ဒုက္ခမွှေနှောက်နေသောလောကတွင် သူတို့ငြိမ်သက်မှုခံစားရကြ
မဂ္ဂဇင်းမျက်နှာဖုံးသည် ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံများမှ ပြင်းထန်သောစစ်မြင်ကွင်းတစ်ခုကိုဖော်ပြသည်။ ဤနေရာမျိုးတွင် ငြိမ်သက်မှုရှိနိုင်မည်လော။ အံ့ဩစရာကား ရှိနိုင်သည်ဟုအဖြေရခြင်းဖြစ်သည်။ ထိုကြေကွဲဝမ်းနည်းဖွယ် တိုင်းနိုင်ငံတွင် ရိုမန်ကက်သလစ်၊ အရှေ့ပိုင်းသြသဒေါက်စ်၊ မွတ်စလင်အုပ်စုများက နယ်မြေဒေသတိုးချဲ့ရေးအတွက် စစ်တိုက်ခိုက်နေကြသော်လည်း ငြိမ်းချမ်းရေးလိုလားသူ မြောက်မြားစွာရှိ၍ အချို့တို့သည် ငြိမ်သက်မှုကို ခံစားနေကြရပြီ။
ဒေါရမ်မိသားစုသည် ဆာရာယေဗိုမြို့တွင် နေထိုင်ခဲ့သူများဖြစ်ကြသည်။ သူတို့သည် ယေဟောဝါသက်သေများဖြစ်ကြသည်။ ထိုမြို့တွင်းဖြစ်ပွားနေသော မငြိမ်မသက်မှုကြားတွင် သူတို့သည် ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းကို အိမ်နီးချင်းတို့ထံ သွား၍ဟောပြောလေ့ရှိကြသည်။ (မဿဲ ၂၄:၁၄) အဘယ်ကြောင့်နည်း။ ဤနိုင်ငံတော်သည် စစ်မှန်သောနိုင်ငံဖြစ်ပြီး ကောင်းကင်တွင် တည်ထောင်နေပြီဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးရရန် လူသားတို့၏ အကောင်းဆုံးနှင့်တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်ကြောင်း ဒေါရမ်မိသားစုက သိသောကြောင့်ဖြစ်သည်။ တမန်တော်ပေါလုဖော်ပြခဲ့သော “ရန်ငြိမ်းခြင်းတရား” ကိုယေဟောဝါသက်သေများ လုံးလုံးလျားလျား ယုံကြည်စိတ်ချကြသည်။ (ဧဖက် ၂:၁၇) ဗိုဇိုနှင့်ဟီနာဒေါရမ်တို့ကဲ့သို့သောသူများကြောင့် ဘော့စနီးယားနှင့်ဟာဇီဂိုဗီးနားနိုင်ငံများတွင်ရှိသူ မြောက်မြားစွာတို့သည် ငြိမ်သက်မှုရရှိနေကြပါသည်။
ရောက်လာမည့် စစ်မှန်သောငြိမ်သက်မှု
ဒေါရမ်တို့အကြောင်း ပြောပြစရာရှိသေးသည်။ သို့သော် ဦးဆုံး၊ ဘုရားသခင့်နိုင်ငံတော်ကို ယုံကြည်စိတ်ချခဲ့သော အခြားမောင်နှံစုံတစ်စုံအကြောင်း ပြောဆိုကြစို့။ သူတို့၏အမည်မှာ အာရ်တူးရ်နှင့် အာရီးနားတို့ဖြစ်သည်။ သားငယ်လေးများနှင့်အတူ သူတို့သည် ယခင်ဆိုဗီယက်ယူနီယံနိုင်ငံ နယ်မြေဒေသ၏ သမ္မတနိုင်ငံတစ်ခုတွင် နေထိုင်ခဲ့ကြသည်။ ပြည်တွင်းစစ်စဖြစ်သောအခါ အာရ်တူးရ်သည် တစ်ဖက်တွင် ပါဝင်တိုက်ခိုက်ခဲ့သည်။ သို့သော် မကြာမီပင် သူက ‘တစ်ချိန်တုန်းက ငါ့ရဲ့အိမ်နီးချင်းတွေဖြစ်တဲ့သူတွေကို ငါဘာကြောင့်တိုက်ခိုက်နေရတာလဲ’ ဟုမိမိကိုယ်ကိုမေးမြန်းခဲ့သည်။ ထိုနိုင်ငံမှ သူထွက်ခွာသွားပြီး အခက်အခဲဒုက္ခများစွာကြုံတွေ့ပြီးနောက် မိသားစုနှင့်အတူ အက်စ်တိုးနီးယားနိုင်ငံသို့ ရောက်ရှိလာသည်။
