အက်ဂရာ—ရှေးအေသင်မြို့၏အချက်အချာနေရာ
အေသင်မြို့၏တွေးခေါ်ဆင်ခြင်မှုပညာကို လိုက်စားသောလူစုသည် အုန်းအုန်းကျွတ်ကျွတ်ဖြစ်နေကြသည်! ယူဆချက်အသစ်များကို ထိုဂရိမြို့တော်၏ အက်ဂရာ သို့မဟုတ် ဈေးမြေကွက်လပ်တွင် လူသိရှင်ကြားကြော်ငြာလေ့ရှိသည်။ သို့သော် ဤအကြိမ်သည် အလွန်ထူးခြား၏။ ယင်းမြို့သို့ မကြာသေးခင်က ရောက်ရှိလာသော ယုဒလူတစ်ဦးသည် “တစ်ကျွန်းတစ်နိုင်ငံနတ်ဘုရားတို့၏ အကြောင်းကို ဟောပြောသောသူ” ဖြစ်ဟန်ရှိသည်။ သူသည် “တွေ့ကြုံသောသူတို့နှင့်” မှတ်သားလောက်ဖွယ်ဖော်ပြချက်များ ပြောဆိုလျက်ရှိသည်။ ကြွားဝါသောဧပိကုရုနောက်လိုက်များနှင့် မျက်နှာထားတည်သောသတောအိတ်အဖွဲ့ဝင်တို့က “ဤမရေရာသောလူသည် အဘယ်သို့ပြောချင်သနည်း” ဟုဆို၏။ အေသင်မြို့၏အက်ဂရာအရပ်သည် အကြောင်းအရာအမျိုးမျိုးကို အချေအတင်ဆွေးနွေးရာ နေရာဖြစ်ခဲ့သည်မှာ အမှန်ပင်။ သို့သော် အကျွမ်းတဝင်မရှိသောဘုရားများနှင့် မိတ်ဆက်ပေးခြင်းမူကား သူတို့အတွက်မခံမရပ်နိုင်စရာပါတကား!—တမန်တော် ၁၇:၁၇၊ ၁၈။
၎င်းသည် အေသင်မြို့၏အက်ဂရာတွင် တမန်တော်ပေါလု ပထမဦးဆုံးအကြိမ် စတင်ဟောပြောခဲ့ချိန်၌ အေသင်မြို့သားများ၏ မယုံသင်္ကာတုံ့ပြန်မှုပင်ဖြစ်ခဲ့သည်။ သူသည် ယေရှုခရစ်အကြောင်း၊ ရှင်ပြန်ထမြောက်ခြင်းအကြောင်းတို့နှင့်ပတ်သက်၍ ဟောပြောနေခြင်းပင်ဖြစ်သည်။ သဘောထားကြီးပုံရသော အေသင်မြို့၏ယဉ်ကျေးမှုအတွက် ထိုကဲ့သို့သောအတွေးအခေါ်သစ်များကို မိတ်ဆက်ပေးခြင်းနှင့်စပ်လျဉ်း၍ ဤမျှထူးခြားစေသည့်အရာကား အဘယ်နည်း။
ပြည်သူစုဝေးရာကွက်လပ်ကို အေသင်ရရှိ
တကယ်ထူးခြားရခြင်းကား အက်ဂရာကိုယ်နှိုက်နှင့် အေသင်လူများ၏ဘာသာရေးနှင့်လူထုအသက်တာတွင် ယင်း၏အဓိကကျသောအခန်းကဏ္ဍတို့ကြောင့်ဖြစ်သည်။ အေသင်၏အက်ဂရာသည် အခရော်ပလပ်စ်ခေါ် မြို့၏ခိုင်ခံ့သောကုန်းမြင့်နေရာ အနောက်မြောက်ဘက်တွင်တည်ရှိသော ၂၅ ဧကခန့်ရှိသည့် ကုန်းစောင်းပြေဒေသဖြစ်သည်။ ဘီ.စီ.အီး. ခြောက်ရာစုအစောပိုင်းက အေသင်နိုင်ငံ့ခေါင်းဆောင်နှင့် ဥပဒေပြဋ္ဌာန်းသူစိုလန် အချိန်အတွင်း ၎င်းမြေကွက်လပ်ကို မြို့တော်လူထုစုဝေးရာနေရာအဖြစ် သတ်မှတ်ခဲ့ပုံရသည်။ နောက်ရာစုအစောပိုင်းနှစ်များအတွင်း အေသင်မြို့တွင် ဒီမိုကရေစီတည်ထောင်ကာ မြို့နေထိုင်သူတို့၏ဘဝကို အလေးပေးလာသည်နှင့်အမျှ ဆောက်လုပ်ရေးလည်း တစ်ဟုန်ထိုးတိုးတက်လာခဲ့သည်။ ယင်းက အက်ဂရာကို အရှိန်အဟုန်သစ်နှင့် သာ၍အရေးပါသောကဏ္ဍကို ဖြစ်ပေါ်စေခဲ့သည်။
