သင် အဆုံးအထိခံနိုင်ရည်ရှိနိုင်
“ငါတို့မျက်မှောက်၌ထားသော ပန်းတုံးတိုင်သို့ရောက်ခြင်းငှာ အားမလျှော့ဘဲ [“ခံနိုင်ရည်ရှိစွာဖြင့်၊” ကဘ] ပြေးကြကုန်အံ့။”—ဟေဗြဲ ၁၂:၁။
၁၊ ၂။ ခံနိုင်ရည်ဟူသည် အဘယ်နည်း။
“သင်တို့သည် ခံနိုင်ရည်ရှိရမည်” ဟုပထမရာစုရှိဟေဗြဲခရစ်ယာန်များထံ တမန်တော်ပေါလုရေးသားခဲ့သည်။ (ဟေဗြဲ ၁၀:၃၆၊ ကဘ) ဤအရည်အသွေး၏အရေးပါမှုကိုအလေးပေးကာ တမန်တော်ပေတရုကလည်း ခရစ်ယာန်များအား ဤသို့တိုက်တွန်းခဲ့သည်– “ယုံကြည်ခြင်း၌ . . . ခံနိုင်ရည်ကိုထပ်ဆင့်ကြလော့။” (၂ ပေတရု ၁:၅၊ ၆၊ ကဘ) သို့ရာတွင် ခံနိုင်ရည်ဟူသည် အတိအကျအဘယ်နည်း။
၂ ဂရိ-အင်္ဂလိပ်အဘိဓာန်တစ်ခုက “ခံနိုင်ရည်ရှိ” အတွက်ဂရိကြိယာကို “ထွက်ပြေးမည့်အစား ဆက်နေသည် . . . မရွေ့မရှား တည်မြဲတည်နေ၊ ကြံ့ကြံ့ခံသည်” ဟုအနက်ဖွင့်ထားသည်။ “ခံနိုင်ရည်” အတွက်ဂရိနာမ်နှင့်စပ်လျဉ်း၍ ရည်ညွှန်းချက်တစ်ခုက ဤသို့ဆိုသည်– “ယင်းသည် အောင့်အည်းနေရုံဖြင့်သာမဟုတ်ဘဲ တောက်ပသောမျှော်လင့်ချက်ဖြင့် အရာခပ်သိမ်းကို သည်းခံနိုင်သည့်စိတ်ထားဖြစ်သည်။ . . . လေကိုဆန်ကာ မားမားရပ်တည်စေသည့် အရည်အချင်းဖြစ်သည်။ နာကျင်မှုနောက်ဝယ် ရည်မှန်းချက်ပန်းတိုင်ကို တွေ့မြင်ထားသည့်အတွက် အခဲယဉ်းဆုံးစုံစမ်းခြင်းကို ဂုဏ်ယူနိုင်စရာအဖြစ် ယူမှတ်စေနိုင်သည့် မွန်မြတ်သောအကျင့်ပင်ဖြစ်သည်။” ထို့ကြောင့် ခံနိုင်ရည်သည် တည်မြဲတည်နေရန်၊ အတားအဆီးများနှင့် အခက်အခဲများကြား မျှော်လင့်ချက်ပျောက်မသွားရန် အထောက်အကူပြု၏။ မည်သူများသည် ဤအရည်အသွေးကို အထူးသဖြင့် လိုအပ်ကြသနည်း။
၃၊ ၄။ (က) မည်သူတို့သည် ခံနိုင်ရည်ရှိရန်လိုသနည်း။ (ခ) ကျွန်ုပ်တို့သည် အဆုံးအထိ အဘယ်ကြောင့် ခံနိုင်ရည်ရှိရမည်နည်း။
၃ ခရစ်ယာန်အားလုံးသည် ခံနိုင်ရည်လိုသည့်ပြေးပွဲ၌ ပုံဆောင်သဘောအရပြေးနေကြ၏။ စီ.အီး. ၆၅ ခန့်တွင် တမန်တော်ပေါလုသည် မိမိ၏လုပ်ဖော်ဆောင်ဖက်၊ သစ္စာရှိသောနယ်လှည့်ဖော်တိမောသေထံ နှစ်သိမ့်မှုပေးသော ဤစကားများကို ရေးသားခဲ့သည်– “ကောင်းစွာသောတိုက်လှန်ခြင်းကိုငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကိုစောင့်ရှောက်ပြီ။” (၂ တိမောသေ ၄:၇) “ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ” ဟုဖော်ပြခြင်းဖြင့် ပေါလုသည် ခရစ်ယာန်တစ်ဦးအဖြစ် သူ၏အသက်တာကို ပြေးရသည့်လမ်းစဉ်နှင့် ပန်းဝင်ရာနေရာရှိသည့် ပြေးပွဲတစ်ခုနှင့်နှိုင်းယှဉ်ခဲ့သည်။ ထိုအချိန်လောက်တွင် ပေါလုသည် ပြေးပွဲ၏ အဆုံးပိုင်းသို့အောင်မြင်စွာချဉ်းကပ်နေခြင်းကြောင့် ဆုရဖို့ ယုံကြည်စိတ်ချစွာမျှော်လင့်နိုင်ခဲ့သည်။ “ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဖို့သိုထားလျက်ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့်စီရင်သောသူတည်းဟူသော သခင်ဘုရားသည် ထိုသရဖူကို ငါ၌အပ်ပေးတော်မူမည်” ဟုသူထပ်ဆင့်ပြောခဲ့သည်။ (၂ တိမောသေ ၄:၈) ပေါလုသည် အဆုံးတိုင် ခံနိုင်ရည်ရှိခဲ့သောကြောင့် ဆုရမည်ကို စိတ်ချခဲ့သည်။ ကျွန်ုပ်တို့ကောအသို့နည်း။
