ဂရိနိုင်ငံတွင် “ဘုရားသခင့်ဗိမာန်တော်”နှင့် ရုပ်ပုံများကြား သဘောတူညီမှုလော
အလွန်ပူပြင်းသော နွေဦးနေ့တစ်နေ့တွင် နေရောင်၏ရိုက်ခတ်မှုကြောင့် ကျောက်တုံးများသည် ပြိုးပြိုးပြက်ပြက်လက်နေသည်။ အလွန်အမင်းပူပြင်းလှသော်လည်း တောင်ကုန်းထိပ်ပေါ်ရှိ ဝတ်ကျောင်းသို့တက်သွားနေကြသော ဂရိသြသဒေါက်စ်ဘုရားဖူးလူအုပ်ကြီးသည် ဇွဲနှင့်အားမာန်လျော့ပါးသွားဟန်မရှိကြပါ။
နိုင်ငံအစွန်အဖျားမှလာသော အလွန်မောပန်းနွမ်းနယ်နေသည့် အဖွားအိုတစ်ဦးသည် အလွန်နွမ်းလျပင်ပန်းနေသော်လည်း ခက်ခက်ခဲခဲဆက်၍တက်နေသည်ကို တွေ့မြင်ရသည်။ အထက်နားလေးတွင် စိတ်အားထက်သန်နေသောလူတစ်ဦးသည် ချွေးအလွန်အမင်းထွက်ကာ စိတ်ပူပန်စွာဖြင့် လူအုပ်ကိုတိုးဝှေ့၍သွားဖို့ ကြိုးစားနေသည်။ ထို့ပြင် မိန်းမငယ်တစ်ဦးသည် နာကျင်မှုကိုအပြင်းအထန်ခံစားရကြောင်း သူမ၏မျက်နှာတွင် ပေါ်လွင်နေ၍ ဆိုးရွားစွာသွေးထွက်နေသောဒူးဖြင့် လေးဖက်ကုန်း၍ကုတ်တက်နေသည်။ သူတို့၏ပန်းတိုင်ကား အဘယ်နည်း။ ရုပ်ပုံရှေ့အချိန်မီရောက်ပြီး ဆုတောင်းဖို့၊ ဖြစ်နိုင်မည်ဆိုလျှင် ပွဲခံသော “စိန့်” ရုပ်ပုံကို ကိုင်တွယ်ရန်နှင့် နမ်းရန်ဖြစ်သည်။
ကမ္ဘာတစ်ဝန်းတွင် “စိန့်များ” ကိုရည်စူးပြီး ကြည်ညိုလေးစားမှု ပြုလုပ်ကြသည့်နေရာများ၌ ဤသို့သော အလားတူမြင်ကွင်းကို မြင်ရကြစမြဲဖြစ်သည်။ ဤနည်းဖြင့် မိမိတို့သည်ဘုရားသခင်၏နည်းလမ်းအတိုင်း ကိုယ်တော်ကိုချဉ်းကပ်ကြခြင်းဖြစ်ကြောင်း၊ သို့အားဖြင့် မိမိတို့၏ဝတ်ပြုမှုနှင့် ယုံကြည်ခြင်းကိုဖော်ပြရာရောက်ကြောင်း ဘုရားဖူးအားလုံးက ယုံကြည်ကြသည်မှာသိသာလှသည်။ ကျွန်ုပ်တို့ ဩသဒေါက်စ်ခရစ်ယာန်၏ယုံကြည်ခြင်းစာအုပ်တွင် “[ထို “စိန့်များ”] အတွက် ကျွန်ုပ်တို့အောက်မေ့ရာပွဲခံကြသည်၊ သူတို့၏သန့်ရှင်းသောဥပဓိရုပ်ကြောင့် ဂုဏ်တင်၍အရိုအသေပေးခြင်းခံထိုက်သည်ဟု မှတ်ယူကာ . . . ၊ ကျွန်ုပ်တို့၏အကျိုးအတွက်၊ အသက်တာတွင် အကူအညီနှင့်လိုအပ်မှုများစွာတို့အတွက် ဘုရားသခင်ထံဆုတောင်းအသနားခံပေးရန် စိန့်များကို ကျွန်ုပ်တို့တောင်းဆိုကြသည်။ . . . ကျွန်ုပ်တို့၏ ဝိညာဏရေးရာနှင့် ကိုယ်ကာယလိုအပ်ရာများအတွက် . . . အံ့ဖွယ်ရာများပြုတတ်သော စိန့်တို့၏အကူအညီကို တောင်းခံကြသည်။” ရောမချာ့ချ်၏ ဘာသာရေးအကြီးအကဲအဖွဲ့ဥပဒေအရလည်း “စိန့်များ” သည်ဘုရားသခင်ထံ ကြားဖျန်၍အသနားခံသူဖြစ်ပြီး “စိန့်များ” ၏ရုပ်ကြွင်းနှင့်ရုပ်ပုံ နှစ်မျိုးစလုံးကို ရိုသေကိုင်းရှိုင်းရန်ဖြစ်သည်။
