မဆုတ်မနစ်သောဇွဲက တိုးတက်မှုရှိစေ
ဇူဇေမဂလော့ဖ်စကီး ပြောပြသည်
ရဲက ကျွန်တော့်လက်မောင်းကိုဆုပ်ကိုင်လိုက်သည့်အခါ ကျွန်တော့်အဖေကိုကျွန်တော် လှမ်းရှာမိသည်။ သို့သော် သူ့ကိုရဲစခန်းသို့ ဖမ်းသွားနှင့်ပြီဖြစ်ကြောင်းကို ကျွန်တော်မသိလိုက်ပါ။ ကျွန်တော်ရဲစခန်းသို့ရောက်သောအခါ ရဲသားတို့က ကျွန်တော်တို့၏ကျမ်းစာများအပါအဝင် အခြားစာအုပ် စာတမ်းအားလုံးကို သိမ်းဆည်းပြီး ကြမ်းပြင်ပေါ် ပုံချထားသည်။ ယင်းကိုတွေ့သော ကျွန်တော့်အဖေက ဤသို့မေးသည်– “ကျမ်းစာတွေကိုတောင် ကြမ်းပေါ်ချထားသလား။” ရဲအုပ်က တောင်းပန်ပြီး ကျမ်းစာများကိုကောက်၍ စားပွဲပေါ်တင်လိုက်သည်။
ရဲစခန်းတွင် ကျွန်တော်တို့ မည်သို့အဆုံးသတ်ခဲ့ကြရသနည်း။ ကျွန်တော်တို့ဘာလုပ်နေခဲ့ကြသနည်း။ ကျမ်းစာကိုပင် ကျွန်တော်တို့ထံမှသိမ်းဆည်းရခြင်းသည် ဖန်ဆင်းရှင်ဘုရားမဲ့ဝါဒလိုက်စားသောရဲအုပ်ချုပ်ရေးအောက်ရှိနိုင်ငံတွင် ကျွန်တော်တို့ရှိနေ၍လော။ ဤမေးခွန်းများကိုဖြေဆိုရန် ကျွန်တော်ပင်မမွေးသေးသည့် ၁၉၂၅ ခုနှစ်သို့ ပြန်သွားကြရမည်။
ထိုနှစ်တွင် ကျွန်တော့်ဖခင် အဲစတီဖာနို မဂလော့ဖ်စကီးနှင့် ကျွန်တော့်မိခင် ဇူလီအဲနာတို့သည် ယခင်ယူဂိုစလားဗီးယားနိုင်ငံမှထွက်ခွာ၍ ဘရာဇီးနိုင်ငံ၊ ဆောပေါလိုမြို့တွင် အခြေချခဲ့ကြသည်။ အဖေက ပရိုတက်စတင့်ဘာသာဝင်၊ အမေက ကက်သလစ်ဘာသာဝင်ဖြစ်ကြသော်လည်း ဘာသာရေးက သူတို့ကို စိတ်ဝမ်းမကွဲစေခဲ့ပါ။ အမှန်ဆိုသော် နောင်ဆယ်နှစ်အကြာတွင် ဘာသာရေးအရ သူတို့အားစည်းလုံးစေသည့်အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။ အဖေ့မယားညီအစ်ကိုက ဟန်ဂေရီဘာသာစကားဖြင့် ထုတ်ဝေထားသော ရောင်စုံရုပ်ပုံများပါ လူသေများ၏အခြေအနေကို ဆွေးနွေးတင်ပြထားသည့်စာအုပ်ငယ်တစ်ခုကို လက်ဆောင်ရခဲ့၍ အဖေ့အား ပေးဖတ်သည်။ ယင်းစာအုပ်ပါအကြောင်းများ၊ အထူးသဖြင့် “ငရဲ” အပိုင်းအပေါ် အဖေ၏ထင်မြင်ယူဆချက်ကို သူတောင်းဆိုခဲ့သည်။ အဖေသည် ထိုစာအုပ်ကလေးကို တစ်ညလုံး ဖတ်ပြီးရင်းပြန်ဖတ်ခါ နောက်နေ့ အဖေ၏ထင်မြင်ယူဆချက်အတွက် သူ၏မယားညီအစ်ကိုလာသောအခါ အဖေက “ဒါသမ္မာတရားပဲ!” ဟုပြတ်ပြတ်သားသားပြောဆိုခဲ့သည်။
သေးငယ်သောအစချီမှုများ