၄ ပြေးပွဲ၌ပါဝင်သူတို့ကို အားပေးရန် ပေါလုက ဤသို့ရေးသားခဲ့သည်– “ငါတို့မျက်မှောက်၌ထားသော ပန်းတုံးတိုင်သို့ရောက်ခြင်းငှာ အားမလျော့ဘဲ [“ခံနိုင်ရည်ရှိစွာဖြင့်၊” ကဘ] ပြေးကြကုန်အံ့။” (ဟေဗြဲ ၁၂:၁) ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် ယေရှုခရစ်မှတစ်ဆင့် ယေဟောဝါဘုရားသခင်ထံ မိမိတို့ကိုယ်ကိုဆက်ကပ်အပ်နှံကြသောအခါ ဤခံနိုင်ရည်ပြေးပွဲကိုပါဝင်ဆင်နွှဲကြသည်။ တပည့်ဖြစ်ခြင်းလမ်းစဉ်၌ အစကောင်းဖို့အရေးကြီးသော်လည်း လုံးဝထည့်တွက်ရမည့်အရာမှာ အဆုံးထိပြေးဖို့ဖြစ်သည်။ ယေရှုက ဤသို့ဆိုခဲ့သည်– “အကြင်သူသည် အဆုံးတိုင်အောင်တည်ကြည်၏၊ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။” (မဿဲ ၂၄:၁၃) ပြေးပွဲကိုအဆုံးထိ အောင်မြင်စွာပြေးသူတို့ရမည့်ဆုလာဘ်ကား ထာဝရအသက်တည်း! ထို့ကြောင့် ကျွန်ုပ်တို့သည် ပန်းတိုင်ကိုစိတ်စွဲမှတ်ကာ အဆုံးတိုင်ခံနိုင်ရည်ရှိရမည်။ ထိုပန်းတိုင်သို့ရောက်ရန် အဘယ်အရာက ကူညီပေးမည်နည်း။
လျော်ကန်သောအာဟာရ—မရှိမဖြစ်လိုအပ်
၅၊ ၆။ (က) အသက်ပြေးပွဲ၌ခံနိုင်ရည်ရှိရန် ကျွန်ုပ်တို့အဘယ်အရာကို ဂရုစိုက်ရမည်နည်း။ (ခ) အဘယ်ဝိညာဉ်ရေးပြင်ဆင်ပေးချက်များကို ကျွန်ုပ်တို့ရယူရမည်နည်း၊ အဘယ်ကြောင့်နည်း။
၅ ဂရိပြည်၊ ကောရိန္သုမြို့အနီးတွင် ရှေးအခါက နာမည်ကျော်ကျွန်းဆွယ်အားကစားပွဲများ ကျင်းပရာအရပ်ရှိခဲ့သည်။ ကောရိန္သုမြို့သားညီအစ်ကိုများသည် ထိုတွင်ကျင်းပသော ပြေးခုန်ပစ်ယှဉ်ပြိုင်ပွဲများ၊ အခြားပြိုင်ပွဲတို့နှင့်အကျွမ်းတဝင်ရှိခဲ့ကြမည်ဖြစ်ကြောင်း ပေါလုအမှန်သိရှိခဲ့သည်။ သူတို့၏အသိပညာအပေါ်အခြေပြုကာ သူတို့ပြေးနေသည့် အသက်ပြေးပွဲနှင့်ပတ်သက်၍ ဤသို့သတိပေးခဲ့သည်– “မြေတလင်း၌ပြိုင်၍ပြေးကြသောသူအပေါင်းတို့သည် ပြိုင်၍ပြေးကြသော်လည်း တစ်ယောက်တည်းသာလျှင် ဆုကိုရသည်ဟု သင်တို့မသိကြသလော။ ဆုကိုရမည်အကြောင်း ပြေးကြလော့။” ပြေးပွဲထဲတွင်နေကာ အဆုံးအထိဆက်ပြေးခြင်း၏ အရေးကြီးမှုကို ပေါလုအလေးပေးခဲ့သည်။ သို့သော် ထိုသို့ပြုရန် အဘယ်အရာက ကူညီပေးမည်နည်း။ “ပွဲ၌ပြိုင်၍ အချင်းချင်းတိုက်သောသူမည်သည်ကား အရာရာ၌တပ်မက်ခြင်းကို ချုပ်တည်းတတ်၏” ဟုထပ်ဆင့်ပြောခဲ့သည်။ မှန်ပါသည်၊ ရှေးခေတ်အားကစားပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သူများသည် ပြင်းပြင်းထန်ထန်လေ့ကျင့်၍ အစားအသောက်ကိုဂရုစိုက်စားသောက်ခဲ့ကြကာ အနိုင်ရဖို့ ၎င်းတို့၏လုပ်ဆောင်မှုတိုင်းကို ကြပ်မတ်ခဲ့ကြသည်။—၁ ကောရိန္သု ၉:၂၄၊ ၂၅။
၆ ခရစ်ယာန်များဝင်ပြေးသည့်ပြေးပွဲကော အသို့နည်း။ “အသက်ပြေးပွဲမှာ ခံနိုင်ရည်ရှိနေဖို့ ခင်ဗျားရဲ့ဝိညာဉ်အစာကို ဂရုစိုက်ရမယ်” ဟုယေဟောဝါသက်သေများ၏အသင်းတော်တစ်ခုရှိ အကြီးအကဲတစ်ဦးကဆိုသည်။ “ခံနိုင်ရည်ပေးသောဘုရားသခင်” ယေဟောဝါသည် ကျွန်ုပ်တို့အတွက် အဘယ်ဝိညာဉ်အစာထောက်ပံ့သည်ကို သုံးသပ်ကြည့်ပါ။ (ရောမ ၁၅:၅၊ ကဘ) ကျွန်ုပ်တို့ဝိညာဉ်အစာ၏အဓိကရင်းမြစ်မှာ ကိုယ်တော့်နှုတ်မြွက်စကားတော်သမ္မာကျမ်းစာဖြစ်သည်။ ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်ကောင်းရှိဖို့ လိုမည်မဟုတ်လော။ “သစ္စာနှင့်သတိပညာရှိသောကျွန်” မှတစ်ဆင့် ယေဟောဝါသည် အချိန်တန်ကင်းမျှော်စင် နိုးလော့!