စမ်းသပ်မှုများကြားယေဟောဝါ၌ဝမ်းမြောက်ခြင်း
ဂျော့ဂ်ျစကီပီယိုပြောပြသည်
၁၉၄၅၊ ဒီဇင်ဘာလမှာ ကျွန်တော့်ခြေလက်ကလွဲပြီး တစ်ကိုယ်လုံးလေဖြတ်သွားတာကြောင့် ဆေးရုံတက်ခဲ့ရတယ်။ အဲဒီအခြေအနေဟာ ခဏလောက်ပဲဖြစ်မှာပါလို့ ကျွန်တော်ယူဆခဲ့ပေမဲ့ တခြားသူတွေကတော့ ကျွန်တော်လမ်းပြန်လျှောက်နိုင်ပါ့ဦးမလားလို့ သံသယဖြစ်ခဲ့ကြတယ်။ တက်ကြွတဲ့ ၁၇ နှစ်သားတစ်ယောက်အတွက် တကယ့်စမ်းသပ်မှုကြီးတစ်ခုပါပဲ! အဲဒီလိုရောဂါကြိုတင်ခန့်မှန်းတာကို ကျွန်တော်လက်မခံခဲ့ဘူး။ နောက်တစ်နှစ်မှာ ကျွန်တော့်အလုပ်ရှင်နဲ့အတူ အင်္ဂလန်ကိုခရီးထွက်ဖို့အစီအစဉ်အပါအဝင် ကျွန်တော့်မှာကြိုတင်စီစဉ်ထားတာတွေအများကြီးပဲ။
ကျွန်တော်ဟာ ကျွန်တော်တို့နေထိုင်တဲ့ စိန့်ဟယ်လီနာကျွန်းပေါ်မှာပျံ့နှံ့နေတဲ့ ပိုလီယိုကပ်ရောဂါရဲ့သားကောင်ဖြစ်ခဲ့ပါတယ်။ အဲဒီရောဂါကြောင့် လူ ၁၁ ယောက်သေပြီး အတော်များများက မသန်မစွမ်းဖြစ်ကျန်ခဲ့ကြရတယ်။ အိပ်ရာထဲလဲနေတုန်း ကျွန်တော့်ရဲ့တိုတောင်းတဲ့ဘဝနဲ့ နောင်အနာဂတ်ကို ဆင်ခြင်သုံးသပ်ဖို့အချိန်အများကြီးရခဲ့တယ်။ အဲလိုသုံးသပ်ရင်း ရောဂါခံစားနေရတဲ့ကြား ဝမ်းသာစရာအကြောင်းရှိတယ်ဆိုတာကို စသိလာခဲ့တယ်။
နောက်ထပ်စမ်းသပ်မှုများနှင့် ပျော်ရွှင်မှုများ
အစောပိုင်းနှစ်တွေနဲ့ ကျွန်တော့်အနာဂတ်အလားအလာအတွက် ကျွန်တော်ဖျားနေတုန်း စဉ်းစားရင်း ဒီအဖျားဟာ ဘုရားသခင်ဆီကစမ်းသပ်မှု ဒါမှမဟုတ် ဒဏ်စီရင်ချက်မဟုတ်ဘူးဆိုတာကို ကျမ်းစာလေ့လာထားလို့သိခဲ့ရတယ်။ (ယာကုပ် ၁:၁၂၊ ၁၃) ဘာပဲဖြစ်ဖြစ် ပိုလီယိုရောဂါဟာ အတော်ခံရခက်ပြီး တစ်သက်လုံးဒုက္ခိတဖြစ်ရပါတော့မယ်။
ကျွန်တော်ပြန်နာလန်ထူလာတဲ့အခါ လမ်းလျှောက်တတ်ဖို့ပြန်သင်ယူခဲ့ရတယ်။ ကျွန်တော့်လက်မောင်းက ကြွက်သားတချို့လည်း သုံးမရတော့ဘူး။ အခေါက်ပေါင်းမရေနိုင်လောက်အောင် နေ့တိုင်းလိုလိုလဲကျတယ်။ ဒါပေမဲ့ အားတက်သရောဆုတောင်းပြီး ဆက်ကြိုးစားတဲ့အတွက် ၁၉၄၇ မှာ တုတ်ကောက်နဲ့လမ်းလျှောက်နိုင်ခဲ့တယ်။