ထိုစာအုပ်သည် ယေဟောဝါသက်သေများထုတ်ဝေထားသည့်စာအုပ်ဖြစ်သောကြောင့် သူတို့၏ယုံကြည်ချက်များနှင့် သွန်သင်ချက်များကို ပိုမိုသိရှိရန် နှစ်ယောက်သားသူတို့ကိုလိုက်လံရှာဖွေကြသည်။ နောက်ဆုံးအဆက်အသွယ်ရသောအခါ ကျွန်တော်၏မိသားစုဝင်အတော်များများသည် သက်သေခံများနှင့် ကျမ်းစာစတင်ဆွေးနွေးကြလေသည်။ ထို ၁၉၃၅ ခုနှစ်တွင်ပင် ဟန်ဂေရီဘာသာစကားဖြင့် ကျမ်းစာသင်အံမှုကို မှန်မှန်စတင်ပြုလုပ်ခဲ့သည်။ ပျမ်းမျှအားဖြင့် တက်ရောက်သူ ရှစ်ယောက်ရှိသည်။ ထိုအချိန်ကတည်းက ကျွန်တော်တို့အိမ်တွင် ကျမ်းစာသင်အံမှုများ မှန်မှန်ပြုလုပ်ခဲ့ကြပြီ။
နှစ်နှစ်ခန့်ကျမ်းစာလေ့လာပြီးနောက် ၁၉၃၇ ခုနှစ်တွင် အဖေနှစ်ခြင်းယူခဲ့သည်။ သူသည် စိတ်အားထက်သန်သော ယေဟောဝါသက်သေတစ်ဦးဖြစ်လာပြီး တစ်အိမ်မှတစ်အိမ် ဟောပြောခြင်းလုပ်ငန်း၌ပါဝင်လေသည်။ ခန့်အပ်ခံအမှုထမ်းနှင့် သင်တန်းကိုင်သူအဖြစ်လည်း အမှုထမ်းဆောင်ခဲ့သည်။ ဆောပေါလိုမြို့တွင် ပထမဦးဆုံးအသင်းတော်ကို ဗီလာမာရီအာနာအရပ်၌ စတည်ထောင်သည့်လုပ်ငန်းတွင် အဖေပါဝင်ခဲ့သည်။၊ နောက်ပိုင်းတွင် ယင်းအသင်းတော်ကို မြို့လယ်သို့ရွှေ့ပြောင်းလိုက်ပြီး ဗဟိုအသင်းတော်ဟုအမည်ပေးခဲ့သည်။ နောက်ဆယ်နှစ်အကြာတွင် ဒုတိယအသင်းတော်ကို အီပီရန်ဂါအရပ်တွင် တည်ထောင်ပြီး ထိုတွင် အဖေသည် အသင်းတော်ကြီးကြပ်မှူးအဖြစ်ခန့်အပ်ခံရလေသည်။ ၁၉၅၄ ခုနှစ်တွင် တတိယအသင်းတော်ကို မိုအင်းယိုဗဲလ်ယိုအရပ်တွင်တည်ထောင်ခဲ့ရာ ဤတွင်လည်း အသင်းတော်ကြီးကြပ်မှူးအဖြစ် အဖေအမှုထမ်းခဲ့ရသည်။
ဤအုပ်စုသည်ခိုင်ခိုင်မာမာရှိလာသည်နှင့်အမျှ အနီးအနား ဆောဗာနာဒို ဒိုခမ်ပိုမြို့တွင်ရှိသောအုပ်စုကို အဖေစ၍အကူအညီပေးခဲ့ပါသည်။ နှစ်ပေါင်းတစ်လျှောက် ဤသက်သေခံအုပ်စုငယ်ကလေးများ၏ကြိုးစားမှုများအပေါ် ယေဟောဝါ၏ကောင်းချီးသွန်းလောင်းခြင်းကြောင့် အံ့ဩစရာကောင်းအောင် တိုးတက်မှုရှိခဲ့ရာ ၁၉၉၄ ခုနှစ်တွင် ဆောပေါလိုမြို့ကြီးတွင်း၌ ကြေညာသူ ၇၀,၀၀၀ ကျော်ရှိသည့် အသင်းတော် ၇၆၀ အထိတိုးတက်လာပေပြီ။ ဝမ်းနည်းစရာမှာ ဤတိုးတက်မှုကို အဖေမမြင်လိုက်ရပါ။ သူအသက် ၅၇ နှစ်အရွယ်ရှိသည့် ၁၉၅၈ ခုနှစ်တွင် ကွယ်လွန်သွားပါသည်။
အဖေ့ပုံသက်သေကို ကြိုးစားလိုက်လျှောက်နေခြင်း
အခြားပါရမီရင့်ကျက်သောခရစ်ယာန်များနည်းတူ အဖေ၏ထူးခြားသောအရည်အချင်းတစ်ခုမှာ ဧည့်ဝတ်ပျူငှာခြင်းဖြစ်သည်။ (၃ ယောဟန် ၁၊ ၅-၈ ရှု။) ယင်းကြောင့် ၁၉၃၆ ခုနှစ်တွင် ညီအစ်ကိုနှင့်ညီအစ်မယူးလ်တို့နှင့် အမေရိကန်နိုင်ငံမှ ဘရာဇီးနိုင်ငံသို့ရောက်လာကြသော အဲန်တိုနီယို အန်ဒရာဒါ၊ သူ၏ဇနီးနှင့်သားတို့ကိုပါ ဧည့်ခံခွင့်ရရှိခဲ့သည်။ ကျွန်တော်တို့အိမ်တွင် ဂိလဒ်ကင်းမျှော်စင်ကျောင်းဆင်းနှစ်ဦးဖြစ်သည့် ၁၉၄၅ ခုနှစ်တွင် ဘရာဇီးနိုင်ငံသို့ရောက်လာသော ပထမဦးဆုံးသာသနာပြုများဖြစ်သူ ဟယ်ရီဘလက်ခ်နှင့် ဒစ်လာဒ်လက်သ်ကိုတို့ကို ဧည့်ဝတ်ပြုခွင့်ရရှိခဲ့သည်။ သူတို့နောက်တွင် အမြောက်အမြားရောက်လာကြသေးသည်။ ဤညီအစ်ကိုညီအစ်မများသည် ကျွန်တော်တို့မိသားစုအတွက် အားယူစရာအမြဲဖြစ်ခဲ့ကြသည်။ ယင်းကိုတန်ဖိုးထားရုံမက ကျွန်တော့်အိမ်ထောင်၏အကျိုးအတွက်ပါ ခရစ်ယာန်အရည်အချင်းဖြစ်သည့် ဧည့်ဝတ်ပျူငှာခြင်းနှင့်စပ်လျဉ်းသော အဖေ့ပုံသက်သေကို ကျွန်တော်ကြိုးစားအတုယူခဲ့ပါပြီ။
အဖေသမ္မာတရားရသည့် ၁၉၃၅ ခုနှစ်တွင် ကျွန်တော်သည် ကိုးနှစ်သာရှိသေးသော်လည်းသားကြီးတစ်ယောက်အနေနှင့် သူ၏သီအိုကရက်တစ်လုပ်ငန်းများတွင် သူနှင့်အတူ ကျွန်တော်ပါဝင်ခဲ့သည်။ ဆောပေါလိုမြို့၊ နံပါတ် ၁၄၁၊ အီစာဒီကရော့ဇ်လမ်း၊ သက်သေခံဌာနချုပ်ရှိ ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် သူနှင့်အတူ ကျွန်တော်တို့အားလုံး စည်းဝေးများတက်ခဲ့ကြသည်။ အဖေ့သွန်သင်လေ့ကျင့်မှုကြောင့် ယေဟောဝါအမှုတော်ထမ်းဖို့ ကျွန်တော်စိတ်အားကြီးလာသည့်အတွက် ၁၉၄၀ ခုနှစ်တွင် ယေဟောဝါထံဆက်ကပ်အပ်နှံပြီး ဆောပေါလိုမြို့လယ်တစ်လျှောက်စီးဆင်းသည့် ယခုညစ်ညမ်းမှုဒဏ်ခံနေရသော တိုင်အတာမြစ်တွင် ရေနှစ်ခြင်းယူခဲ့သည်။
မကြာမီပင် သတင်းကောင်းကို မှန်မှန်ကြေညာသူတစ်ဦးဖြစ်ရသည့်တာဝန်၊ အခြားသူတို့ကို သမ္မာတရားမျိုးစေ့ကြဲပြီး သူတို့နှင့်အိမ်တွင်းကျမ်းစာသင်အံမှုများကျင်းပ၍ ရေလောင်းပေးရသည့်တာဝန်ကို ကျွန်တော်တတ်လာပါသည်။ ယခု ဘရာဇီးနိုင်ငံတွင် ဆက်ကပ်အပ်နှံ ယေဟောဝါသက်သေထောင်ပေါင်းများစွာကို ကျွန်တော်တွေ့သည့်အခါ သူတို့အများအပြားကိုသမ္မာတရားသိရှိလာစေရန်၊ သို့မဟုတ် သမ္မာတရားကို တန်ဖိုးထားမြတ်နိုးစိတ် ပိုများလာစေရန် ကူညီပေးခွင့်ရခဲ့သည့်အတွက် ကျွန်တော်အလွန်အားရဝမ်းသာပါသည်။
ကျွန်တော်အကူအညီပေးခဲ့သူတို့တွင် တစ်အိမ်မှတစ်အိမ်ဓမ္မအမှု၌တွေ့ဆုံခဲ့သော ဇွာကင်မီလိုပါသည်။ နားထောင်ကြသော်လည်း စိတ်မဝင်စားလှသော အခြားလူသုံးဦးအား ကျွန်တော်စကားပြောဆိုနေစဉ် လူငယ်ကလေးတစ်ယောက်ရောက်လာပြီး စိတ်ဝင်တစားနားထောင်နေသည်ကို သတိပြုမိသည်။ သူ၏စိတ်ဝင်စားမှုကို ကျွန်တော်မြင်ပြီး သူ့အားကောင်းစွာသက်သေခံကာ အသင်းတော်စာအုပ်ကြီးသင်တန်းသို့ဖိတ်ခေါ်ခဲ့သည်။ ထိုသင်တန်းကိုသူလာမတက်ခဲ့သော်လည်း သီအိုကရက်တစ်ဓမ္မအမှုကျောင်းကိုလာတက်ပြီးနောက် အခြားစည်းဝေးများကိုပါ မှန်မှန်စတက်လေတော့သည်။ သူသည် ကောင်းစွာတိုးတက်လာပြီး နှစ်ခြင်းယူ၍ နယ်လှည့်အမှုထမ်းအဖြစ် သူ၏ဇနီးနှင့်အတူ နှစ်အတန်ကြာ အမှုဆောင်ရွက်ခဲ့သည်။
