ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၂/၁ စာ. ၁၄-၁၉
  • မြေအိုးများရှိ ကျွန်ုပ်တို့ဘဏ္ဍာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မြေအိုးများရှိ ကျွန်ုပ်တို့ဘဏ္ဍာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှေးဣသရေလခေတ်တွင်ပုံသွင်းခြင်း
  • ဝိညာဉ်ရေးလူမျိုးတစ်မျိုးကိုပုံသွင်းခြင်း
  • ယနေ့ ဘုရားသခင်၏ဣသရေလလူမျိုးကို ပုံသွင်းခြင်း
  • ‘ကြည့်ရှုလော! လူအုပ်ကြီး’
  • ကြီးမြတ်သောအိုးထိန်းသမားနှင့်ကိုယ်တော့်လက်ရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခရစ်ယာန်ခေတ်တွင်သီအိုကရက်တစ် စီမံခန့်ခွဲရေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • အိုးထိန်းရှင်ယေဟောဝါကို တန်ဖိုးထားလေးမြတ်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • ယေဟောဝါပုံသွင်းတာကို လက်ခံပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၂/၁ စာ. ၁၄-၁၉

မြေအိုးများရှိ ကျွန်ုပ်တို့ဘဏ္ဍာ

“တန်ခိုးတော်၏ဂုဏ်အသရေသည် ငါတို့နှင့်မဆိုင်၊ ဘုရားသခင်နှင့်ဆိုင်မည်အကြောင်း၊ ထိုဘဏ္ဍာသည်မြေအိုးထဲမှာထည့်ထားလျက် ငါတို့၌ရှိ၏။”—၂ ကောရိန္သု ၄:၇။

၁။ ယေရှု၏ပုံသက်သေသည် ကျွန်ုပ်တို့အား မည်သို့အားရှိစေသင့်သနည်း။

ယေရှုသည် ဤကမ္ဘာပေါ်တွင် ယေဟောဝါ၏ပုံသွင်းခြင်းကိုခံနေရစဉ် လူ့အားနည်းချက်များကိုတွေ့ကြုံခံစားခဲ့ရသည်။ ကိုယ်တော်သစ္စာတည်ကြည်ခဲ့ပုံသည် ကျွန်ုပ်တို့ အားရှိစရာဖြစ်သင့်သည်တကား! တမန်တော်က ဤသို့ဆိုသည်– “အကြောင်းမူကား၊ ထိုသို့အလိုငှာသင်တို့ကိုခေါ်တော်မူပြီ။ ခရစ်တော်သည် ငါတို့အတွက်ခံတော်မူသည်ဖြစ်၍၊ ခြေ . . . ရာကိုလိုက်လျှောက်စေခြင်းငှာ ပုံသက်သေကိုထားတော်မူပြီ။” (၁ ပေတရု ၂:၂၁) ယေရှုသည် ထိုသို့ပုံသွင်းခံခဲ့ခြင်းအားဖြင့် ဤလောကကိုအောင်နိုင်ခဲ့သည်။ တမန်တော်များကိုလည်း အောင်ပွဲခံသူများဖြစ်လာကြဖို့ ကိုယ်တော်အားပေးခဲ့သည်။ (တမန်တော် ၄:၁၃၊ ၃၁; ၉:၂၇၊ ၂၈; ၁၄:၃; ၁၉:၈) ထို့အပြင် ကိုယ်တော်သည် သူတို့အား နောက်ဆုံးအမှာစကားပြောဆိုရာတွင် အမှန်တကယ်ပင်အားပေးခဲ့သည်တကား! ကိုယ်တော်က ဤသို့ဆိုသည်– “သင်တို့သည်ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှာ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက၌ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်းမစိုးရိမ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီ။”—ယောဟန် ၁၆:၃၃။

၂။ ဤလောက၏မျက်စိကွယ်မှုနှင့်ဆန့်ကျင်သော အဘယ်အလင်းရောင်ကို ကျွန်ုပ်တို့ရရှိထားသနည်း။

၂ အလားတူ၊ “ဧဝံဂေလိတရား၏အရောင်” နှင့် “ဤလောကကိုအစိုးရသောဘုရား” ကြောင့်ဖြစ်ပေါ်နေသော မျက်စိကွယ်နေခြင်းကိုနှိုင်းယှဉ်ပြီးနောက် ကျွန်ုပ်တို့၏အဖိုးတန်သောဓမ္မအမှုအကြောင်း တမန်တော်ပေါလုက ဤသို့ဆိုခဲ့သည်– “တန်ခိုးတော်၏ဂုဏ်အသရေသည် ငါတို့နှင့်မဆိုင်၊ ဘုရားသခင်နှင့်ဆိုင်မည်အကြောင်း၊ ထိုဘဏ္ဍာသည် မြေအိုးထဲမှာထည့်ထားလျက် ငါတို့၌ရှိ၏။ ငါတို့သည် အမျိုးမျိုးသောနှောင့်ယှက်ခြင်းကိုခံရသော်လည်း၊ အကျိုးနည်းခြင်းသို့မရောက်။ မကြံစည်နိုင်အောင်ရှိသော်လည်း စိတ်မပျက်။ ညှဉ်းဆဲခြင်းကိုခံရသော်လည်း ရှုံးခြင်းမရှိ။ အောက်သို့လှဲခြင်းကိုခံရသော်လည်း ဆုံးရာသို့မရောက်။” (၂ ကောရိန္သု ၄:၄၊ ၇-၉) ကျွန်ုပ်တို့သည် အားနည်းသော “မြေအိုး” များဖြစ်ကြသော်လည်း စာတန်၏လောကကို လုံးလုံးလျားလျားအောင်နိုင်ရန် ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့ကိုပုံသွင်းထားတော်မူသည်။—ရောမ ၈:၃၅-၃၉; ၁ ကောရိန္သု ၁၅:၅၇။

ရှေးဣသရေလခေတ်တွင်ပုံသွင်းခြင်း

၃။ ဂျူးလူမျိုးအားပုံသွင်းခြင်းကို ဟေရှာယမည်သို့ဖော်ပြခဲ့သနည်း။

၃ ယေဟောဝါသည် တစ်ဦးချင်းကိုသာမက လူမျိုးလိုက်ကိုပုံသွင်းတော်မူ၏။ ဥပမာ၊ ရှေးဣသရေလနိုင်ငံသည် ယေဟောဝါ၏ပုံသွင်းခြင်းကိုခံခဲ့သောအခါ ကြီးပွားတိုးတက်ခဲ့၏။ သို့သော် နောက်ဆုံးတွင် ယင်းနိုင်ငံသည် စိတ်မာကျောပြီး မနာခံသည့်လမ်းစဉ်ကိုလိုက်လျှောက်ခဲ့သည်။ ရလဒ်မှာ ဣသရေလနိုင်ငံကိုတည်ထောင်သူသည် ၎င်းအပေါ် “အမင်္ဂလာ” ကျရောက်စေခဲ့သည်။ (ဟေရှာယ ၄၅:၉) ဘီ.စီ.အီး. ရှစ်ရာစုတွင် ဣသရေလနိုင်ငံ၏ကြီးလေးသောအပြစ်အကြောင်း ယေဟောဝါအား ဟေရှာယက ဤသို့ပြောခဲ့သည်– “အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့အဘဖြစ်တော်မူ၏။ အကျွန်ုပ်တို့သည်အိုးမြေဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်တို့၏အိုးထိန်းဖြစ်တော်မူ၏။ အကျွန်ုပ်တို့ရှိသမျှသည် လက်တော်နှင့်ဖန်ဆင်းသောအရာဖြစ်ပါ၏။ . . . အကျွန်ုပ်တို့နှစ်သက်ဖွယ်သောအရာရှိသမျှတို့သည် သုတ်သင်ပယ်ရှင်းလျက်ရှိကြပါ၏။” (ဟေရှာယ ၆၄:၈-၁၁) ဣသရေလသည် ဖျက်ဆီးဖို့သာထိုက်တန်သောအိုးအဖြစ် ပုံသွင်းခံခဲ့ရပြီ။