ဂျာနယ်များနှင့် ကျမ်းစာအခြေပြုအခြားစာပေများကိုလည်း ပြင်ဆင်ပေးထား၏။ (မဿဲ ၂၄:၄၅၊ သမ) ယင်းတို့ကိုဝီရိယရှိရှိလေ့လာခြင်းက ဝိညာဉ်ရေးတွင် ကျွန်ုပ်တို့ကိုခိုင်ခံ့စေပါလိမ့်မည်။ မှန်ပါသည်၊ ကိုယ်ပိုင်လေ့လာမှုပြုလုပ်ရန် အချိန်ယူ—‘အချိန်ကိုဝယ်ယူ’—ရမည်။—ဧဖက် ၅:၁၆၊ ကဘ။
၇။ (က) ကျွန်ုပ်တို့သည် အခြေခံခရစ်ယာန်အယူဝါဒများကိုသိရုံမျှနှင့် အဘယ်ကြောင့် မကျေနပ်သင့်သနည်း။ (ခ) ကျွန်ုပ်တို့သည် မည်သို့ ‘ရင့်ကျက်သည့်အဖြစ်သို့တက်လှမ်း’ နိုင်မည်နည်း။
၇ ခရစ်ယာန်တပည့်ဖြစ်ခြင်းလမ်းပေါ်တွင် တည်မြဲတည်နေရန် အခြေခံ ‘မူလအယူဝါဒ’ ကိုကျော်လွန်ပြီး ‘ရင့်ကျက်သည့်အဖြစ်သို့တက်လှမ်း’ ရန်လိုသည်။ (ဟေဗြဲ ၆:၁၊ ကဘ) ထို့ကြောင့် ကျွန်ုပ်တို့သည် ‘အမှန်တရား၏အနံအလျားအနက်အမြင့်တို့’ ၌စိတ်ဝင်စားမှုတိုးပွားပြီး ‘အရွယ်ရောက်သူတို့အဖို့ဖြစ်သော ကြေခဲသောအစာ’ မှအာဟာရပြည့်နေရမည်ဖြစ်သည်။ (ဧဖက် ၃:၁၈; ဟေဗြဲ ၅:၁၂-၁၄) ဥပမာ၊ ယေရှု၏မြေကြီးအသက်တာနှင့်ပတ်သက်၍ ယုံကြည်စိတ်ချနိုင်သောမှတ်တမ်းလေးခု—မဿဲ၊ မာကု၊ လုကာနှင့် ယောဟန်ခရစ်ဝင်ကျမ်းတို့—ကိုသုံးသပ်ကြည့်ပါ။ ဤခရစ်ဝင်ကျမ်းများကို ဂရုတစိုက်လေ့လာခြင်းအားဖြင့် ယေရှုပြုလုပ်ခဲ့သည့်လုပ်ရပ်များနှင့် ကိုယ်တော်သည် မည်သို့သောလူစားမျိုးဖြစ်သည်ကိုသိရုံသာမက ကိုယ်တော့်လုပ်ရပ်များကိုလှုံ့ဆော်ပေးသည့် တွေးခေါ်ပုံကိုလည်း နားလည်စေသည်။ သို့နှင့် ကျွန်ုပ်တို့သည် ‘ခရစ်တော်၏စိတ်တော်ကိုရ’ ရှိလာနိုင်သည်။—၁ ကောရိန္သု ၂:၁၆။
၈။ ခရစ်ယာန်အစည်းအဝေးများသည် အသက်ပြေးပွဲ၌ ခံနိုင်ရည်ရှိဖို့ ကျွန်ုပ်တို့ကိုမည်သို့ကူညီပေးနိုင်သနည်း။
၈ ပေါလုက ယုံကြည်သူချင်းများကို ဤသို့သတိပေးခဲ့သည်– “မေတ္တာစိတ်ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကိုကျင့်စေခြင်းငှာလည်းကောင်း တိုက်တွန်းနှိုးဆော်ရသောအခွင့်ကိုရှာ၍ အချင်းချင်းတစ်ယောက်ကိုတစ်ယောက်ထောက်စာကြည့်ရှုကြကုန်အံ့။ လူအချို့တို့သည် ထုံးစံရှိသည်အတိုင်း အချင်းချင်းစည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန်ရောက်လုနီးသည်ကိုထောက်သဖြင့် သာ၍ကြိုးစားကြလော့။” (ဟေဗြဲ ၁၀:၂၄၊ ၂၅) ခရစ်ယာန်အစည်းအဝေးများသည် အားပေးမှုရင်းမြစ်ပါတကား! ကျွန်ုပ်တို့ကိုစိတ်ဝင်စားပြီး အဆုံးထိခံနိုင်ရည်ရှိစေရန် ကူညီပေးလိုသည့် မေတ္တာပြည့်ဝသောညီအစ်ကိုညီအစ်မများနှင့်ရှိနေခြင်းသည်လည်း မည်မျှလန်းဆန်းဖွယ်ပါတကား! ယေဟောဝါထံမှ ဤမေတ္တာပါသောပြင်ဆင်ပေးချက်ကို ကျွန်ုပ်တို့ပေါ့ပေါ့တန်တန်သဘောမထားနိုင်ကြပါ။ ကျွန်ုပ်တို့၏ဝီရိယရှိရှိကိုယ်ပိုင်လေ့လာမှုနှင့် မှန်မှန်စည်းဝေးတက်ရောက်ခြင်းအားဖြင့် “ဉာဏ်အရာ၌အသက်ကြီးသောသူ” ဖြစ်ကြစို့။—၁ ကောရိန္သု ၁၄:၂၀။
သင့်အားလှုံ့ဆော်ရန် ပွဲကြည့်ပရိသတ်