ဤသူအပြင် အာနာလ်ဒိုအော်စီဆိုသူလည်းရှိသည်။ သူ့ကို ကျွန်တော့်အလုပ်ခွင်မှာ တွေ့ဆုံခဲ့သည်။ လုပ်ဖော်ကိုင်ဖက်တစ်ဦးအား ကျွန်တော်အမြဲသက်သေခံတိုင်း တမင်လိုက်နားထောင်လေ့ရှိသည့် မုတ်ဆိတ်နှင့်လူငယ်တစ်ဦးကို သတိပြုမိ၍ သူ့အားတိုက်ရိုက်စကားပြောဆိုလိုက်သည်။ သူက စိတ်ထက်သန်သောကက်သလစ်ဘာသာဝင် မိသားစုအသိုင်းအဝိုင်းမှဖြစ်သည်။ ဆေးလိပ်သောက်ခြင်း၊ အပြာကားများကြည့်ခြင်း၊ ဂျူဒိုခုခံပညာအသုံးပြုခြင်း အစရှိသည့်အကြောင်းများကို မေးမြန်းလေသည်။ ယင်းအကြောင်းများနှင့်ပတ်သက်၍ သမ္မာကျမ်းစာ၏သြဝါဒကို သူ့အားတင်ပြခဲ့ရာ နောက်နေ့တွင် သူ့ထံသို့ ကျွန်တော့်အားခေါ်ပြီး သူ၏ဆေးတံ၊ မီးခြစ်၊ ခရစ်တော်ပုံပါ လက်ဝါးကားတိုင်၊ သူ၏အပြာကားတိတ်ခွေများကို ကျွန်တော့်အရှေ့တွင်ပင်ချိုးဖဲ့ဖျက်ဆီးပစ်ပြီးနောက် မုတ်ဆိတ်ကိုရိတ်လိုက်လေသည်။ မိနစ်အနည်းငယ်တွင်ပင် ပြောင်းလဲလိုက်လေချင်း! ဂျူဒိုအတတ်ကိုလည်း ဆက်အသုံးမပြုတော့ဘဲ ကျွန်တော်နှင့် နေ့စဉ်ကျမ်းစာဖတ်ရန် တောင်းဆိုခဲ့သည်။ သူ၏ဇနီးနှင့်ဖခင်တို့၏အတိုက်အခံပြုမှုကိုခံရသော်လည်း သူ၏အနီးအနားတွင်နေထိုင်သော ညီအစ်ကိုများအကူအညီဖြင့် ဝိညာဉ်ရေးဘက်အလွန်တိုးတက်လာပါသည်။ အချိန်တိုကလေးအတွင်းတွင် သူသည် နှစ်ခြင်းခံယူပြီးနောက် ယနေ့ အသင်းတော်အကြီးအကဲတစ်ဦးဖြစ်နေပါသည်။ သူ၏ဇနီးနှင့်သားသမီးများလည်း သမ္မာတရားကို လက်ခံခဲ့ကြသည်။
ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းတွင် ပါဝင်ခြင်း
ကျွန်တော်သည် အသက် ၁၄ နှစ်အရွယ်တွင် ကြော်ငြာလုပ်ငန်းတစ်ခု၌ ဝင်လုပ်ကိုင်ခဲ့ပြီး ဆိုင်းဘုတ်များကိုဆေးခြယ်တတ်လာပါသည်။ ယင်းပညာသည် အလွန်အသုံးဝင်လာသည်။ လူထုဟောပြောချက်များနှင့် ယေဟောဝါသက်သေများ၏ စည်းဝေးပွဲကြီးများကို ကြေညာသော ကြော်ငြာကတ်ပြားများ၊ လမ်းပေါ်ချိတ်ဆွဲသည့် နဖူးစည်းစာတန်းများကို ဆောပေါလိုမြို့တွင် နှစ်အတန်ကြာ အရောင်ခြယ်ခဲ့ရသူ ညီအစ်ကိုအနေနှင့် ကျွန်တော်တစ်ဦးတည်းသာရှိသည်။ အနှစ် ၃၀ နီးပါး စည်းဝေးပွဲကြီးဆိုင်းဘုတ်ဌာနတွင် ကျွန်တော်ဦးစီးခွင့်ရရှိခဲ့သည်။ စည်းဝေးကြီးများတွင် ဆိုင်းဘုတ်များကို အချိန်မီဆေးရောင်ခြယ်ပြီးဖို့ရန် စည်းဝေးကြီးခန်းမဆောင်များတွင် ညအိပ်ရသည့်တိုင် အလုပ်လုပ်နိုင်ဖို့ ကျွန်တော်၏ခွင့်ရက်များကို အမြဲစုထားလေ့ရှိသည်။