အဲဒီအတောအတွင်း ကျွန်တော်နဲ့ဘာသာရေးယုံကြည်ချက်တူတဲ့ ဒေါရစ္စဆိုတဲ့အမျိုးသမီးငယ်တစ်ယောက်နဲ့ ကျွန်တော်ချစ်ကြိုက်သွားတယ်။ ကျွန်တော်တို့အိမ်ထောင်ပြုဖို့ သိပ်ငယ်လွန်းသေးတယ်၊ ဒါပေမဲ့ လမ်းကောင်းကောင်းလျှောက်နိုင်အောင် ဆက်ကြိုးစားဖို့လှုံ့ဆော်ခံခဲ့ရတယ်။ ပြီးတော့ ကျွန်တော်ရတဲ့လခက အိမ်ထောင်ပြုဖို့မလောက်ငတာကြောင့် အလုပ်ထွက်လိုက်ပြီး နောက်ထပ်နှစ်နှစ်ဆက်လုပ်ကိုင်ခဲ့တဲ့ ကိုယ်ပိုင်သွားစိုက်ဆိုင်ကိုဖွင့်ခဲ့တယ်။ ၁၉၅၀ မှာကျွန်တော်တို့လက်ထပ်ခဲ့ကြတယ်။ အဲဒီအချိန်မှာ ကားလေးတစ်စီးဝယ်လောက်တဲ့ငွေကိုစုမိနေပြီ။ အခု ညီအစ်ကိုတွေကို စည်းဝေးနဲ့ အမှုဆောင်တွေကို ကျွန်တော်ခေါ်သွားနိုင်ပြီ။
ကျွန်းပေါ်မှသီအိုကရက်တစ်တိုးတက်မှုများ
၁၉၅၁ မှာအသင်းမက ပထမဆုံးကိုယ်စားလှယ်ကို ကျွန်တော်တို့ဆီလွှတ်လိုက်တယ်။ သူကတော့ တောင်အာဖရိကက ဂျေခဘတ်စ် ဗန်းစတားဒန်းဆိုတဲ့လူငယ်တစ်ယောက်ဖြစ်တယ်။ ကျယ်ဝန်းတဲ့အိမ်တစ်လုံးကို ပြောင်းရွှေ့ပြီးခါစဖြစ်တာကြောင့် သူ့ကိုတစ်နှစ်လုံးနေရာထိုင်ခင်းပေးနိုင်ခဲ့တယ်။ ကျွန်တော့်ကိုယ်ပိုင်လုပ်ငန်းနဲ့ ကျွန်တော်ဖြစ်တဲ့အတွက် ဟောပြောခြင်းလုပ်ငန်းမှာ သူနဲ့အတူ အချိန်များများပါဝင်နိုင်ခဲ့ပြီး သူ့ဆီကတန်ဖိုးရှိတဲ့လေ့ကျင့်မှုတွေ အများကြီးရခဲ့တယ်။
ဂျေခဘတ်စ် ဒါမှမဟုတ် ကျွန်တော်တို့ခေါ်နေကြဖြစ်တဲ့ ကပ်စ်ဟာ ကျွန်တော်တို့အားလုံးတပျော်တပါးတက်ရောက်ခဲ့ကြတဲ့ အသင်းတော်စည်းဝေးတွေကို မှန်မှန်ကျင်းပပေးခဲ့တယ်။ စိတ်ဝင်စားသူတွေ အားလုံးပေါင်းထဲမှာ ကားနှစ်စီးပဲရှိတာကြောင့် သွားလာဖို့ခက်ခဲခဲ့တယ်။ အဲဒီအချိန်က ဒီနယ်မြေဟာ တောင်ပူစာပေါများလို့ မညီမညာဖြစ်တဲ့အပြင် လမ်းကောင်းကောင်းဆိုတာမရှိသလောက်ပဲ။ ဒါကြောင့် စည်းဝေးကိုလူတိုင်းရောက်ဖို့ အတော်လေးကြိုးစားခဲ့ကြရတယ်။ တချို့က မနက်စောစောစလမ်းလျှောက်လာခဲ့ကြရတယ်။ ကျွန်တော့်ကားလေးနဲ့သုံးယောက်လောက်တင်ပြီး အတော်လေးဝေးတဲ့နေရာမှာချပေးလိုက်တယ်။ သူတို့ကားပေါ်ကဆင်းပြီး ဆက်လျှောက်ကြတယ်။ ပြန်လှည့်ပြီး နောက်ထပ်သုံးယောက်ကိုတင်၊ အတော်လေးလှမ်းတဲ့နေရာကိုရောက်တော့ သူတို့ကိုချပြီးပြန်လှည့်ခေါ်တင်လာပြန်ရော။ တဖြည်းဖြည်း ဒီနည်းနဲ့အားလုံးစည်းဝေးတက်ခဲ့ကြရတယ်။ စည်းဝေးပြီးတော့လည်း အဲဒီလိုပဲ အားလုံးကို အိမ်ပြန်ပို့ပေးခဲ့တယ်။
