အဘယ်ကြောင့် သင်ဆုတောင်းသင့်သနည်း
“ဆုတောင်းလျှင်လည်း . . . အလွဲတောင်းသောကြောင့်မရကြ။ ဘုရားသခင်၌ချဉ်းကပ်ကြလော့။ သို့ပြုလျှင် သင်တို့၌ချဉ်းကပ်တော်မူလိမ့်မည်။” (ယာကုပ် ၄:၃၊ ၈) ယေရှု၏တပည့်တော်ယာကုပ်၏ ထိုစကားများက ကျွန်ုပ်တို့ဆုတောင်းရခြင်း၏အကြောင်းရင်းကို စဉ်းစားသုံးသပ်ရန် ကောင်းစွာလှုံ့ဆော်ပေမည်။
ဆုတောင်းခြင်းသည် ကျွန်ုပ်တို့လိုအပ်ရာများကို ဘုရားသခင်အား ပြောပြနေခြင်းမျှသာမဟုတ်ပါ။ ယေရှု၏ကျော်ကြားသော တောင်ပေါ်တရားတော်တွင် “သင်တို့အလိုရှိသမျှတို့ကို သင်တို့မတောင်းမီ သင်တို့အဘသိတော်မူ၏” ဟူ၍ ကိုယ်တော်မိန့်ခဲ့သည်။ သို့တိုင် ယေရှုက “ဆက်သာတောင်းနေ၊ တောင်းလျှင်ရမည်” ဟုလည်းမိန့်ဆိုခဲ့၏။ (မဿဲ ၆:၈; ၇:၇၊ ကဘ) ထို့ကြောင့် ယေဟောဝါသည် ကျွန်ုပ်တို့အား မိမိတို့လိုအပ်သည်ဟု ထင်မှတ်ရာကို ပြောပြစေလိုသည်။ သို့ရာတွင် ဆုတောင်းခြင်းသည် ထိုမျှမကပါ။
မိတ်ဆွေစစ်များသည် တစ်ခုခုလိုအပ်သောအခါမှသာ ပြောဆိုဆက်သွယ်ကြခြင်းမဟုတ်။ တစ်ဦးကိုတစ်ဦး စိတ်ဝင်စားကြပြီး မိမိတို့၏ခံစားချက်များကို ထုတ်ဖော်ပြောဆိုသောအခါ သူတို့၏ရင်းနှီးမှုသည် ကြီးထွားလာ၏။ အလားတူ၊ ဆုတောင်းခြင်းတွင် လိုအပ်ရာများကို တောင်းဆိုရုံထက်မကသော သာ၍ကြီးမားသည့် ရည်ရွယ်ချက်တစ်ခုရှိသည်။ ယေဟောဝါအား စိတ်ရောကိုယ်ပါဆက်ကပ်အပ်နှံကြောင်း ဖော်ပြခြင်းဖြင့် ကိုယ်တော်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကို ခိုင်ခံ့စေရန် အခွင့်အရေးရရှိစေသည်။
မှန်ပါသည်၊ ဘုရားသခင်သည် မိမိထံချဉ်းကပ်နိုင်ရန် ဆုတောင်းခြင်းအခွင့်အရေးကို ကျွန်ုပ်တို့အား ပေးသနားထားသည်။ ၎င်းသည် အလွတ်ကျက်မှတ်ထားသော ဆုတောင်းချက်များကိုရွတ်မည့်အစား ဘုရားသခင်အား ကျွန်ုပ်တို့ကိုယ်နှိုက်၏ခံစားချက်များကို ဖော်ပြမှသာလျှင် ထိုသို့ဖြစ်နိုင်မည်ဖြစ်သည်။ ဆုတောင်းခြင်းဖြင့် ယေဟောဝါနှင့်စကားပြောရခြင်းမှာ အလွန်နှစ်ခြိုက်စရာပင်! ထို့ပြင် ကျမ်းစာပါပညာရှိစကားတစ်ခွန်းက “သဘောဖြောင့်သောသူ ဆုတောင်း[ခြင်း] . . . ကိုကားနှစ်သက်တော်မူ၏” ဟူ၍ဆိုသည်။—သု. ၁၅:၈။