ထိုစဉ်က အလွန်ဆန်းသော အသင်းမ၏အသံချဲ့ကားကိုလည်း ကျွန်တော်အသုံးပြုခွင့်ရခဲ့သည်။ ကျွန်တော်တို့၏ ကျမ်းစာစာပေများကို ထောင်ထားသည့်စင်ပေါ်တင်ထားကြပြီး အသံချဲ့ကားပေါ်မှ အသံသွင်းထားသောဟောပြောချက်ကို အသံလွှင့်ကြေညာရာတွင် အိမ်ထဲမှထွက်လာပြီး နားထောင်ကြည့်ရှုသူများအား ကျွန်တော်တို့စကားပြောသက်သေခံလေ့ရှိသည်။ ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းကြေညာရန် ကျွန်တော်တို့အသုံးပြုသော အခြားနည်းတစ်နည်းမှာ လက်ဆွဲဓာတ်စက်ပင်ဖြစ်သည်။ အသင်းမစာပေများကိုတင်ဆက်သည့် ဓာတ်ပြားများ ယနေ့အထိကျွန်တော့်မှာရှိသည်။ ယင်းကြောင့် ကျမ်းစာစာပေမြောက်မြားစွာဝေငှခွင့်ရခဲ့ကြသည်။
ထိုစဉ်က ဆောပေါလိုမြို့လမ်းများပေါ်တွင် ကက်သလစ်ချာ့ချ်သည် လူတန်းရှည်တန်းစီပြီးလှည့်လည်တတ်ကြသည်။ အရှေ့ဆုံးတွင် လမ်းရှင်းပေးသူများပါလေ့ရှိသည်။ တနင်္ဂနွေနေ့တစ်နေ့တွင် အဖေနှင့်ကျွန်တော်တို့သည် ကင်းမျှော်စင် နှင့် နိုးလော့!မဂ္ဂဇင်းများကို လမ်းပေါ်မှာဝေငှနေစဉ် လူတန်းရှည်ကြီးလှည့်လာသည်။ အဖေ့ထုံးစံရှိသည့်အတိုင်း သူသည်ဦးထုပ်ကိုဆောင်းထားသည်။ လူတန်းရှည်ရှေ့တွင်ရှိသူတစ်ဦးက “မင်းဦးထုပ်ကိုချွတ်လိုက်! လူတန်းလှည့်လာတာမတွေ့ဘူးလား” ဟုအော်လိုက်သည်။ အဖေက ဦးထုပ်မချွတ်သည့်အခါ လူအများရောက်လာပြီး ဆိုင်ခန်းတစ်ခု၏ပြတင်းပေါက်သို့ ကျွန်တော်တို့ကိုတွန်းဖယ်ပြီး ရုတ်ရုတ်ရုတ်ရုတ်လုပ်ခဲ့သည်။ ယင်းကို ရဲတစ်ဦးတွေ့၍ လာစူးစမ်းပါသည်။ လူအုပ်တွင်တစ်ယောက်က ရဲ၏လက်မောင်းကိုကိုင်ပြီး သူအားပြောပြရန်ကြိုးစားစဉ် ရဲက “ငါ့ယူနီဖောင်းကိုမကိုင်နဲ့!” ဟုဆိုကာ လက်ကိုရိုက်ပုတ်ချလေသည်။ ထို့နောက် ဘာဖြစ်ပျက်နေသနည်းဟု မေးမြန်းလေသော် လူတန်းရှည်ရှေ့တွင် အဖေကဦးထုပ်မချွတ်သည့်အကြောင်းကို သူရှင်းပြပြီး ဤသို့ဆက်ပြောသည်– “ကျွန်တော်ဟာ တမန်တော်တွေရဲ့ ရိုမန်ကက်သလစ်တစ်ယောက်ဖြစ်တယ်။” ထိုအခါ “မင်းဟာ ရိုမန်လား။ ဒီလိုဆိုရင် ရောမကိုပြန်သွား။ ဒါဘရာဇီး” ဟူ၍ရဲကရုတ်တရက်ဖြေဆိုလိုက်သည်။ ထို့နောက် ကျွန်တော်တို့ဘက်လှည့်ကာ “ဒီကိုဘယ်သူအရင်ရောက်နေသလဲ” ဟုမေးသည်။ အဖေက ကျွန်တော်တို့အရင်ရောက်လာကြောင်း ပြောပြသည့်အခါ ထိုလူများကို ရဲကနှင်ထုတ်လိုက်ပြီး ကျွန်တော်တို့လုပ်ငန်းကိုဆက်လုပ်ကိုင်ရန် ညွှန်ကြားသည်။ လူတန်းရှည်ကြီးဆုံးသည့်အထိ ကျွန်တော်တို့အနားတွင် သူရပ်နေခဲ့သည်—အဖေလည်း ဦးထုပ်မချွတ်ခဲ့ရပါ!