၄။ အဘယ်ဥပမာကို ယေရမိပုံဖော်ပြခဲ့သနည်း။

၄ တစ်ရာစုကြာပြီးနောက် စာရင်းရှင်းရမည့်နေ့နီးလာသည်နှင့်အမျှ ယေဟောဝါသည် ယေရမိအား ရေဘူးယူလာပြီး ယေရုရှလင်မြို့မှအသက်ကြီးသူတချို့နှင့်အတူ ဟိန္နုံချိုင့်သို့လိုက်လာဖို့မိန့်မှာကာ ဤသို့ညွှန်ကြား၏– “သင်နှင့်အတူသွားသောသူတို့ရှေ့တွင် ရေဘူးကိုခွဲလော့။ ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက၊ “နောက်တစ်ဖန်မပြင်နိုင်အောင်ရေဘူးကိုခွဲသကဲ့သို့ ဤလူများနေသောဤမြို့ကိုငါခွဲမည်။”  . . . ဟု မိန့်တော်မူကြောင်း’ ကိုဆင့်ဆိုလော့။”—ယေရမိ ၁၉:၁၀-၁၃။

၅။ ယေဟောဝါ၏တရားစီရင်ချက်သည် ဣသရေလလူမျိုးအပေါ် အဘယ်အထိ ကျယ်ပြန့်ခဲ့သနည်း။

၅ ဘီ.စီ.အီး. ၆၀၇ တွင်နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့ကို ယင်း၏ဗိမာန်တော်နှင့်တကွဖျက်ဆီးပစ်ခဲ့ပြီး အသက်ရှင်ကျန်ရစ်သည့်ဂျူးများကို ဗာဗုလုန်သို့ သုံ့ပန်းအဖြစ်ခေါ်ဆောင်သွားခဲ့သည်။ သို့သော် အနှစ် ၇၀ ပြည်နှင်ခံရပြီးနောက် နောင်တရသောဂျူးများသည် ယေရုရှလင်မြို့နှင့် ယင်း၏ဗိမာန်တော်ကိုပြန်လည်တည်ဆောက်ရန် ပြန်လာနိုင်ခဲ့ကြသည်။ (ယေရမိ ၂၅:၁၁) သို့ရာတွင် စီ.အီး. ပထမရာစု၌ ထိုနိုင်ငံသည် ကြီးမြတ်သောအိုးထိန်းသမားကို တစ်ဖန်ပြန်စွန့်ခဲ့ကြရာ နောက်ဆုံးတွင် ဘုရားသခင်၏သားတော်ကိုသတ်သည့် အကြီးလေးဆုံးပြစ်မှုကိုပြုသည့်အထိ အကျင့်ယိုယွင်းခဲ့သည်။ စီ.အီး. ၇၀ ၌ဘုရားသခင်သည် ဂျူးအစီအစဉ်စနစ်ကိုရှင်းလင်းရာတွင် ကိုယ်တော်၏ဒဏ်စီရင်သူအဖြစ် ရောမကမ္ဘာ့အာဏာစက်ကိုအသုံးပြုခဲ့ရာ ယေရုရှလင်မြို့နှင့် ယင်းဗိမာန်တော်ကိုချေမှုန်းပစ်ခဲ့သည်။ ဣသရေလလူမျိုးသည် “သန့်ရှင်းတင့်တယ်” သည့်အရာအဖြစ် ယေဟောဝါ၏လက်တော်ဖြင့် ပုံသွင်းခြင်းကို ဘယ်တော့မျှခံရတော့မည်မဟုတ်ချေ။a

ဝိညာဉ်ရေးလူမျိုးတစ်မျိုးကိုပုံသွင်းခြင်း

၆၊ ၇။ (က) ဝိညာဉ်ရေးဣသရေလလူမျိုးအားပုံသွင်းခြင်းကို ပေါလုမည်သို့ဖော်ပြခဲ့သနည်း။ (ခ) “ကရုဏာခံရာအိုးများ” အရေအတွက်အပြည့်အစုံကား အဘယ်နည်း၊ ယင်းကိုမည်သို့ဖွဲ့စည်းထားသနည်း။

၆ ယေရှုကိုလက်ခံခဲ့ကြသောဂျူးများသည် ‘ဘုရားသခင်၏ ဝိညာဉ်ရေးဆိုင်ရာ ဣသရေလလူမျိုး’ အဖြစ် ပုံသွင်းခံခဲ့ကြရသည်။ (ဂလာတိ ၆:၁၆) ထို့ကြောင့် ပေါလု၏ဤစကားများသည် လျောက်ပတ်ပေ၏– “အိုးထိန်းသမားသည် အိုးမြေကိုပိုင်သည်မဟုတ်လော။ အိုးမြေတစ်ပုံတည်းနှင့် အိုးမြတ်၊ အိုးယုတ်ကိုလုပ်ပိုင်သည်မဟုတ်လော။ ဘုရားသခင်သည် မိမိအမျက်တော်ကိုပြ၍၊ တန်ခိုးတော်ကိုထင်ရှားစေခြင်းငှာ အလိုတော်ရှိလျက်၊ ပျက်စီးခြင်းအဖို့ပြင်ဆင်သော အမျက်ခံရာအိုးများတို့ကို အလွန်သည်းခံခြင်းခန္တီနှင့် သည်းခံတော်မူသည် . . . ချီးမြှောက်ခြင်းအဖို့ပြင်ဆင်တော်မူနှင့်သော ကရုဏာခံရာအိုးများ . . . ဘုန်းအာနုဘော်တော်ကြွယ်ဝခြင်းကို ထင်ရှားစေခြင်းငှာပြုတော်မူသည်။”—ရောမ ၉:၂၁-၂၄။