“အကျွန်ုပ်မူကား ဘုရားသခင့်ထံတော်သို့ချဉ်းကပ်၍ အကျိုးရှိပါ၏” ဟုဆာလံဆရာအာသပ်က သီဆိုသည်။ (ဆာလံ ၇၃:၂၈) သို့သော် ဘုရားသခင့်ထံတော်သို့ချဉ်းကပ်ရန် ဆုတောင်းခြင်းထက်မက ပြုလုပ်ရမည်ဖြစ်သည်။ အောက်ပါအဖြစ်အပျက်က ၎င်းကိုမည်သို့ဖော်ပြသည်ကို သတိပြုပါ–
“[ယေရှု၏] တပည့်တော်တစ်ယောက်က ‘သခင်၊ ဆုတောင်းစေခြင်းငှာ . . . အကျွန်ုပ်တို့အား နည်းပေးတော်မူပါ’ ဟုလျှောက်” ခဲ့သည်။ ယေရှုက “သင်တို့ဆုတောင်းလျှင် မြွက်ဆိုရမည်မှာ၊ ‘ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော။ နိုင်ငံတော်တည်ထောင်ပါစေသော’” ဟူ၍ ဆုတောင်းရမည်ဟု ပြန်မိန့်ခဲ့သည်။ (လုကာ ၁၁:၁၊ ၂) ကျွန်ုပ်တို့သည် ဘုရားသခင်၏နာမတော်နှင့် ယင်းကိုမည်သို့သန့်ရှင်းစေမည်ကို ဦးစွာသိမထားဘဲ အဆိုပါနည်းဖြင့် အဓိပ္ပာယ်ရှိရှိဆုတောင်းနိုင်ပါမည်လော။ ထို့ပြင် ဘုရားသခင့်နိုင်ငံတော်သည် အဘယ်အရာဖြစ်သည်ကို သဘောမပေါက်ထားလျှင် ယေရှု၏အဆိုပါစကားတော်နှင့်အညီ ဆုတောင်းနိုင်ပါမည်လော။ သမ္မာကျမ်းစာကို သေချာစွာဆန်းစစ်လေ့လာလျှင် ဤအကြောင်းအရာများကို နားလည်သဘောပေါက်နိုင်သည်။ သို့ဖြင့် ရရှိခဲ့သောအသိပညာသည် ဘုရားသခင်ကိုသိရှိရန်နှင့် ကိုယ်တော်၏နည်းလမ်းတော်များကို နားလည်သဘောပေါက်ရန် ထောက်ကူပေးပါလိမ့်မည်။ ၎င်းပြင် ယေဟောဝါဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်လာခြင်းသည် ကိုယ်တော်နှင့်ကျွန်ုပ်တို့နီးစပ်မှုရှိသည်ဟု ခံစားစေပြီး သာ၍ချစ်မြတ်နိုးလာစေလိမ့်မည်။ သို့နှင့် ယင်းသည် ဆုတောင်းရာတွင် ကိုယ်တော်နှင့်ပို၍လွတ်လွတ်လပ်လပ် စကားပြောဆိုရန် ကူညီပေးမည်ဖြစ်သည်။
ဆုတောင်းခြင်းဖြင့် ပြဿနာများကို ဖြေရှင်းနိုင်