ဤကဲ့သို့သောအဖြစ်အပျက်များသည် အလွန်နည်းပါသည်။ သို့သော် ထိုသို့ဖြစ်ပျက်တိုင်း လူနည်းစုအတွက်မျှတရေးကို ထောက်ခံသူများရှိသေးကြောင်း၊ ကက်သလစ်ချာ့ချ်ကို ခယဝယမပြုလုပ်သူများရှိကြောင်း သိရခြင်းသည် ကျွန်တော်တို့အတွက်အားရှိစရာပင်ဖြစ်သည်။
နောက်တစ်ကြိမ်တွင် စိတ်ဝင်စားမှုတင်ပြကာ နောက်အပတ်ပြန်လာရန်တောင်းဆိုသည့် ဆယ်ကျော်သက်တစ်ဦးကို ကျွန်တော်တွေ့ဆုံခဲ့သည်။ ပြန်သွားသည့်အခါ ကျွန်တော့်ကိုပျူငှာစွာလက်ခံပြီး အိမ်ထဲဝင်ခိုင်းပါသည်။ ထိုအခါ ကျွန်တော့်ကိုပြောင်လှောင်ကဲ့ရဲ့ပြီး ဒေါသထွက်အောင်နှိုးဆွသောလူငယ်အုပ်စုတစ်စု ဝိုင်းထားခြင်းခံရသည်ကို တွေ့ရ၍အံ့သြသွားမိသည်။ အခြေအနေပိုမိုဆိုးရွားလာပြီး ကျွန်တော့်ကို သူတို့တိုက်ခိုက်တော့မည့်အချိန်တွင် ကျွန်တော်တစ်ခုခုဖြစ်သွားလျှင် သူ၌တာဝန်ရှိကြောင်း၊ ကျွန်တော်ဘယ်ကိုရောက်နေကြောင်း မိသားစုက ကောင်းစွာသိကြောင်း ကျွန်တော့်အားဖိတ်ခေါ်သူကိုပြောလိုက်သည်။ ကျွန်တော့်ကိုထွက်ခွာခွင့်ပြုရန် သူတို့အားတောင်းဆိုလိုက်ရာ သူတို့ကထွက်ခွင့်ပြုသည်။ သို့သော် ကျွန်တော်နှင့်တစ်ဦးတည်းစကားပြောဆိုလိုသူရှိမည်ဆိုလျှင် ကျွန်တော်အဆင်သင့်စောင့်နေမည်ဖြစ်ကြောင်း မထွက်ခွာမီ ပြောလိုက်ပါသည်။ သူတို့သည် တစ်ယူသန်အုပ်စုတစ်စုဖြစ်ကြောင်း၊ ထိုသို့သူတို့ပြုမူရန် လှုံ့ဆော်ပေးခဲ့သော ဒေသခံဘုန်းကြီး၏ မိတ်ဆွေများဖြစ်ကြောင်း နောက်ပိုင်းတွင် ကျွန်တော်သိရှိရသည်။ သူတို့ဖမ်းချုပ်ထားရာမှ လွတ်မြောက်လာသည့်အတွက် ဝမ်းသာမိသည်။
အစကနဦးတွင် ဘရာဇီး၌တိုးတက်မှုအလွန်နည်းသည်။ မမြင်သာသလောက်ပင်ဖြစ်သည်။ ကျွန်တော်တို့ကြိုးစားမှုများ၏အသီးကို “ပြုစုပျိုးထောင်ပေးခြင်း” နှင့် “ရိတ်သိမ်းခြင်း” အတွက်အချိန်မရှိသလောက်ဖြစ်သော “စိုက်ပျိုး” ခါစအချိန်၌ ကျွန်တော်တို့ရှိနေခဲ့ကြသည်။ တမန်တော်ပေါလုရေးသားခဲ့သောစကားကို ကျွန်တော်တို့အမြဲသတိရပါသည်– “ငါသည် စိုက်ပျိုးသောသူဖြစ်၏။ အာပေါလုသည် ရေလောင်းသောသူဖြစ်၏။ အပင်ကိုကြီးပွားစေသောသူကား ဘုရားသခင်ပေတည်း။ စိုက်ပျိုးသောသူ မတတ်နိုင်။ ရေလောင်းသောသူလည်းမတတ်နိုင်။ ကြီးပွားစေတော်မူသောဘုရားသခင်သာလျှင် တတ်နိုင်တော်မူ၏။” (၁ ကောရိန္သု ၃:၆၊ ၇) ၁၉၄၅ ခုနှစ်တွင် ဂိလဒ်ကျောင်းဆင်းသူ ပထမနှစ်ဦးရောက်လာပြီးနောက် ကြာမြင့်စွာစောင့်မျှော်ခဲ့သော ကြီးပွားတိုးတက်မည့်အချိန်တန်ပြီဟု ကျွန်တော်တို့ထင်မိကြသည်။
အတိုက်အခံရင်ဆိုင်ရသောအခါ ရဲရင့်ခြင်း