ဂရိစကားလုံး အက်ဂရာသည် “စုရုံးသည်၊ စုဝေးသည်” ဟုအဓိပ္ပာယ်ရသော ကြိယာမှမြစ်ဖျားခံသည်။ ယင်းသည် မြို့၏အဓိကစည်းဝေးရာနေရာအဖြစ် အက်ဂရာကို အသုံးပြုပုံနှင့်သင့်လျော်ပါသည်။ အက်ဂရာသည် လူမှုရေးနှင့်ပြည်သူ့ဘဝ၏အချက်အချာဖြစ်လာခဲ့သည်။ ယင်းသည် မြို့တော်စည်ပင်စီမံခန့်ခွဲရေးနှင့် တရားစီရင်ရာနေရာ၊ ဈေးကွက်နှင့်ရောင်းဝယ်ရေးအတွက်အဓိကနေရာ၊ ဂရိပြဇာတ်တင်ဆက်သည့်နေရာ၊ အားကစားပြိုင်ပွဲများကျင်းပသောနေရာ၊ ဉာဏ်ပညာဆိုင်ရာဆွေးနွေးပွဲအတွက် အကောင်းဆုံးစုဝေးသောနေရာတို့ဖြစ်ခဲ့သည်။
ဘုရားကျောင်းများ၊ မုခ်တိုင်စဉ်အတန်းများ၊ ရုပ်ပုံများ၊ အထိမ်းအမှတ်ကျောက်တိုင်များနှင့် ပြည်သူ့အဆောက်အအုံတို့၏ ရုပ်ကြွင်းများကို သင်လှည့်လည်ကြည့်ရှုလိုပါသလော။ အက်ဂရာ၏အတိတ်ကို စူးစမ်းရန်ကြိုးပမ်းရာတွင် ခေတ်သစ်မြို့ကြီး၏ ဆူညံသံနှင့်ပျာယာခတ်မှုတို့ကို မေ့ထားပြီး ပျက်သုဉ်းနေသောစကျင်ကျောက်အဆောက်အအုံများ၊ ထွင်းထားသောကျောက်များနှင့် တောပင်၊ ချုံပင်များဖြင့် တောထနေသည့် ပျက်စီးနေသောမုခ်ပေါက်တို့အလယ်ရှိ ကျောက်စရစ်ခဲလမ်းတစ်လျှောက် သွားကြစို့။
ဘုရားကျောင်းများ၊ ဗိမာန်များနှင့် ထောက်မသော နတ်ဘုရားများ
များစွာသောဘုရားကျောင်းများ၊ ဗိမာန်များနှင့် နတ်ဘုရားအမျိုးမျိုးတို့၏ အထွတ်အမြတ်နေရာများက လာရောက်ကြည့်ရှုသူများကို စိတ်စွဲမှတ်စေသည်။ ယင်းတို့အားလုံးသည် အက်ဂရာကို အခရော်ပလပ်စ်မှလွဲ၍ ဝတ်ပြုရေးဆိုင်ရာ အဓိကအကျဆုံးနေရာဖြစ်စေသည်။ ရှေးခေတ်အေသင်မြို့စည်ပင်ထွန်းကားချိန်၌ ဘာသာတရားသည် သာမန်လူ့အသက်တာကဏ္ဍတိုင်းတွင် စိမ့်ဝင်ခဲ့သည်။ သို့ဖြင့် အစိုးရဌာနများနှင့်အုပ်ချုပ်မှုလုပ်ငန်းများကို “ထောက်မသောနတ်ဘုရားများ” အဖြစ် သမုတ်ခံရသောဘုရားများသည် အက်ဂရာတွင် စံပယ်ရာဗိမာန်များရရှိကြသည်။
အဆိုပါအဆောက်အအုံများထဲမှ အထင်ရှားဆုံးမှာ ဟီဖက်စ်တို့စ်ဘုရားကျောင်းဖြစ်ခဲ့သည်။ အသီနာနတ်ဘုရားသည် ဟီဖက်စ်တို့စ်နှင့်ဆက်နွှယ်လျက်ရှိ၏။ ၎င်းနတ်ဘုရားနှစ်ဆူစလုံးအား အနုပညာနှင့် လက်မှုပညာတို့ကို ထောက်မပေးသောနတ်ဘုရားများအဖြစ် ကိုးကွယ်ကြသည်။ ထိုဘုရားကျောင်းပတ်လည်ရှိ သတ္တုလုပ်ငန်း၊ အိုးလုပ်ငန်းဆိုင်ရာ ရှေးဟောင်းသုတေသနတွေ့ရှိချက်များက ယင်းသည်မီးကိုအသုံးပြုရသည့်အတတ်ပညာဆိုင်ရာ ဂရိနတ်ဘုရားဟီဖက်စ်တို့စ်၏ ဗိမာန်ဖြစ်ကြောင်းဖော်ပြသည်။ ယခုခေတ်တွင် ယင်းကို အသုံးမပြုတော့သော်လည်း စီ.