၉၊ ၁၀။ (က) ခံနိုင်ရည်လိုသောပြေးပွဲတစ်ခု၌ ပွဲကြည့်ပရိသတ်သည် အဘယ်နည်းဖြင့် အားပေးမှုရင်းမြစ်ဖြစ်နိုင်သနည်း။ (ခ) ဟေဗြဲ ၁၂:၁ တွင်ဖော်ပြထားသော ‘ကျွန်ုပ်တို့ကိုဝိုင်းရံထားသည့် ကြီးမားသောသက်သေခံတိမ်တိုက်’ ကားအဘယ်နည်း။
၉ အပြေးသမားတစ်ဦးသည် မည်မျှပင်ကောင်းစွာပြင်ဆင်ထားပါစေ ပြေးလမ်းတစ်လျှောက် သူ့ကိုတုံ့ဆိုင်းသွားစေနိုင်သည့်အရာများ ဖြစ်ပျက်နိုင်ပေသည်။ “သင်တို့သည်ကောင်းမွန်စွာပြေးကြ၏။ သို့ဖြစ်၍ [အမှန်]တရားကိုနားမထောင်စေခြင်းငှာ အဘယ်သူဆီးတားသနည်း” ဟုပေါလုမေးခဲ့သည်။ (ဂလာတိ ၅:၇) ဂလာတိခရစ်ယာန်တချို့သည် မကောင်းသောအပေါင်းအသင်းများရှိခဲ့၍ ရလဒ်အနေနှင့် အသက်ပြေးပွဲ၌ အာရုံပျံ့လွင့်ခဲ့ကြကြောင်း ထင်ရှားသည်။ တစ်ဖက်မှကြည့်လျှင် အခြားသူများထံမှ ထောက်မအားပေးမှုသည် ပြေးပွဲ၌ ခံနိုင်ရည်ပိုရှိစေနိုင်သည်။ ယင်းသည် ပါဝင်ယှဉ်ပြိုင်သူများအပေါ် အားကစားပွဲတစ်ခုရှိ ပွဲကြည့်ပရိသတ်ပြုနိုင်သည့် အကျိုးသက်ရောက်မှုနှင့် များစွာဆင်တူသည်။ စိတ်အားထက်သန်သောလူအုပ်သည် ယှဉ်ပြိုင်သူများကို အစမှအဆုံးအထိ စိတ်လှုပ်ရှားမှုပြင်းထန်စေနိုင်သည်။ ပွဲကြည့်သူများ၏သြဘာပေးမှုများနှင့်အတူ တစ်ခါတစ်ရံ ကျယ်လောင်သောတေးသံ၊ လက်ခုပ်တီးသံများက ပါဝင်ယှဉ်ပြိုင်သူများကို ပွဲပြီးခါနီးတွင်လိုအပ်သည့် ထပ်ဆင့်ခွန်အားဖြစ်နိုင်သည်။ မှန်ပါသည်၊ စာနာထောက်ထားသည့်ပွဲကြည့်ပရိသတ်သည် ပြေးပွဲ၌ပါဝင်သူတို့အပေါ် အပြုသဘောပါသောသြဇာသက်ရောက်နိုင်သည်။
၁၀ ခရစ်ယာန်များပါဝင်ဆင်နွှဲနေသည့်ပြေးပွဲ၌ မည်သူများသည် ပွဲကြည့်ပရိသတ်ဖြစ်သနည်း။ ဟေဗြဲအခန်းကြီး ၁၁ ၌မှတ်တမ်းတင်ထားသည့် ယေဟောဝါ၏ခရစ်ယာန်ခေတ်မတိုင်မီကသစ္စာရှိသောသက်သေခံများကို တစ်ဦးချင်းစီဖော်ပြပြီးနောက် ပေါလုက ဤသို့ရေးခဲ့သည်– “ထို့ကြောင့် ဤမျှလောက်များစွာသောသက်သေအပေါင်းတို့ [“အလွန်ကြီးမားသောသက်သေခံတိမ်တိုက်တစ်ခု၊” ကဘ] သည် ငါတို့ကိုဝိုင်းရံလျက်ရှိကြသည်ဖြစ်၍ . . . ငါတို့မျက်မှောက်၌ထားသောပန်းတုံးတိုင်သို့ရောက်ခြင်းငှာ အားမလျော့ဘဲ [“ခံနိုင်ရည်ရှိစွာ၊” ကဘ] ပြေးကြကုန်အံ့။” (ဟေဗြဲ ၁၂:၁) ဥပစာတိမ်တိုက်ကိုအသုံးပြုရာ၌ တိကျသောအရွယ်အစားနှင့် ပုံသဏ္ဌာန်ရှိသောတိမ်တိုက်ကို တိတိပပဖော်ပြသည့်ဂရိစကားလုံးကို ပေါလုအသုံးမပြုခဲ့ချေ။ ယင်းအစား အဘိဓာန်ပြုစုသူ ဒဗ္ဗလျူ. အီး. ဗိုင်း၏အဆိုအရ “ကောင်းကင်ကိုဖုံးကွယ်ထားသော ပုံသဏ္ဌာန်မဲ့တိမ်တိုက်” ဥပစာကိုအသုံးပြုသည်။ သက်သေခံလူထုကြီးသည် ပေါလုစိတ်ကူးထဲရှိနေသည်မှာ ရှင်းနေပါသည်—မည်မျှများသနည်းဟူမူ သူတို့သည် တိမ်ထုသဖွယ်ဖြစ်သည်။
၁၁၊ ၁၂။ (က) ခံနိုင်ရည်ရှိစွာဖြင့် ပြေးပွဲကိုပြေးဖို့ ခရစ်ယာန်ခေတ်မတိုင်မီ–သစ္စာရှိသောသက်သေခံများသည် ကျွန်ုပ်တို့ကိုသြဘာပေးသည့်နှယ် မည်သို့ဖြစ်နိုင်သနည်း။ (ခ) ကျွန်ုပ်တို့သည် ‘ကြီးမားသောသက်သေခံတိမ်တိုက်’ မှမည်သို့အကျိုးအပြည့်အဝရယူနိုင်သနည်း။