သို့ရာတွင် အထူးသဖြင့် ဥရောပတွင် ဒုတိယကမ္ဘာစစ်စတင်ပြီးနောက်၌ တိုးတက်ကြီးပွားမှုသည် အတိုက်အခံမရှိဘဲမဖြစ်လာပါ။ လူအများစုနှင့် အခွင့်အာဏာရှိသူအချို့က ကျွန်တော်တို့၏ ကြားနေသောရပ်တည်ချက်ကို သဘောမပေါက်နိုင်ကြ၍ ဗြောင်နှိပ်စက်ညှဉ်းဆဲကြလေသည်။ တစ်ခါက ၁၉၄၀ ခုနှစ်၌ ဆောပေါလိုမြို့လယ်တွင် ကျွန်တော်တို့ ကြော်ငြာကတ်ပြားများနှင့် လမ်းပေါ်တွင်အမှုဆောင်နေစဉ် ရဲတစ်ဦးသည် ကျွန်တော့်အနောက်မှလာ၍ ကြော်ငြာကတ်ပြားများကိုဆွဲဆုတ်ပစ်ပြီး ကျွန်တော့်လက်မောင်းကိုဆုပ်ကိုင်၍ ရဲစခန်းသို့ ကျွန်တော့်အားခေါ်ဆောင်သွားသည်။ ကျွန်တော့်အဖေကိုကျွန်တော် လှမ်းရှာလိုက်သော်လည်း မည်သည့်နေရာ၌မျှမတွေ့ပါ။ သူနှင့်အတူ ဘရာဇီးနိုင်ငံတွင် လုပ်ငန်းကိုကြီးကြပ်ရသော ညီအစ်ကိုယူးလ်ပါအပါအဝင် အခြားညီအစ်ကိုညီအစ်မအချို့ကို ရဲစခန်းသို့ ဖမ်းသွားနှင့်ပြီဖြစ်ကြောင်း ကျွန်တော်မသိလိုက်ပါ။ အဖွင့်အပိုဒ်တွင်ဖော်ပြထားသည့်အတိုင်း ထိုနေရာတွင် အဖေ့ကိုကျွန်တော်ပြန်တွေ့သည်။
ထိုအချိန်က ကျွန်တော်သည် အရွယ်မရောက်သေးသူဖြစ်သည့်အတွက် ဖမ်းချုပ်မထားနိုင်သဖြင့် ရဲတစ်ဦးက ကျွန်တော့်ကို အိမ်ပြန်ပို့ပြီး အမေ့လက်ထဲအပ်ခဲ့သည်။ ထိုညနေတွင်ပင် ညီအစ်မများကိုလည်း လွှတ်လိုက်ပါသည်။ နောက်ပိုင်းတွင် ညီအစ်ကိုယူးလ်မှတစ်ပါး အခြားဆယ်ယောက်ခန့်ရှိညီအစ်ကိုအားလုံးကိုလွှတ်ပေးရန် ရဲတပ်ဖွဲ့က ဆုံးဖြတ်သည်။ သို့ရာတွင် ညီအစ်ကိုများက “ကျွန်တော်တို့တစ်ယောက်မကျန် လွှတ်ပေးရင်လွှတ်၊ မလွှတ်ရင် ဘယ်သူ့ကိုမှမလွှတ်နဲ့” ဟုအတင်းအကျပ်ပြောကြသည်။ ရဲတပ်ဖွဲ့က အလျှော့မပေးသဖြင့် အေးစိမ့်နေသောအခန်းတစ်ခန်းတွင် အင်္ဂတေကြမ်းပြင်ပေါ် အားလုံးအတူတူတစ်ညအိပ်လိုက်ကြရသည်။ နောက်တစ်နေ့တွင် အားလုံးကိုခြွင်းချက်မရှိလွှတ်လိုက်ပါသည်။ ကြော်ငြာကတ်ပြားများနှင့် သက်သေခံခဲ့ကြသောကြောင့် ညီအစ်ကိုများအကြိမ်ပေါင်းများစွာ အဖမ်းခံခဲ့ရသည်။ လူထုဟောပြောချက်တစ်ခုနှင့် ဖက်ဆစ်ဝါဒ သို့မဟုတ် လွတ်လပ်ရေးအမည်ရှိ စာအုပ်ငယ်ကို ကြေညာသောဆိုင်းဘုတ်များက ကျွန်တော်တို့သည် ဖက်ဆစ်ဝါဒကိုအားပေးသည်ဟု အာဏာပိုင်အချို့အား ယူဆစေသည်။ ထို့ကြောင့်လည်း အထင်မှားမှုများဖြစ်လေ့ရှိခြင်းဖြစ်သည်။
စစ်ထဲမဝင်မနေရအမိန့်ကြောင့်လည်း ညီအစ်ကိုငယ်များအတွက် ပြဿနာများဖြစ်ပေါ်ခဲ့ပါသည်။ ၁၉၄၈ ခုနှစ်တွင် ဤကိစ္စနှင့်ပတ်သက်၍ ဘရာဇီးနိုင်ငံတွင် ဖမ်းချုပ်ခံရသောသူတို့တွင် ကျွန်တော်သည် ပထမဆုံးဖြစ်သည်။ အရာရှိများက ကျွန်တော့်ကိစ္စကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည့်အကြောင်း လုံးဝမသိကြပါ။ ကျွန်တော့်ကို ကာဆပါးဗားမြို့ရှိစစ်တန်းလျားသို့ ရွှေ့ပြောင်းလိုက်ပြီး ဥယျာဉ်ခြံတွင် ဟင်းသီးဟင်းရွက်များစိုက်ပျိုးပြုစုရန်နှင့် အရာရှိများဓားခုတ်ကစားသည့်အခန်းကို သန့်ရှင်းရေးပြုလုပ်ပေးရန် တာဝန်ပေးသည်။ ထိုသူများကိုသက်သေခံပြီး သူတို့နှင့်စာအုပ်များဝေငှရန် အခွင့်အရေးများစွာရရှိခဲ့သည်။ အသင်းမထုတ်ဝေသော ကလေးများစာအုပ်ကို တာဝန်ခံအရာရှိက အစဦးဆုံးယူပါသည်။ နောက်ပိုင်းတွင် ကိုယ်ကာယလေ့ကျင့်ခန်းမယူနိုင်၍ အခန်းထဲအောင်းနေရသူ စစ်သား ၃၀၊ ၄၀ ခန့်အား ဘာသာတရားသင်တန်းပို့ချပေးရန်တာဝန်ကိုပင် ကျွန်တော်ရရှိခဲ့သည်။ နောက်ဆုံးတွင်ဆယ်လအချုပ်ခံရပြီးနောက် ကျွန်တော့်ကိုရုံးတင်စစ်ပြီးလွှတ်လိုက်ပါသည်။ လူအချို့၏ ခြိမ်းခြောက်မှု၊ သိက္ခာချမှု၊ ကဲ့ရဲ့လှောင်ပြောင်မှုများကိုရင်ဆိုင်နိုင်ရန် ကျွန်တော့်ကိုခွန်အားပေးခဲ့သောယေဟောဝါအား အလွန်ကျေးဇူးတင်ခဲ့ရသည်။