၇ ဤ “ကရုဏာခံရာအိုးများ” သည်အရေအတွက် ၁၄၄,၀၀၀ ရှိမည်ဟု ရှင်ပြန်ထမြောက်ခဲ့သောယေရှုက နောက်ပိုင်းတွင်ဖော်ပြခဲ့သည်။ (ဗျာဒိတ် ၇:၄; ၁၄:၁) ဇာတိဣသရေလသည် ထိုအရေအတွက်ကိုမဖြည့်ပေးနိုင်သောကြောင့် ယေဟောဝါသည် မိမိ၏ကရုဏာကို တစ်ပါးအမျိုးသားများထံတိုးချဲ့ခဲ့သည်။ (ရောမ ၁၁:၂၅၊ ၂၆) အတွေ့အကြုံနုနယ်သေးသော ခရစ်ယာန်အသင်းတော်သည် လျင်မြန်စွာတိုးပွားကျယ်ပြန့်လာခဲ့သည်။ အနှစ် ၃၀ အတွင်းသတင်းကောင်းကို “ကောင်းကင်အောက်၌ရှိသမျှသော ဝေနေယျသတ္တဝါတို့အား ဟောပြော” နေခဲ့ပေပြီ။ (ကောလောသဲ ၁:၂၃) ယင်းက နေရာအနှံ့ပြန့်ကျဲနေသော ဒေသခံအသင်းတော်များစွာကို လျောက်ပတ်စွာကြီးကြပ်ပေးဖို့ လိုအပ်လာစေခဲ့သည်။

၈။ ကနဦးအုပ်ချုပ်ရေးအဖွဲ့တွင် မည်သူတို့ပါဝင်ခဲ့သနည်း၊ ဤအဖွဲ့သည် မည်သို့တိုးပွားလာခဲ့သနည်း။

၈ ကနဦး အုပ်ချုပ်ရေးအဖွဲ့တစ်ခုဖြစ်လာစေရန် တမန်တော် ၁၂ ပါးကို ယေရှုပြင်ဆင်ပေးခဲ့ပြီး ဓမ္မအမှုအတွက် ဤသူတို့နှင့် အခြားသူများကိုလည်းလေ့ကျင့်ပေးခဲ့သည်။ (လုကာ ၈:၁; ၉:၁၊ ၂; ၁၀:၁၊ ၂) စီ.အီး. ၃၃ ပင်တေကုတ္တေပွဲတွင် ခရစ်ယာန်အသင်းတော်ကို တည်ထောင်ခဲ့ပြီး အချိန်တန်လေသော် ယင်း၏အုပ်ချုပ်ရေးအဖွဲ့တွင် “တမန်တော်တို့နှင့်သင်းအုပ်တို့” ပါပါဝင်ရန် တိုးချဲ့ခဲ့ကြသည်။ နှစ်အတန်ကြာသောအခါ ယေရှု၏မိတူဖကွဲညီယာကုပ်သည် တမန်တော်တစ်ပါးမဟုတ်သော်လည်း သဘာပတိအဖြစ်အမှုထမ်းခဲ့ဟန်ရှိသည်။ (တမန်တော် ၁၂:၁၇; ၁၅:၂၊ ၆၊ ၁၃; ၂၁:၁၈) သမိုင်းဆရာယူစီးဘီးယပ်စ်အဆိုအရ တမန်တော်များသည် နှိပ်စက်ညှဉ်းပန်းခံရသူတို့တွင် အထူးပစ်မှတ်များဖြစ်လာခဲ့ကြရာ အခြားဒေသများသို့ ထွက်ပြေးခဲ့ကြရသည်။ သို့နှင့် အုပ်ချုပ်ရေးအဖွဲ့၏ဖွဲ့စည်းပုံကို အလိုက်အထိုက်ပြုပြင်ပြောင်းလဲခဲ့ကြရသည်။

၉။ အဘယ်ဝမ်းနည်းဖွယ်အခြေအနေဖြစ်ပျက်မည်ဟု ယေရှုကြိုဟောခဲ့သနည်း။

၉ ပထမရာစုအကုန်ပိုင်းတွင် ‘ရန်သူဖြစ်သူစာတန်’ သည် “ကောင်းကင်နိုင်ငံတော်” ၏ဂျုံကဲ့သို့သောအမွေခံများကြားတွင် ‘မျိုးစေ့အရိုင်း’ ကိုစတင်ကြဲခဲ့သည်။ ဤဝမ်းနည်းဖွယ်အခြေအနေသည် “ဤကမ္ဘာအဆုံး” ရိတ်သိမ်းချိန်အထိရှိနေမည်ဟု ယေရှုကပရောဖက်ပြုခဲ့သည်။ တစ်ဖန် ‘ဖြောင့်မတ်သောသူတို့သည် ကိုယ့်အဘ၏နိုင်ငံတော်တွင် နေကဲ့သို့ထွန်းလင်းကြလိမ့်မည်။’ (မဿဲ ၁၃:၂၄၊ ၂၅၊ ၃၇-၄၃၊ သမ) ယင်းသည် အဘယ်အချိန်တွင်ဖြစ်မည်နည်း။

ယနေ့ ဘုရားသခင်၏ဣသရေလလူမျိုးကို ပုံသွင်းခြင်း

၁၀၊ ၁၁။ (က) မျက်မှောက်ခေတ် ဘုရားသခင့်ဣသရေလလူမျိုး၏ပုံသွင်းခြင်းသည် မည်သို့စတင်ဖြစ်လာခဲ့သနည်း။ (ခ) အဘယ်ခြားနားသည့်သွန်သင်ချက်များကို ခရစ်ယာန်ဘောင်နှင့် စိတ်ထက်သန်သောကျမ်းစာကျောင်းသားများကြားတွင် တွေ့ရှိခဲ့ရသနည်း။

၁၀ ၁၈၇၀ ပြည့်နှစ်တွင် ချားလ်စ် တေ့ဇ် ရပ်ဆဲလ်သည် ယူ.အက်စ်.အေ၊ ပဲင်စီလ်ဘေးနီးယားပြည်နယ်၊ ပစ္စဘတ်မြို့တွင် ကျမ်းစာလေ့လာမှုအုပ်စုတစ်စုကို တည်ထောင်ခဲ့သည်။ သူသည် ၁၈၇၉ ခုနှစ်တွင် ယနေ့ကင်းမျှော်စင်ဟုခေါ်သောမဂ္ဂဇင်းကို စတင်၍ လစဉ်ထုတ်ဝေခဲ့သည်။ ကျမ်းစာကျောင်းသားများဟု အမည်ရလာကြသောဤသူတို့က ခရစ်ယာန်ဘောင်သည် မသေနိုင်သောဝိညာဉ်စိုးလ်၊ မီးငရဲ၊ ငရဲကလေး၊ သုံးပါးပေါင်းတစ်ဆူဘုရားနှင့် နို့စို့ကလေးငယ်ကိုနှစ်ခြင်းပေးခြင်း အစရှိသော ကျမ်းစာနှင့်မညီညွတ်သည့် အယူမှားသောသွန်သင်မှုများကိုခံယူထားကြောင်း မကြာမီသိရှိလာခဲ့သည်။