၁၁ ခရစ်ယာန်ခေတ်မတိုင်မီ–သစ္စာရှိသက်သေခံများသည် စာသားအတိုင်း မျက်မှောက်ခေတ်ပွဲကြည့်ပရိသတ်ဖြစ်နိုင်သလော။ မဖြစ်နိုင်ပါ။ သူတို့အားလုံး သေခြင်း၌အိပ်ပျော်နေကြ၍ ရှင်ပြန်ထမြောက်ခြင်းကို စောင့်မျှော်နေကြ၏။ သို့ရာတွင် သူတို့ကိုယ်တိုင်လည်း အသက်ရှင်ခဲ့ကြစဉ်က အောင်မြင်သည့်အပြေးသမားများဖြစ်ခဲ့ကြ၍ ၎င်းတို့၏ပုံသက်သေသည် သမ္မာကျမ်းစာတွင် အသက်ဝင်လျက်ရှိ၏။ ကျမ်းစာကိုကျွန်ုပ်တို့လေ့လာစဉ် ဤသစ္စာရှိသူများသည် ကျွန်ုပ်တို့၏စိတ်ထဲတွင် အသက်ဝင်လာပြီး ပြေးပွဲကိုအဆုံးအထိပြေးနိုင်ရန် ဩဘာပေးသည့်နှယ်ဖြစ်နိုင်၏။—ရောမ ၁၅:၄။a
၁၂ သာဓကအနေနှင့် လောကကြီးပွားရေးအခွင့်အလမ်းများက ကျွန်ုပ်တို့အားသွေးဆောင်သောအခါ အီဂျစ်ပြည်၏ဘုန်းစည်းစိမ်ကိုမောရှေမည်သို့ငြင်းပယ်ခဲ့ကြောင်း သုံးသပ်ခြင်းသည် ပြေးလမ်းပေါ်ဆက်ရှိနေရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးလိမ့်မည်မဟုတ်ပေလော။ ကျွန်ုပ်တို့ရင်ဆိုင်နေရသည့်စမ်းသပ်မှုသည် ပြင်းထန်ဟန်ရှိမည်ဆိုလျှင် သားဣဇာက်ကိုပူဇော်ဖို့တောင်းဆိုခံရသည့်အခါ အာဗြဟံရင်ဆိုင်ခဲ့သည့် ပြင်းထန်သောစမ်းသပ်မှုသည် ယုံကြည်ခြင်းပြိုင်ပွဲ၌ လက်မလျှော့ဖို့ အမှန်တကယ် ခွန်အားရှိစေပါလိမ့်မည်။ ဤနည်းဖြင့် ‘များစွာသောလူအပေါင်းတို့’ က ကျွန်ုပ်တို့ကိုလှုံ့ဆော်သည့်အတိုင်းအတာသည် ကျွန်ုပ်တို့၏သိနားလည်မှုမျက်စိဖြင့် သူတို့ကို အဘယ်အထိရှင်းလင်းစွာမြင်ရခြင်းအပေါ်မူတည်သည်။
၁၃။ မျက်မှောက်ခေတ်ယေဟောဝါသက်သေများသည် အသက်ပြေးပွဲ၌ ကျွန်ုပ်တို့ကို အဘယ်နည်းဖြင့် လှုံ့ဆော်ကြသနည်း။
၁၃ မျက်မှောက်ခေတ်ရှိ ယေဟောဝါသက်သေမြောက်မြားစွာတို့ဖြင့်လည်း ကျွန်ုပ်တို့ဝိုင်းရံခံရကြ၏။ ဘိသိက်ခံခရစ်ယာန်များအပြင် “လူအုပ်ကြီး” မှယောက်ျားမိန်းမများတင်ပြခဲ့သည့် ကောင်းမွန်သောပုံသက်သေများလည်းရှိသည်တကား! (ဗျာဒိတ် ၇:၉) ၎င်းတို့၏ဘဝအတ္ထုပ္ပတ္တိများကို ဤမဂ္ဂဇင်းနှင့် အခြားကင်းမျှော်စင်စာပေများတွင် အခါအားလျော်စွာ ဖတ်ရှုနိုင်ပါသည်။b သူတို့၏ယုံကြည်ခြင်းကိုပြန်သုံးသပ်ကြစဉ် အဆုံးတိုင်အောင်ခံနိုင်ရည်ရှိရန် အားပေးခံကြရ၏။ ထို့အပြင် ယေဟောဝါအားသစ္စာရှိစွာဝတ်ပြုနေကြသည့် ရင်းနှီးသောမိတ်ဆွေများနှင့် ဆွေမျိုးသားချင်းများ၏ ထောက်မမှုရရှိထားကြခြင်းသည် မည်မျှဝမ်းသာစရာပါတကား! မှန်ပါသည်၊ အသက်ပြေးပွဲ၌ ကျွန်ုပ်တို့ကိုလှုံ့ဆော်သူ များစွာရှိသည်။
သင့်ပြေးနှုန်းကို ပညာရှိစွာသတ်မှတ်ပါ
၁၄၊ ၁၅။ (က) ကျွန်ုပ်တို့၏ပြေးနှုန်းကိုပညာရှိစွာသတ်မှတ်ရန် အဘယ်ကြောင့် အရေးကြီးသနည်း။ (ခ) ကျွန်ုပ်တို့သည် ပန်းတိုင်များချမှတ်ရာ၌ အဘယ်ကြောင့်အကျိုးသင့်အကြောင်းသင့်ရှိသင့်သနည်း။
၁၄ မာရသွန်ကဲ့သို့သော တာဝေးပြေးပွဲကိုပြေးသောအခါ အပြေးသမားသည် ပြေးနှုန်းကိုပညာရှိစွာသတ်မှတ်ထားရမည်။ “တာထွက်တွင်ပြေးနှုန်းမြန်လွန်းခြင်းသည် ရှုံးနိမ့်စေ၏” ဟုနယူးယောက်အပြေးသမားမဂ္ဂဇင်းကဆိုသည်။ “ဖြစ်နိုင်စရာရလဒ်မှာ နောက်ဆုံးကျန်သောမိုင်အတော်အတန်ကို ရှည်လျားစွာရုန်းကန်ရခြင်း သို့မဟုတ် ဆက်မပြေးနိုင်ခြင်းဖြစ်သည်။” မာရသွန်အပြေးသမားတစ်ဦးက ဤသို့ပြန်ပြောပြသည်– “ပြေးပွဲအတွက်ပြင်ဆင်ခြင်းနဲ့ပတ်သက်တဲ့ဟောပြောပို့ချချက်တစ်ခုမှာ ပို့ချတဲ့သူက ‘အပြေးပိုမြန်တဲ့အပြေးသမားတွေကို မီဖို့မကြိုးစားနဲ့။ ကိုယ့်ပြေးနှုန်းအတိုင်းပြေးပါ။ မဟုတ်ရင် ခင်ဗျားလက်ပန်းကျသွားပြီး ထွက်သွားရလိမ့်မယ်’ လို့ရှင်းရှင်းလင်းလင်းသတိပေးခဲ့တယ်။ ဒီအကြံပြုချက်ကိုလိုက်နာခဲ့တဲ့အတွက် ပြေးပွဲကိုအဆုံးထိပြေးနိုင်ခဲ့တယ်။”