အီး. ခုနစ်ရာစုခန့်၌ ကောင်းစွာထိန်းသိမ်းထားသော ဤဘုရားကျောင်းကို စိန့်ဂျော့ချ်၏ဂရိသြသဒေါက်စ်ချာ့ချ်အဖြစ်ပြောင်းလဲခဲ့ဟန်ရှိသည်။
မှန်ပါသည်၊ အက်ဂရာသည် သူတို့၏ကိုယ်ပိုင် ထောက်မသောနတ်ဘုရား လိုအပ်ခဲ့သည်။ ယင်းကား ဇုစ်အဂိုရာအော့စ်ဖြစ်ကာ အဖိုးကြီးသောစကျင်ကျောက်ဖြင့် တန်ဆာဆင်ထားသည့်ယဇ်ပလ္လင်သည် သူ့အတွက်ဖြစ်ကြောင်း ရည်စူးခံရသူ၊ လူအများရှေ့စကားပြောကျွမ်းကျင်မှုကို လှုံ့ဆော်သူဟုဆိုသည်။ (တမန်တော် ၁၄:၁၁၊ ၁၂ နှိုင်းယှဉ်။) ယင်း၏အနီးရှိ ဘုရားများ၏မိခင်ယဇ်ပလ္လင်နံဘေးတွင် သူရဲကောင်းများအတွက် ပြုလုပ်ထားသော ထည်ဝါစွာဆင်ယင်ထားသည့် ကျောက်တိုင်များဖြင့် ရံထားသည်။
ရှေ့အနည်းငယ်ဆက်သွားလျှင် ပန်းကနုတ်ပုံတန်ဆာဆင်ထားသော ဘုရားကျောင်းငယ်တစ်ကျောင်းကို ကျွန်ုပ်တို့တွေ့ရှိသည်။ ပထဝီပညာရှင် ပေါ်စေးနီးယပ်စ်က ယင်းကို ခမည်းတော်အပိုလို၏ဘုရားကျောင်းအဖြစ် ဖော်ပြခဲ့သည်။ အဘယ်ကြောင့်နည်း။ ဂရိဒဏ္ဍာရီအရ သူသည် အေသင်လူများပါဝင်သည့် အိုင်အိုးနီးယန်းလူမျိုးကို တည်ထောင်ပေးသူ အိုင်ယွန်ဖခင်ဖြစ်သောကြောင့်ဖြစ်၏။a ထိုသို့ဖြင့် အပိုလိုသည် နိုင်ငံ့အုပ်ချုပ်ရေးအဖွဲ့အစည်းကို ထောက်မသောနတ်ဘုရားတစ်ပါးဖြစ်သည်၊ အထူးသဖြင့် မြို့တော်ရှိဂိုဏ်းအသီးသီးကို ထောက်မသောနတ်ဘုရားဖြစ်ခဲ့သည်။
မြောက်ဘက်စူးစူးတွင် ဘီ.စီ.အီး. လေးရာစုအလယ်အတွင်း တည်ဆောက်ခဲ့သော သာ၍ငယ်သည့် ဘုရားကျောင်းငယ်တစ်ခု၏ ထုံးကျောက်ရုပ်ကြွင်းကို တွေ့နိုင်သည်။ ဤတွင် ဘိုးဘေးဘာသာရေးဂိုဏ်းများ၏ အဓိကနတ်ဘုရားများဖြစ်ကြသော ဇူးစ်နှင့် အသီနာဖာတရီးအော့စ်တို့ဖြစ်သည်။ အေသင်မြို့သားဖြစ်ခွင့်အတွက် ဤဂိုဏ်းဝင်ဖြစ်ခြင်းသည် မရှိမဖြစ်လိုအပ်သည်။ လမ်းတစ်ဖက်နားတွင် ဘုရားတစ်ဆယ့်နှစ်ပါး၏ယဇ်ပလ္လင်အပျက်အယွင်းတစ်ခုကို ကျွန်ုပ်တို့တွေ့ရှိရသည်။