၁၁ သို့သော် ပို၍အရေးကြီးသည်မှာ ကျမ်းစာအမှန်တရားကိုချစ်မြတ်နိုးသည့် ဤသူများသည် ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာအားဖြင့် ကယ်တင်ခံရခြင်းနှင့် ဘုရားသခင့်နိုင်ငံတော်လက်အောက်ရှိ ငြိမ်းချမ်းသောမြေကြီးပရဒိသုတွင် ထာဝရအသက်ရရန် ရှင်ပြန်ထမြောက်ခြင်း အစရှိသည့် ကျမ်းစာအခြေခံသွန်သင်ချက်များကို ပြန်လည်အတည်ပြုခဲ့ကြသည်။ ထိုထက်ကား ယေဟောဝါဘုရားသခင်သည် စကြဝဠာပိုင်သအုပ်စိုးရှင်ဖြစ်ကြောင်း သင်္ကာယနကင်းရှင်းစေရေးကို အလေးပေးဖော်ပြခဲ့သည်။ သခင့်ဆုတောင်းချက် ပြည့်လုနီးပြီဟု ကျမ်းစာကျောင်းသားများယုံကြည်ခဲ့ကြသည်– “ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော။ နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော။” (မဿဲ ၆:၉၊ ၁၀) သူတို့သည် ငြိမ်းချမ်းရေးကိုမြတ်နိုးသည့်ခရစ်ယာန်များ၏ ကမ္ဘာချီအသင်းအပင်းတစ်ခုအဖြစ် ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပုံသွင်းခံနေကြရသည်။

၁၂။ ကျမ်းစာကျောင်းသားများသည် အရေးကြီးသောရက်စွဲကို မည်သို့သိရှိလာခဲ့ကြသနည်း။

၁၂ ဒံယေလအခန်းကြီး ၄ နှင့်အခြားသောပရောဖက်ပြုချက်များကို ခရေစေ့တွင်းကျလေ့လာရာတွင် မေရှိယဘုရင်အဖြစ် ယေရှု၏ရောက်ရှိခြင်းသည် နီးပြီဖြစ်ကြောင်း ကျမ်းစာကျောင်းသားများအား သဘောပေါက်နားလည်စေခဲ့ကြသည်။ ၁၉၁၄ ခုနှစ်သည် ‘တစ်ပါးအမျိုးသားတို့၏အချိန်ကာလ’ ကုန်ဆုံးမည့်ရက်စွဲဖြစ်မည်အကြောင်း သူတို့သိရှိခဲ့ကြသည်။ (လုကာ ၂၁:၂၄; ယေဇကျေလ ၂၁:၂၆၊ ၂၇) ကျမ်းစာကျောင်းသားများသည် သူတို့၏လုပ်ဆောင်မှုကို အလျင်အမြန်တိုးချဲ့ခဲ့ကြရာ အမေရိကန်ပြည်ထောင်စုတစ်ခုလုံးတွင် ကျမ်းစာသင်တန်းများ (နောက်ပိုင်းတွင် အသင်းတော်များဟုခေါ်ခဲ့ကြ) ဖွဲ့ခဲ့ကြသည်။ သို့နှင့် ရာစုနှစ်တစ်ကွေ့တွင် သူတို့၏သမ္မာကျမ်းစာပညာပေးလုပ်ငန်းသည် ဥရောပတိုက်မှ ဩစတြေးလျတိုက်အထိတိုးချဲ့သွားခဲ့သည်။ ထိုအခါ ဖွဲ့စည်းစီစဉ်မှုကောင်းရှိဖို့ လိုအပ်လာလေသည်။

၁၃။ ကျမ်းစာကျောင်းသားများသည် အဘယ်သို့တရားဝင်အသိအမှတ်ပြုခံထားရသနည်း၊ အသင်း၏ပထမဥက္ကဋ္ဌသည် အဘယ်ထူးခြားသောလုပ်ငန်းကိုဆောင်ရွက်ခဲ့သနည်း။

၁၃ ကျမ်းစာကျောင်းသားများသည် တရားဝင်အသိအမှတ်ပြုခံရရန် ဇိအုန်ကင်းမျှော်စင်ဝေစာအသင်းကို အမေရိကန်ပြည်ထောင်စုတွင် ၁၈၈၄ ခုနှစ်၌ဖွဲ့စည်းခဲ့ရာ ဌာနချုပ်ကို ပဲင်စီလ်ဘေးနီးယားပြည်နယ်၊ ပစ္စဘတ်မြို့တွင်အခြေစိုက်ခဲ့ကြသည်။ ယင်း၏ဒါရိုက်တာများက ဗဟိုအုပ်ချုပ်ရေးအဖွဲ့အဖြစ် အမှုထမ်းရွက်ခဲ့ကြပြီး ကမ္ဘာတစ်ဝန်းတွင် ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်းကိုကြီးကြပ်ပေးခဲ့ကြသည်။ အသင်း၏ပထမဆုံးဥက္ကဋ္ဌ ချားလ်စ် တီ. ရပ်စဲလ်သည် အတွဲခြောက်တွဲပါသော ကျမ်းစာစောင်များမှလေ့လာစရာများကိုရေးသားခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့်လှည့်လည်ဟောပြောခဲ့သည်။ သူသည် ကျမ်းစာလေ့လာမှုအစမပြုမီက စုဆောင်းထားသောငွေကြေးမြောက်မြားစွာကိုလည်း ကမ္ဘာတစ်ဝန်း ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းထမ်းဆောင်ဖို့အတွက် လှူဒါန်းခဲ့သည်။ ဥရောပတွင် စစ်ပွဲကြီးဖြစ်နေစဉ် ၁၉၁၆ ခုနှစ်၌ ပင်ပန်းနွမ်းနယ်နေသောညီအစ်ကိုရပ်စဲလ်သည် ဟောပြောခြင်းခရီးစဉ်အတွင်း သေဆုံးခဲ့၏။ သူသည် ဘုရားသခင့်နိုင်ငံတော်အကြောင်း တိုးချဲ့သက်သေခံခြင်းအတွက် ရှိရှိသမျှကိုပေးအပ်ခဲ့သည်။

၁၄။ ဂျေ. အက်ဖ်. ရပ်သဖော့ဒ်သည် ‘ကောင်းသောတိုက်လှန်ခြင်းကိုမည်သို့ပြု’ ခဲ့သနည်း။ (၂ တိမောသေ ၄:၇)