အိမ်ပေါက်ဝတွေမှာ ဘယ်လိုထိထိရောက်ရောက် ဟောရမယ်ဆိုတာကိုလည်း ကပ်စ်ကသင်ပေးခဲ့တယ်။ တွေ့ကြုံမှုကောင်းလေးတွေ အများကြီးရှိသလို သိပ်မကောင်းတာတွေလည်းရှိခဲ့တယ်။ ဒါပေမဲ့ လယ်ကွင်းဓမ္မအမှုကရတဲ့ပျော်ရွှင်မှုဟာ ကျွန်တော်တို့ရဲ့ဟောပြောခြင်းကို ဆန့်ကျင်တဲ့သူတွေကြောင့် ဖြစ်လာတဲ့အခက်အခဲအားလုံးထက် သာလွန်ပါတယ်။ တစ်မနက်မှာ ကပ်စ်နဲ့ကျွန်တော်အတူအမှုဆောင်နေတယ်။ အိမ်တစ်အိမ်အနားရောက်တော့ အထဲကအသံကြားရတယ်။ လူတစ်ယောက်က ကျမ်းစာကိုအသံကျယ်နဲ့ဖတ်နေတယ်။ ဟေရှာယအခန်းကြီး ၂ က ကျွန်တော်တို့နဲ့ရင်းနှီးပြီးသားစကားတွေကို ပီပီသသကြားနေရတယ်။ အခန်းငယ် ၄ ကိုရောက်တော့ ကျွန်တော်တို့တံခါးခေါက်လိုက်ရော။ ဖော်ရွေတဲ့အသက်ကြီးသူတစ်ယောက်က ကျွန်တော်တို့ကိုအိမ်ထဲဝင်ဖို့ဖိတ်တယ်၊ ကျွန်တော်တို့က ဟေရှာယ ၂:၄ ကိုသုံးပြီး ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကိုရှင်းပြခဲ့တယ်။ တကယ်ချောင်ကျတဲ့နေရာမှာသူနေပေမဲ့ သူနဲ့ကျမ်းစာသင်အံမှုစခဲ့ကြတယ်။ တောင်အောက်ကိုဆင်း၊ ကျောက်တုံးတွေကိုနင်းပြီး ချောင်းတစ်ခုကိုဖြတ်၊ နောက်တောင်တစ်လုံးကိုထပ်တက် ပြီးမှသူ့အိမ်ကိုဆင်းသွားခဲ့ကြရတယ်။ ဒါပေမဲ့ သွားရကျိုးနပ်ခဲ့ပါတယ်။ နှိမ့်ချမှုရှိတဲ့ အဲဒီအသက်ကြီးသူဟာ အမှန်တရားကိုလက်ခံခဲ့ပြီး နှစ်ခြင်းခံယူခဲ့တယ်။ စည်းဝေးကိုရောက်ဖို့အတွက် ကျန်တဲ့ခရီးကို ကျွန်တော့်ကားနဲ့သွားကြိုပေးနိုင်တဲ့နေရာရောက်တဲ့အထိ တုတ်ကောက်နှစ်ချောင်းနဲ့ သူလျှောက်လာခဲ့ရတယ်။ နောက်ပိုင်းမှာ သစ္စာရှိတဲ့သက်သေခံတစ်ယောက်အဖြစ် သူကွယ်လွန်ခဲ့တယ်။
ရဲအရာရှိက ကျွန်တော်တို့လုပ်ငန်းကိုဆန့်ကျင်ပြီး ကပ်စ်ကိုခဏခဏနှင်ထုတ်ဖို့ကြိုးစားခဲ့တယ်။ မေးခွန်းမေးဖို့အတွက် ကပ်စ်ကိုတစ်လတစ်ခါခေါ်တယ်။ ကပ်စ်ကအမြဲလိုလို ကျမ်းစာကနေတိုက်ရိုက်အဖြေပေးတာကြောင့် သူ့ကိုပိုနာကြည်းစေခဲ့တယ်။ သူ့ဆီရောက်တဲ့အခါတိုင်း ကပ်စ်ကိုမဟောပြောရဘူးလို့သတိပေးတယ်၊ ဒါပေမဲ့ အခါတိုင်း သတင်းတရားကို ကြားနာလိုက်ရတယ်။ စိန့်ဟယ်လီနာကနေ ကပ်စ်ထွက်သွားပြီးတဲ့နောက်ပိုင်းမှာတောင် လုပ်ငန်းကိုသူဆက်ဆန့်ကျင်ခဲ့တယ်။ တစ်နေ့ကျတော့ ကျန်းမာသန်စွမ်းတဲ့အရာရှိကြီးဟာ ချက်ချင်းဆိုသလိုဖျားပြီး ပိန်ပိန်လေးဖြစ်လာရော။ သူဘာဖြစ်တယ်ဆိုတာကို ဆရာဝန်တွေမသိနိုင်ခဲ့ဘူး။ အကျိုးဆက်ကတော့ ကျွန်းပေါ်ကနေသူပြောင်းရွှေ့သွားရရော။
