာနာစိတ်နှင့်ခွင့်လွှတ်တတ်သောသဘော တိုးပွားလာနိုင်ပါသည်။ ဥပမာ၊ ဝိညာဏအကူအညီလိုအပ်နေချိန်တွင် ကြင်နာမှုရှိရှိနူးညံ့သောသဘောဖြင့် ကျွန်ုပ်တို့ဆက်ဆံခံရလျှင် ထပ်တူနည်းမျိုးဖြင့် သူတစ်ပါးနှင့်ဆက်ဆံရန် ကျွန်ုပ်တို့လှုံ့ဆော်ခံရမည်မဟုတ်ပေလော။ ဝိညာဉ်ရေးဘက်အရည်အချင်းပြည့်အမျိုးသားများသည် ကြင်နာမှုဖြင့်နူးညံ့သိမ်မွေ့စွာဆက်ဆံလိမ့်မည်ဟု မျှော်လင့်နေနိုင်သည်။ အကြောင်းမှာ ပေါလုက ဤသို့ရေးသားခဲ့သည်။ “ညီအစ်ကိုတို့၊ လူသည် သတိလစ်၍ တစ်စုံတစ်ခုသောဒုစရိုက်ကိုပြုမိလျှင် ဝိညာဉ်ဆုကျေးဇူးကိုခံရသော သင်တို့သည် အပြစ်သွေးဆောင်ခြင်းနှင့် ကိုယ်တိုင်လွတ်မည်အကြောင်း ကိုယ်ကိုသတိပြုလျက် သိမ်မွေ့နူးညံ့သောသဘောနှင့် ထိုသို့သောသူကိုမစ၍ သူ၏နေရာ၌တည်မြဲတည်စေပြန်ကြလော့။” (ဂလာတိ ၆:၁) လမ်းလွဲနေသောယုံကြည်သူချင်းတို့ကို ကူညီပေးရန်ရှာကြံသည့်အခါ ခန့်အပ်ခံအကြီးအကဲများသည် နူးညံ့သိမ်မွေ့၊ ကြင်နာစွာစကားပြောဆိုဆုံးမတတ်သည်။ ထပ်တူကြင်နာမှုပါအကူအညီမျိုး ကိုယ်တိုင်ရရှိခဲ့ဖူးသည်ဖြစ်စေ၊ မရဖူးသည်ဖြစ်စေ ကိုယ်တော်၏အမှုထမ်းသူများအားလုံးထံမှ ဘုရားသခင်အဘယ်အရာတောင်းဆိုသနည်း။ ခရစ်ယာန်အားလုံး သူတစ်ထူးကို ကြင်နာမှုပြသင့်သည်။ ပေါလု၏ဤသြဝါဒကိုလည်း နာခံသင့်သည်။ “အချင်းချင်းကျေးဇူးပြု (ကြင်နာမှုပြ၊ NW) ခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့ အချင်းချင်းအပြစ်လွှတ်ခြင်းရှိကြလော့။” (ဧဖက် ၄:၃၂) ကိုယ်တိုင်ခွင့်လွှတ်ခံရသည်၊ သို့မဟုတ် ဝိညာဏအခက်အခဲတစ်ခုတွင် ကြင်နာစွာပေးသောအကူအညီကိုရရှိခဲ့သည်ဆိုလျှင် ကိုယ်ကိုယ်တိုင် ခွင့်လွှတ်တတ်သောသဘော၊ ကရုဏာနှင့်သနားကြင်နာစိတ်တိုးများလာသင့်ပေသည်။
ဘုရားသခင်၏မခံစားထိုက်သောကြင်နာမှုကို တန်ဖိုးထားလေးမြတ်ပါ
၁၇။ ကျွန်ုပ်တို့သည် အပြစ်သားများအဖြစ် မွေးဖွားလာရာ အဘယ်ကြင်နာမှုအတွက် အထူးကျေးဇူးတင်သင့်သနည်း။
၁၇ ကျွန်ုပ်တို့အားလုံး သေဒဏ်ခံထိုက်သောအပြစ်သားများအဖြစ် မွေးဖွားခံရသော်လည်း ကျွန်ုပ်တို့အထူးကျေးဇူးတင်ရမည့်ကြင်နာမှုရှိပါသည်။ ယင်းကား ယေဟောဝါဘုရားသခင်၏မခံစားထိုက်သောကြင်နာမှုဖြစ်သည်။ အပြစ်သားများ သေဒဏ်မှလွတ်မြောက်နိုင်ပြီး ဖြောင့်မတ်ခြင်းသို့ရောက်နိုင်ခြင်းကား အမှန်မခံစားထိုက်သောကြင်နာမှုဖြစ်ပေသည်။ မှုတ်သွင်းခံစာစောင် ၁၄ စောင်တွင် အကြိမ်ပေါင်း ၉၀ ဖြင့်ဘုရားသခင်၏မခံစားထိုက်သောကြင်နာမှုကိုဖေါ်ပြခဲ့သောပေါလုသည် ရှေးရောမမြို့ရှိ ခရစ်ယာန်များအား ဤသို့ဆိုသည်။ “လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ။ ယေရှုခရစ်ရွေးနှုတ်တော်မူသောအားဖြင့် အဖိုးကိုမပေးဘဲ ဘုရားသခင်၏ကျေးဇူးတော်ကြောင့်ဖြောင့်မတ်ရာသို့ရောက်ရကြ၏။” (ရောမ ၃:၂၃၊ ၂၄) ယေဟောဝါဘုရားသခင်တင်ပြသည့် မခံစားထိုက်သောကြင်နာမှုကို ကျွန်ုပ်တို့မည်မျှတန်ဖိုးထားလေးမြတ်သင့်သည်တကား။
၁၈၊ ၁၉။ ဘုရားသခင်၏မခံစားထိုက်သောကြင်နာမှု၏ကျေးဇူးကို လက်လွတ်မဆုံးရှုံးရအောင် မည်သို့ရှောင်ကြဉ်နိုင်သနည်း။
၁၈ တန်ဖိုးမထားခြင်းအားဖြင့် ဘုရားသခင်၏မခံစားထိုက်သောကြင်နာမှု၏ကျေးဇူးကို လက်လွတ်ဆုံးရှုံးနိုင်ပါသည်။ ယင်းနှင့်စပ်လျဉ်း၍ ပေါလုဤသို့ဆိုသည်။ “ထိုကြောင့် ငါတို့သည်ခရစ်တော်၏သံတမန်ဖြစ်ကြ၏။ ‘သင်တို့သည် ရန်ငြိမ်း၍ ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ကြလော့’ ဟု ဘုရားသခင်သည် ငါတို့အားဖြင့်နှိုးဆော်သွေးဆောင်တော်မူသကဲ့သို့ ငါတို့သည် ခရစ်တော်၏ကိုယ်စားဖြစ်၍ သင်တို့ကိုတောင်းပန်သွေးဆောင်ကြ၏။ အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သောသူကို ငါတို့အတွက်ကြောင့်အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း။ သင်တို့သည် ဘုရားသခင်၏ကျေးဇူးတော်ကိုအကျိုးမဲ့မခံကြနှင့်ဟု ငါတို့သည် အမှုတော်ကိုဆောင်ရွက်သောသူချင်းဖြစ်၍ သင်တို့ကိုနှိုးဆော်သွေးဆောင်ကြ၏။ [ဟေရှာယ ၄၉:၈၊ Septuagint တွင်] ဗျာဒိတ်တော်အချက်ဟူမူကား ‘နှစ်သက်ဖွယ်သောအချိန်၌ သင်၏စကားကိုငါနားထောင်ပြီ။ ကယ်တင်ရာနေ့ရက်ကာလ၌ သင့်ကိုငါမစပြီ’ ဟုလာသည်နှင့်အညီ ယခုပင်နှစ်သက်ဖွယ်သောအချိန်ရှိ၏။ ယခုပင် ကယ်တင်ရာနေ့ရက်ကာလရှိ၏။ တရားဟောခြင်းအခွင့်အရာကို အပြစ်တင်ခြင်းနှင့်ကင်းလွတ်စိမ့်သောငှာ ထိမိ၍လဲစရာအကြောင်း တစ်စုံတစ်ခုကိုမျှမပြု။ . . . ဘုရားသခင်ခန့်ထားတော်မူသော ဓမ္မဆရာ [အမှုထမ်း၊ NW] မှန်ကြောင်းကို အရာရာ၌ထင်ရှားစွာပြကြ၏။” (၂ ကောရိန္သု ၅:၂၀–၆:၄) ပေါလုအဘယ်အရာကိုဆိုလိုသနည်း။