၁၄ မစ်ဆူရီပြည်နယ်တွင် တရားသူကြီးအဖြစ် ယာယီအမှုထမ်းခဲ့သော ဂျိုးဇက် အက်ဖ်. ရပ်သဖော့ဒ်သည် ဥက္ကဋ္ဌဖြစ်လာခဲ့၏။ သူသည် ကျမ်းစာအမှန်တရားကို မကြောက်မရွံ့ထောက်ခံခဲ့သောကြောင့် ခရစ်ယာန်ဘောင်ဓမ္မဆရာများက နိုင်ငံရေးသမားများနှင့်ပူးပေါင်းပြီး “မတရားသောအကြံကို မင်း၏အခွင့်နှင့်ပြု” ခဲ့ကြသည်။ ၁၉၁၈ ခုနှစ်၊ ဇွန် ၂၁ တွင်ညီအစ်ကိုရပ်သဖော့ဒ်နှင့် အခြားဦးဆောင်သူကျမ်းစာကျောင်းသားခုနစ်ဦးတို့သည် နှစ်ပေါင်း ၁၀ သို့မဟုတ် ၂၀ တစ်ပြိုင်တည်းထောင်ချခံရရန် ပြစ်ဒဏ်ချမှတ်ခံခဲ့ကြရသည်။ ကျမ်းစာကျောင်းသားများသည် ပြန်လည်ခုခံဖြေရှင်းခဲ့ကြသည်။ (ဆာလံ ၉၄:၂၀; ဖိလိပ္ပိ ၁:၇) အယူခံခဲ့ကြရာ သူတို့သည် ၁၉၁၉ ခုနှစ်၊ မတ် ၂၆ ရက်နေ့တွင်လွတ်မြောက်ခဲ့ကြပြီး နောက်ပိုင်းတွင် ပုန်ကန်ရန်လှုံ့ဆော်ပေးသည်ဟူသော မတရားစွဲချက်မှ လုံးဝလွတ်ကင်းခဲ့ကြသည်။b ဤတွေ့ ကြုံမှုက အမှန်တရားကို ထောက်ခံသူအမာခံများအဖြစ် သူတို့ကိုပုံသွင်းပေးခဲ့သည်။ မဟာဗာဗုလုန်၏ ဆန့်ကျင်မှုများကြား ယေဟောဝါ၏အကူအညီဖြင့် သတင်းကောင်းကြွေးကြော်ရန် ဝိညာဉ်ရေးတိုက်ပွဲကို နည်းရှိရှိသမျှဖြင့် အနိုင်ယူတိုက်ခိုက်ခဲ့ကြသည်။ ထိုတိုက်ပွဲသည် ဤ ၁၉၉၉ ခုနှစ်အထိဆက်ဖြစ်နေပါသည်။—မဿဲ အခန်းကြီး ၂၃; ယောဟန် ၈:၃၈-၄၇ နှိုင်းယှဉ်။

၁၅။ ၁၉၃၁ ခုနှစ်သည် အဘယ်ကြောင့်သမိုင်းတွင်သော အရေးကြီးသည့်နှစ်ဖြစ်ခဲ့ရသနည်း။

၁၅ ၁၉၂၀ နှင့် ၁၉၃၀ ပြည့်လွန်နှစ်များအတွင်း ဘုရားသခင့်ဘိသိက်ခံဣသရေလလူတို့သည် ကြီးမြတ်သောအိုးထိန်းသမား၏ညွှန်ကြားမှုအောက်တွင် ပုံသွင်းမှုကိုဆက်၍ခံယူခဲ့ကြသည်။ ကျမ်းစာပရောဖက်ပြုချက်၏ထွန်းလင်းမှုသည် ပို၍ဝင်းလက်လာခဲ့ရာ ယေဟောဝါအားဂုဏ်တင်ပြီး ယေရှု၏မေရှိယနိုင်ငံတော်ကိုအာရုံစူးစိုက်စေခဲ့သည်။ ၁၉၃၁ ခုနှစ်တွင် ကျမ်းစာကျောင်းသားများသည် ယေဟောဝါသက်သေများဟူသောအမည်သစ်ကို ဝမ်းမြောက်စွာခံယူခဲ့ကြသည်။—ဟေရှာယ ၄၃:၁၀-၁၂; မဿဲ ၆:၉၊ ၁၀; ၂၄:၁၄။

၁၆ နှင့် စာမျက်နှာ ၁၉ ရှိလေးထောင့်ကွက်။ အဘယ်အချိန်တွင် ၁၄၄,၀၀၀ အရေအတွက်ပြည့်ခဲ့သနည်း၊ ယင်းနှင့်ပတ်သက်၍ အဘယ်အထောက်အထားရှိသနည်း။

၁၆ ၁၉၃၀ ပြည့်လွန်နှစ်များတွင် “ခေါ်တော်မူသောသူ၊ ရွေးချယ်တော်မူသောသူ၊ သစ္စာရှိသောသူ” ၁၄၄,၀၀၀ ဦးရေပြည့်ခဲ့ပုံရှိသည်။ (ဗျာဒိတ် ၁၇:၁၄; စာမျက်နှာ ၁၉ ရှိလေးထောင့်ကွက်ရှု။) ပထမရာစုတွင်းနှင့် ခရစ်ယာန်ဘောင်အကြီးအကျယ်အယူဖောက်ပြန်ခဲ့သည့် မှောင်မိုက်သောရာစုနှစ်များအတွင်း ‘မျိုးစေ့အရိုင်း’ များကြားမှ ဘိသိက်ခံမည်မျှစုသိမ်းခံခဲ့ရကြောင်း ကျွန်ုပ်တို့မသိကြရပါ။ သို့သော် ၁၉၃၅ ခုနှစ်၌ ကမ္ဘာတစ်ဝန်းတွင် အများဆုံးကြေညာသူ ၅၆,၁၅၃ ယောက်အနက် သတိရအောက်မေ့ပွဲအထိမ်းအမှတ်များကိုသုံးဆောင်ခြင်းဖြင့် ကောင်းကင်မျှော်လင့်ချက်ရှိကြောင်းတင်ပြသူ စုစုပေါင်း ၅၂,၄၆၅ ရှိခဲ့သည်။ စုသိမ်းခံရရန်လိုသေးသည့် လူများစွာ၏ဖြစ်အင်ကား မည်သို့နည်း။

‘ကြည့်ရှုလော! လူအုပ်ကြီး’

၁၇။ ၁၉၃၅ ခုနှစ်တွင် အဘယ်သမိုင်းတွင်သောအဖြစ်အပျက် ဖြစ်ပေါ်ခဲ့သနည်း။

၁၇ ယူ.အက်စ်.အေ၊ ဝါရှင်တန် ဒီ.စီ. တွင် ၁၉၃၅ ခုနှစ်၊ မေ ၃၀ မှ ဇွန် ၃ ရက်အထိကျင်းပခဲ့သောစည်းဝေးကြီး၌ ညီအစ်ကိုရပ်သဖော့ဒ်သည် ‘မြောက်မြားစွာသောလူများ’ ဟူသည့်ခေါင်းစဉ်ဖြင့်မှတ်သားဖွယ်ဟောပြောချက်တစ်ခုကိုပေးခဲ့သည်။c “အဘယ်သူမျှမရေမတွက်နိုင်သော” ဤလူစုသည် ဝိညာဉ်ရေးဣသရေလ ၁၄၄,၀၀၀ ကိုတံဆိပ်ခတ်ပြီးခါနီးတွင် ပေါ်ထွက်လာပါလိမ့်သည်။ ဤသူများသည်လည်း “သိုးသငယ်၏အသွေးတော်” ယေရှု၏ရွေးနုတ်ပေးနိုင်စွမ်းကို ယုံကြည်ကြောင်းတင်ပြကြမည်ဖြစ်ပြီး ဝတ်ပြုရေးအတွက်စီစဉ်ထားသော ယေဟောဝါ၏ဗိမာန်တော်တွင် မြင့်မြတ်သောလုပ်ငန်းတော်ကိုဆောင်ရွက်ကြမည်ဖြစ်သည်။ အုပ်စုတစ်စုအဖြစ် သူတို့သည် “ကြီးစွာသောဆင်းရဲဒုက္ခထဲကထွက်မြောက်” လာကြကာ “နောက်တစ်ဖန် သေဘေးမရှိ” တော့မည့်မြေကြီးပရဒိသုကို အမွေရကြမည်ဖြစ်သည်။ ထိုစည်းဝေးကြီးမတိုင်မီနှစ်များစွာကတည်းက ဤအုပ်စုကို ယောနဒပ်အဖြစ် ရည်ညွှန်းပြောဆိုခဲ့ကြသည်။—ဗျာဒိတ် ၇:၉-၁၇; ၂၁:၄; ယေရမိ ၃၅:၁၀။