၁၅ အသက်ပြေးပွဲ၌ ဘုရားသခင့်ကျေးကျွန်များသည် အားသွန်ခွန်စိုက်ကြိုးစားပြေးကြရမည်။ (လုကာ ၁၃:၂၄) သို့ရာတွင် တပည့်တော်ယာကုပ်က ဤသို့ရေးသားခဲ့သည်– “အထက်အရပ်မှသက်ရောက်သောဉာဏ်ပညာသည် . . . အကျိုးသင့်အကြောင်းသင့်ရှိ၏။” (ယာကုပ် ၃:၁၇၊ ကဘ) အခြားသူများ၏ကောင်းသောပုံသက်သေက ကျွန်ုပ်တို့ကိုပို၍လုပ်ဆောင်စေရန် အားပေးမှုဖြစ်နိုင်သော်လည်း အကျိုးသင့်အကြောင်းသင့်ရှိသည့်သဘောက ကျွန်ုပ်တို့၏စွမ်းရည်၊ ကျွန်ုပ်တို့၏အခြေအနေများနှင့်အညီ လက်တွေ့ကျသောပန်းတိုင်များချမှတ်ပေးရန် ကူညီပေးပါလိမ့်မည်။ ကျမ်းစာက ကျွန်ုပ်တို့ကို ဤသို့သတိပေးသည်– “လူတိုင်းကိုယ်ပြုသောအမှုကိုစစ်ကြောစေ။ သို့ပြုလျှင် သူတစ်ပါး၌မဆို [“သူတစ်ပါးနှင့်မနှိုင်းယှဉ်၊” ကဘ] ဘဲ ကိုယ်၌သာဝါကြွားဝမ်းမြောက်စရာအကြောင်းရှိလိမ့်မည်။ အဘယ်ကြောင့်နည်းဟူမူကား လူအသီးအသီးတို့သည် မိမိတို့ဝန်ကိုဆောင်ရွက်ရကြမည်။”—ဂလာတိ ၆:၄၊ ၅။
၁၆။ ကျိုးနွံခြင်းသည် ကျွန်ုပ်တို့၏ခြေလှမ်းကိုချမှတ်ရာ၌ မည်သို့ကူညီပေးသနည်း။
၁၆ မိက္ခာ ၆:၈ [ကဘ] တွင် စိတ်နှိုးဆွစေသောဤမေးခွန်း အမေးခံရကြသည်– “သင်၏ဘုရားသခင်နှင့်အတူ သွားလာရာ၌ ကျိုးနွံလျက်နေခြင်း . . . မှတစ်ပါး အဘယ်အရာကို ယေဟောဝါတောင်းတော်မူသနည်း။” ကျိုးနွံခြင်းတွင် ကျွန်ုပ်တို့၏ကန့်သတ်မှုများကို သတိပြုခြင်းပါဝင်သည်။ ကျန်းမာရေးချို့တဲ့လာခြင်း သို့မဟုတ် အသက်အရွယ်ကြီးရင့်ခြင်းသည် ဘုရားသခင့်လုပ်ငန်းတော်၌ ကျွန်ုပ်တို့လုပ်ဆောင်နိုင်မှုကို ကန့်သတ်နေပါသလော။ စိတ်မပျက်ကြစို့နှင့်။ ယေဟောဝါဘုရားသခင်သည် “မတတ်နိုင်သောအမှုကိုမထောက်ဘဲ၊ တတ်နိုင်သောအမှုကိုထောက်၍” ကျွန်ုပ်တို့၏ကြိုးစားမှုများနှင့် ပူဇော်သကာများကို လက်ခံတော်မူသည်။—၂ ကောရိန္သု ၈:၁၂; လုကာ ၂၁:၁-၄ နှိုင်းယှဉ်။
ဆုလာဘ်တော်ကိုမျက်ခြည်မပြတ်စေနှင့်
၁၇၊ ၁၈။ အဘယ်အရာကိုမျက်ခြည်မပြတ်ခြင်းက ယေရှုအား ညှဉ်းဆဲရာသစ်တိုင်ကိုခံနိုင်ရည်ရှိရန်ထောက်ကူခဲ့သနည်း။
၁၇ အသက်ပြေးပွဲ၌ ခံနိုင်ရည်ရှိရန်လိုကြောင်း ကောရိန္သုခရစ်ယာန်များကိုထောက်ပြရာ၌ ၎င်းတို့ဂရုပြုအပ်သည့် ကျွန်းဆွယ်အားကစား၏အခြားကဏ္ဍတစ်မျိုးကို ပေါလုဖော်ပြခဲ့သည်။ ထိုပွဲများ၌ ယှဉ်ပြိုင်သူများနှင့်စပ်လျဉ်း၍ ပေါလုက ဤသို့ရေးသားခဲ့သည်– “ထိုသူတို့သည် ညှိုးနွမ်းပျက်စီးတတ်သောပန်းဦးရစ်ကိုရခြင်းအလိုငှာ [ပြေး] ကြ၏။ ငါတို့မူကား မညှိုးနွမ်းမပျက်စီးနိုင်သော ပန်းဦးရစ်ကိုရခြင်းအလိုငှာပြုကြ၏။ ထို့ကြောင့် ငါပြေးသောအခါ အမှတ်တမဲ့ပြေးသည်မဟုတ်။ လက်ပွေ့သတ်သောအခါ အာကာသကောင်းကင်ကိုသာထိုး၍ သတ်သည်မဟုတ်။” (၁ ကောရိန္သု ၉:၂၅၊ ၂၆) ရှေးခေတ်အားကစားပွဲများ၌ အနိုင်ရသူများရသည့်ဆုလာဘ်မှာ ထင်းရှူးပင် သို့မဟုတ် အခြားသောအပင်များ သို့မဟုတ် တောမုန်ညင်းရွက်ခြောက်ဖြင့်ပြုလုပ်သည့် ဦးရစ် သို့မဟုတ် ပန်းကုံး—အမှန်ပင် “ညှိုးနွမ်းပျက်စီးတတ်သောပန်းဦးရစ်”—ဖြစ်၏။ သို့သော် အဆုံးအထိခံနိုင်ရည်ရှိသည့်ခရစ်ယာန်များအတွက် အဘယ်အရာစောင့်ကြိုနေသနည်း။
