ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၂/၁ စာ. ၂၈-၃၁
  • အမှန်တရားသည် သင်၏သင်သားများကို သီးပွင့်နေစေသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အမှန်တရားသည် သင်၏သင်သားများကို သီးပွင့်နေစေသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမှန်တရားသည် နှလုံးသို့ ရောက်ရမည်
  • ယေရှုထံမှ သင်ယူ
  • စိတ်နှလုံးတွင်းရှိအရာကို ခပ်ယူခြင်း
  • အမှန်တရားသည် သင့်ကို အကျိုးဖြစ်ထွန်းနေစေပါ
  • စမ်းသပ်မှုတွေကြုံရချိန်မှာ သူ သစ္စာရှိခဲ့
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • စမ်းသပ်မှုများကြုံရချိန်တွင် သူ သစ္စာရှိခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ကြားနာသူ၏နှလုံးကို ထိမိအောင် ပြောဆိုခြင်း
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • ပေတရု လက်မလျှော့ဘဲ ကြိုးစားသလို ကြိုးစားပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၂/၁ စာ. ၂၈-၃၁

အမှန်တရားသည် သင်၏သင်သားများကို သီးပွင့်နေစေသလော

လူငယ်အဲရစ်ခ်သည် ယေဟောဝါသက်သေတစ်ဦးအဖြစ် အသိမခံလိုတော့ကြောင်း ထုတ်ဖော်ပြောလှာရာ မိဘများမှာ ဝမ်းနည်းကြေကွဲရလေသည်။ ဤအထိဖြစ်လာမည်ကို သူတို့ မမြင်မိလိုက်ချေ။ အဲရစ်ခ် ငယ်ရွယ်စဉ်ကတည်းက မိသားစုကျမ်းစာသင်အံမှုတွင် ပါဝင်ပြီး ခရစ်ယာန်အစည်းအဝေးများကို တက်ရောက်ကာ အသင်းတော်နှင့်အတူ ဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်ခဲ့၏။ အမှန်တရားထဲတွင် သူရှိနေသည်ဟု ဆိုရမလိုပင်။ သို့သော် ယခု အဲရစ်ခ်ထွက်သွားမှသာ သူ့ထဲတွင် ကျမ်းစာအမှန်တရားရှိမနေကြောင်း မိဘများ နားလည်လိုက်တော့သည်။ ထိုသို့နားလည်လိုက်ခြင်းကြောင့် သူတို့နှစ်ဦး အံ့သြထိတ်လန့်ကာ စိတ်ထိခိုက်ရလေသည်။

အခြားသူများမှာမူ ကျမ်းစာသင်သားတစ်ဦး ရုတ်တရက် သင်အံမှုရပ်စဲလိုက်သည့်အခါ အလားတူဆုံးရှုံးရသည့် ခံစားချက်မျိုး တွေ့ကြုံခဲ့ရ၏။ ဤအချိန်အခါမျိုးတွင် လူတို့သည် မိမိကိုယ်ကို ဤသို့မေးတတ်ကြ၏– ‘ဒီလိုဖြစ်လာမယ်ဆိုတာ ငါဘာဖြစ်လို့ မသိခဲ့ရတာလဲ။’ အမှန်တရားသည် ကျွန်ုပ်တို့၏သင်သားတွင် သီးပွင့်နေမနေကို ဝိညာဉ်ရေးဘေးဒဏ်မကျရောက်မီ အဆုံးအဖြတ်ပေးနိုင်မည်လော။ ၎င်းနှင့်ပတ်သက်၍ အမှန်တရားသည် ကျွန်ုပ်တို့ကိုသာမက ကျွန်ုပ်တို့၏သင်သားများကိုပါ အကျိုးဖြစ်ထွန်းစေကြောင်း မည်သို့သေချာစေနိုင်သနည်း။ ယေရှု၏ လူသိများသောမျိုးကြဲသူပုံဥပမာတွင် အဆိုပါမေးခွန်းများ၏ အဖြေကိုရရှိရန် သဲလွန်စတစ်ခုပေးထားသည်။

အမှန်တရားသည် နှလုံးသို့ ရောက်ရမည်

ယေရှုက ဤသို့မိန့်ဆိုသည်– “မျိုးစေ့သည် ဘုရားသခင်၏တရားစကားဖြစ်၏။ ကောင်းသောမြေ၌ရှိသောသူကား၊ ဖြောင့်မတ်စင်ကြယ်သောစိတ်နှလုံးနှင့် တရားစကားကိုကြားလျှင် စွဲလမ်းသောအားဖြင့် မြဲမြံစွာအသီးသီးသောသူ” ဖြစ်၏။ (လုကာ ၈:၁၁၊ ၁၅) ထို့ကြောင့် ဘုရားသခင့်နိုင်ငံတော်အမှန်တရားသည် ကျွန်ုပ်တို့သင်သားများအပေါ် ရလဒ်များမဖြစ်ထွန်းစေနိုင်မီ ယင်းသည် သူတို့၏ပုံဆောင်နှလုံးတွင် အမြစ်တွယ်ရမည်ဖြစ်သည်။ ကောင်းသောမြေပေါ်သို့ ကောင်းသောမျိုးစေ့ကျသကဲ့သို့ မြင့်မြတ်သောအမှန်တရားသည် ကောင်းသောနှလုံးသို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် စတင်အသီးသီးလာမည်ကို ယေရှု အာမခံတော်မူ၏။ ကျွန်ုပ်တို့သည် အဘယ်အရာကို မျှော်လင့်သင့်သနည်း။