စိန့်ပီတာစဘာ့ဂ်မြို့သို့ သူအလည်တစ်ခေါက်သွားချိန်တွင် အာရ်တူးရ်သည် ယေဟောဝါသက်သေများနှင့် တွေ့ဆုံခဲ့ပြီး ဘုရားသခင်၏နိုင်ငံတော်အကြောင်း သူကြားသိရသမျှသည် သူ့အတွက် စွဲမှတ်စရာဖြစ်ခဲ့သည်။ ယေဟောဝါ၏အလိုတော်မှာ များမကြာမီ လူ့လောကကို ဘုရားသခင်၏နိုင်ငံတော်တစ်ခုတည်းကသာ အုပ်ချုပ်ရမည်ဟူ၍ဖြစ်သည်။ (ဒံယေလ ၂:၄၄) ထိုအခါ ကမ္ဘာမြေကြီးသည် ငြိမ်းချမ်းသာယာလိမ့်မည်။ ပြည်တွင်းစစ်များ သို့မဟုတ် အပြည်ပြည်ဆိုင်ရာ ပဋိပက္ခများ ဖြစ်တော့မည်မဟုတ်။ ထိုအခါသမယအကြောင်းကို ဟေရှာယက ဤသို့ပရောဖက်ပြုထားသည်– “ငါ၏သန့်ရှင်းသောတောင်တစ်ပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြ။ အကြောင်းမူကား ပင်လယ်ရေသည် မိမိနေရာကို လွှမ်းမိုးသကဲ့သို့ မြေကြီးသည် ထာဝရဘုရားကိုသိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။”—ဟေရှာယ ၁၁:၉။
သူ့အား သက်သေခံကပြသည့် ကျမ်းစာလေ့လာရန် စာအုပ်တစ်အုပ်တွင် ပန်းချီဆရာရေးဆွဲဖော်ပြသော အနာဂတ်ငြိမ်းချမ်းမည့်ကမ္ဘာ ရုပ်ပုံတစ်ပုံကို တွေ့သောအခါ အာရ်တူးရ်က မိမိသည် တစ်ချိန်တစ်ခါက ထိုသို့သောနယ်မြေဒေသမျိုးတွင် နေထိုင်ခဲ့ကြောင်း ပြောဆိုသည်။ သို့သော် ယခု ပြည်တွင်းစစ်ကြောင့် ဖျက်ဆီးခံနေရ၏။ အက်စ်တိုးနီးယားနိုင်ငံတွင် အာရ်တူးရ်နှင့်သူ၏မိသားစုသည် ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာရာမှ ဘုရားသခင်၏နိုင်ငံတော်အကြောင်း ပိုမိုသိရှိလာကြသည်။
ဒုက္ခမွှေနှောက်မှုကြား ငြိမ်သက်ခြင်း
ဆာလံ ၃၇:၃၇ ကဤသို့ဆိုသည်– “စုံလင်ခြင်းတရားကို စောင့်ရှောက်လော့။ ဖြောင့်မတ်ခြင်းတရားကို ကြည့်ရှုဆင်ခြင်လော့။ ထိုသို့ပြုသောသူသည် အဆုံး၌ ငြိမ်သက်ခြင်းကို ခံစားရလိမ့်မည်။” အမှန်မှာ ဘုရားသခင်၏မျက်မှောက်တော်တွင် စုံလင်ဖြောင့်မတ်သောသူသည် ငြိမ်သက်ခြင်းကို သူ၏အနာဂတ်၌သာ ခံစားရဖို့မဟုတ်ပါ။ ယခုပင်လျှင် ခံစားနိုင်၏။ မည်သို့ဖြစ်နိုင်မည်နည်း။ ပေါလ်အမည်ရှိသူတစ်ဦး၏တွေ့ကြုံမှုကို စဉ်းစားကြည့်ပါ။