ဇုစ် အီလျူသီးရီးယော့စ်၏မုခ်ဆောင်အနီးတွင် ဂရိနတ်ဘုရားမင်းကို ဤအကြိမ်၌ လွတ်လပ်ခြင်းနှင့်ကယ်တင်ခြင်းဘုရားအဖြစ် ဂုဏ်ပြုခဲ့၏။ အဆိုပါမုခ်တိုင်စဉ် သို့တည်းမဟုတ် မုခ်ဆောင်သည် ကျော်ကြားသော စင်္ကြံဆောင်နှင့် စုဝေးရာနေရာဖြစ်ခဲ့သည်။ နာမည်ကျော်အတွေးအခေါ်ပညာရှင်ဆိုကရေးတီးသည် ထိုင်၍အာလာပသလ္လာပပြောနိုင်သော သို့မဟုတ် အပျင်းပြေလမ်းလျှောက်နိုင်သော ထိုမုခ်ဆောင်တွင် မိတ်ဆွေများနှင့်ဆုံတွေ့ခဲ့သည်ဟု အဆိုရှိသည်။ ထိုမုခ်ဆောင်တွင် အေသင်မြို့ကို ကာကွယ်ရင်းသေဆုံးသွားခဲ့ကြသော စစ်သည်တော်များ၏ဒိုင်း၊ လွှားတို့ကဲ့သို့သောအရာများဖြင့်ပြုလုပ်သည့် ရည်စူးမှုများနှင့်ပူဇော်မှုများက မြို့တော်ကို ရန်သူလက်မှကယ်တင်ခြင်း သို့မဟုတ် လွတ်လပ်မှုကို ဆက်လက်ထိန်းသိမ်းခြင်းနှင့် တိုက်ရိုက်ဆက်စပ်မှုရှိသည်။
ပါးနားသင်နင်လမ်း
အက်ဂရာကို ထောင့်ဖြတ်မျဉ်းအတိုင်းဖြတ်လျက် ပါးနားသင်နင်ဟုခေါ်သည့် ကျယ်ဝန်းကာ ကျောက်စရစ်ခင်းထားသော လမ်းမကြီးတစ်ခုရှိသည်။ ပါးနားသင်နင်၏အမည်နှင့် ထူးခြားသောကြန်အင်လက္ခဏာသည် အေသင်အမျိုးသားပွဲတော်ပါနာသီနေယားမှ ဆင်းသက်ခဲ့ခြင်းဖြစ်သည်။ ယင်းပွဲတော်အတွင်း အသီနာဘုရားမ၏ မျက်နှာဖုံးဇာကို အခမ်းအနားအိမ် (မြို့ဂိတ်အနီး) မှအခရော်ပလပ်စ်သို့ အဆိုပါလမ်းအတိုင်း သယ်ဆောင်ခဲ့ကြသည်။ ပါသေနွန်ဘုရားကျောင်း မျက်နှာကြက်ဆင်ယင်မှုသည် စီတန်းလှည့်လည်သည့် ပွဲတော်အခမ်းအနား၏ကြီးကျယ်ထည်ဝါမှု—မြင်းတပ်၊ ပြိုင်ရထားများ၊ ယဇ်ပူဇော်ရန် နွားများနှင့်သိုး၊ ယဇ်ပူဇော်ရာပစ္စည်းများသယ်ဆောင်ထားသော လူငယ်များ—ကိုမြင်ယောင်စေရန် ထောက်ကူပေးသည်။ ဗိသုကာတို့သည် အက်ဂရာကို ဒီဇိုင်းရေးဆွဲစဉ်အခါက နေရာကျယ်ဝန်းစွာထားပေးသည့်အတွက် အေသင်မြို့သားများနှင့် သူတို့၏ဧည့်သည်များအတွက် အခမ်းအနားကို အဆင်ပြေစွာကြည့်ရှုနိုင်ခဲ့ကြသည်။ ဥပမာ၊ မုခ်စဉ်တန်းများနှင့် ၎င်း၏လှေကားထစ်များကို စီတန်းလှည့်လည်သွားရာလမ်းနှင့်အညီ ကျွမ်းကျင်ပိုင်နိုင်စွာ ပြုလုပ်ထားသည်။ ယင်း၏မျက်နှာစာတွင် ပြုလုပ်ထားသော လှေကားထစ်မြောက်မြားစွာကြောင့် ပရိသတ်များစွာနေရာယူနိုင်သည်။
‘ရုပ်ပုံအပြည့်’