နှစ်ခြင်းနှင့် မှန်မှန်တိုးတက်ခြင်း
ကပ်စ် ကျွန်တော်တို့ကျွန်းပေါ်ကိုရောက်ပြီး သုံးလအကြာမှာ သူက နှစ်ခြင်းပေးဖို့အချိန်တန်ပြီလို့ယူဆခဲ့တယ်။ သင့်တော်တဲ့ရေကန်ရှာတွေ့ဖို့ခက်တယ်။ ဒါနဲ့ တွင်းကြီးတစ်တွင်းတူး၊ အင်္ဂတေကိုင်ပြီး ရေအပြည့်ဖြည့်ဖို့ ကျွန်တော်တို့ဆုံးဖြတ်လိုက်ကြတယ်။ နှစ်ခြင်းမခံခင်ညမှာ မိုးရွာတာနဲ့ နောက်တစ်မနက်မှာ တွင်းထဲရေပြည့်လျှံနေတာတွေ့ရတော့ ပျော်လိုက်ကြတာ။
အဲဒီတနင်္ဂနွေမနက်မှာ ကပ်စ်ကနှစ်ခြင်းဟောပြောချက်ပေးခဲ့တယ်။ နှစ်ခြင်းယူမယ့်သူတွေ မတ်တတ်ထဖို့ပြောတဲ့အခါ ကျွန်တော်တို့ ၂၆ ယောက်ဟာ မေးနေကျမေးခွန်းတွေကိုဖြေဖို့ မတ်တတ်ရပ်ခဲ့ကြတယ်။ ကျွန်းပေါ်က ဦးဆုံးနှစ်ခြင်းယူခဲ့တဲ့သက်သေခံတွေဖြစ်ရတာ အခွင့်ထူးပါပဲ။ ကျွန်တော်နှစ်ခြင်းမယူခင် အာမဂေဒုန်လာမှာကို အမြဲတမ်းတွေးပူခဲ့တာကြောင့် အဲဒီနေ့ဟာ ကျွန်တော့်ဘဝမှာအပျော်ဆုံးနေ့ပါပဲ။
နောက်ဆုံးမှာ အသင်းတော်နှစ်ခုတည်ထောင်ခဲ့ကြတယ်၊ လယ်ဗယ်ဝုဒ်မှာတစ်ခုနဲ့ ဂျိမ်းစ်တောင်းမှာတစ်ခုဖြစ်တယ်။ အပတ်တိုင်းလိုလို အသင်းတော်တစ်ခုမှာ သီအိုကရက်တစ်ဓမ္မအမှုကျောင်းနဲ့ လုပ်ငန်းတော်စည်းဝေးကို စနေနေ့ညနေပိုင်းမှာကျင်းပဖို့ ကျွန်တော်တို့သုံးယောက် ဒါမှမဟုတ် လေးယောက်ဟာ ရှစ်မိုင်ခရီးသွားခဲ့ရတယ်။ တနင်္ဂနွေမနက်ပိုင်း လယ်ကွင်းလုပ်ငန်းပြီးတဲ့နောက် ကျွန်တော်တို့ရဲ့အသင်းတော်ကိုပြန်လာပြီး နေ့လယ်ပိုင်းနဲ့ညနေပိုင်းမှာ အဲဒီအစည်းအဝေးတွေကိုပဲ ပြန်ကျင်းပခဲ့ရတဲ့အပြင် ကင်းမျှော်စင်သင်တန်းကိုလည်း ကျင်းပခဲ့ကြရတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့အပတ်ကုန်ရက်တွေဟာ ပျော်စရာကောင်းတဲ့ သီအိုကရက်တစ်အလုပ်တွေနဲ့ပဲ အလုပ်များနေလေရော။ အချိန်ပြည့်ဟောပြောချင်ပေမဲ့ ကျွန်တော့်မှာ ကျွေးမွေးပြုစုရမယ့် မိသားစုရှိနေတယ်။ ဒါကြောင့် ၁၉၅၂ မှာ အတည်တကျနေထိုင်တဲ့ သွားစိုက်ဆရာတစ်ယောက်အဖြစ် အစိုးရလုပ်ငန်းကိုပြန်လုပ်ခဲ့တယ်။
