ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
ယေရှု၏သိုးများ ကိုယ်တော့်အသံတော်ကို နားစွင့်ကြ
ဟောပြောခြင်းလုပ်ငန်းသည် ကမ္ဘာ့ဒေသအသီးသီးသို့ တိုးချဲ့ရောက်ရှိသွားစဉ် ကောင်းကင်တမန်များအားဖြင့် ယေဟောဝါရှင်သည် ကျေးကျွန်တော်တို့အား သိုးကဲ့သို့သောသူများထံ စေလွှတ်တော်မူသည်။ သူတို့သည် ယေရှု၏အသံကိုကြားပြီး ထာဝရအသက်ရဖို့အလိုငှာ ကိုယ်တော်၏အမှုကိုဆောင်ရွက်တတ်လာသည်။ ယောဟန် ၁၀:၂၇၊ ၂၈ တွင်ယေရှုဤသို့ဆိုသည်။ “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။ ထာဝရအသက်ကိုလည်း ငါပေး၏။” မာဒဂါစကာနိုင်ငံရှိ စိတ်နှလုံးရိုးဖြောင့်သူများသည် ယေရှု၏အသံကို မည်သို့နားထောင်ခဲ့ကြောင်း သတိပြုပါ။
ယေဟောဝါသက်သေတစ်ဦးသည် သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် နှင့် လူငယ့်ဘဝအနှစ်သာရ စာအုပ်များကို မိမိ၏ဖျားနာနေသောဖခင်အား ဆေးလာကုသပေးသည့်ဆရာဝန်ကိုပေးခဲ့သည်။
ဆရာဝန်ဖြစ်သူမှာ ပရိုတက်စတင့်ဘာသာဝင်တစ်ဦးဖြစ်ပြီး သက်သေခံများကို အပြင်းအထန်အတိုက်အခံပြုပါသည်။ မည်သို့ဆိုစေ စာအုပ်များကိုဖတ်ရှုပြီး ကိုယ်ပိုင်ကျမ်းစာမှ ကျမ်းချက်များကိုတိုက်ကြည့်ခဲ့သည်။ သူ၏ဇနီးဖြစ်သူ၊ ကက်သလစ်ဖြစ်သည့်ဆရာဝန်မသည် လူငယ့်ဘဝ စာအုပ်သည် မိမိအတွက်အထူးထုတ်ဖြစ်သည်ဟုဆိုကာ အကြိမ်ကြိမ်ဖတ်ရှုပါသည်။ ၁၉၁၄ ခုနှစ်၏အရေးပါပုံကို ကျမ်းစာအခြေခံ၍ အသင်းမရှင်းပြထားသည့်နည်းကို သူတို့နှစ်ဦးစလုံး အထူးစိတ်ဝင်စားကြသည်။ ယင်းစာအုပ်များကိုသူတို့အားပေးခဲ့သည့်သက်သေခံထံ လင်ယောက်ျားဖြစ်သူသည် လာတွေ့ဆုံပြန်သည်။ သက်သေခံကလည်း Life—How Did it Get Here? By Evolution or by Creation? စာအုပ်ကိုထပ်ပေးခဲ့သည်။ သူတို့မေးခွန်းများကိုဖြေဆိုပေးရန် မိမိဇနီးနှင့်အတူလည်ပတ်ရန်လည်း စီစဉ်လိုက်သည်။ ထိုအချိန်တွင် သူတို့မောင်နှံစုံနှင့် သားသမီးသုံးဦးတို့သည် မှန်မှန်ကျမ်းစာသင်လေသည်။ သမ္မာကျမ်းစာပညာကိုလည်း သူတို့အလျင်အမြန်ရရှိလာသည်။
ပထမသင်အံမှုပြီးနောက် နိုင်ငံတော်ခန်းမတွင် စည်းဝေးများကိုတစ်အိမ်ထောင်လုံးစတက်လာသည်။ မကြာမီပင် သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် နာမည်စာရင်းပေးခဲ့သည်။ သားသမီးများ၏အမူအကျင့်လည်း သိသိသာသာတိုးတက်ကောင်းမွန်လာသည်။ သူတို့၏ကျမ်းစာသင်အံရာမှ မွေးနေ့နှင့်အခြားဘာသာရေးပွဲများကိုကျင်းပခြင်းသည် ခရစ်ယာန်မဟုတ်ကြောင်းသိရှိလာ၍ ယင်းတို့ကို မကျင်းပတော့ချေ။ ကျမ်းစာသင်အံမှုတွင် အသေးစိတ်ပင်မဆွေးနွေးရသေးသော်လည်း လင်ယောက်ျားဖြစ်သူသည် အမျိုးတစ်ဦးဖြစ်သူအား သွေးမလှူခဲ့ပါ။ ထိုနောက် သူ၏ကရာတေးဝတ်စုံကို သူ့သားသမီးများအတွက် အဝတ်အစားများချုပ်ပေးရန် စက်ဆိုင်သို့ပို့လိုက်သည်။ ဇာတာစက်ဝိုင်းနှင့်ဆိုင်သော သူ၏မဂ္ဂဇင်းနှင့်စာအုပ်များကိုလည်း မီးရှို့ပစ်လိုက်သည်။ သင်အံမှုစချိန်မှ သုံးလအတွင်း ထိုဇနီးမောင်နှံသည် သူတို့ချာ့ချ်အသီးအသီးမှ နာမည်ထုတ်ပစ်ရန်တောင်းဆို၍ ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်လိုသည့်ဆန္ဒကို ဖော်ပြကြသည်။ ယခု သူတို့နှစ်ခြင်းယူပြီးပြီဖြစ်သည်။