ဘုရားကျောင်းများ၊ ရုပ်ပုံများနှင့် အထိမ်းအမှတ်ဂူဗိမာန်များ အမြောက်အမြားရှိနေသဖြင့် “ထိုမြို့သည် (ရုပ်ပုံ) တို့နှင့်အပြည့်ရှိသည်ကိုမြင်လျှင် စိတ်ပူပန်ခြင်းသို့ရောက်” ခဲ့ရသည့် တမန်တော်ပေါလု၏အဖြစ်ကို အံ့ဩစရာမရှိချေ။ (တမန်တော် ၁၇:၁၆) အက်ဂရာကို ပေါလုရောက်ရှိသွားချိန်တွင် သူသတိပြုမိသည့်အရာသည် သူ့ကိုမှင်တက်မိစေပေမည်။ ဟေရမေဘုရား၏ယောက်ျားတန်ဆာကို ကိုယ်စားပြုသည့်ရုပ်ပုံများသည် ဟေရမေမုခ်ဆောင်အဖြစ်ကျော်ကြားသော ဆင်ဝင်တစ်ခုလုံးတွင် ပြည့်နှက်နေသည်အထိ များပြားလှသည်။ အရောင်ခြယ်ထားသော အခြားဟေရမေရုပ်ပုံများပေါ်ရှိအဝတ်များတွင် မျိုးအောင်ခြင်းနှင့်အသက်၏အထိမ်းအမှတ်ဖြစ်သော စကြာတံဆိပ်များတပ်ဆင်ထားသည်။ ယောက်ျားတန်ဆာတံဆိပ်အတော်များများပါရှိသည့် ဒိုင်အိုနီးစပ်စ်ရုပ်ပုံတစ်ခုသာမက လိင်ဆိုင်ရာအချစ်နှင့်ပတ်သက်သည့် ဗီးနပ်စ် ဂျီနီတရီစ်ရုပ်ပုံလည်းရှိသည်။ အက်ဂရာကို “မြင့်မြတ်” စေရန် ဝင်လာသူတိုင်းကို ထုံးတမ်းနှင့်အညီသန့်စင်မှုပြုဖို့အတွက် “သန့်ရှင်းသော” ရေထည့်ထားသည့်၊ ကျောက်တုံးဖြင့်ဘောင်ခတ်ထားသော ဇလုံတစ်လုံးရှိခဲ့သည်။
ဤကဲ့သို့ပြင်းထန်သော ဘာသာရေးအခြေအနေကြောင့် ပေါလု၏အနေအထားသည် အလွန့်အလွန်အန္တရာယ်ရှိခဲ့ကြောင်းကို ကျွန်ုပ်တို့အလွယ်တကူနားလည်နိုင်သည်။ သူ့ကို “တစ်ကျွန်းတစ်နိုင်ငံနတ်ဘုရားတို့၏အကြောင်းကို ဟောပြောသောသူ” အဖြစ်သံသယဖြစ်ခဲ့သည့်အပြင် ထိုအချိန်က ဥပဒေမှာ ‘မည်သူမျှ တခြားဘုရားများ သို့မဟုတ် အသစ်သောဘုရားများမရှိရ; လူသိရှင်ကြားခွင့်ပြုချက်မရဘဲ ထူးခြားသောဘုရားများကို သီးသန့်မကိုးကွယ်ရ’ ဟူသောဥပဒေပြဋ္ဌာန်းထားခဲ့သည်။ သို့ဖြစ်၍ တမန်တော်ပေါလုကို စစ်ဆေးဖို့အလိုငှာ အာရေတောင်သို့ခေါ်ဆောင်သွားသည်မှာ အံ့ဩစရာမဟုတ်ပါ။—တမန်တော် ၁၇:၁၈၊ ၁၉။
အုပ်ချုပ်ရေးဗဟိုဌာန
သောလော့စ်ဟုခေါ်သော အဆောက်အအုံဝိုင်းတွင် အေသင်အစိုးရ၏ဌာနချုပ်ရှိခဲ့သည်။ တာဝန်ခံအရာရှိများအမြဲရှိနေစေရန် ဤအဆောက်အအုံတွင် မြို့တော်၏သဘာပတိအများသည် ညအိပ်ကြရ၏။ အလေးများနှင့်အတိုင်းအတာများ၏ စံနှုန်းတစ်ခုကို သောလော့စ်တွင်ထားသည်။ အုပ်ချုပ်ရေးဌာန၏ ဌာနဆိုင်ရာအဆောက်အအုံများသည် ယင်း၏အနီးအနားတစ်ဝိုက်တွင်ရှိသည်။ ကောင်စီအိမ်သည် သောလော့စ်၏အနောက်မြောက်ဘက်ရှိ တောင်စောင်းဘက်သို့ နိမ့်ဆင်းသွားသောတောင်လှေကားပေါ်တွင် တည်ရှိသည်။ ထိုတွင် ကောင်စီအဖွဲ့ဝင် ၅၀၀ သည်ကော်မတီလုပ်ငန်းလုပ်ဆောင်၍ အစည်းအဝေးများကျင်းပကြကာ ညီလာခံအတွက် ဥပဒေများကိုပြင်ဆင်ကြသည်။