၁၉၅၅ ကစပြီး အသင်းမရဲ့နယ်လှည့်ကိုယ်စားလှယ်၊ တိုက်နယ်ကြီးကြပ်မှူးတွေက ကျွန်တော်တို့ကျွန်းကို နှစ်တိုင်းလည်ပတ်ခဲ့ကြပြီး ကျွန်တော့်အိမ်မှာတည်းခဲ့ကြတယ်။ သူတို့ဟာ ကျွန်တော်တို့မိသားစုအပေါ် အပြုသဘောဆောင်တဲ့သြဇာညောင်းခဲ့ကြတယ်။ အဲဒီအချိန်လောက်မှာ အသင်းမရဲ့ရုပ်ရှင်သုံးကားကို ကျွန်းပေါ်မှာလိုက်ပြဖို့ အခွင့်ရခဲ့တယ်။
အားရကျေနပ်ဖွယ်ကောင်းသည့်မြင့်မြတ်သောအလိုတော်စည်းဝေးကြီး
၁၉၅၈ မှာ နယူးယောက်မြို့မှာကျင်းပတဲ့ မြင့်မြတ်သောအလိုတော် အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးကို တက်ရောက်ဖို့အတွက် အစိုးရလုပ်ငန်းကနေနားပြန်တယ်။ ဒီစည်းဝေးကြီးဟာ ယေဟောဝါကြောင့် ဝမ်းသာစရာအကြောင်းအများကြီးရှိစေတဲ့ အခွင့်အရေးတစ်ခုဖြစ်ပြီး ကျွန်တော့်ဘဝရဲ့မှတ်တိုင်တစ်ခုဖြစ်ခဲ့တယ်။ ကျွန်းပေါ်ကို မှန်မှန်သွားတဲ့ယာဉ်မရှိတဲ့အတွက် ငါးလခွဲကြာမှပြန်ရောက်တော့တယ်။ စည်းဝေးကြီးအစီအစဉ်က မနက်ကိုးနာရီကနေ ညကိုးနာရီအထိဖြစ်ပြီး ရှစ်ရက်ကြာတယ်။ ဒါပေမဲ့ တစ်ခါမှပင်ပန်းတယ်မရှိပဲ နောက်တစ်ရက်ကိုမျှော်ခဲ့တယ်။ အစီအစဉ်မှာနှစ်မိနစ်ကြာ စိန့်ဟယ်လီနာကိုကိုယ်စားပြုခွင့်ရခဲ့တယ်။ ရန်ကီးအားကစားကွင်းနဲ့ ပိုလိုကွင်းကလူအုပ်ကြီးကို စကားပြောဆိုရတာ တကယ်ချောက်ချားစရာကောင်းလို့ စိတ်မနည်းတင်းထားရတဲ့အတွေ့အကြုံပါပဲ။
စည်းဝေးကြီးက ရှေ့ဆောင်လုပ်ဖို့ကျွန်တော့်ရဲ့သန္နိဋ္ဌာန်ကို ခိုင်မာစေခဲ့တယ်။ “ဘုရားသခင့်နိုင်ငံတော်အုပ်စိုးခြင်း—ကမ္ဘာ့ဆုံးခန်းနီးပြီလော” ဆိုတဲ့လူထုဟောပြောချက်က အထူးအားပေးမှုဖြစ်စေခဲ့တယ်။ စည်းဝေးကြီးပြီးတဲ့နောက် ဘရွတ်ကလင်မှာရှိတဲ့ အသင်းမဌာနချုပ်ကိုသွားပြီး စက်ရုံကိုလှည့်ပတ်ကြည့်ခဲ့ကြတယ်။ စိန့်ဟယ်လီနာရဲ့တိုးတက်မှုအကြောင်းကို အဲဒီအချိန်က ကင်းမျှော်စင်အသင်းရဲ့ ဥက္ကဋ္ဌညီအစ်ကိုနောရ်ကို ကျွန်တော်ပြောပြခဲ့ရတယ်။ တစ်နေ့ကျရင် ကျွန်းပေါ်ကိုသူလာလည်ဦးမယ်လို့ပြောတယ်။ ဟောပြောချက်အားလုံးကိုအသံသွင်းခဲ့ပြီး မိသားစုနဲ့ မိတ်ဆွေတွေကိုပြန်ပြဖို့ စည်းဝေးကြီးကို ရုပ်ရှင်ရိုက်ခဲ့ကြတယ်။
အချိန်ပြည့်လုပ်ငန်းတော်ဆိုင်ရာပန်းတိုင်ပြည့်မီခြင်း