ပေါလ်သည် အနီးအနားရှိနိုင်ငံသားတစ်ဦးဖြစ်သော်လည်း အီသီယိုးပီးယားနိုင်ငံ အနောက်တောင်ဘက်ရှိ ဝေးလံသောဒုက္ခသည်စခန်းတစ်ခုတွင် နေထိုင်နေသည်။ သူ၏နေရင်းတိုင်းပြည်တွင် ရေနံကုမ္ပဏီလုပ်သားဖြစ်သူ ယေဟောဝါသက်သေတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ ထိုသူက ပေါလ်ကို ထာဝရအသက်သို့ပို့ဆောင်သောသမ္မာတရားအမည်ရှိ ကျမ်းစာလေ့လာရန်စာအုပ်တစ်အုပ် ပေးခဲ့သည်။a ပေါလ်သည် ထိုသက်သေခံနှင့် တစ်ခါမျှပြန်မတွေ့ဆုံခဲ့သော်လည်း ထိုစာအုပ်ကို အသေအချာဖတ်ရှုလေ့လာပါသည်။ ပြည်တွင်းစစ်ကြောင့် သူသည် အီသီယိုးပီးယားနိုင်ငံရှိ ဒုက္ခသည်စခန်းသို့ ရောက်လာပါသည်။ ထိုတွင် မိမိသိရှိလာသောအကြောင်းများကို အခြားသူများအား ပြောပြလေသည်။ ယင်းကို သမ္မာတရားအဖြစ် လက်သင့်ခံသူ လူနည်းစုတစ်စုရှိလာ၏။ သူတို့သိနားလည်လာသည့်အကြောင်းများကို ဒုက္ခသည်စခန်းရှိသူများအား စတင်ဟောပြောလေတော့သည်။
ပေါလ်သည် ကင်းမျှော်စင်အသင်း၏ဌာနချုပ်ထံ စာရေးအကူအညီတောင်းခံခဲ့သည်။ ဘုရားသခင်၏နိုင်ငံတော်အကြောင်း သင်ယူလိုသူ ၃၅ ဦးစောင့်လင့်နေသည်ကို အက်ဒစ်အဘာဘာမြို့မှရောက်လာသော ဓမ္မအမှုဆောင် တွေ့ရှိခဲ့ရ၍ အံ့သြမိသည်။ ဤသူတို့ကို မှန်မှန်ကူညီပေးရန် အစီအစဉ်များ ပြုလုပ်လေသည်။
ပေါလ်ကဲ့သို့သောသူများသည် ငြိမ်သက်မှုခံစားနေရသည်ဟု မည်သို့ပြောဆိုနိုင်သနည်း။ သူတို့ဘဝအသက်တာသည် မလွယ်ကူသော်လည်း ဘုရားသခင်ကို ယုံကြည်အားထားကြသည်။ ဤလောက၏မငြိမ်မသက်ဖြစ်မှုဒဏ်ကို ခံရကြသည့်အခါ ကျမ်းစာသြဝါဒကို သူတို့ကျင့်သုံးကြသည်– “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်တကွ၊ ဆုတောင်းပတ္ထနာပြုသောအားဖြင့် သင်တို့အသနားခံလိုသောအချက်များကို ဘုရားရှင်ထံတင်လျှောက်ကြလော့။” ယင်းကြောင့် ယနေ့တွေ့ခဲသော ရောင့်ရဲတင်းတိမ်စိတ်ကို သူတို့တွင်တွေ့ရှိရသည်။ ဖိလိပ္ပိအသင်းတော်ထံ တမန်တော်ပေါလုရေးသားသောစကားများသည် သူတို့နှင့်သက်ဆိုင်သည်– “အဘယ်သူမျှကြံ၍မမှီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။” သူတို့သည် “ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်” ယေဟောဝါနှင့် အမှန်တကယ်ပင် ရင်းနှီးသောဆက်ဆံမှုရှိကြသည်။—ဖိလိပ္ပိ ၄:၆၊ (ကဘ) ၇၊ ၉။
လက်ရှိငြိမ်သက်မှု
ဘုရားသခင်နိုင်ငံတော်၏ နန်းထိုင်ဘုရင် ယေရှုခရစ်တော်အား သမ္မာကျမ်းစာက “ငြိမ်သက်ခြင်းမင်းသား” ဟုခေါ်ဝေါ်ထားသည်။ (ဟေရှာယ ၉:၆၊ ကဘ) ကိုယ်တော့်အကြောင်း ရှေးပရောဖက်တစ်ပါးက ဤသို့ဆိုသည်– “တစ်ပါးအမျိုးသားတို့သည် စစ်ငြိမ်းမည်အကြောင်းကို ထိုအရှင်သည် မိန့်တော်မူမည်။ အာဏာတော်လည်း ပင်လယ်တစ်ပါးမှသည် ပင်လယ်တစ်ပါးတိုင်အောင်လည်းကောင်း၊ မြစ်မှသည် မြေကြီးစွန်းတိုင်အောင်လည်းကောင်း တည်လိမ့်မည်။” (ဇာခရိ ၉:၁၀) ဤကဲ့သို့သော မှုတ်သွင်းခံစကားများက ဟိုစေးအမည်ရှိသူကို အကျိုးများစွာပြုခဲ့သည်။