၁၈။ ၁၉၃၈ ခုနှစ်သည် အဘယ်နည်းများဖြင့် အရေးပါခဲ့သနည်း။

၁၈ ထိုလူတန်းစားနှစ်ရပ်ကို ရှင်းရှင်းလင်းလင်းဖော်ပြရာတွင် ၁၉၃၈ ခုနှစ်သည် အရေးပါသောနှစ်ဖြစ်ခဲ့၏။ ၁၉၃၈ ခုနှစ်၊ မတ် ၁၅ နှင့် ဧပြီ ၁ ရက်ထုတ်ကင်းမျှော်စင်တွင် “ကိုယ်တော်၏သိုးတော်စု” အကြောင်းလေ့လာစရာဆောင်းပါး အပိုင်းနှစ်ပိုင်းကိုတင်ဆက်ခဲ့ပြီး ဘိသိက်ခံအကြွင်းအကျန်နှင့် ၎င်းတို့၏အပေါင်းပါ လူအုပ်ကြီးနှင့်သက်ဆိုင်သောကဏ္ဍများကိုရှင်းလင်းဖော်ပြခဲ့သည်။ တစ်ဖန် ဇွန် ၁ နှင့် ဇွန် ၁၅ ရက်ထုတ်များက ဟေရှာယ ၆၀:၁၇ ပေါ်အခြေပြုထားသော “အဖွဲ့အစည်း” အကြောင်းလေ့လာရန်ဆောင်းပါးများကိုဖော်ပြခဲ့သည်။ အသင်းတော်အားလုံးသည် ဒေသခံအမှုထမ်းများခန့်အပ်ဖို့ အုပ်ချုပ်ရေးအဖွဲ့ကိုတောင်းဆိုရန် မှာကြားခံခဲ့ကြရသည်။ သို့ဖြင့် ပို၍စည်းစနစ်ကျနသော ဘုရားသခင်ခန့်ခွဲသည့် သီအိုကရက်တစ်အစီအစဉ်ကိုဖြစ်စေခဲ့သည်။ အသင်းတော်များသည် ထိုအတိုင်းပြုခဲ့ကြသည်။

၁၉ နှင့်အောက်ခြေမှတ်ချက်။ လွန်ခဲ့သောအနှစ် ၆၀ ကျော်ကတည်းက ယခုအထိ အခြားသိုးကိုခေါ်ထုတ်နေကြောင်း အဘယ်ဖြစ်ရပ်မှန်များကသေချာစေသနည်း။

၁၉ ၁၉၃၉၊ ယေဟောဝါသက်သေများ၏နှစ်ချုပ်စာအုပ်က ဤသို့ဖော်ပြသည်– “ကမ္ဘာပေါ်ရှိ ယေရှုခရစ်၏ဘိသိက်ခံနောက်လိုက်များသည် ယခုအရေအတွက်နည်းသည်၊ ဘယ်တော့မျှလည်း ပို၍များလာမည်မဟုတ်ချေ။ ကျမ်းစာတွင် ဤသူများကို ဘုရားသခင့်အဖွဲ့အစည်း၊ ဇိအုန်၏မျိုးဆက်မှ ‘အကြွင်းအကျန်’ အဖြစ် ဖော်ပြထားသည်။ (ဗျာ. ၁၂:၁၇) ယခုအခါ သခင်သည် ‘မြောက်မြားစွာသောလူများ’ ဖြစ်မည့် ‘အခြားသိုး’ ကိုမိမိအတွက်စုသိမ်းလျက်ရှိသည်။ (ယော. ၁၀:၁၆) ယခုစုသိမ်းခံနေရသော ထိုသူတို့သည် အကြွင်းအကျန်၏အပေါင်းပါများဖြစ်ကြရာ အကြွင်းအကျန်နှင့်အတူ အမှုဆောင်လျက်နေကြသည်။ ဤအချိန်မှစ၍ ‘အခြားသိုး’ တွင်ပါဝင်သူတို့သည် ‘မြောက်မြားစွာသောလူများ’ ကိုစုသိမ်းပြီးသည့်အထိ ရှေ့ဆက်၍အရေအတွက်တိုးများလာပါလိမ့်မည်။ ဘိသိက်ခံအကြွင်းအကျန်သည် လူအုပ်ကြီးကိုစုသိမ်းဖို့အတွက် ပုံသွင်းခံခဲ့ရပြီ။ ဤသူများသည်လည်း ယခုပုံသွင်းခံရကြမည်ဖြစ်သည်။d

၂၀။ ၁၉၄၂ ခုနှစ်မှစ၍ အဖွဲ့အစည်းဆိုင်ရာ အဘယ်ပြောင်းလဲမှုများဖြစ်ခဲ့သနည်း။

၂၀ ဒုတိယကမ္ဘာစစ် အထွတ်အထိပ်ဖြစ်ချိန် ၁၉၄၂၊ ဇန်နဝါရီတွင် ဂျိုးဇက် ရပ်သဖော့ဒ်ကွယ်လွန်ခဲ့ရာ ဥက္ကဋ္ဌအရာကို နေသန်နောရ်ကဆက်ခံခဲ့သည်။ အသင်းမ၏တတိယမြောက်ဥက္ကဋ္ဌသည် အသင်းတော်များတွင် သီအိုကရက်တစ်ကျောင်းများနှင့် သာသနာပြုများကိုလေ့ကျင့်ပေးရန် ဂိလဒ်ကျောင်းကိုတည်ထောင်ခဲ့ခြင်းအတွက် လူအများ တမ်းတသတိရကြသည်။ ၁၉၄၄ ခုနှစ်၌ အသင်းမ၏နှစ်ပတ်လည်အစည်းအဝေးတွင် သူက အဖွဲ့ဝင်ဖြစ်ခြင်းသည် အလှူပစ္စည်းများအပေါ်အခြေမခံဘဲ ဝိညာဉ်ရေးရာများအပေါ်အခြေခံမည်ဖြစ်၍ အသင်းမ၏အမိန့်ပြန်တမ်းကို ပြန်လည်ပြင်ဆင်နေကြောင်းကြေညာခဲ့သည်။ နောက်အနှစ် ၃၀ အတွင်း လယ်ကွင်းလုပ်သားဦးရေသည် ကမ္ဘာတစ်ဝန်းတွင် ၁၅၆,၂၉၉ မှ ၂,၁၇၉,၂၅၆ အထိတိုးပွားလာခဲ့သည်။ ၁၉၇၁–၇၅ ခုနှစ်များအတွင်း ဖွဲ့စည်းပုံကိုထပ်မံပြောင်းလဲရန်လိုအပ်လာခဲ့သည်။ ဥက္ကဋ္ဌဖြစ်သူတစ်ဦးတည်းက ကမ္ဘာတစ်ဝန်းတွင်ထမ်းဆောင်နေသော ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းကို စေ့စေ့ငငကြီးကြပ်ရန် မဖြစ်နိုင်တော့ချေ။ အလှည့်ကျစီ သဘာပတိအဖြစ်အမှုထမ်းသော အုပ်ချုပ်ရေးအဖွဲ့ဝင်အရေအတွက်ကို ဘိသိက်ခံ ၁၈ ဦးအထိတိုးချဲ့ခဲ့ရာ ယခု ယင်းတို့အနက်ထက်ဝက်နီးပါးသည် မြေကြီးအသက်တာကုန်ဆုံးခဲ့ကြပြီဖြစ်သည်။