ယေဟောဝါနှင့် ရင်းနှီးသောဆက်ဆံရေးကို ပျိုးထောင်ခြင်းသည် ပြဿနာများကိုဖြေရှင်းရန် ကျွန်ုပ်တို့ကို ထောက်ကူပေးပါလိမ့်မည်။ အောက်ပါအဖြစ်အပျက်အသီးသီး၌ ထိုသို့ဖြစ်ခဲ့ပုံကို သတိပြုပါ။ ဆုတောင်းသူများသည် ယေဟောဝါနှင့်သူတို့၏ဆက်ဆံရေးကို ခိုင်ခံ့စေနိုင်ခဲ့ကြောင်း ယင်းတို့က ဖော်ပြသည်။
ဘရာဇီးမှ မားရီအာအမည်ရှိအမျိုးသမီးတစ်ဦးသည် အကူအညီပေးရန် ဘုရားသခင်ထံဆုတောင်းခဲ့သည်။ သူသည် လူ့အဖွဲ့အစည်း၌ ဟန်ဆောင်မှုကိုတွေ့မြင်ခဲ့သောကြောင့် လက်ခံထားသည့်အကျင့်အကြံစံနှုန်းအချို့ကို ဖီဆန်လိုခဲ့၏။ မားရီအာသည် သူ၏ခင်ပွန်း၊ သားသမီးများနှင့် အိမ်ကိုပင် စွန့်ပစ်ထားခဲ့သည်။ မူးယစ်ဆေးဝါးကိုလည်း စတင်သုံးစွဲခဲ့သည်။ သို့ရာတွင် သူသည် ပျော်ရွှင်မှုကို မတွေ့သောအခါ ဘုရားသခင်အား ရင်ဖွင့်ပြီးအကူအညီပေးရန် ဆုတောင်းခဲ့သည်။
မကြာမီ မားရီအာထံ ယေဟောဝါသက်သေနှစ်ဦးရောက်လာပြီး ဘုရားသခင့်လမ်းညွှန်မှုများကို လက်ခံခြင်း၏တန်ဖိုးအကြောင်းပါရှိသည့် ကင်းမျှော်စင်ကို ပေးခဲ့၏။ ၎င်းသည် သူ၏နှလုံးကိုထိမိခဲ့သောကြောင့် ထိုနေ့၌ပင် သက်သေခံများနှင့် ကျမ်းစာစလေ့လာခဲ့သည်။ နောက်ဆုံးတွင် သူ၏မိသားစုဘဝသည် ပုံမှန်အခြေအနေပြန်ရောက်ခဲ့သည်။ သူသည် ယေဟောဝါအကြောင်းသိလာသည်နှင့်အမျှ ကိုယ်တော်အပေါ်ထားသည့် သူ၏မေတ္တာကို ဖော်ပြလိုခဲ့၏။ “ကျွန်မရဲ့အကျင့် ကောင်းလာအောင် ပြုပြင်မှုတွေပြုလုပ်ခဲ့တယ်။ ပထမတော့ ကျွန်မရဲ့ခင်ပွန်းနဲ့မိသားစုက ကျွန်မကျမ်းစာသင်အံမှုပြုလုပ်တာကို ကန့်ကွက်ခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်မရဲ့ပြုပြင်ပြောင်းလဲမှုတွေကို သူတို့တွေ့တဲ့အခါ ကျွန်မကိုအားပေးခဲ့ကြတယ်” ဟုမားရီအာပြောပြခဲ့သည်။ နောက်ပိုင်းတွင် မားရီအာသည် ကိုယ်တော့်အမှုတော်ကိုထမ်းဆောင်ဖို့ ဆုတောင်းခြင်းကို နားထောင်တော်မူသောအရှင်ထံ သူ၏ဘဝကို ဆက်ကပ်အပ်နှံခဲ့၏။
ဘိုလီးဗီးယားနိုင်ငံမှ ဟိုဆေးတွင် လှပသောဇနီးရှိသည့်အပြင် စီးပွားရေးကောင်းသူတစ်ဦးဖြစ်သော်လည်း ပျော်ရွှင်မှုမရှိချေ။ အိမ်ထောင်ဖက်မဟုတ်သူနှင့်မှားယွင်းမှုကြောင့် သူ၏ဇနီးသည် သူ့အားစွန့်ခွာသွားသည်။ သူသည် အရက်ကိုအလွန်အကျွံသောက်ကာ အသုံးမကျသူဟုခံစားခဲ့ရသည်။ “စိတ်ရင်းမှန်နဲ့ စဆုတောင်းခဲ့ပြီး ဘုရားသခင်ကြိုက်နှစ်သက်အောင် ကျွန်တော်ဘာလုပ်သင့်သလဲဆိုပြီး မေးခဲ့တယ်။ မကြာခင် ယေဟောဝါသက်သေတွေ ကျွန်တော်အလုပ်ခွင်ကိုရောက်လာပြီး အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှု ကမ်းလှမ်းခဲ့ပေမဲ့ ကျွန်တော်လက်မခံခဲ့ဘူး။ သုံးခါအထိ လက်မခံခဲ့ဘူး။ ကူညီပေးဖို့ကျွန်တော်ဆုတောင်းတိုင်း သူတို့ရောက်လာတယ်။ နောက်ဆုံးမှာတော့ ဒီတစ်ခါ နားထောင်မယ်ဆိုပြီး ကျွန်တော်ဆုံးဖြတ်ခဲ့တယ်။ ကျမ်းစာတစ်အုပ်လုံးကိုဖတ်ပြီး မေးခွန်းအများကြီးမေးခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော်ကျေနပ်တဲ့အဖြေတွေကို သူတို့အမြဲတမ်းပေးခဲ့တယ်။ ယေဟောဝါအကြောင်းသိရှိရတာဟာ ဘဝမှာရည်ရွယ်ချက်အသစ်ဖြစ်စေခဲ့ပြီး သက်သေခံတွေထဲက ကျွန်တော့်မိတ်ဆွေတွေဟာ အားတက်စရာပုံသက်သေတွေပါပဲ! ကျွန်တော့်ရည်းစားနဲ့၊ သောက်ဖော်သောက်ဖက်တွေကို အဆက်ဖြတ်ခဲ့တယ်။ မကြာခင်မှာ ကျွန်တော့်ဇနီးနဲ့ကလေးတွေနဲ့ ပြန်ပေါင်းစည်းခဲ့တယ်။ ၁၉၉၉ ခုနှစ်အစောပိုင်းမှာ ကျွန်တော်နှစ်ခြင်းခံခဲ့တယ်” ဟုဟိုဆေးပြောပြသည်။
အီတလီနိုင်ငံမှ တားမာရ်အား၏အိမ်ထောင်သည် ပြဿနာများတက်နေရာ သူသည် ဉာဏ်ပညာပေးဖို့ ဆုတောင်းခဲ့၏။ သူ၏ ရန်လိုတတ်သောသဘောထားကြောင့် အရိုက်ခံခဲ့ရပြီး ၁၄ နှစ်အရွယ်တွင် မိသားစု၏စွန့်ပယ်ခြင်းကို ခံခဲ့ရသည်။ “သမ္မာကျမ်းစာကို တွေ့ရှိခဲ့ပြီးနောက်မှာ စဖတ်ခဲ့တယ်။ တစ်ညနေမှာ ‘ဉာဏ်ပညာကိုရှာတွေ့ခြင်းဟာ ဝှက်ထားတဲ့ဘဏ္ဍာကို ရှာတွေ့တာနဲ့တူတယ်’ ဆိုတာကို ကျွန်မဖတ်ခဲ့တယ်။ အဲဒီဉာဏ်ပညာပေးဖို့ ကျွန်မဆုတောင်းခဲ့တယ်။ (သု. ၂:၁-၆) နောက်မနက်မှာ ယေဟောဝါသက်သေတွေ ရောက်လာပါတယ်။ သူတို့နဲ့ ကျမ်းစာသင်အံမှုစခဲ့ပေမဲ့ ကျွန်မသိရှိရာတွေကို လက်တွေ့ကျင့်သုံးဖို့ အတော်ကြာကြာအချိန်ယူခဲ့ရတယ်။ နောက်ဆုံးတော့ ခရစ်ယာန်ဘဝလမ်းစဉ်အတိုင်း လျှောက်လှမ်းဖို့ ဆုံးဖြတ်ပြီး နှစ်ခြင်းခံခဲ့တယ်။ အခုတော့ ကျွန်မခင်ပွန်းနဲ့အတူ အခြားသူတွေကို ဘုရားသခင့်ဉာဏ်ပညာကနေ အကျိုးကျေးဇူးရရှိဖို့ ကူညီပေးနေပါပြီ” ဟုတားမာရ်အားက ပြောပြသည်။