ကျွန်ုပ်တို့သည် ပြင်ပအသွင်အပြင်ကိုသာမက နှလုံးအရည်အသွေးများကို သတိပြုမှတ်သားရမည်။ တစ်ဦးတစ်ယောက်သည် ဝတ်ပြုရေးလုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ဆောင်နေရုံမျှဖြင့် သူ၏နှလုံးတွင် အမှန်တကယ် အဘယ်အရာရှိနေသည်ကို အခါခပ်သိမ်း မြင်တွေ့နိုင်မည်မဟုတ်ပါ။ (ယေရမိ ၁၇:၉၊ ၁၀; မဿဲ ၁၅:၇-၉) အတွင်းကျကျကြည့်ဖို့လို၏။ သူ၏စိတ်ဆန္ဒများ၊ ရည်ရွယ်ချက်များနှင့် ဦးစားထားရာများ လုံးဝပြောင်းလဲသင့်သည်။ ထိုသူသည် ဘုရားသခင့်အလိုတော်နှင့်ညီသည့် လူသစ် ဖြစ်သင့်သည်။ (ဧဖက် ၄:၂၀-၂၄) ဥပမာပေးရလျှင် သက်သာလောနိတ်မြို့သားများသည် သတင်းကောင်းကို ကြားသောအခါ ယင်းကို ဘုရားသခင့်စကားတော်အဖြစ် သူတို့ တလိုတလား လက်ခံခဲ့ကြသည်ဟု ပေါလုဆိုခဲ့သည်။ သို့သော် နောက်ဆက်တွဲလိုက်ပါလာသည့် သူတို့၏ခံနိုင်ရည်၊ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့ကြောင့် အမှန်တရားသည် “[သူတို့အထဲ၌] ပြုပြင်” ပေးနေကြောင်း ပေါလုအခိုင်အမာဆိုရခြင်းဖြစ်သည်။—၁ သက်သာလောနိတ် ၂:၁၃၊ ၁၄; ၃:၆။

အမှန်ဆိုရလျှင် သင်သား၏စိတ်နှလုံးတွင်းရှိ အဘယ်အရာမဆို အဲရစ်ခ်၏ပုံနမူနာကဲ့သို့ သူ၏အပြုအမူဖြင့် အနှေးနှင့်အမြန် ပေါ်ထွက်လာလိမ့်မည်။ (မာကု ၇:၂၁၊ ၂၂; ယာကုပ် ၁:၁၄၊ ၁၅) ဝမ်းနည်းစရာမှာ လူတစ်ဦး၏အကျင့်ဆိုးအချို့သည် သူ၏လုပ်ရပ်များဖြင့် သိသိသာသာ ထင်ရှားလာချိန်တွင် အလွန်အခါနှောင်းသွားတတ်သည်။ သို့ဖြစ်၍ စိန်ခေါ်ချက်မှာ ယင်းတို့သည် ဝိညာဉ်ရေးအရ ထိမိလဲစရာမဖြစ်လာမီ သူတို့၏အားနည်းချက်များကို အတိအကျသိမြင်ရန် ကြိုးစားခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ပုံဆောင်နှလုံး ဆန်းစစ်နည်း တစ်နည်းလိုအပ်သည်။ ၎င်းကို မည်သို့ဆန်းစစ်နိုင်သနည်း။

ယေရှုထံမှ သင်ယူ

မှန်၏၊ ယေရှုသည် နှလုံးကို အတိအကျ ဆန်းစစ်သိရှိနိုင်သည်။ (မဿဲ ၁၂:၂၅) ကျွန်ုပ်တို့မည်သူမျှ ထိုသို့မပြုလုပ်နိုင်ကြချေ။ သို့တိုင် ကျွန်ုပ်တို့လည်း လူတစ်ဦး၏စိတ်ဆန္ဒများ၊ ရည်ရွယ်ချက်များနှင့် ဦးစားထားရာများကို ပိုင်းခြားသိမြင်နိုင်ကြောင်း ကိုယ်တော် ဖော်ပြခဲ့သည်။ အရည်အချင်းရှိသော ဆရာဝန်တစ်ဦးသည် လူနာ၏ပကတိနှလုံးတွင် အဘယ်အရာချို့ယွင်းနေသည်ကို သိရှိနိုင်ရန် ရောဂါဖော်ထုတ်နည်းအမျိုးမျိုးကို အသုံးပြုသကဲ့သို့ ယေရှုသည် လူအများမသိအောင် ဖုံးကွယ်နေသည့် “စိတ်နှလုံးအကြံအစည်များကို” ပင် “ခပ်ယူ” ဖော်ထုတ်ရန် သမ္မာကျမ်းစာကို အသုံးပြုတော်မူ၏။—သု. ၂၀:၅; ဟေဗြဲ ၄:၁၂။