▫ ထိုင်းနိုင်ငံတွင် အမျိုးသမီးတစ်ဦးသည် သမ္မာတရားကိုတွေ့လိုသည်။ မိမိဘာသာတွင် အရေခြုံခြင်း၊ လောဘလွန်ကျူးခြင်း ရှိလွန်းသည်ကိုတွေ့မြင်ပြီး ကိုယ့်ဘာသာကိုမကိုင်းရှိုင်းခဲ့ပါ။ ထို့ပြင်အော့နှလုံးနာစရာထုံးစံအမျိုးမျိုးကိုလည်း သူမကြိုက်နိုင်သဖြင့် မိမိနှင့်မပတ်သက်သကဲ့သို့နေပါသည်။
ထိုနောက် အိမ်နီးချင်းတစ်ဦးက ခရစ်ယာန်ဘာသာကိုစူးစမ်းကြည့်ရန်တိုက်တွန်းသဖြင့် ပင်တီကော့စတယ်လ်ချာ့ချ်ကို သွားတက်သေးသည်။ တက်ရောက်သူအားလုံး ကျယ်လောင်စွာဆုတောင်းနေကြသည့်အတွက် ဆူညံလွန်းလှသဖြင့် စည်းဝေးနေစဉ်တွင်ပင် ထိုအမျိုးသမီးသည် ထထွက်သွားလိုခဲ့သည်။ ထိုချာ့ချ်သို့ နောက်တစ်ဖန်ပြန်မသွားခဲ့ပါ။
နောင်တွင် ချာ့ချ်နောက်တစ်ခုကိုတက်ကြည့်ပါသေးသည်။ သုံးလေးကြိမ်မျှတက်ရောက်ပြီးနောက် အရေခြုံမှု၊ လောဘလွန်ကျူးမှုတို့ကို တစ်ဖန်သတိပြုမိပြီး ဓမ္မဆရာ၏စည်းစိမ်ခံဘဝပုံစံကြောင့်ပါ စိတ်ပျက်ပျက်နှင့် မသွားတော့ပါ။ သူမအဘယ်ကြောင့်ပြန်မလာတော့သည်ကို ဓမ္မဆရာကမေးမြန်း၍ အဖြေရရှိသည့်အခါ သူက ခနဲ့သောလေသံဖြင့် “စည်းကမ်းကြပ်မတ်တဲ့လူတွေနဲ့ပေါင်းချင်ယင် ယေဟောဝါသက်သေတွေဆီသွား” ဟုပြောခဲ့သည်။ သူမက “ဘယ်မှာရှိလဲ” ဟုမေးမြန်းသည်။ “ရေလှောင်ကန်ကြီးနားမှာ” ဟုဓမ္မဆရာကဖြေဆိုသည်။ နောက်နေ့တွင်ပင် သူမသွားရှာသော်လည်း မတွေ့ခဲ့၍ စိတ်ဓာတ်ကျမိသည်။ သို့သော် ယေဟောဝါသက်သေများအကြောင်း အမြဲစိတ်စွဲလမ်းနေသည်။
တစ်နေ့သောအခါ အိမ်နီးချင်းတစ်ဦးက အခြားတစ်ဦးအား “ဒီအတိုင်းဆို မင်းယေဟောဝါသက်သေတစ်ယောက်ဖြစ်သွားလိမ့်မယ်” ဟုခနဲ့တဲ့တဲ့ပြောသည်ကိုကြားလိုက်သည်နှင့် ထိုသူထံသွားပြီး “ဒီအနားမှာ ယေဟောဝါသက်သေတွေရှိလား” ဟုမေးခဲ့သော် “ရှိတယ်” ဟုအဖြေရခဲ့သည်။ “ရပ်ကွက်ထဲကို တစ်အိမ်တက်ဆင်းတရားဟောလာပါလိမ့်မယ်။ သူတို့ရဲ့သန့်ရှင်းသန့်ပြန့်ပုံကိုကြည့်ပြီး သိနိုင်ပါလိမ့်မယ်” ဟုဆိုသည်။ သို့နှင့်သူချက်ချင်းထွက်ရှာသော်လည်း မတွေ့မိလိုက်ပါ။ သို့သော် အိမ်သို့အပြန်တွင် လူတစ်ယောက်နှင့် သပ်ရပ်စွာဝတ်စားထားသည့်အမျိုးသမီးနှစ်ဦးကိုသတိပြုမိလိုက်သည်။ အနားသွား၍ သူတို့သည် ယေဟောဝါသက်သေများလောဟုမေးမြန်းကြည့်ရာ ဟုတ်ကြောင်းသိရှိသည့်အခါ သူမက “ကျေးဇူးပြုပြီး ကျွန်မအိမ်ကိုလာပါ။ စကားပြောချင်တယ်” ဟုတောင်းပန်ခဲ့သည်။
ကျမ်းစာသင်အံမှုစတင်လိုက်ပြီး အိမ်သူအိမ်သားတို့၏အတိုက်အခံနှင့်ကဲ့ရဲ့မှုကိုခံရသည့်ကြား ဤအမျိုးသမီးသည် စည်းဝေးများကိုစတက်ပြီး ဆွေမျိုးတို့အားသက်သေခံလေတော့သည်။
ယေရှုသည် မိမိသိုးများကိုအမှန်သိရှိ၍ ဖြောင့်မတ်ခြင်းတရားတည်ရာ ကိုယ်တော်၏ကမ္ဘာသစ်ထဲ ကပ်ကျော်စေခြင်းငှာ အဖွဲ့အစည်းအတွင်း စုသိမ်းနေသည်ကားအမှန်ပင်။