နောက်အရေးပါသော နိုင်ငံတော်အဆောက်အဦမှာ တော်ဝင်မုခ်ဆောင်ဖြစ်သည်။ အေသင်၏ဘုရင့်တရားသူကြီးချုပ်—မြို့တော်၏အဓိကတရားသူကြီးသုံးဦးအနက် တစ်ဦး—သည် ထိုနေရာတွင် ရုံးထိုင်သည်။ ယင်းနေရာမှနေ၍ သူသည် ဘာသာရေးနှင့်ဥပဒေကိစ္စများပါဝင်ပတ်သက်သည့် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်များစွာကို စီမံခန့်ခွဲခဲ့သည်။ ယင်းသည် အရိုအသေတန်မှုဖြင့် စွဲချက်တင်ခံရသောဆိုကရေတီး တရားရင်ဆိုင်ခဲ့ရသည့်နေရာဖြစ်ဖွယ်အကြောင်းများစွာရှိသည်။ အေသင်၏ဘိုးစဉ်ဘောင်ဆက်မှ ဥပဒေများကို ယင်းနှင့်မျက်နှာချင်းဆိုင် အဆောက်အအုံတစ်ခု၏နံရံများပေါ်တွင် ရေးထွင်းထားခဲ့သည်။ အဆိုပါအဆောက်အအုံရှေ့ရှိ ကျောက်တုံးတစ်တုံးပေါ်တွင် တရားသူကြီးချုပ်များ သို့မဟုတ် အဓိကတရားသူကြီးများသည် သူတို့၏ရာထူးအတွက် ကျမ်းသစ္စာဆိုရန် နှစ်တိုင်းမတ်တတ်ရပ်ခဲ့ကြသည်။
အဲတာလပ်စ်မုခ်ဆောင်
အက်ဂရာ၏အကောင်းဆုံးမွမ်းမံထားသော အဆောက်အအုံမှာ အဲတာလပ်စ်မုခ်ဆောင်ဖြစ်သည်။ ပါဂါမွမ်ဘုရင်အဲတာလပ်စ် (ဘီ.စီ.အီး. ဒုတိယရာစု) သည်လူငယ်ဘဝတွင် မြေထဲပင်လယ်အသိုင်းအဝိုင်းရှိ တော်ဝင်မိသားစု၏အခြားမျိုးနွယ်တော်တို့ကဲ့သို့ အေသင်မြို့ရှိကျောင်းများတွင် ပညာသင်ကြားခဲ့သည်။ သူနန်းတက်ချိန်၌ သူနေခဲ့ဖူးသည့်ကျောင်း၏မြို့ကို အဆိုပါကြီးကျယ်ခမ်းနားသည့်လက်ဆောင်—အဲတာလပ်စ်မုခ်ဆောင်—ကိုပြုလုပ်ပေးခဲ့သည်။
အဲတာလပ်စ်မုခ်ဆောင်၏အဓိကအသုံးကျမှုမှာ လွတ်လပ်စွာပေါင်းသင်းမှုနှင့်ဖလှယ်မှုတို့အတွက် နားနေခိုလှုံစရာကောင်းကာ လှပတင့်တယ်သောစင်္ကြံတစ်ခုဖြစ်ခဲ့သည်။ ၎င်း၏အထပ်များနှင့်လှေကားထစ်များက စီတန်းလှည့်လည်ခြင်းများကိုမြင်ရန် အကောင်းဆုံးနေရာဖြစ်နိုင်သည့်အပြင် စင်္ကြံတွင် များပြားလှသောလူအုပ်ကြောင့် ရောင်းဝယ်ရေးဗဟိုလည်းဖြစ်မည်မှာ သေချာသည်။ ထိုအဆောက်အအုံသည် အစိုးရ၏ဝင်ငွေရင်းမြစ်တစ်ခုဖြစ်စေရန် အစိုးရက ကုန်သည်များအား ဆိုင်ခန်းများကို ငှားရမ်းထားခြင်းဖြစ်ပေမည်။
အဲတာလပ်စ်မုခ်ဆောင်ကို နဂိုအခြေအနေအတိုင်း ပြန်လည်ပြင်ဆင်ပြီးဖြစ်သောကြောင့် ယင်းမှ အလွန်ကောင်းမွန်လှသော ဂျီသြမေထရီဒီဇိုင်းပုံနမူနာကိုရရှိစေသည်။ တိုင်မကြီးများ၏နှစ်လိုဖွယ်ကောင်းသည့် အထက်အောက်အချိုးအစားကွာခြားမှု၊ စိတ်ဝင်စားဖွယ်အလင်း၊ အရိပ်တန်ဆာဆင်မှုနှင့် အဆောက်အအုံပစ္စည်းများ၏ တန်ဖိုးကြီးမားမှုနှင့်လှပမှု၊ ၎င်းတို့အားလုံးသည် ယင်းကို ထူးခြားစေသည်။ ငြီးငွေ့ဖွယ်ကောင်းသည့် ပုံစံတစ်မျိုးတည်းဖြစ်ခြင်းကို နည်းအဖုံဖုံဖြင့် သက်သာစေသည်၊ အထူးသဖြင့် တိုင်မများ၏ထိပ်ပိုင်းကို ပုံစံသုံးမျိုး—ဒေါ်ရီယန်၊ အိုင်အိုးနီးယန်းနှင့် အီဂျစ်ပုံစံများ—ဖြင့် ပြုလုပ်ထားသည်။