ဘီအာထရစ်သည် ဗင်နီဇွဲလား၊ ကဲရကတ်စ်မြို့မှ အထက်တန်းလွှာအသိုင်းအဝိုင်းမှဖြစ်သည်။ သို့ရာတွင် သူသည် အိမ်ထောင်ကွဲပြီး စိတ်မချမ်းမသာဖြစ်နေသည်။ ကြံရာမရဖြစ်ကာ သူသည် တစ်ခါတွင် နာရီနှင့်ချီပြီး ဆုတောင်းခဲ့သည်။ နောက်မနက်တွင် တံခါးခေါင်းလောင်းမြည်လာသည်။ စိတ်တိုစွာဖြင့် ချောင်းကြည့်ပေါက်မှကြည့်လိုက်သောအခါ လက်ဆွဲအိတ်ကိုင်ထားသော လူနှစ်ဦးကိုတွေ့ခဲ့သည်။ အိမ်တွင်လူမရှိဟန်ဆောင်ခဲ့သည်၊ သို့သော် ထိုဇနီးမောင်နှံသည် မထွက်သွားမီ လက်ကမ်းကြော်ငြာတစ်စောင်ကို တံခါးအောက်တွင် ထိုးထည့်သွားသည်။ “သင့်ကျမ်းစာကို နားလည်ပါ” ဟုရေးထားသည်။ သူတို့ရောက်ရှိလာခြင်းသည် ယင်းမတိုင်မီ ည၌သူ၏ဆုတောင်းခြင်းနှင့် ဆက်စပ်မှုရှိနိုင်သလော။ သူသည် သူတို့ကိုပြန်လာဖို့ ဖိတ်ခေါ်ခဲ့သည်။ မကြာမီ သူသည် ကျမ်းစာသင်အံမှုပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် နှစ်ခြင်းခံခဲ့သည်။ ဘီအာထရစ်သည် နောက်ဆုံး၌ ပျော်ရွှင်မှုရခဲ့ပြီး ယခု သူသည် ပျော်ရွှင်မှုရှာတွေ့ပုံကို အခြားသူများအား သွန်သင်ပေးလျက်ရှိသည်။
ကာရ်မဲန်သည် ဆင်းရဲနွမ်းပါးမှုနှင့်ရုန်းကန်နေရခြင်းနှင့်ပတ်သက်ပြီး ဆုတောင်းခဲ့သည်။ သူ့တွင် ကလေးဆယ်ယောက်ရှိပြီး သူ၏ခင်ပွန်းရာဖာအဲလ်မှာ အရက်သမားဖြစ်သည်။ “အဝတ်လျှော်ပြီး ပိုက်ဆံရှာခဲ့တယ်” ဟုကာရ်မဲန်က ပြောခဲ့သည်။ သို့သော် ရာဖာအဲလ်၏အရက်သောက်သည့်အကျင့်မှာ ဆိုးသည်ထက်ဆိုးလာသည်။ “ယေဟောဝါသက်သေတွေနဲ့ ကျွန်မတို့ ကျမ်းစာသင်အံမှုစတဲ့အခါမှသာ ကျွန်မခင်ပွန်းစတင်ပြောင်းလဲလာခဲ့တယ်။ မကြာခင်မှာ ဆင်းရဲနွမ်းပါးမှုနဲ့နှိပ်စက်ညှဉ်းပန်းမှုတွေကို ဒီကမ္ဘာကနေ ယေဟောဝါဖယ်ရှားပေးတော့မယ်ဆိုတဲ့ ဘုရားသခင့်နိုင်ငံတော်ကတိတော်တွေကို