ဟိုစေးသည် တစ်ချိန်က အကျဉ်းထောင်ကျနေသည်။ သူသည် အကြမ်းဖက်သမားတစ်ဦးဖြစ်ခဲ့ပြီး ရဲစခန်းတစ်ခု၏တန်းလျားကို ဖောက်ခွဲရန် ပြင်ဆင်နေစဉ် အဖမ်းခံခဲ့ရသည်။ အကြမ်းဖက်မှုကသာ အစိုးရအား နိုင်ငံ့အခြေအနေတိုးတက်ရေးကို မလုပ်မနေလုပ်ဆောင်ရန်ဖြစ်စေမည်ဟု သူယူမှတ်ခဲ့သည်။ သူသည် အကျဉ်းကျနေစဉ် ဇနီးဖြစ်သူက ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာသည်။
ဟိုစေးသည် အကျဉ်းထောင်မှထွက်လာသောအခါ သူသည်လည်း ကျမ်းစာကိုလေ့လာလေသည်။ မကြာမီပင် ဆာလံ ၈၅:၈ ပါစကားများသည် သူနှင့်သက်ဆိုင်လာလေသည်– “ထာဝရအရှင် ဘုရားသခင်သည် အဘယ်သို့မိန့်တော်မူမည်ကို ငါနားထောင်မည်။ အကယ်စင်စစ် မိမိလူ၊ မိမိသန့်ရှင်းသူတို့အား ငြိမ်သက်ခြင်းအကြောင်းကို မိန့်တော်မူလိမ့်မည်။” သို့ရာတွင် ထိုအခန်းငယ်သည် ဤသတိပေးချက်နှင့် နိဂုံးချုပ်သည်– “နောက်တစ်ဖန် မိုက်သောအကျင့်ကို မကျင့်ကြပါစေနှင့်။” သို့ဖြစ်သောကြောင့် ယေဟောဝါ၏ငြိမ်သက်ခြင်းကို ရှာသူသည် ထင်ရာစိုင်းပြုမူရန် သို့မဟုတ် အလိုတော်နှင့်ဆန့်ကျင်ရန် ကြံစည်လိမ့်မည်မဟုတ်ပါ။
ယနေ့ ဟိုစေးနှင့်သူ၏ဇနီးသည် ခရစ်ယာန်ဓမ္မအမှုဆောင်များ ဖြစ်နေကြပါသည်။ တစ်ချိန်က အိမ်ဖြစ်ဗုံးများနှင့် ဟိုစေးကြိုးစားဖြေရှင်းခဲ့သောပြဿနာ၏ ဖြေရှင်းနည်းကား ယေဟောဝါ၏နိုင်ငံတော်သာဖြစ်ကြောင်းကို အခြားသူများအား သူတို့ညွှန်ပြနေကြပါသည်။ “အကယ်စင်စစ် ထာဝရဘုရားသည် ကျေးဇူးပြုတော်မူ၍ ငါတို့မြေသည် မိမိဘဏ္ဍာကို ပေးလိမ့်မည်” ဟူသောသမ္မာကျမ်းစာမိန့်ဆိုထားချက်ကို သူတို့ယုံကြည်ကိုးစားလိုကြသည်။ (ဆာလံ ၈၅:၁၂) အမှန်ပင် ဟိုစေးဖျက်ဆီးရန်ကြိုးစားခဲ့သောတန်းလျားသို့ မကြာမီက သူပြန်သွားခဲ့သည်။ အဘယ်ကြောင့်နည်း။ ထိုတွင်နေထိုင်သူ မိသားစုများအား ဘုရားသခင်၏နိုင်ငံတော်အကြောင်း ပြောပြရန်အတွက်ဖြစ်သည်။
ငြိမ်သက်သောသူများ
ဆာလံ ၃၇:၁၀၊ ၁၁ တွင်သမ္မာကျမ်းစာက ဤသို့ဆိုသည်– “ခဏကြာပြီးမှ မတရားသောသူသည်မရှိရ။ သူ၏နေရာကို စေ့စေ့ရှာ၍ မတွေ့ရ။ စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော်ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်။” တကယ်နှစ်ထောင်းအားရစရာ မျှော်လင့်ချက်ပါတကား!