ပြန်ရောက်တော့ ကျွန်းပေါ်မှာသွားစိုက်ဆရာတစ်ယောက်မှမရှိတာကြောင့် အရင်အလုပ်ပြန်ရခဲ့တယ်။ ဒါပေမဲ့ အချိန်ပြည့်ဓမ္မအမှုမှာပါဝင်ဖို့ရည်ရွယ်ထားကြောင်း ရှင်းပြခဲ့တယ်။ အတော်လေးဆွေးနွေးပြီးတဲ့နောက် တစ်ပတ်မှာခြောက်ရက်လုပ်တုန်းကထက် ပိုပြီးများတဲ့လစာနဲ့ တစ်ပတ်မှာသုံးရက်လုပ်နိုင်တယ်ဆိုပြီး သဘောတူခဲ့ကြတယ်။ “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေးဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကိုထပ်၍ ပေးတော်မူလတ္တံ့” ဆိုတဲ့ယေရှုရဲ့စကားတွေမှန်ကြောင်း သက်သေထူတယ်။ (မဿဲ ၆:၃၃) ကျွန်းပေါ်က တောင်ပူစာပေါများတဲ့နယ်မြေမှာ ခြေထောက်မသန်မစွမ်းနဲ့ခရီးသွားရတာ ကျွန်တော့်အတွက်အမြဲမလွယ်ပါဘူး။ ဒါပေမဲ့လို့ ၁၄ နှစ်ရှေ့ဆောင်နိုင်ခဲ့ပြီး ကျွန်းသားချင်းအတော်များများကို အမှန်တရားသင်ပေးနိုင်ခဲ့တယ်—အဲဒါက ပိုပြီးဝမ်းသာစရာအကြောင်းဖြစ်တာ အမှန်ပါပဲ။
၁၉၆၁ မှာ အစိုးရက ကျွန်တော့်ကို ပိုပြီးကျွမ်းကျင်တဲ့သွားစိုက်ဆရာဖြစ်လာအောင် အခမဲ့နှစ်နှစ်သင်တန်းတက်ဖို့ ဖီဂျီကျွန်းကိုပို့ချင်ခဲ့တယ်။ ကျွန်တော့်ရဲ့မိသားစုကိုတောင် လိုက်ပါစေမယ်လို့ ကမ်းလှမ်းကြတယ်။ ဒါက အတော်မက်မောစရာကောင်းခဲ့ပေမဲ့ အလေးအနက်စဉ်းစားပြီးတဲ့နောက် ကျွန်တော်ငြင်းလိုက်တယ်။ အဲလောက်အကြာကြီး ညီအစ်ကိုတွေနဲ့ခွဲမသွားချင်ဘူး၊ ပြီးတော့ သူတို့နဲ့အတူအမှုဆောင်ရတဲ့အခွင့်ထူးကို ကျွန်တော်မဆုံးရှုံးချင်ဘူး။ အဲဒီခရီးကိုစီစဉ်ခဲ့တဲ့ ကျန်းမာရေးမှူးက အရမ်းဝမ်းနည်းတာပဲ။ သူက “အဆုံးသိပ်နီးနေပြီလို့ မင်းထင်ရင်တောင် ဒီအတောအတွင်းရှာလို့ရမယ့်ငွေတွေကို မင်းသုံးနေလို့ရတာပဲ” ဆိုပြီးပြောတယ်။ ဒါပေမဲ့ ကျွန်တော့်စိတ်က ခိုင်ခိုင်မာမာပဲ။
နောက်တစ်နှစ်ကျတော့ တောင်အာဖရိကမှာ အသင်းတော်ကြီးကြပ်မှူးများအတွက် တစ်လကြာသင်တန်းဖြစ်တဲ့ ဘုရားသခင့်နိုင်ငံတော်ဓမ္မအမှုကျောင်းကို တက်ဖို့ဖိတ်ခေါ်ခံခဲ့ရတယ်။ အသင်းတော်တာဝန်တွေကို ပိုပြီးထိထိရောက်ရောက်ကိုင်တွယ်ဖို့ ထောက်ကူပေးတဲ့အဖိုးတန်ညွှန်ကြားမှုကိုရရှိကြတယ်။ ကျောင်းပြီးတဲ့နောက် နယ်လှည့်ကြီးကြပ်မှူးတစ်ယောက်နဲ့အတူအမှုဆောင်ရင်း နောက်ထပ်လေ့ကျင့်မှုရရှိခဲ့ပါတယ်။ အဲဒီနောက် စိန့်ဟယ်လီနာကျွန်းပေါ်က အသင်းတော်နှစ်ခုရဲ့ အရန်တိုက်နယ်ကြီးကြပ်မှူးတစ်ယောက်အဖြစ် ဆယ်နှစ်ကျော်အမှုထမ်းခွင့်ရခဲ့တယ်။ အချိန်တန်တော့ အရည်အချင်းပြည့်မီတဲ့တခြားညီအစ်ကိုတွေရှိလာပြီး အလှည့်ကျစနစ်နဲ့ လှည့်ခဲ့ကြရတယ်။