ကျွန်မတို့သိရှိခဲ့ကြရတယ်။ ဘုရားသခင်ထံ ကျွန်မရဲ့ဆုတောင်းချက်ဟာ နောက်ဆုံးမှာ အဖြေရခဲ့ပါတယ်!” ယေဟောဝါ၏နည်းလမ်းတော်များကို သိရှိခြင်းသည် ရာဖာအဲလ်အား အရက်သောက်ခြင်းကို ရပ်တန့်စေရန်ကူညီပေးပြီး သူသည် ‘ဥပဓိရုပ်သစ်’ ကိုဝတ်ဆင်ခဲ့သည်။ (ဧဖက် ၄:၂၄) သူနှင့်သူ၏မိသားစုသည် သူတို့၏လူနေမှုအဆင့်တန်းကို တိုးတက်စေနိုင်ခဲ့ကြသည်။ ရာဖာအဲလ်က “ကျွန်တော်တို့မချမ်းသာပါဘူး၊ ကိုယ်ပိုင်အိမ်လည်းမရှိဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ ဘဝလိုအပ်ရာတွေတော့ရှိတယ်၊ ကျွန်တော်တို့ပျော်ရွှင်နေပါပြီ” ဟူ၍ပြောသည်။
ဆုတောင်းချက်အားလုံးကို ဖြေကြားပေးသောအခါ
ဆုတောင်းခြင်းသည် အဆိုပါလူတို့အတွက် ကောင်းကျိုးတစ်စုံတစ်ရာပြုခဲ့သလော။ အမှန်ပင်ရှိခဲ့ပါသည်! ထို့ပြင် ကျမ်းစာလေ့လာခြင်းဖြင့် ယေဟောဝါဘုရားသခင်ထံ ချဉ်းကပ်ရန် ခရစ်ယာန်အသင်းတော်မှ တစ်ဦးတစ်ယောက်က သူတို့ကိုကူညီပေးသောအခါ သူတို့၏ဆုတောင်းချက်များကို အများအားဖြင့် ဖြေကြားပေးခဲ့သည်ကို သတိပြုမိခဲ့သလော။—တမန်တော် ၉:၁၁။
သို့ဖြစ်သောကြောင့် ကျွန်ုပ်တို့တွင် ဆုတောင်းရန် အကြောင်းကောင်းရှိပါသည်။ များမကြာမီ ဘုရားသခင့်နိုင်ငံတော်တည်ထောင်ပြီး ကိုယ်တော်၏အလိုတော် မြေကြီးပေါ်ပြည့်စုံပါစေဟူသော ဆုတောင်းချက်ကို ဖြေကြားပေးပါတော့မည်။ (မဿဲ ၆:၁၀) ဘုရားသခင်သည် မိမိအား ပုန်ကန်သူများကို ကျွန်ုပ်တို့ကမ္ဘာမှသုတ်သင်ရှင်းလင်းပြီးနောက် “မြေကြီးသည် ထာဝရဘုရားကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်” ဖြစ်သည်။ (ဟေရှာယ ၁၁:၉) ထိုအချိန်၌ ယေဟောဝါကိုချစ်မြတ်နိုးသူအားလုံးသည် “ဘုရားသခင်သားတို့၏ ထူးမြတ်သောလွတ်ခြင်းချမ်းသာ” ကိုခံစားကြရမည်ဖြစ်ခါ သူတို့၏ဆုတောင်းချက်များကို အမှန်ပင်ဖြေကြားပေးပါလိမ့်မည်။—ရောမ ၈:၁၈-၂၁။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
အဘယ်ကြောင့် ကျွန်ုပ်တို့ဆုတောင်းသင့်သည်ကို သင်သိသလော