၂၁။ ဘုရားသခင့်နိုင်ငံတော်အတွက် သိုးစုငယ်အဖွဲ့ဝင်များကို အဘယ်အရာက အရည်အသွေးပြည့်မီစေခဲ့သနည်း။

၂၁ သိုးစုငယ်မှကျန်ရှိနေသေးသူများသည် ဆယ်စုနှစ်များစွာ စုံစမ်းနှောင့်ယှက်ခြင်းများအားဖြင့် ပုံသွင်းခံခဲ့ကြရပြီ။ သူတို့သည် ‘ဝိညာဉ်တော်သက်သေခံချက်’ ကိုအမှန်ရရှိခဲ့ကြရာ အားပါးတရရှိနေကြသည်။ သူတို့အား ယေရှုက ဤသို့ဆို၏– “ငါသည်စုံစမ်းနှောင့်ယှက်ခြင်းကိုခံစဉ်တွင် သင်တို့သည်ငါ၌မှီဝဲသောသူဖြစ်ရာ၏။ ငါ့ခမည်းတော်သည် ငါ့အားနိုင်ငံကိုပေးတော်မူသည်နှင့်အညီ၊ သင်တို့သည်ငါ၏နိုင်ငံတွင် ငါ့စားပွဲ၌စားသောက်သောအခွင့်ကိုလည်းကောင်း၊ တရားပလ္လင်ပေါ်မှာထိုင်၍ ဣသရေလလူတစ်ဆယ့်နှစ်မျိုးကို အုပ်စိုးရသောအခွင့်ကိုလည်းကောင်း ငါသည်သင်တို့အားပေးမည်။”—ရောမ ၈:၁၆၊ ၁၇; လုကာ ၁၂:၃၂; ၂၂:၂၈-၃၀။

၂၂၊ ၂၃။ သိုးစုငယ်နှင့် အခြားသိုးသည် မည်သို့ပုံသွင်းခံနေကြရသနည်း။

၂၂ ကမ္ဘာပေါ်ရှိ ဝိညာဉ်ရေးဘိသိက်ခံအကြွင်းအကျန်ဦးရေ လျော့နည်းလာနေသည့်အတွက် လူအုပ်ကြီးမှ ရင့်ကျက်သောညီအစ်ကိုများသည် ကမ္ဘာတစ်ဝန်းရှိ အသင်းတော်အားလုံးနီးပါး၏ ဝိညာဉ်ရေးကို ကြီးကြပ်ပေးရန် တာဝန်အပ်နှင်းခံခဲ့ကြရပြီ။ သက်ကြီးရွယ်အို ဘိသိက်ခံသက်သေခံများမှ နောက်ဆုံးသူတို့သည် ၎င်းတို့၏မြေကြီးအသက်တာကုန်ဆုံးကြသောအခါ အခြားသိုးမှမင်းသားမှူးမတ် ဆာရီမ်တို့သည် မြေကြီးပေါ်တွင် မင်းသားအတန်းအစားအဖြစ် စီမံခန့်ခွဲရေးတာဝန်များကိုထမ်းဆောင်နိုင်ရန် ကောင်းစွာလေ့ကျင့်ပေးခံရကြပြီးသားဖြစ်ပါလိမ့်မည်။—ယေဇကျေလ ၄၄:၃; ဟေရှာယ ၃၂:၁။

၂၃ သိုးစုငယ်နှင့် အခြားသိုးတို့သည် အလားတူပင် အသရေရှိသောအသုံးတော်ခံအိုးများအဖြစ်သို့ ဆက်လက်၍ပုံသွင်းခံနေကြရသည်။ (ယောဟန် ၁၀:၁၄-၁၆) ကျွန်ုပ်တို့၏မျှော်လင့်ချက်သည် “မိုးကောင်းကင်သစ်” သို့မဟုတ် “မြေကြီးသစ်” တွင်နေထိုင်ရန် ယေဟောဝါ၏ ဤဖိတ်ခေါ်ချက်ကို လှိုက်လှိုက်လှဲလှဲတုံ့ပြန်နိုင်ကြပါစေ– “ငါဖန်ဆင်းလတ္တံ့သောအရာကြောင့်၊ သင်တို့သည် အစဉ်အမြဲရွှင်လန်းဝမ်းမြောက်ကြလိမ့်မည်။ ယေရုရှလင်မြို့ကိုဝမ်းမြောက်စရာအကြောင်း၊ မြို့သားတို့ကို ရွှင်လန်းစရာအကြောင်းဖြစ်စေခြင်းငှာ ငါဖန်ဆင်း၏။” (ဟေရှာယ ၆၅:၁၇၊ ၁၈) အားနည်းချို့တဲ့သောကျွန်ုပ်တို့သည် “သာမန်ထက်ထူးကဲသောတန်ခိုးတော်” အားဖြင့် ပုံသွင်းခံလျက် အစဉ်အမြဲနှိမ့်ချစွာအမှုထမ်းနိုင်ကြပါစေ!—၂ ကောရိန္သု ၄:၇၊ ကဘ; ယောဟန် ၁၆:၁၃။

[အောက်ခြေမှတ်ချက်များ]

a ရှေးဣသရေလလူမျိုးအားဖြင့် ကြိုတင်ပုံဆောင်ခံရသည့် ဖောက်ပြန်သောခရစ်ယာန်ဘောင်သည် ယေဟောဝါ၏ထပ်တူစီရင်ချက်ချခံရမည့်အကြောင်း သတိပေးခံရပါစေ။—၁ ပေတရု ၄:၁၇၊ ၁၈။

b ကျမ်းစာကျောင်းသားများကို အာမခံဖြင့်လွှတ်ရန်ငြင်းဆန်ခဲ့သူ ရိုမန်ကက်သလစ်တရားသူကြီး မန်တန်ကိုယ်တိုင်သည် နောက်ပိုင်းတွင် လာဘ်စားမှုဖြင့် ထောင်ဒဏ်စီရင်ခံခဲ့ရသည်။