စစ်မှန်သောခရစ်ယာန်တစ်ဦး၏ အဓိကအာရုံစိုက်ရာမှာ “နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာ [“သမ္မာတရား၊” ကဘ] နှင့်လည်းကောင်း” ဘုရားသခင်ကို ကိုးကွယ်ခြင်းဖြစ်သင့်သည်။ (ယောဟန် ၄:၂၄) ထို့ကြောင့် ခရစ်ယာန်ဘောင်ဘာသာရေးလုပ်ဆောင်မှုတွင် “စိန့်များ” ကိုရိုသေကိုင်းရှိုင်းမှု စတင်ပါဝင်လာခြင်းနှင့်ပတ်သက်၍ အချို့အချက်ကို သုံးသပ်ကြည့်ကြစို့။ ယင်းသို့သောဆန်းစစ်မှုက ဘုရားသခင်လက်ခံနိုင်သောနည်းလမ်းဖြင့် ကိုယ်တော့်ထံချဉ်းကပ်လိုသူတိုင်းအတွက် ဉာဏ်အလင်းတိုးပွားမှုဖြစ်စေသင့်သည်။
“စိန့်များ” ပေါ်ပေါက်လာကြပုံ
ခရစ်ယာန်ဂရိကျမ်းစောင်များတွင် မှတ်သားဖော်ပြထားသည့် “သန့်ရှင်းသူများ” သို့မဟုတ် “စိန့်များ” သည် ခရစ်တော်၏အသွေးတော်အားဖြင့် သန့်စင်ခံရ၍ ဘုရားသခင့်လုပ်ငန်းတော်အတွက် သီးခြားခွဲခြားထားသော ခရစ်တော်နှင့်အတူ ဘုန်းဝင်စားဖို့အလားအလာရှိသည့် ကနဦးခရစ်ယာန်အားလုံးဖြစ်သည်။ (တမန်တော် ၉:၃၂; ၂ ကောရိန္သု ၁:၁; ၁၃:၁၃)a အသင်းတော်ရှိ ထင်ပေါ်သောသူ၊ ချို့ငဲ့သောသူ၊ အမျိုးသားများနှင့် အမျိုးသမီးများအားလုံး မြေကြီးပေါ်အသက်ရှင်စဉ်တွင် သူတို့ကို “သန့်ရှင်းသူများ” ဟုဖော်ပြထားသည်။ သူတို့၏စိန့်အဖြစ်ကို ကျမ်းစာနှင့်အညီ အသိအမှတ်ပြုခြင်းကို သူတို့သေလွန်ပြီးသည့်နောက်ပိုင်းအထိ ဆိုင်းငံ့မထားကြောင်း ထင်ရှားပါသည်။
သို့ဖြစ်စေကာမူ စီ.အီး. ဒုတိယရာစုနှစ်နောက်ပိုင်းတွင် အယူဖောက်ပြန်သော ခရစ်ယာန်ဘာသာရေး ရုပ်လုံးပေါ်လာစဉ် ခရစ်ယာန်ဘာသာကို အယူလွဲသူများနှစ်ခြိုက်စေဖို့နှင့် လွယ်လင့်တကူလက်ခံစေနိုင်သော ဘာသာတစ်ခုဖြစ်စေရန် လူသိများဖို့ကြိုးပမ်းလာကြသည်။ ဤအယူလွဲသူများသည် ဘုရားအများကို ကိုးကွယ်ကြ၍ ဘာသာတရားသစ်က ထာဝရဘုရားတစ်ဆူတည်းရှိသည်ဟု အခိုင်အမာယုံကြည်သည်။ ထို့ကြောင့် ရှေးခေတ်ဘုရားများ၊ အများကိုးကွယ်ခံရသောသူများနှင့် ဒဏ္ဍာရီလာသူရဲကောင်းများ နေရာတွင် “စိန့်များ” ကိုခံယူလာခြင်းအားဖြင့် အလျော့ပေးလိုက်လျောမှု ပြုလုပ်ခဲ့ကြပေမည်။ အက်ကလီစီယာစတီကီ အီစတောရီးယား (ခရစ်ယာန်သာသနာဆိုင်ရာသမိုင်း) စာအုပ်က ယင်းကို ဤသို့မှတ်ချက်ချဖော်ပြသည်– “အယူလွဲသူများဘာသာမှ ခရစ်ယာန်ဘာသာသို့ ပြောင်းလဲသူများအတွက် မိမိတို့စွန့်ပယ်ခဲ့သော သူရဲကောင်းများအစား အာဇာနည်များကို အသိအမှတ်ပြုရန်နှင့် ယခင်သူရဲကောင်းတို့ကိုပေးခဲ့သည့် ဂုဏ်တင်လေးမြတ်မှုအား ၎င်းတို့ကိုစတင်ပေးရန် လွယ်ကူစေသည်။ . . . သို့သော်လည်း ယင်းကဲ့သို့သော စိန့်များကို ဂုဏ်တင်မှုသည် မကြာခဏဆိုသလို ရုပ်ပုံကိုးကွယ်ခြင်းစစ်စစ် ဖြစ်လာလေ့ရှိသည်။”
နောက်စာအုပ်တစ်အုပ်က ခရစ်ယာန်ဘောင်အတွင်းတွင် “စိန့်များ” မည်သို့စတင်ပေါ်ပေါက်လာကြောင်းရှင်းပြသည်– “ဂရိသြသဒေါက်စ်ချာ့ချ်၏ စိန့်များကို ဂုဏ်တင်ချီးမွမ်းခြင်းတွင် အယူလွဲသူများဘာသာရေး၏ အရှိန်သြဇာညောင်းကြောင်း ထင်ရှားသောသဲလွန်စများကို ကျွန်ုပ်တို့တွေ့မြင်ရသည်။ ခရစ်ယာန်ဘာသာအတွင်းသို့ လူများပြောင်းလဲမခံရမီ အိုလံပီယာဘုရားများဟုယူမှတ်သောအရာတို့သည် ယခုအခါ စိန့်များ၏အရည်အသွေးများဖြစ်လာသည်။ . . . ဤဘာသာသစ်၏အစပိုင်းအချိန်ကတည်းက ယင်းကိုယုံကြည်လိုက်နာသူများသည် နေဘုရား (ဖီးဘစ် အပိုလို) နေရာတွင် ပရောဖက်ဧလိယကိုအစားထိုးကာ ပျက်စီးသွားသော ဤဘုရား၏ ရှေးခေတ်ဘုရားကျောင်းများ သို့မဟုတ် ဗိမာန်များ၏နေရာ သို့မဟုတ် ယင်း၏အနားတွင်၊ အထူးသဖြင့် ကုန်းမြင့်နှင့်တောင်ကုန်းများပေါ်တွင်၊ရှေးခေတ်ဂရိများက အလင်းပေးသူ ဖီးဘစ် အပိုလိုကို ဂုဏ်တင်ထားသည့်နေရာတိုင်းတွင် ချာ့ချ်များဆောက်လုပ်သည်ကိုတွေ့မြင်ရသည်။ . . . သူတို့သည် အသီနာအပျိုကညာဘုရားမနှင့် အပျိုကညာမာရိကို အတူတူဖြစ်သည်ဟု သတ်မှတ်ကြသည်။ ထို့ကြောင့် အသီနာရုပ်ပုံကို ပယ်ဖျက်လိုက်သောအခါ ဘာသာပြောင်းလာသည့် ရုပ်ပုံကိုးကွယ်သူများ၏ စိတ်တွင်ဟာ၍မကျန်ရစ်ပါ။”—နယ်သြတယ်ရော်န် အင်ဂီကလော်ပေဒီကောန် လက်စ်ဆီကော်န် (စွယ်စုံကျမ်းအဘိဓာန်သစ်) အတွဲ ၁၊ စာမျက်နှာ ၂၇၀-၁။
ဥပမာအနေနှင့် စီ.အီး. လေးရာစုနှစ်နှောင်းပိုင်းတွင် အေသင်မြို့ရှိအခြေအနေကို စစ်ဆေးကြည့်ပါ။ ထိုမြို့တွင်နေထိုင်သူအများစုမှာ အယူလွဲသူများဖြစ်နေကြဆဲပင်။ သူတို့၏ အထွတ်အမြတ်အထားဆုံးသော ဝတ်ပြုကိုးကွယ်မှုအခမ်းအနားမှာ အေသင်မြို့၏အနောက်မြောက်ဘက် ၁၄ မိုင်အကွာရှိ အီလျူစစ္စမြို့တွင် ဖေဖော်ဝါရီလ၌ နှစ်စဉ်ကျင်းပလေ့ရှိသည့် အီလျူစီနီယံ လျှို့ဝှက်ဆန်းကြယ်သောအခမ်းအနားဖြစ်သည်။b ယင်းသည် နှစ်ထပ်ကွမ်းပွဲတော်ဖြစ်သည်။ ဤလျှို့ဝှက်ပွဲကိုတက်ရောက်ရန် ထိုအေသင်မြို့သားများသည် ၎င်းဘာသာရေးနှင့်သက်ဆိုင်သောနည်းလမ်း (ဟီအဲ ရာ ဟော့ ဒေါ့စ်) ကိုလိုက်လျှောက်ခဲ့ကြသည်။ အခြားဝတ်ပြုရန် နေရာတစ်ခုကို စီစဉ်ပေးရာတွင် မြို့မျက်နှာဖုံးများသည် အလွန်ကျွမ်းကျင်လိမ္မာကြသည်။ အယူလွဲသူများကိုအာရုံလွှဲကာ ထိုလျှို့ဝှက်ဆန်းကြယ်သောအခမ်းအနားသို့ တက်ရောက်ခြင်းမှကာကွယ်ရန် ထိုလမ်း၌ပင် အေသင်မြို့မှခြောက်မိုင်ကွာဝေးသောနေရာ၌ ဒက်ဖနီကျောင်းတိုက်ကို တည်ထောင်ထားကြသည်။ ဂရိဘုရား ဒက်ဖနီအို့စ် သို့မဟုတ် ပီသီအို့စ် အပိုလိုကိုရည်စူး၍တည်ထောင်ထားသော ရှေးခေတ်ဗိမာန်နေရာ၌ ထိုကျောင်းတိုက်၏ချာ့ချ်ကို ဆောက်လုပ်ကြသည်။
အယူလွဲသူများ၏ဘုရားများကို “စိန့်များ” ကြည်ညိုလေးမြတ်ခြင်းနှင့် ရောနှောပစ်ခြင်းသာဓကကို ဂရိနိုင်ငံရှိ ကိသရာကျွန်းတွင်လည်းတွေ့နိုင်ပါသည်။ ထိုကျွန်း၏တောင်ထိပ်တစ်ခုပေါ်တွင် ဘိုင်ဇန်တိုင်ဝတ်ကျောင်းငယ်နှစ်ခုရှိ၍ တစ်ခုမှာ “စိန့်” ဂျော့ချ်ကိုရည်စူးကာ ကျန်တစ်ခုမှာ အပျိုကညာမာရိကိုရည်စူးသည်။ မနိုအန်တောင်ထိပ်ရှိဗိမာန်သည် နှစ်ပေါင်း ၃,၅၀၀ နီးပါး ဝတ်ပြုရာနေရာတစ်ခုအဖြစ် ဤနေရာတွင်ရှိခဲ့ကြောင်း တူးဖော်ချက်များကဖော်ပြသည်။ စီ.အီး. ခြောက်ရာစု သို့မဟုတ် ခုနစ်ရာစုအတွင်း “ခရစ်ယာန်များ” သည် “စိန့်” ဂျော့ချ်အတွက် သူတို့၏ဝတ်ကျောင်းကို ထိုတောင်ထိပ်ရှိဗိမာန်နေရာ၌ပင် တည်ထောင်ကြသည်။ အေဂျင်ပင်လယ်၏ ပင်လယ်လမ်းကြောင်းများကိုစိုးမိုးသည့် မနိုအန်ဘာသာရေး တိုးတက်မှုဗဟိုချက်မ၏ အဓိကအထိမ်းအမှတ်ကို ထိုလုပ်ဆောင်မှုများကဖြစ်စေသည်။ မယ်တော်နှင့် “သင်္ဘောသားများကို စောင့်ရှောက်သူ” အဖြစ် “စိန့်” နီကိုလပ်စ်အတွက် ပွဲခံသောနေ့၌ပင် ပွဲခံလေ့ရှိသော “စိန့်” ဂျော့ချ်တို့၏မျက်နှာသာရဖို့အတွက် ထိုနေရာတွင် ချာ့ချ်နှစ်ခုကိုတည်ဆောက်ကြသည်။ သတင်းစာတစ်စောင်က ဤတွေ့ရှိချက်နှင့်ပတ်သက်၍ သတင်းပေးပို့သည်မှာ– “ရှေးခေတ်မနိုအန်ဘုန်းတော်ကြီးများ ပြုလုပ်သကဲ့သို့ပင် ယခုတွင် [ဂရိသြသဒေါက်စ်] ဘုန်းတော်ကြီးများသည် တောင်ပေါ်သို့တက်သွားကြကာ” ဘာသာရေးဆောင်ရွက်မှုများကို လုပ်ဆောင်ကြပါသည်တကား!