၁၈ ကျွန်ုပ်တို့၏စံနမူနာရှင်ယေရှုခရစ်ကိုရည်စူး၍ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “မိမိရှေ့၌ထားသော ဝမ်းမြောက်ခြင်းအကြောင်းကြောင့် ရှက်ကြောက်သောအရာကိုမမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံပြီးမှ ဘုရားသခင်၏ပလ္လင်တော်လက်ယာဘက်၌ထိုင်နေတော်မူ၏။” (ဟေဗြဲ ၁၂:၂) ယေရှုသည် ညှဉ်းဆဲရာသစ်တိုင်ကိုလွန်၍ ဆုလာဘ်ကိုရှုမျှော်ခြင်းဖြင့် မိမိ၏လူ့အသက်တာအဆုံးအထိ ခံရပ်နိုင်ခဲ့သည်၊ ယင်းတွင် ယေဟောဝါ၏နာမတော်အား သန့်ရှင်းမြင့်မြတ်စေခြင်း၊ လူ့မိသားစုကိုသေခြင်းမှရွေးနုတ်ခြင်း၊ မြေကြီးပရဒိသု၌ နာခံသည့်လူသားများကို အဆုံးမဲ့အသက်ပြန်လည်ရရှိစေစဉ် ဘုရင်နှင့်ယဇ်ပုရောဟိတ်အဖြစ်စိုးစံခြင်းတို့မှရရှိသည့် ရွှင်လန်းမှုပါဝင်သည်။—မဿဲ ၆:၉၊ ၁၀; ၂၀:၂၈; ဟေဗြဲ ၇:၂၃-၂၆။
၁၉။ ကျွန်ုပ်တို့သည် ခရစ်ယာန်တပည့်ဖြစ်ခြင်းလမ်းစဉ်ကို မီအောင်လိုက်နေစဉ် အဘယ်အရာကို စူးစိုက်နေသင့်သနည်း။
၁၉ ခရစ်ယာန်တပည့်ဖြစ်ခြင်းလမ်းစဉ်ကို ကျွန်ုပ်တို့မီအောင်လိုက်နေစဉ် ကျွန်ုပ်တို့ရှေ့၌ရှိသောရွှင်လန်းမှုကို သုံးသပ်ကြည့်ပါ။ ယေဟောဝါသည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းနှင့် အခြားသူများကို အသက်ကယ်သည့်အသိပညာဝေမျှခြင်းဖြစ်သည့် အလွန်ကျေနပ်မှုပေးသောလုပ်ငန်းကို ကျွန်ုပ်တို့တွင်အပ်နှင်းထား၏။ (မဿဲ ၂၈:၁၉၊ ၂၀) စစ်မှန်သောဘုရားသခင်အား စိတ်ဝင်စားသူတို့ကိုတွေ့ရှိရခြင်းနှင့် အသက်ပြေးပွဲတွင် ထိုသူလည်းဝင်ပါစေရန် ကူညီပေးရခြင်းတို့သည် ဝမ်းမြောက်စရာပင်! ကျွန်ုပ်တို့ဟောပြောရသူတို့သည် မည်သို့ပင်တုံ့ပြန်ကြပါစေ ယေဟောဝါ၏နာမတော်သန့်ရှင်းမြင့်မြတ်စေခြင်းနှင့်ပတ်သက်သည့် လုပ်ငန်း၌ပါဝင်ရခြင်းသည် အခွင့်ထူးဖြစ်၏။ ကျွန်ုပ်တို့သက်သေခံရသည့်ရပ်ကွက်ရှိလူတို့သည် ဥပေက္ခာပြုသည့် သို့မဟုတ် အတိုက်အခံပြုသည့်ကြားမှပင် ဓမ္မအမှု၌ခံနိုင်ရည်ရှိကြသောအခါ ကျွန်ုပ်တို့သည် ယေဟောဝါ၏စိတ်နှလုံးရွှင်လန်းစေခွင့်ရသည့် ဝမ်းမြောက်ခြင်းကို ခံစားကြရသည်။ (သု. ၂၇:၁၁) ထို့အပြင် ကျွန်ုပ်တို့ကို ကိုယ်တော်ကတိပေးထားသည့် ကြီးမြတ်သောဆုလာဘ်မှာ ထာဝရအသက်ဖြစ်၏။ ယင်းသည် မည်မျှဝမ်းမြောက်စရာပါတကား! ဤကောင်းချီးများကိုမျက်ခြည်မပြတ်စေဘဲ ပြေးပွဲ၌စွဲမြဲစွာပြေးနေရန်လိုသည်။
အဆုံးသာ၍နီးလာသည်နှင့်အမျှ
၂၀။ အသက်ပြေးပွဲအဆုံးနီးလာသည်နှင့်အမျှ မည်သို့ပို၍ခက်ခဲလာနိုင်သနည်း။