သို့သော် ယေဟောဝါ၏ငြိမ်သက်ခြင်းသည် “စိတ်နှိမ့်ချသောသူတို့” အတွက်သာဖြစ်ကြောင်းကို သတိပြုပါ။ ငြိမ်သက်ခြင်းကို ရှာသူများသည် ငြိမ်သက်စွာနေတတ်ရန် သင်ယူကြရမည်ဖြစ်သည်။ နယူးဇီလန်နိုင်ငံသားဖြစ်သူ ကီသ်သည် ဤသို့ပြုမူခဲ့ရ၏။ ကီသ်သည် “ဗလတောင့်တင်းပြီး ဥပဓိရုပ်ကောင်းသူ၊ ရန်လိုတတ်၍ အငြင်းသန်သူ” ဖြစ်သည်ဟူ၍ ဖော်ပြခံရသည်။ သူသည် လူဆိုးဂိုဏ်းဝင်တစ်ဦးဖြစ်ပြီး သူစိမ်းများမဝင်နိုင်ရန် ခွေးဆိုးသုံးကောင်ကိုလွှတ်ထားသောခြံဝင်းအတွင်းရှိ အမှန်လုံခြုံသောအိမ်တွင် နေထိုင်သည်။ သူ၏ကလေးခြောက်ယောက်အမေ၊ ဇနီးဖြစ်သူသည် သူ့အားကွာရှင်းခဲ့၏။
ကီသ်သည် ယေဟောဝါသက်သေများနှင့် တွေ့ဆုံသောအခါ သတင်းကောင်းသည် သူ့အပေါ် များစွာအကျိုးသက်ရောက်ခဲ့သည်။ မကြာမီပင် သူနှင့်သူ၏ကလေးများသည် သက်သေခံများနှင့်အတူ စည်းဝေးများကို တက်ရောက်နေကြသည်။ ခါးအထိရှိသောသူ၏ဆံရှည်ကိုဖြတ်ပစ်ပြီးနောက် ယခင်အပေါင်းအသင်းများအား ဘုရားသခင်၏နိုင်ငံတော်အကြောင်း စတင်ဟောပြောလေသည်။ သူတို့အနက် အချို့လည်း ကျမ်းစာကိုစတင်လေ့လာကြသည်။
ကမ္ဘာတစ်ဝန်းရှိ စိတ်နှလုံးဖြောင့်မှန်သူ သန်းပေါင်းများစွာတို့နည်းတူ ကီသ်သည် တမန်တော်ပေတရု၏ ဤစကားများကို လက်တွေ့စတင်ကျင့်သုံးနေကြသည်– “အသက်ကိုမြတ်နိုး၍ ကောင်းမွန်သောနေ့ရက်တို့ကို တွေ့မြင်လိုသောသူသည် . . . ဒုစရိုက်ကိုလွှဲရှောင်၍ သုစရိုက်ကိုပြုစေ; ငြိမ်သက်ခြင်းကိုရှာ၍ မီအောင်လိုက်လော့။” (၁ ပေတရု ၃:၁၀၊ ၁၁၊ ကဘ) ကီသ်၏ယခင်ဇနီးသည်သည် သူ့ကိုပြန်ထိမ်းမြားရန် သဘောတူလေသည်။ ယခုကီသ်သည် “ငြိမ်သက်ခြင်းကိုရှာ၍ မီအောင်လိုက်” တတ်ရန် သင်ယူနေပါသည်။
ယေဟောဝါ၏ငြိမ်သက်ခြင်းသည် ယခင်ယူအက်စ်အက်စ်အာရ်တွင် မွေးဖွားခဲ့သော တစ်ချိန်ကအားကစားသမားဖြစ်သူပါအပါအဝင် များစွာသောသူတို့၏ အသက်ကိုကယ်ဆယ်ခဲ့ပြီ။ ဤသူသည် အိုလံပစ်ပြိုင်ပွဲတွင် ဆုတံဆိပ်များစွာ ချီးမြှင့်ခံခဲ့ရသည်။ သို့သော် သူသည် စိတ်ပျက်မှုကြောင့် မူးယစ်ဆေးဝါးနှင့် အရက်ကို သုံးစွဲလာလေသည်။ ဆိုက်ဘေးရီးယားပြည်နယ်ရှိ အလုပ်ကြမ်းစခန်းတွင် သုံးနှစ်အကျဉ်းကျခြင်း၊ ကနေဒါနိုင်ငံသို့ သင်္ဘောတစ်စီးပေါ် ခိုးစီးသွားခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် နှစ်ကြိမ်သေခါနီးဖြစ်ခဲ့ရခြင်း အစရှိသည့် ၁၉ နှစ်တာကာလ တွေ့ကြုံခဲ့ရသည်များကုန်လွန်ပြီးနောက် စစ်မှန်သောဘဝအသက်တာကိုတွေ့ရှိရန် ဘုရားသခင်ထံ သူအသနားခံခဲ့သည်။ ရုရှားစကားပြောဆိုသော ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာပြီးနောက် သူ၏မေးခွန်းများအတွက် အဖြေရခဲ့သည်။ ယနေ့ ဤသူသည် အခြားသူသန်းပေါင်းများစွာနည်းတူ ဘုရားသခင်နှင့်သော်လည်းကောင်း၊ မိမိကိုယ်နှိုက်သော်လည်းကောင်း ငြိမ်သက်မှုရှိနေပေပြီ။
ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်
နောက်ဆုံး ဆာရာယေဗိုမြို့မှ ဗိုဇိုနှင့်ဟီနာဒေါရမ်တို့ထံသို့ ပြန်သွားကြစို့။ ဤမောင်နှံစုံတွင် မာဂ်ဒါလေးနားအမည်ရှိ လေးနှစ်သမီးကလေးတစ်ယောက်ရှိသည်။ လွန်ခဲ့သောဇူလိုင်လတွင် သူတို့သုံးဦးသည် ဟောပြောခြင်းလုပ်ငန်း၌ ပြန်ပါဝင်ရန် အိမ်မှအထွက်တွင် အမြောက်ဆံပေါက်ကွဲမှုကြောင့် အားလုံးသေဆုံးသွားသည်။ သူတို့ဟောပြောနေသည့် ငြိမ်သက်ခြင်းအကြောင်းကော မည်သို့နည်း။ အမြောက်ဆံကြောင့် သူတို့သေဆုံးသွားသည့်အတွက် သူတို့ခံစားရသော ငြိမ်သက်ခြင်းသည် စစ်မှန်သောငြိမ်သက်ခြင်းမဟုတ်ဟု ဆိုရမည်လော။
လုံးဝမဟုတ်ပါ! ဤအစီအစဉ်စနစ်တွင် ကြေကွဲဖွယ်အဖြစ်အပျက်များ ဖြစ်ပျက်နေပါသည်။ လူတို့သည် ဗုံးများ သို့မဟုတ် အမြောက်ဆံများကြောင့် သေကျေပျက်စီးခဲ့ရပြီ။ အခြားသူများမှာမူ ဖျားနာမှု သို့မဟုတ် မတော်တဆမှုများကြောင့် သေကြရ၏။ မြောက်မြားစွာသောသူတို့သည် အိုမင်းရင့်ရော်ပြီး သေဆုံးသွားကြသည်။ ဘုရားသခင်၏ငြိမ်သက်ခြင်းကိုခံစားရသူများသည် ယင်းတို့မှ လွတ်ကင်းမည်ကားမဟုတ်ပါ။ သို့သော် ထိုအဖြစ်အပျက်များ ဖြစ်ကောင်းဖြစ်နိုင်ခြင်းက သူတို့အား မျှော်လင့်ချက် ကင်းမဲ့နေစေသည်မဟုတ်ပါ။