ဒီအတောအတွင်း ဂျိမ်းစ်တောင်းကနေ ပိုပြီးလိုအပ်တဲ့လယ်ဗလ်ဝုဒ်ကို ကျွန်တော်တို့ပြောင်းရွှေ့ခဲ့ကြပြီး အဲဒီမှာဆယ်နှစ်နေခဲ့ကြတယ်။ အဲဒီအချိန်အတွင်း ကျွန်တော်ဟာ ရှေ့ဆောင်လည်းလုပ်၊ အစိုးရအတွက်တစ်ပတ်မှာသုံးရက်အလုပ်လုပ်ပြီး ကုန်စုံဆိုင်လေးကိုလည်းဦးစီးလုပ်ကိုင်လိုက်နဲ့ မနားတမ်းအလုပ်များနေခဲ့တယ်။ အဲဒီအပြင် အသင်းတော်ကိစ္စတွေကိုလည်း အာရုံစိုက်နေရပြီး ကြီးပြင်းလာနေတဲ့ ကလေးလေးယောက်ကိုပါ ကြည့်ရှုပြုစုပေးနေကြရတယ်။ ကျော်လွှားနိုင်ဖို့ သုံးရက်တာအလုပ်ကထွက်၊ ဆိုင်ကိုရောင်းပြီး တောင်အာဖရိက၊ ကိပ်တောင်းမြို့မှာ သုံးလကြာအားလပ်ချိန်ယူဖို့ မိသားစုကိုခေါ်သွားတယ်။ အဲဒီနောက် အစဲန်းရှင်းကျွန်းမှာ တစ်နှစ်သွားနေခဲ့ကြတယ်။ အဲဒီအတောအတွင်း ကျမ်းစာအသိပညာကိုရဖို့ လူအတော်များများကိုကူညီပေးနိုင်ခဲ့တယ်။
စိန့်ဟယ်လီနာကျွန်းကိုပြန်ရောက်တဲ့အခါ ဂျိမ်းစ်တောင်းမြို့မှာ ပြန်နေထိုင်ကြတယ်။ ဘုရားသခင့်နိုင်ငံတော်ခန်းမနဲ့ကပ်လျက်အိမ်ကို ကျွန်တော်တို့ပြုပြင်လိုက်တယ်။ စားဝတ်နေရေးအတွက် ကျွန်တော့်သားဂျောန်နဲ့ ကျွန်တော်ဟာ ဖော့တ်ထရပ်ကားတစ်စီးကို ရေခဲမုန့်ယာဉ်အဖြစ်ပြုပြင်လိုက်ပြီး နောက်ငါးနှစ်အထိ ရေခဲမုန့်ရောင်းခဲ့ကြတယ်။ လုပ်ငန်းစလို့မကြာခင်မှာ မတော်တဆယာဉ်မှောက်ပြီး ကျွန်တော့်ခြေထောက်ဟာ ကားဖိခံရတယ်။ ဒါနဲ့ ဒူးအောက်ပိုင်းကအကြောတွေထုံသွားပြီး သုံးလကြာမှနာလန်ပြန်ထူနိုင်ခဲ့တယ်။
အတိတ်နှင့်အနာဂတ်မှ ကြွယ်ဝသောကောင်းချီးများ
နှစ်တွေတစ်လျှောက် နောက်ထပ်ဝမ်းသာစရာ ကောင်းချီးအများကြီးရရှိခဲ့ကြတယ်။ ကောင်းချီးတွေထဲကတစ်ခုကတော့ ၁၉၈၅ မှာ တောင်အာဖရိကမှာကျင်းပတဲ့ ပြည်လုံးကျွတ်စည်းဝေးကြီးကိုတက်ရောက်ပြီး ဆောက်လုပ်ဆဲဗေသလအိမ်သစ်ကို လည်ပတ်ခွင့်ရခဲ့တာဖြစ်တယ်။ နောက်တစ်ခုကတော့ ဂျိမ်းစ်တောင်းမြို့အနီးမှာ လှပတဲ့အစည်းအဝေးကြီးခန်းမတစ်လုံးကို ကျွန်တော့်သားဂျောန်နဲ့အတူ ပါဝင်ဆောက်လုပ်ခွင့်ရခဲ့တာဖြစ်တယ်။ ကျွန်တော်တို့ရဲ့သားသုံးယောက်ဟာ အကြီးအကဲတွေအဖြစ် အမှုထမ်းနေကြပြီး မြေးတစ်ယောက်က တောင်အာဖရိကဗေသလမှာ အမှုထမ်းနေတဲ့အတွက်လည်း ပျော်ရွှင်ရပါတယ်။ ပြီးတော့ ကျွန်တော်တို့ဟာ ကျမ်းစာအသိပညာရဖို့ လူအတော်များများကို ကူညီပေးရလို့ တကယ့်ကိုပျော်ရွှင်ကျေနပ်တယ်။