၂၀ အသက်ပြေးပွဲ၌ ကျွန်ုပ်တို့၏အဓိကရန်သူကြီး စာတန်နှင့် ကျွန်ုပ်တို့ယှဉ်ပြိုင်ကြရ၏။ အဆုံးနီးလာလေ ကျွန်ုပ်တို့လဲသွားရန်၊ သို့မဟုတ် နှေးကွေးသွားရန် သူ,မလျှော့တမ်းကြိုးပမ်းလျက်ရှိ၏။ (ဗျာဒိတ် ၁၂:၁၂၊ ၁၇) ‘ဆုံးခန်းကာလ’ ကိုမှတ်သားဖော်ပြသော စစ်မှုများ၊ ငတ်မွတ်မှုများ၊ ရောဂါကပ်ဘေးများနှင့် အခြားသောအခက်အခဲများကြောင့် သစ္စာရှိသောဆက်ကပ်အပ်နှံထားသည့် ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများအဖြစ် ဆက်လက်လုပ်ဆောင်ရန်မလွယ်ကူပါ။ (ဒံယေလ ၁၂:၄; မဿဲ ၂၄:၃-၁၄; လုကာ ၂၁:၁၁; ၂ တိမောသေ ၃:၁-၅) ထို့အပြင် အဆုံးသည် ရံဖန်ရံခါ ကျွန်ုပ်တို့မျှော်လင့်ထားသည်ထက်ပိုဝေးနေဟန်ရှိပေမည်၊ အထူးသဖြင့် ကျွန်ုပ်တို့သည် ပြေးပွဲတွင် ဆယ်စုနှစ်နှင့်ချီ၍ဝင်ခဲ့ပြီးဖြစ်လျှင် ဖြစ်သည်။ သို့တိုင် ဘုရားသခင့်နှုတ်မြွက်စကားတော်က အဆုံးရောက်လာမည်ဟု ကျွန်ုပ်တို့ကိုစိတ်ချစေသည်။ နောက်ကျမည်မဟုတ်ဟု ယေဟောဝါဆို၏။ အဆုံးကိုမြင်နေရပြီဖြစ်သည်။—ဟဗက္ကုတ် ၂:၃; ၂ ပေတရု ၃:၉၊ ၁၀။
၂၁။ (က) အသက်ပြေးပွဲ၌ဆက်ပြေးနေစဉ် ကျွန်ုပ်တို့ကိုအဘယ်အရာက ခိုင်ခံ့စေမည်နည်း။ (ခ) အဆုံးနီးလာသည်နှင့်အမျှ ကျွန်ုပ်တို့၏သန္နိဋ္ဌာန်သည် မည်သို့ဖြစ်သင့်သနည်း။
၂၁ သို့နှင့် အသက်ပြေးပွဲ၌ အနိုင်ရဖို့ ကျွန်ုပ်တို့မှာ ဝိညာဉ်ရေးအာဟာရရှိဖို့ မေတ္တာရှိစွာ ယေဟောဝါပြင်ဆင်ပေးထားသည့်အရာများမှ ခွန်အားယူကြရမည်။ ကျွန်ုပ်တို့ကဲ့သို့ ပြေးပွဲ၌ပြေးနေကြသည့် ယုံကြည်သူချင်းများနှင့် မှန်မှန်ပေါင်းသင်းခြင်းမှရနိုင်သည့် အားပေးမှုမှန်သမျှကိုလည်း ရယူရန်လိုသည်။ လမ်းကြောင်းတစ်လျှောက် ကျွန်ုပ်တို့၏ပြေးပွဲကို ပို၍ခက်ခဲစေမည့် ပြင်းထန်သောနှိပ်စက်ညှဉ်းပန်းခြင်းနှင့် မမြင်နိုင်သောဖြစ်ရပ်များရှိလျှင်ပင် ယေဟောဝါသည် ‘သာမန်ထက်လွန်ကဲသောတန်ခိုး’ ကိုပေးထားသောကြောင့် ကျွန်ုပ်တို့ခံရပ်နိုင်ကြပါသည်။ (၂ ကောရိန္သု ၄:၇၊ ကဘ) ယေဟောဝါသည် ကျွန်ုပ်တို့၏ပြေးပွဲကိုအောင်မြင်စွာပြေးစေလိုကြောင်းသိရခြင်းသည် မည်မျှအားရှိစရာပါတကား! ခိုင်မာသောသန္နိဋ္ဌာန်ဖြင့် “ငါတို့မျက်မှောက်၌ထားသောပန်းတုံးတိုင်သို့ရောက်ခြင်းငှာ အားမလျော့ဘဲ [“ခံနိုင်ရည်ရှိစွာ၊” ကဘ] ပြေးကြ” ပါစို့၊ ‘ကျွန်ုပ်တို့သည် ပန်းလျနွမ်းနယ်မှုမရှိပါက ရာသီချိန်ရောက်လျှင် အသီးအနှံကိုရိတ်သိမ်းရမည်’ ဖြစ်ကြောင်း အပြည့်အဝယုံကြည်စိတ်ချနေကြစို့လေ။—ဟေဗြဲ ၁၂:၁; ဂလာတိ ၆:၉၊ ကဘ။
[အောက်ခြေမှတ်ချက်များ]
a ဟေဗြဲ ၁၁:၁–၁၂:၃ ကိုဆွေးနွေးခြင်းအတွက် ကင်းမျှော်စင် ၁၉၈၈၊ ဇန်နဝါရီ ၁၅၊ စာမျက်နှာ ၁၂-၂၄ ရှု။
b ထိုသို့သောအားရှိစေသည့် မကြာမီကတွေ့ကြုံမှုတချို့ကို ကင်းမျှော်စင် ၁၉၉၈၊ ဇွန် ၁၊ စာမျက်နှာ ၂၈-၃၁; ၁၉၉၈၊ စက်တင်ဘာ ၁၊ စာမျက်နှာ ၂၄-၈; ၁၉၉၉၊ ဖေဖော်ဝါရီ ၁၊ စာမျက်နှာ ၂၅-၉ တို့တွင်တွေ့ရှိနိုင်သည်။
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
သင်မှတ်မိသလော
◻ ကျွန်ုပ်တို့သည် အဆုံးတိုင်အောင် အဘယ်ကြောင့် ခံနိုင်ရည်ရှိရမည်နည်း။
◻ ယေဟောဝါ၏အဘယ်ပြင်ဆင်ပေးချက်များကို ကျွန်ုပ်တို့လျစ်လျူမရှုသင့်သနည်း။
◻ ကျွန်ုပ်တို့၏ပြေးနှုန်းကို ပညာရှိစွာသတ်မှတ်ရန် အဘယ်ကြောင့် အရေးကြီးသနည်း။
◻ ပြေးပွဲ၌ကျွန်ုပ်တို့ဆက်လက်ပါဝင်စဉ် ကျွန်ုပ်တို့ရှေ့၌အဘယ်ရွှင်လန်းမှုချမှတ်ထားသနည်း။
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ခရစ်ယာန်အစည်းအဝေးများမှ အားပေးမှုရယူပါလေ