c ၁၉၅၀ ပြည့်နှစ်တွင်ထုတ်ဝေခဲ့သော ခရစ်ယာန်ဂရိကျမ်းစာစောင်များ၏ကမ္ဘာသစ်ဘာသာပြန်ကျမ်းက သာ၍ကောင်းသောမှုတ်သွင်းခံဂရိဝေါဟာရဖြစ်သည့် ‘လူအုပ်ကြီး’ ကိုအသုံးပြုထားသည်။

d ၁၉၃၈ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ အောက်မေ့ရာပွဲတက်ရောက်သူ ၇၃,၄၂၀ ရှိခဲ့ပြီး ၃၉,၂၂၅ ဦး—တက်ရောက်သူ၏ ၅၃ ရာခိုင်နှုန်း—သည် အထိမ်းအမှတ်များကိုသုံးဆောင်ခဲ့ကြသည်။ ၁၉၉၈ ခုနှစ်တွင် တက်ရောက်သူ ၁၃,၈၉၆,၃၁၂ အထိတိုးများလာခဲ့ပြီး ၈,၇၅၆ သာသုံးဆောင်ခဲ့ရာ ပျမ်းမျှအားဖြင့် အသင်းတော် ၁၀ လျှင်သုံးဆောင်သူတစ်ယောက်ပင်မရှိချေ။

သင်မှတ်မိသလော

◻ ခမည်းတော်၏ပုံသွင်းခြင်းကိုခံရာတွင် ယေရှုသည် ကျွန်ုပ်တို့၏ပုံနမူနာရှင် မည်သို့ ဖြစ်ခဲ့သနည်း။

◻ ရှေးဣသရေလလူမျိုးတွင် အဘယ်ပုံသွင်းခြင်းဖြစ်ပျက်ခဲ့သနည်း။

◻ ယခုအချိန်အထိ “ဘုရားသခင်၏ဣသရေလလူမျိုး” သည် မည်သို့ပုံသွင်းခံခဲ့ရပြီနည်း။

◻ “အခြားသိုး” သည် အဘယ်ရည် ရွယ်ချက်အတွက် ပုံသွင်းခံခဲ့ရပြီနည်း။

[မေးခွန်းများ]

[စာမျက်နှာ ၁၈ ပါ လေးထောင့်ကွက်]

ခရစ်ယာန်ဘောင်တွင် ထပ်ဆင့်ပုံသွင်းခြင်း

ဂရိနိုင်ငံ၊ အေသင်မြို့မှ အေပီသတင်းတစ်ခုက မကြာမီကခန့်အပ်ခံခဲ့ရသော ဂရိသြသဒေါ့စ်ချာ့ချ်၏ဂိုဏ်းချုပ်အကြောင်း အောက်ပါအတိုင်းဖော်ပြခဲ့သည်– “သူ့ကို ငြိမ်းချမ်းရေးတမန်တစ်ဦးဟု ယူမှတ်ကြသည်။ သို့သော် ဂရိသြသဒေါ့စ်ချာ့ချ်ခေါင်းဆောင်၏လေသံသည် စစ်မှုအတွက် အသင့်ပြင်ဆင်နေသော ဗိုလ်ချုပ်ကြီးတစ်ဦးနှင့် ပိုတူသည်။

“‘လိုအပ်မည်ဆိုလျှင် ကျွန်ုပ်တို့သည် သွေးသွန်းရန်နှင့် စွန့်လွှတ်ရန်အသင့်ရှိကြသည်။ ချာ့ချ်တစ်ခုအနေဖြစ် ကျွန်ုပ်တို့သည် ငြိမ်းချမ်းရေးအတွက်ဆုတောင်းကြသည် . . . သို့သော် လိုအပ်သောအခါ မြင့်မြတ်သောလက်နက်ခဲယမ်းများကို ကျွန်ုပ်တို့ကောင်းချီးပေးကြသည်’ ဟုမကြာမီကကျင်းပသော ဂရိတပ်မတော်နေ့လည်းဖြစ်၊ သန့်ရှင်းသောအပျိုစင်နေ့လည်းဖြစ်သောပွဲနေ့တွင် ဂိုဏ်းချုပ်ခရစ္စတိုဒူလော့စ်ကဆိုခဲ့သည်။”

[စာမျက်နှာ ၁၉ ပါ လေးထောင့်ကွက်]

“နောက်ထပ်ဖြည့်စွက်စရာမလိုတော့ပါ!”

၁၉၇၀ ပြည့်နှစ်ဂိလဒ်ကျောင်းဆင်းပွဲတွင် ထိုစဉ်က ကင်းမျှော်စင်အသင်း၏ ဒု-ဥက္ကဋ္ဌဖြစ်သူ ဖရက်ဒရစ် ဖရန့်ဇ်က မြေကြီးဆိုင်ရာမျှော်လင့်ချက်ရှိသည့် အခြားသိုးဖြစ်ကြသော ကျောင်းသားအားလုံးသည် ဘိသိက်ခံအကြွင်းအကျန်ဖြစ်သည်ဟုဆိုသူတစ်ဦးတစ်ယောက်ကို နှစ်ခြင်းပေးကောင်းပေးရမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဤသို့ ဖြစ်နိုင်ပါမည်လော။ ဖြစ်နိုင်ပါသည်၊ နှစ်ခြင်းဆရာယောဟန်သည် အခြားသိုးဝင်ဖြစ်ပြီး ယေရှုနှင့် တမန်တော်အချို့ကို နှစ်ခြင်းပေးခဲ့ရသည်ဟု သူရှင်းပြခဲ့၏။ ဆက်လက်၍ သူက အကြွင်းအကျန်ကိုထပ်စုသိမ်းရန် ခေါ်တော်မူဆဲရှိမရှိမေးမြန်းခဲ့သည်။ “မရှိပါ၊ နောက်ထပ်ဖြည့်စွက်စရာမလိုတော့ပါ!” ဟုသူက ဆိုခဲ့သည်။ “ထိုခေါ်တော်မူခြင်းသည် ၁၉၃၁-၃၅ ခုနှစ်ကတည်းက ရပ်စဲခဲ့ပေပြီ! နောက်ထပ်ဖြည့်စွက်စရာမလိုတော့ပါ။ သို့ဆိုလျှင် အောက်မေ့ရာပွဲအထိမ်းအမှတ်များသုံးဆောင်သူ လူသစ်အနည်းငယ်ကားမည်သူများနည်း။ သူတို့သာအကြွင်းအကျန်ဝင်ဖြစ်မည်ဆိုလျှင် သူတို့သည် အစားထိုးခံရသူများဖြစ်ကြသည်! သူတို့သည် ဘိသိက်ခံအတန်းအစားသို့ အရေအတွက်ဖြည့်စွက်ခံရသူများ မဟုတ်ကြဘဲ ဖောက်ပြန်ခဲ့မည့်သူတို့နေရာတွင် အစားထိုးခြင်းခံရသူများဖြစ်ကြသည်။”

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

လုပ်ငန်းတော်ဘဏ္ဍာကို ကျွန်ုပ်တို့အလွန်တရာတန်ဖိုးထားကြ!

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

ရှေးဣသရေလလူမျိုးသည်ဖျက်ဆီးခြင်းကိုသာခံထိုက်သောအိုးဖြစ်လာခဲ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