ယေရှုသည် သူ၏မိတ်ဆွေ မာသအား ဤသို့ကတိပေးတော်မူခဲ့သည်– “ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။” (ယောဟန် ၁၁:၂၅) ယင်းကို ယေဟောဝါသက်သေများအားလုံးနည်းတူ ဒေါရမ်မိသားစုလည်း ယုံကြည်ကြသည်။ အသက်သေဆုံးမည်ဆိုလျှင် သူတို့သည် စစ်မှန်သောငြိမ်သက်ခြင်းရှိမည့်ကမ္ဘာပေါ်သို့ ရှင်ပြန်ထမြောက်လိမ့်မည်ဟု ဒေါရမ်မိသားစုယုံကြည်သည်။ ယေဟောဝါဘုရားသခင်သည် ‘သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်း ရှိစေတော့မည်မဟုတ်။ ရှေးဖြစ်ဖူးသောအရာတို့ကို ရွေ့သွားစေတော်မူမည်။’—ဗျာဒိတ် ၂၁:၄။
ယေရှုသည် မသေမီအချိန်ကလေးတွင် တပည့်တော်များအား ဤသို့မိန့်တော်မူခဲ့သည်– “ငြိမ်သက်ခြင်းကို သင်တို့၌ ငါထားခဲ့၏။ . . . သင်တို့စိတ်နှလုံးပူပန်ခြင်း . . . မရှိစေနှင့်။” (ယောဟန် ၁၄:၂၇) ထိုငြိမ်သက်ခြင်းကို ခံစားခဲ့ရသော၊ သူတို့ရှင်ပြန်ထမြောက်လာသည့်အခါ ၎င်းကို ပိုမိုပြည့်စုံစွာ အမှန်ခံစားကြရမည့် ဒေါရမ်မိသားစုနှင့်အတူ ကျွန်ုပ်တို့ဝမ်းမြောက်နိုင်ကြသည်။ ငြိမ်သက်ခြင်း၏အရှင် ယေဟောဝါဘုရားသခင်ကို ကိုးကွယ်သူအားလုံးအတွက် ကျွန်ုပ်တို့ရွှင်လန်းအားရနိုင်သည်။ ဤသူတို့သည် စိတ်၏ငြိမ်သက်ခြင်းကို ခံစားကြရ၏။ သူတို့တွင် ဘုရားသခင်နှင့် ငြိမ်သက်ခြင်းရှိသည်။ အခြားသူများနှင့် သင့်တင့်ငြိမ်သက်နိုင်ရန် ကြိုးစားနေကြသည်။ ငြိမ်းချမ်းမည့်အနာဂတ်လာမည်ဟူ၍လည်း သူတို့စိတ်ချယုံကြည်ကြသည်။ မှန်ပါ၏၊ သူတို့သည် ဒုက္ခမွှေနှောက်နေသောလောကကြီးတွင် အသက်ရှင်နေကြရသော်လည်း ငြိမ်သက်ခြင်းခံစားနေရကြသည်။ အမှန်မှာ စိတ်ဖြင့်လည်းကောင်း၊ သမ္မာတရားဖြင့်လည်းကောင်း ဘုရားသခင်ကိုဝတ်ပြုသောသူတို့သည် ငြိမ်သက်ခြင်းခံစားကြရ၏။ အသင်လည်း ထိုသို့သောငြိမ်သက်ခြင်းကို ခံစားနိုင်ပါစေ။
[အောက်ခြေမှတ်ချက်များ]
a ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်းမှထုတ်ဝေသည်။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
သူတို့သည် ဒုက္ခမွှေနှောက်နေသောလောကကြီးတွင် အသက်ရှင်နေကြရသော်လည်း ငြိမ်သက်ခြင်းခံစားနေရကြသည်