၁၉ ဘိသိက်ခံခရစ်ယာန်များသည် ခရစ်တော်ကိုယ်စားလှယ် သံအမတ်များဖြစ်ကြသည်။ လူအုပ်ကြီးမူကား သံတမန်များဖြစ်ကြသည်။ သူတို့ပူးပေါင်း၍ လူတို့ကယ်တင်ခြင်းရခြင်းငှာ ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ကြရန် တိုက်တွန်းအားပေးကြသည်။ ယေရှုခရစ်တော်မှတစ်ဆင့် ယေဟောဝါဘုရားသခင်၏မခံစားထိုက်သောကြင်နာမှုကိုရရှိပြီးနောက်မှ ယင်း၏ကျေးဇူးကိုမခံရဘဲ ပေါလုမဖြစ်စေလိုခဲ့ပါ။ ထိုမခံစားထိုက်သောကြင်နာမှုကြောင့် ထမ်းရွက်ခွင့်ရသောလုပ်ငန်းကို ကျွန်ုပ်တို့မဆောင်ရွက်ပါက ယင်းသို့ဖြစ်လာနိုင်ပါသည်။ ကိုယ်တော်နှင့်မိတ်သဟာယဖွဲ့ထားသူများအဖြစ် ဘုရားသခင်၏မိတ်ဆွေဖြစ်ကြရာ “ဘုရားသည် ခရစ်တော်အားဖြင့် လူသားအပေါင်းတို့အား မိမိ၏မိတ်ဆွေများဖြစ်စေတော်မူခြင်းဆိုင်ရာတရား” ကိုဟောပြောမည်ဆိုလျှင် ကိုယ်တော်၏မခံစားထိုက်သောကြင်နာမှုကို အချည်းနှီးခံယူနေခြင်းမဟုတ်ပါ။ (၂ ကောရိန္သု ၅:၁၈၊ ၁၉၊ သတင်းကောင်း) သူတစ်ပါးသည် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ရန် ကူညီပေးခြင်းအားဖြင့်လည်း သူတို့အား အကောင်းဆုံးနည်းဖြင့် ကြင်နာမှုပြရာရောက်ပေမည်။
၂၀။ အခြားအဘယ်အကြောင်းကို ဆက်၍သုံးသပ်မည်နည်း။
၂၀ ခရစ်ယာန်ဓမ္မအမှုအားဖြင့် ဝိညာဉ်ရေးဘက် လူတို့ကိုကူညီပေးရန် ကြိုးစားကြသောအခါ ယေဟောဝါကျေးကျွန်များသည် မိမိတို့အချိန်နှင့်အစွမ်းအစတို့ကို ကြင်နာမှုပြသည့်အမှုများတွင် အသုံးပြုကြသည်။ သို့သော် ကြင်နာမှုတင်ပြသည့် ကျမ်းစာပါဥပမာများမှ ကျွန်ုပ်တို့အဘယ်သင်ခန်းစာရယူနိုင်သနည်း။ ယင်းတို့မှ အချို့ကိုယခုစစ်ဆေးပြီး ကြင်နာမှုပြခြင်းဖြင့် ယေဟောဝါအလိုတော်နှင့်တွေ့နိုင်သည့် အခြားနည်းများကိုသုံးသပ်ကြစို့။
သင်မည်သို့ဖြေဆိုမည်နည်း
▫ ကြင်နာမှုကားအဘယ်နည်း။
▫ မှားယွင်းသောကြင်နာမှုမပြမိရန် မည်သို့ရှောင်ကြဉ်နိုင်မည်နည်း။
▫ ယေဟောဝါ၏လူမျိုးသည် ကိုယ်တော်၏ချစ်ခင်ကြင်နာမှုကို အဘယ်ကြောင့်အားထားနိုင်သနည်း။
▫ ကြင်နာမှု၏အကျိုးရလဒ်အချို့ကအဘယ်နည်း။
▫ အဘယ်အရာပြုလုပ်ခြင်းအားဖြင့် ဘုရားသခင်၏မခံစားထိုက်သောကြင်နာမှု၏ကျေးဇူးကို လက်မလွတ်ဘဲနေမည်နည်း။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ကြင်နာမှုသည် ခရစ်ယာန်အကြီးအကဲများအား စိတ်ရှည်စေသည်၊ စာနာမှုနှင့်ကရုဏာရှိစေသည်
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ရန်ကူညီပေးခြင်းအားဖြင့် သူတစ်ပါးအား အကောင်းဆုံးနည်းဖြင့် ကြင်နာမှုပြနိုင်သည်