ယဉ်ကျေးမှုဆိုင်ရာ လုပ်ဆောင်မှုများအတွက်နေရာ
အေသင်၌ များစွာသောယဉ်ကျေးမှုဖျော်ဖြေရေးအတွက် စင်မြင့်အဖြစ် အသုံးပြုခဲ့သည့် အဆောက်အအုံတစ်ခုမှာ ဇာတ်ရုံဖြစ်သည်။ ၎င်းသည် ရောမဧကရာဇ်သြဂုတ္တု၏သားမက် ဗီပ်ဆာန်ယော့အဂြိပ္ပ၏လက်ဆောင်ဖြစ်သည်။ ၎င်း၏မျက်နှာစာတွင် ရောင်စုံစကျင်ကျောက်များဖြင့် စီခြယ်ထားသည်။ ထိုင်ခုံ ၁,၀၀၀ ခန့်ဆံ့သောခန်းမကြီးသည် ပေ ၈၀ ခန့်ရှိသည့်ခန်းဖွင့်တစ်ခုရှိ၍ အတွင်းထောက်ကန့်ထားမှုမရှိသော အမိုးဖြင့်မိုးထားသည်။ ရှေးအချိန်၌ ထိုသို့အမိုးမိုးခြင်းသည် စွမ်းစွမ်းတမံလုပ်ဆောင်မှုများအနက်တစ်ခုဖြစ်ခဲ့သည်။ သို့ရာတွင် ထိုနေရာ၌တင်ဆက်သော အပန်းဖြေမှုအများစုသည် မြင့်မားသောအကျင့်စံနှုန်းရှိကြသည့် ခရစ်ယာန်စစ်များကို စနိုးစနောင့်ဖြစ်စေပေလိမ့်မည်။—ဧဖက် ၅:၃-၅။
ရှေးအချိန်က စူးစမ်းလေ့လာမှုပြုလိုသူများသည် ပါန္တာနော့စ်စာကြည့်တိုက်သို့ လည်ပတ်ခဲ့ကြဖွယ်ရှိသည်။ ထိုတွင် ပါပိုင်းရပ်စ်ကျူနှင့် သားရေတို့ဖြင့်ပြုလုပ်ထားသည့် လက်ရေးပုရပိုက်တို့ကို သိမ်းဆည်းထားသော နံရံကပ်ဗီရိုအပြည့်ရှိသည်။ စာကြည့်တိုက်၏အဓိကအခန်းသည် မုခ်တိုင်စဉ်တန်းတစ်ခုမှတစ်ဆင့် မုခ်တိုင်စဉ်များရှိသည့်ရင်ပြင်တစ်ခု—အပျင်းပြေလမ်းလျှောက်ရန်၊ စာဖတ်ရန်၊ သို့မဟုတ် စဉ်းစားတွေးတောရန် ကောင်းမွန်သောနေရာ—ရှိရာ အနောက်ဘက်သို့ မျက်နှာမူထားသည်။ စာကြည့်တိုက်၏စည်းကမ်းချက်နှစ်ချက်ကို ရေးထိုးထားသည့်ကျောက်စာကို တွေ့ရှိခဲ့သည်။ ယင်းကား “မည်သည့်စာအုပ်ကိုမျှ အပြင်သို့မယူသွားရ၊” နှင့် “[စာကြည့်တိုက်] ကိုတစ်နာရီမှခြောက်နာရီအတွင်း ဖွင့်ထားသည်” တို့ဖြစ်သည်။
မျက်မှောက်ခေတ်အက်ဂရာ
မကြာသေးမီနှစ်များက ရှေးဂရိ၊ ရောမဆိုင်ရာစာပေအနုပညာဘာသာရပ်၏ အမေရိကန်ကျောင်းက အက်ဂရာအရပ်ကို အားလုံးနီးပါးတူးဖော်ခဲ့ကြသည်။ မိုးထိုးနေသောအခရော်ပလပ်စ်၏အရိပ်အောက်တွင် အေးဆေးငြိမ်သက်စွာရှိနေသော ထိုနေရာသည် ရှေးခေတ်အေသင်ရာဇဝင်ကို တစေ့တစောင်းလေ့လာလိုသော ကမ္ဘာလှည့်ခရီးသည်များအဖို့ စိတ်ကြိုက်နေရာဖြစ်ခဲ့သည်။