အယူဖောက်ပြန်သော ခရစ်ယာန်ဘာသာသည် အယူလွဲသောဂရိဘာသာရေး၏ လွှမ်းမိုးမှုကိုခံရကြောင်း သမိုင်းသုတေသနပြုသူတစ်ဦးက အကျဉ်းချုပ်၍ “ခရစ်ယာန်ဘာသာတရား၏ အယူလွဲခြင်းဆိုင်ရာ အခြေအမြစ်သည် လူကြိုက်များသောယုံကြည်ချက်များ၌ မပြောင်းလဲဘဲဆက်ရှိသောကြောင့် ထုံးတမ်းစဉ်လာအဖြစ်တည်ရှိကြောင်း သက်သေထူသည်” ဟုဖော်ပြသည်။
‘ကျွန်ုပ်တို့သိသောအရာကို ကိုးကွယ်ခြင်း’
ယေရှုက “ငါတို့သည်ကိုယ်သိသောအရာကို ကိုးကွယ်ကြ၏။ . . . ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကိုနာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာတရား [“သမ္မာတရား၊” ကဘ] နှင့်လည်းကောင်း၊ ကိုးကွယ်ရမည့်အချိန်ကာလသည်လာ၍ ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူကား၊ ထိုသို့ကိုးကွယ်သောသူတို့ကို ခမည်းတော်သည်အလိုရှိတော်မူ၏” ဟုရှမာရိအမျိုးသမီးကိုပြောခဲ့သည်။ (ယောဟန် ၄:၂၂၊ ၂၃) သမ္မာတရားဖြင့် ကိုးကွယ်ရမည်ဖြစ်ကြောင်း သတိပြုပါ! ထို့ကြောင့် ဘုရားသခင်လက်ခံသော ကိုးကွယ်မှုဖြစ်ရန် တိကျသောအသိပညာနှင့် သမ္မာတရားကိုနှစ်နှစ်ကာကာမြတ်နိုးခြင်း မရှိဘဲနှင့်မဖြစ်နိုင်ပါ။ စစ်မှန်သောခရစ်ယာန်ဘာသာတရားသည် သမ္မာတရားပေါ်အခြေခံရမည်ဖြစ်ပြီး မိရိုးဖလာထုံးတမ်းစဉ်လာနှင့် အယူလွဲသူများ၏ကျင့်ဆောင်မှုများမှ မဖြစ်ရပါ။ မှားယွင်းသောနည်းလမ်းဖြင့် ကိုယ်တော့်ကိုကိုးကွယ်ရန် လူတို့ကြိုးစားကြသောအခါ ယေဟောဝါမည်သို့ခံစားရကြောင်း ကျွန်ုပ်တို့သိပါသည်။ တမန်တော်ပေါလုက ရှေးခေတ်ဂရိနိုင်ငံကောရိန္သုမြို့ရှိ ခရစ်ယာန်များထံ “ခရစ်တော်သည် ဗေလျာလနှင့်အဘယ်သို့သင့်တင့်နိုင်မည်နည်း။ . . . ဘုရားသခင်၏ဗိမာန်တော်သည် ရုပ်တုတို့နှင့်အဘယ်သို့စပ်ဆိုင်ရမည်နည်း” ဟူ၍ရေးသားခဲ့သည်။ (၂ ကောရိန္သု ၆:၁၅၊ ၁၆) ဘုရားသခင်၏ဗိမာန်တော်နှင့် ရုပ်ပုံကို ညီညွတ်မှုရှိအောင်ကြိုးစားမှုမှန်သမျှသည် ကိုယ်တော်အတွက် စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည်။
ထိုထက်ကား “စိန့်များ” ကိုဘုရားသခင်အကြား ကြားဖျန်ပေးသူအဖြစ်ထားကာ သူတို့မှတစ်ဆင့်ဆုတောင်းခြင်းကို ကျမ်းစာတွင် လုံးဝမဖော်ပြထားပါ။ ဆုတောင်းသောအခါ ခမည်းတော်တစ်ဦးတည်းထံသို့သာလျှင် တောင်းလျှောက်ရမည်ဖြစ်ကြောင်း ယေရှုခရစ်က မိမိ၏စံပြပတ္ထနာတွင် တပည့်တော်များကို သင်ကြားပေးသည်။ ကိုယ်တော်က “ထို့ကြောင့် သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော”ဟုညွှန်ပြခဲ့သည်။ (မဿဲ ၆:၉) ထပ်ဆင့်၍ယေရှုက ဤသို့မိန့်တော်မူသည်– “ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှခမည်းတော်ထံသို့မရောက်ရ။ သင်တို့သည်ငါ၏နာမကိုအမှီပြု၍ တစ်စုံတစ်ခုသောဆုကိုတောင်းလျှင်၊ တောင်းသည့်အတိုင်းငါပြုမည်။” တမန်တော်ပေါလုကလည်း “ဘုရားသခင်တစ်ဆူတည်းရှိတော်မူ၏။ ဘုရားသခင်နှင့်လူတို့၏စပ်ကြားမှာ၊ လူဖြစ်သောယေရှုခရစ်တည်းဟူသော အာမခံတစ်ဦးတည်းရှိ၏” ဟူ၍ဖော်ပြခဲ့သည်။—ယောဟန် ၁၄:၆၊ ၁၄; ၁ တိမောသေ ၂:၅။
ကျွန်ုပ်တို့၏ဆုတောင်းခြင်းကို အမှန်ပင်ဘုရားသခင်နားညောင်းစေလိုလျှင် ကိုယ်တော်၏နှုတ်ကပါဌ်တော်မှ ညွှန်ကြားသည့်အတိုင်း ကိုယ်တော်ထံချဉ်းကပ်ရန် လိုအပ်ပါသည်။ ယေဟောဝါထံချဉ်းကပ်ဖို့ တစ်ခုတည်းသောလက်ခံနိုင်သည့် နည်းလမ်းနှင့်ပတ်သက်၍ ပေါလုက ဤသို့ရေးသားဖော်ပြသည်– “အသေခံ၍ခံသည်သာမက၊ သေခြင်းမှထမြောက်၍ ဘုရားသခင်၏လက်ယာတော်ဘက်၌နေလျက်၊ ငါတို့အဖို့ဆုတောင်းသောသူကား ခရစ်တော်ပေတည်း။” “ထိုကြောင့်၊ အကြင်သူတို့သည် ယေရှုအားဖြင့်ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်ကြ၏၊ ထိုသူတို့၏အမှုကို ကိုယ်တော်သည်စောင့်လျက်၊ ကာလအစဉ်အသက်ရှင်သောကြောင့်၊ သူတို့ကိုအစဉ်ကယ်တင်ခြင်းငှာ တတ်နိုင်တော်မူ၏။”—ရောမ ၈:၃၄; ဟေဗြဲ ၇:၂၅။
‘နာမ်ဝိညာဉ်နှင့်သမ္မာတရားဖြင့် ကိုးကွယ်ခြင်း’
အယူဖောက်ပြန်သော ခရစ်ယာန်ဘာသာသည် အယူလွဲသူများကို သူတို့၏မှောက်မှားသောဝတ်ပြုရေးကို စွန့်လွှတ်ကာ သမ္မာတရားကိုသွန်သင်သော ယေရှုခရစ်နောက်သို့လိုက်လျှောက်ဖို့ လှုံ့ဆော်ပေးရန် ဝိညာဏခွန်အား သို့မဟုတ် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော် ထောက်မမှုမရရှိကြပါ။ ယင်းသည် ဘာသာဝင်များ၊ တန်ခိုးအာဏာနှင့် လူကြိုက်များမှုတို့ရရှိရန် အယူလွဲသူများ၏ ယုံကြည်မှုများနှင့်အလေ့အထများကို လက်ခံကြသည်။ ထို့အတွက်ကြောင့် ယင်းသည် ဘုရားသခင့်နိုင်ငံတော်နှင့် မထိုက်တန်သော “တောပင်များ” ဖြစ်သည့် ဘုရားသခင်နှင့် ခရစ်တော်ကိုလက်မခံကြသော ယုံကြည်သူအတုအယောင်များ၊ ယုံကြည်ခြင်း၌မတည်မြဲသော ခရစ်ယာန်များကိုသာ မွေးထုတ်ပေးကြသည်။—မဿဲ ၁၃:၂၄-၃၀။