ကျွန်တော်တို့ရဲ့အမှုဆောင်ရပ်ကွက်မှာ လူဦးရေ ၅,၀၀၀ လောက်ပဲရှိလို့ အတော်လေးကျဉ်းတယ်။ ဒါပေမဲ့ ရပ်ကွက်တစ်ခုကို ထပ်ခါထပ်ခါအမှုဆောင်ရလို့ အကျိုးအများကြီးခံစားခဲ့ရတယ်။ ကျွန်တော်တို့နဲ့ ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံတဲ့လူနည်းတယ်။ စိန့်ဟယ်လီနာကျွန်းဟာ ဖော်ရွေတယ်လို့လူသိများပြီး ဘယ်ကိုပဲသွားသွား—လမ်းလျှောက်သွားသွား၊ ကားမောင်းသွားသွား—နှုတ်ဆက်ခံရလိမ့်မယ်။ ကျွန်တော်သတိထားမိတာက လူတွေကိုသိလာလေ သူတို့ကိုသက်သေခံဖို့ပိုလွယ်ကူလေပဲ။ အတော်များများက နိုင်ငံရပ်ခြားကိုပြောင်းရွှေ့သွားခဲ့တာတောင် အခုကျွန်တော်တို့မှာ ကြေညာသူ ၁၅၀ ရှိတယ်။
သားသမီးတွေ ကြီးကုန်ပြီး အိမ်ခွဲကြပြီဆိုတော့ အိမ်ထောင်သက် ၄၈ နှစ်ကြာပြီးနောက် ကျွန်တော်တို့နှစ်ယောက်တည်းပဲရှိတော့တယ်။ နှစ်တွေတစ်လျှောက် စမ်းသပ်မှုတွေကြားက ယေဟောဝါကိုပျော်ပျော်ရွှင်ရွှင်ဆက်အမှုဆောင်နိုင်ဖို့ ကျွန်တော့်ဇနီးကသစ္စာရှိရှိထောက်ကူပေးခဲ့တယ်။ ကျွန်တော်တို့ကာယခွန်အားဆုတ်ယုတ်လာပေမဲ့ ဝိညာဉ်ခွန်အားကတော့ နေ့တိုင်းအသစ်ပြန်ဖြစ်လာနေပါတယ်။ (၂ ကောရိန္သု ၄:၁၆) အသက် ၁၇ နှစ်အရွယ်ကထက် ကျွန်တော့်ကျန်းမာရေးပိုကောင်းလာမယ့် အံ့ဩစရာကောင်းတဲ့အနာဂတ်ကို ကျွန်တော်နဲ့အတူ ကျွန်တော့်မိသားစုနဲ့မိတ်ဆွေတွေပါ စောင့်မျှော်နေကြပါတယ်။ ကျွန်တော်အဖြစ်ချင်ဆုံးဆန္ဒကတော့ ဘက်စုံစုံလင်ဖို့နဲ့ အရေးအကြီးဆုံးက ကျွန်တော်တို့ကိုမေတ္တာနဲ့ကြည့်ရှုစောင့်ရှောက်တဲ့ ယေဟောဝါဘုရားသခင်နဲ့ အုပ်စိုးနေပြီဖြစ်တဲ့ ကိုယ်တော်ရဲ့ဘုရင်ယေရှုခရစ်တို့ကို ထာဝစဉ်ဝတ်ပြုသွားဖို့ပါပဲ။—နေဟမိ ၈:၁၀။
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ဂျော့ဂ်ျစကီပီယိုနှင့် အကြီးအကဲများအဖြစ်အမှုထမ်းနေသော သားသုံးဦး
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
ဂျော့ဂ်ျစကီပီယိုနှင့် သူ့ဇနီးဒေါရစ္စ