အနီးအနားရှိ မော့နားစတီးရာခီလေဟာပြင်အဟောင်းဈေး—အက်ဂရာနှင့် အခရော်ပလပ်စ်တို့နှင့် မဝေးလှသောနေရာ—တွင်နောက်ထပ်စိတ်ဝင်စားဖွယ်လောကရှိသေးသည်။ ယင်းသည် အံ့အားသင့်ဖွယ်ကောင်းသည်နှင့်အမျှ နှစ်သက်ဖွယ်လည်းကောင်းသော ဂရိရိုးရာပုံပြင်စာတိုနှင့် အရှေ့အလယ်ပိုင်းပွဲဈေးနှင့်ဈေးနှုန်းချိုသာမှုတို့ကို လည်ပတ်သူများအားတွေ့ကြုံရစေသည်။ ထို့အပြင် လွန်ခဲ့သောနှစ်ပေါင်း ၁,၉၀၀ ကျော်က တမန်တော်ပေါလုပြုလုပ်ခဲ့သည့်အရာ—“တွေ့ကြုံသောသူတို့” အားဘုရားသခင့်နိုင်ငံတော်သတင်းကောင်း လူသိရှင်ကြားကြေညာခြင်း—ကိုယေဟောဝါသက်သေတို့ရွှင်လန်းစွာပြုလုပ်နေကြသည်ကို လည်ပတ်သူတွေ့ရှိပါလိမ့်မည်။
[အောက်ခြေမှတ်ချက်များ]
a အိုင်အိုးနီးယန်းအမည်သည် ယာဖက်၏သား၊ နောဧ၏မြေးဖြစ်သူ ဂျာဝန်မှဆင်းသက်သည်။—ကမ္ဘာဦး ၁၀:၁၊ ၂၊ ၄၊ ၅။
[စာမျက်နှာ ၂၈ ပါ လေးထောင့်ကွက်]
အေသင်မြို့၌ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း
အက်ဂရာသည် အေသင်မြို့၏အတွေးအခေါ်နှင့်မြို့တော်ဆိုင်ရာ အဓိကနေရာဖြစ်သည့်အပြင် မြို့တော်၏အဓိကဈေးနေရာလည်းဖြစ်ခဲ့သည်။ အေသင်မြို့၏ခိုင်မာသောငွေကြေးတန်ဖိုးနှင့် စီးပွားရေးကိစ္စရပ်များတွင် ရိုးသားမှုနှင့်တရားမျှတမှုမုချရှိစေရန် လုပ်ပိုင်ခွင့်အာဏာရှိသည့် တရားသူကြီးချုပ်များ၏ပညာအမြော်အမြင်ရှိမှုတို့ကြောင့် ထင်ရှားကျော်ကြားမှုသည် ယင်းကို ကူးသန်းရောင်းဝယ်ရေးအချက်အချာနေရာဖြစ်လာစေသည်။
အေသင်မြို့သည် ဝိုင်၊ သံလွင်ဆီ၊ ပျားရည်၊ စကျင်ကျောက်နှင့် ကြွေထည်မြေထည်နှင့်တာရှည်ခံသည့်သတ္တုများကဲ့သို့သော စက်မှုထုတ်ကုန်များကို တင်ပို့ခဲ့သည်။ ဖလှယ်သည့်အနေနှင့် ဂျုံကို အဓိကတင်သွင်းခဲ့သည်။ အတီကား (အေသင်အနီးတစ်ဝိုက်ဒေသ) သည်ယင်းဒေသရှိနေထိုင်သူများအတွက် စားသုံးကုန်အလုံအလောက် မထုတ်လုပ်ပေးနိုင်သောကြောင့် ကုန်သွယ်ရေးလုပ်ငန်းစံချိန်များကို တင်းကြပ်ခဲ့ရသည်။ ပရီအက်စ် (အေသင်မြို့၏ဆိပ်ကမ်း) ရှိဈေးတွင် မြို့တော်လူထုနှင့်စစ်တပ်တို့ကို ထောက်ပံ့ရန် လတ်ဆတ်သောအစားအသောက် အလုံအလောက်အစဉ်ရှိရမည်ဖြစ်သည်။ လိုအပ်ချိန်အတွင်း ဈေးနှုန်းမြင့်မားစွာရောင်းချရန်အတွက် ကုန်ပစ္စည်းသိုလှောင်ခြင်းကို ကုန်သည်များအား ခွင့်မပြုခဲ့ချေ။