သို့သော်လည်း ဤဆုံးခန်းချိန်အတွင်း ယေဟောဝါ၏ညွှန်ကြားမှုအောက်၌ အရေးကြီးသော ဆောင်ရွက်မှုတစ်ရပ်ဖြစ်သည့် စစ်မှန်သောဝတ်ပြုရေး ပြန်လည်တည်ထောင်မှုရှိပါသည်။ ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါ၏လူများသည် သူတို့၏ယဉ်ကျေးမှု၊ လူမှုရေး သို့မဟုတ် ဘာသာရေးနောက်ခံ မည်သို့ပင်ရှိစေကာမူ သူတို့၏ယုံကြည်ချက်များနှင့် အသက်တာကို သမ္မာကျမ်းစာစံချိန်နှင့်လျော်ညီရန် ကြိုးစားကြသည်။ ဘုရားသခင်အား ‘နာမ်ဝိညာဉ်နှင့်သမ္မာတရားဖြင့်’ မည်သို့ကိုးကွယ်ရမည်နှင့်ပတ်သက်ပြီး အသင်ပို၍သိလိုပါက သင်နေထိုင်ရာဒေသရှိ ယေဟောဝါသက်သေများကို ဆက်သွယ်ပါ။ သူတို့သည် သင်၏စဉ်းစားဆင်ခြင်နိုင်စွမ်းနှင့် ကိုယ်တော့်နှုတ်ကပါဌ်တော်၏ တိကျသောအသိပညာအပေါ်အခြေပြုသည့် ဘုရားသခင်လက်ခံနိုင်သောကိုးကွယ်မှုကို အသင့်အားပြောပြရန် အလွန်တလိုတလားရှိနေကြသည်။ တမန်တော်ပေါလုက “ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူဖွယ်သောလက္ခဏာနှင့် ပြည့်စုံသောယဇ်ကို သင်တို့သည်ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အားဆက်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သောဝတ်ကိုပြုမည်အကြောင်း၊ ဘုရားသခင်၏ကရုဏာတော်ကိုထောက်ထား၍၊ သင်တို့ကိုငါတိုက်တွန်းနှိုးဆော်ပေ၏။သင်တို့သည် လောကီပုံသဏ္ဌာန်ကိုမဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကိုသိနိုင်မည်အကြောင်း၊ စိတ်နှလုံးကိုအသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ရောက်ကြလော့” ဟူ၍ရေးသားခဲ့သည်။ ကောလောသဲ အသင်းတော်ကိုလည်း သူက ဤသို့ပြောခဲ့သည်– “ထိုကြောင့်၊ ငါတို့သည် ကြားရသည်နေ့မှစ၍၊ သင်တို့အဖို့အလိုငှာ အစဉ်မပြတ်ဆုတောင်းပတ္ထနာပြုလျက်နေကြ၏။ ဆုတောင်းသောအချက်ဟူမူကား၊ သင်တို့သည် ကောင်းသောအကျင့်အမျိုးမျိုးတည်းဟူသော အသီးကိုသီးခြင်း၊ ဘုရားသခင်ကိုသိသောဉာဏ်တိုးပွားခြင်းရှိသဖြင့်လည်းကောင်း၊ ဝမ်းမြောက်သောစိတ်နှင့် အရာရာ၌သည်းခံခြင်း၊ စိတ်ရှည်ခြင်းအလိုငှာ၊ ဘုန်းကြီးသောတန်ခိုးတော်အတိုင်း ခွန်အားနှင့်ပြည့်စုံသဖြင့်လည်းကောင်း၊ ခမည်းတော်ဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ သခင်ဘုရားနှင့်ထိုက်လျောက်စွာကျင့်၍ အရာရာ၌နှစ်သက်တော်မူစေခြင်းငှာ၊ ပညာအမျိုးမျိုး၊ ဓမ္မဉာဏ်အမျိုးမျိုးအားဖြင့် အလိုတော်ကို အကုန်အစင်နားလည်ပါမည်အကြောင်း ဆုတောင်းပတ္ထနာပြု၏။”—ရောမ ၁၂:၁၊ ၂; ကောလောသဲ ၁:၉-၁၁။
[အောက်ခြေမှတ်ချက်များ]
