“သင်၌ရှိသည့်အရာကို ဆုပ်ကိုင်ထားပါ”
ကျွန်းပေါင်း ၃၀ ခန့်ဖြင့်ပေါင်းစည်းထားသည့် ဂရိနိုင်ငံ စစ်ကယ်လ်ဒီးဇ်ကျွန်းစုရှိကျွန်းတစ်ကျွန်းပေါ်၌ သက်သေခံတစ်စုဟောပြောနေကြသည်။ သူတို့ထဲမှနှစ်ဦးသည် လမ်းတစ်လမ်းတွင်ဟောပြောနေစဉ် ရဲစခန်းသို့လိုက်ခဲ့ပါဟုပြောသော ရဲတစ်ဦးနှင့်တွေ့ဆုံခဲ့သည်။ ရဲစခန်းသို့ သူတို့ရောက်ပြီးမကြာမီတွင် ဖုန်းမြည်လာသည်။ ကျေးရွာခရစ်ယာန်ဘုန်းကြီးထံမှဖြစ်သည်။ သူက “ရွာထဲမှာ ယေဟောဝါသက်သေတွေရှိနေတယ်လို့ ကြားတယ်” ဟုဆိုသည်။ ရဲသားက “ဟုတ်ကဲ့ ဒီမှာနှစ်ယောက်ရှိနေတယ်” ဟုပြန်ဖြေဆိုသည်။ ခရစ်ယာန်ဘုန်းကြီးက “ချက်ချင်းလာခဲ့မယ်” ဟုဆိုသည်။ စကားပြောဆိုသည့်လေသံကိုထောက်ပြီး ညီအစ်ကိုများ အနည်းငယ်စိုးရိမ်လာကြသည်။
သို့သော် ထိုခရစ်ယာန်ဘုန်းကြီးရောက်လာသောအခါ သူတို့ကိုပြုံးပြပြီး လက်ဆွဲနှုတ်ဆက်ကာ ရဲသားအနီးရှိထိုင်ခုံတစ်လုံးတွင်ထိုင်လိုက်သည်။ စကားပြောဆိုဆွေးနွေးကြစဉ် ခရစ်ယာန်ဘုန်းကြီးက အကျိုးသင့်အကြောင်းသင့်နှင့် ရည်ရည်မွန်မွန်ဆက်ဆံသော်လည်း ရဲသားကငြင်းခုံလာသည်။ ခရစ်ယာန်ဘုန်းကြီးက ရဲသားအား သက်သေခံများကိုအထင်မသေးရန်ပြောပြီး သူက “သီအိုကရက်တစ်ဓမ္မအမှုကျောင်းမှာလေ့ကျင့်မှုရထားတဲ့အတွက် ဘယ်မေးခွန်းကိုမဆို သူတို့ဖြေဆိုနိုင်တယ်။ ယေဟောဝါသက်သေတစ်ဦးရဲ့ ယုံကြည်ခြင်းကိုပြောင်းလဲအောင်လုပ်ဖို့ထက် ကမ္ဘာကိုအုတ်မြစ်ပေါ်ကခါချဖို့ ပိုလွယ်ကူလိမ့်မယ်” ဟုဆက်၍ဆိုသည်။
နောက်တစ်နေ့နံနက်တွင်ဟောပြောနေကြစဉ် ညီအစ်ကိုများသည် ထိုခရစ်ယာန်ဘုန်းကြီးနှင့်နောက်တစ်ဖန်တွေ့ဆုံခဲ့ရာ သူတို့က “ရဲစခန်းမှာကျွန်တော်တို့ စကားပြောဆိုဆွေးနွေးကြတုန်းက ဘာကြောင့် ကျွန်တော်တို့အပေါ် ဖော်ဖော်ရွေရွေရှိခဲ့ရတာလဲ” ဟုမေးမြန်းကြသည်။ ခရစ်ယာန်ဘုန်းကြီးက သူသည် စိုင်းရော့စ်ရှိ သက်သေခံများစွာကိုသိကျွမ်းခဲ့ပြီး ကင်းမျှော်စင်နှင့်နိုးလော့! မဂ္ဂဇင်းများကို နှစ်အတော်များများဖတ်ရှုခဲ့ကြောင်း ပြောပြသည်။ အမှန်မှာ သူသည် ရံဖန်ရံခါ ကင်းမျှော်စင်မဂ္ဂဇင်းကို ဖိုင်ထဲဝှက်ပြီး ယင်းကိုအသုံးပြုကာ ချာ့ချ်တွင်ဟောပြောချက်ပေးလေ့ရှိသည်။ သူက ဤသို့မှတ်ချက်ချသည်– “ကျွန်တော့်မှာ ခင်ဗျားတို့ရဲ့ စာပေတွေသာမရှိရင် အသက်ရှင်နေလည်းအပိုပဲလို့ထင်တယ်။ အဲဒါက ကျွန်တော့်ကိုမျှော်လင့်ချက်ပေးတယ်။”
နောက်ပိုင်းတွင် ခရစ်ယာန်ဘုန်းကြီးက သက်သေခံများအား ဤသို့ပြောဆိုခဲ့သည်– “ခင်ဗျားတို့ကို ကျွန်တော်တစ်ခုပြောရဦးမယ်။ ခင်ဗျားတို့မှာရှိတဲ့အရာကို ဆုပ်ကိုင်ထားပါ။ လက်လွှတ်လိုက်တဲ့အမှားကို မလုပ်ပါနဲ့။ ခင်ဗျားတို့ကိုအခုပြောတာ ကျွန်တော်ပေးခဲ့သမျှဟောပြောချက်တွေထဲမှာ အကောင်းဆုံးဖြစ်ပြီး နှုတ်နဲ့ပဲပြောတာမဟုတ်ဘဲ နှလုံးအပြည့်နဲ့ပြောတာပါ။”