ယုံကြည်အားထားရသောသစ္စာရှိ ကူဖော်လောင်ဖက်
၁၉၅၁ ခုနှစ်၊ ဇွန် ၂ ရက်နေ့တွင် ဘာဗရာကို ကျွန်တော်လက်ထပ်ထိမ်းမြားခဲ့သည်။ ထိုအချိန်ကတည်းက သူမသည် ကျွန်တော်တို့၏သားသမီးများကို “ယေဟောဝါ၏ ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်သဘောဆိုင်ရာ စည်းမျဉ်းဥပဒေအရ” သွန်သင်ဆုံးမကြည့်ရှုပြုစုရာတွင် ယုံကြည်အားထားနိုင်၍ သစ္စာရှိသောတွဲဖက်ဖြစ်ခဲ့ပါသည်။ (ဧဖက် ၆:၄၊ ကဘ) ကျွန်တော်တို့၏ကလေးငါးယောက်အနက် လေးယောက်သည် ယေဟောဝါ၏အမှုတော်ကို သီးခြားနေရာများတွင်ထမ်းဆောင်နေကြပါသည်။ ကျွန်တော်တို့၏မျှော်လင့်ချက်ကား သူတို့သည် ကျွန်တော်တို့နှင့်အတူ သမ္မာတရားကို မဆုတ်မနစ်သောဇွဲဖြင့်ဆုပ်ကိုင်ထားကာ အဖွဲ့အစည်း၏တိုးတက်ရာတိုးတက်ကြောင်းတွင် ပါဝင်ဆောင်ရွက်ကြမည်ဟူ၍ဖြစ်သည်။ ပူးတွဲပါဓာတ်ပုံတွင် အငယ်ဆုံးဖြစ်သူ နို့စို့သူငယ်မှတစ်ပါး မိသားစုဝင်အားလုံးသည် ဆက်ကပ်အပ်နှံထားသော ယေဟောဝါ၏ကျေးကျွန်များဖြစ်ကြသည်။ လေးယောက်သည် အကြီးအကဲများဖြစ်ပြီး နှစ်ယောက်မှာ မှန်မှန်ရှေ့ဆောင်များလည်းဖြစ်ကြရာ နယပုံပြင် ၁၇:၆ ပါစကားများသည်မှန်ကန်ကြောင်း ထင်ရှားသည်– “မြေးတို့သည် အသက်ကြီးသောသူ၏သရဖူဖြစ်၏။ သားတို့၏ဘုန်းကား အဘတည်း။”
ယခု အသက် ၆၈ နှစ်အရွယ်တွင် ကျွန်တော့်ကျန်းမာရေးသိပ်မကောင်းတော့ပါ။ ၁၉၉၁ ခုနှစ်တွင် သွေးကြောသုံးခုကို လမ်းလွှဲပေးရန်ခွဲစိတ်ကုသခံပြီးနောက်ပိုင်းတွင် သွေးကြောပြုပြင်ခြင်းကိုခံယူခဲ့ရသည်။ သို့ရာတွင် ဆောဗာနာဒို ဒိုခမ်ပိုမြို့တွင် လုပ်ငန်းစတင်ခဲ့သူများအဝင်ဖြစ်သူ ကျွန်တော့်ဖခင်ခြေရာကိုလိုက်ပြီး ဤတွင်ရှိအသင်းတော်တစ်ခု၏ကြီးကြပ်မှူးအဖြစ် ဆက်လက်အမှုထမ်းနိုင်သေးသဖြင့် ဝမ်းသာပါသည်။ ထပ်မံပြုလုပ်စရာမလိုတော့မည့် ယေဟောဝါ၏မေရှိယနိုင်ငံတော်တည်ထောင်နေပြီဖြစ်ကြောင်းကို ကြေညာခွင့်ရသော ကျွန်တော်တို့၏လူမျိုးဆက်သည် အမှန်တကယ်ပင်ထူးခြားသောလူမျိုးဆက်ဖြစ်သည်။ ထိုကြောင့် တိမောသေအား ပေါလုပြောဆိုခဲ့သော ဤစကားများကို အမြဲမှတ်ထားကြရမည်– “သင်မူကား . . . သာသနာပြုဆရာဆောင်ရွက်ရသောအမှုကို ဆောင်ရွက်လော့။ ဓမ္မဆရာအရာ၌ခန့်ထား၍ ပြုရသောဝတ်များကို အကုန်အစင်ပြုလော့။”—၂ တိမောသေ ၄:၅။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ကျွန်တော့်မိဘများဖြစ်သည့် အဲစတီဖာနိုနှင့် ဇူလီအဲနာ မဂလော့ဖ်စကီး
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ဇူဇေ၊ ဘာဗရာတို့နှင့် ယေဟောဝါထံဆက်ကပ်အပ်နှံထားသော ကျေးကျွန်များဖြစ်သည့် သူတို့၏မိသားစုဝင်များ