a အချို့ဘာသာပြန်ကျမ်းစာများတွင် ဂရိစကားလုံး ဟေးဂျီးအော့စ်ကို “သန့်ရှင်းသူ” ဟုဘာသာပြန်ထား၍ အခြားတွင်မူ “စိန့်” ဟုဘာသာပြန်ထားသည်။
b အီလျူစီနီယံပွဲတော်ကြီးကို စက်တင်ဘာလ၌ အေသင်မြို့နှင့်အီလျူစစ္စမြို့တို့တွင် နှစ်စဉ်ကျင်းပလေ့ရှိသည်။
[စာမျက်နှာ ၂၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
ပါသီနွန်ကို မဖြစ်တန်ရာ အသုံးပြုမှု
“ခရစ်ယာန်” ဧကရာဇ် သီအိုဒိုးရှပ်စ် ၂ သည် အေသင်မြို့ (စီ.အီး. ၄၃၈) နှင့်သက်ဆိုင်သောအမိန့်ပြန်တမ်းများဖြင့် ထိုအယူလွဲသူများ၏ထုံးတမ်းဓလေ့နှင့် လျှို့ဝှက်ဆန်းကြယ်သည့်အခမ်းအနားများကို ဖျက်သိမ်းစေ၍ သူတို့၏ဗိမာန်များကိုပိတ်စေခဲ့သည်။ ထို့နောက်တွင် သူတို့သည် ခရစ်ယာန်ချာ့ချ်များအဖြစ်သို့ ပြောင်းလဲပစ်နိုင်ခဲ့သည်။ ဗိမာန်တစ်ခုကို အောင်မြင်စွာပြောင်းလဲပစ်နိုင်၍ ယင်းကိုသန့်ရှင်းစေနိုင်သည့် တစ်ခုတည်းသောနည်းကား ယင်းတွင် လက်ဝါးကပ်တိုင်ကို တပ်ဆင်ခြင်းဖြစ်သည်။
ဦးဆုံးပြောင်းလဲခဲ့သော ဗိမာန်တစ်ခုမှာ ပါသီနွန်ဖြစ်သည်။ “ခရစ်ယာန်” ဗိမာန်အနေဖြင့် အသုံးပြုဖို့သင့်လျော်ရန် ပါသီနွန်ကို အရေးပါသော ပြုပြင်မွမ်းမံခြင်းပြုလုပ်ခဲ့သည်။ စီ.အီး ၈၆၉ မှစ၍ ယင်းကို အေသင်မြို့၏ဘုရားကျောင်းအဖြစ် အသုံးပြုကြသည်။ အစပိုင်းတွင် ယင်းကို “သန့်ရှင်းသောဉာဏ်ပညာ” ချာ့ချ်အဖြစ်ဂုဏ်တင်ခဲ့ကြသည်။ ယင်းက မူလ “ပိုင်ရှင်” ဖြစ်သော ဉာဏ်ပညာဘုရားမ အသီနာကိုသွား၍ သတိရစေနိုင်သည်။ နောက်ပိုင်းတွင် ယင်းကို “အေသင်မြို့သူကျွန်ုပ်တို့၏မယ်တော်” အတွက်ရည်စူးခဲ့သည်။ ထိုဗိမာန်ကို ဩသဒေါက်စ်တို့က ရှစ်ရာစုနှစ်ခန့်အသုံးပြုပြီးနောက်ပိုင်းတွင် အေသင်မြို့၏စိန့်မေရီ ချာ့ချ်အဖြစ်သို့ ပြောင်းလဲခဲ့သည်။ ၁၅ ရာစုတွင် အောတိုမန်တူရကီများက ယင်းကို ဗလီအဖြစ်သို့ပြောင်းလဲခဲ့ကြချိန်အထိ ပါသီနွန်ကို ယင်းသို့ ဘာသာများက “လက်ဆင့်ကမ်း” ဆက်အသုံးပြုနေကြဆဲဖြစ်သည်။
ဉာဏ်ပညာဂရိဘုရားမ အသီနာပါသီနိုစ် (“အပျိုကညာ”) ၏ရှေးခေတ်ဒေါရစ်ဗိမာန်ဖြစ်ခဲ့သော ထိုပါသီနွန်ကို ယခုအခါတွင် ဂရိတို့၏ထူးကဲပြောင်မြောက်သည့် ဗိသုကာလက်ရာအဖြစ်သာလျှင် ထောင်ပေါင်းများစွာသောကမ္ဘာလှည့်ခရီးသည်များက လာရောက်လည်ပတ်ကြသည်။
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ဒက်ဖနီကျောင်းတိုက်– အေသင်မြို့ရှိအယူလွဲသူများ ဝတ်ပြုမှုအတွက်အခြားတစ်နေရာ