ဥပမာ၊ တစ်ခါတွင် ယေရှုသည် နောက်ပိုင်း၌ ထိမိလဲစရာဖြစ်လာသည့် အားနည်းချက်တစ်ခုကို ပေတရုသတိပြုမိရန် ကူညီပေးခဲ့သည်။ ပေတရုသည် မိမိကို ချစ်ကြောင်း ယေရှုသိတော်မူ၏။ အမှန်မှာ ယေရှုသည် ပေတရုကို ဘုရားသခင့် “နိုင်ငံတော်၏သော့” ကိုအပ်နှင်း ခါစရှိသေးသည်။ (မဿဲ ၁၆:၁၃-၁၉) သို့သော် စာတန်သည် တမန်တော်များအား မျက်လုံးဒေါက်ထောက်ကြည့်နေကြောင်းကိုလည်း ယေရှုသိတော်မူ၏။ နောင်တွင် သူတို့သည် အလျှော့ပေးလိုက်လျောစေရန် အကြီးအကျယ်ဖိအားပေးခံရတော့မည်။ တပည့်တချို့၏ယုံကြည်ခြင်းတွင် အားနည်းချက်များရှိနေသည်ကို ယေရှု သိထားကြောင်း ထင်ရှားသည်။ ထို့ကြောင့် သူတို့လုပ်ဆောင်ရန်လိုသည့်အရာများကို ကိုယ်တော် မဖော်ပြဘဲမနေခဲ့ချေ။ ဤကိစ္စအတွက် ကိုယ်တော် ဆွေးနွေးခန်းစတင်လိုက်ပုံကို သုံးသပ်ကြည့်ပါ။

မဿဲ ၁၆:၂၁ ကဤသို့ဆိုသည်– “ကိုယ်တော်သည် . . . များစွာခံရမည်။ အသေသတ်ခြင်းကိုလည်း ခံရမည် . . . ဟူသောအကြောင်းများကို ထိုအခါမှစ၍ တပည့်တော်တို့အား ပြတော်မူ၏။” ယေရှုသည် မိမိနှင့်ပတ်သက်၍ ဖြစ်ပျက်မည့်အရာကို သူတို့အား ပြောရုံသာမဟုတ်ဘဲ ပြတော်မူသည်ကို သတိပြုပါ။ မေရှိယသည် ဝေဒနာခံစားပြီး သေဆုံးရမည်ကို ဖော်ပြထားသည့် ဆာလံ ၂၂:၁၄-၁၈ သို့မဟုတ် ဟေရှာယ ၅၃:၁၀-၁၂ အစရှိသော ကျမ်းချက်များကို ကိုယ်တော် အသုံးပြုခဲ့ဖွယ်ရှိသည်။ မည်သို့ပင်ဖြစ်ပါစေ၊ ယေရှုသည် ကျမ်းစာစောင်များကို တိုက်ရိုက်ဖတ်ပြခြင်း သို့မဟုတ် ကိုးကားခြင်းအားဖြင့် ပေတရုနှင့် တခြားသူများကို သူတို့စိတ်နှလုံးမှ တုံ့ပြန်ခွင့်ပေးခဲ့သည်။ သူတို့သည် ရှေ့တွင်ဖြစ်ပေါ်လာမည့် ညှဉ်းပန်းနှိပ်စက်မှုကို မည်သို့တုံ့ပြန်ကြမည်နည်း။

အံ့အားသင့်စရာမှာ၊ မိမိသည် ရဲရင့်ပြီး ထက်သန်သူဖြစ်ကြောင်း ပြသခဲ့သည့် ပေတရုသည် ဤတစ်ချိန်တွင် သူ၏စိတ်မြန်လက်မြန် တုံ့ပြန်မှုက သူ၏တွေးခေါ်မှုတွင် ကြီးမားသောချွတ်ယွင်းချက်ရှိကြောင်း ဖော်ပြလိုက်၏။ သူက “ကိုယ့်ကိုယ်ကိုသနားပါ၊ သခင်; ကိုယ်တော် ဤသို့လုံးဝမဖြစ်ရပါ။ သခင်၊ မိမိကိုယ်ကို မရက်စက်ပါနှင့်” ဟုပြောခဲ့သည်။ ပေတရု၏စဉ်းစားတွေးခေါ်နည်းသည် လွဲမှားနေကြောင်း ထင်ရှား၏၊ အကြောင်းမှာ ယေရှုဖော်ပြခဲ့သည့်အတိုင်း ပေတရုသည် ဆိုးရွားသောအကျိုးဆက်များ ဖြစ်လာနိုင်စေသည့် ကြီးမားသောအမှားဖြစ်သော “ဘုရားသခင်အကြံအစည်များကို မစဉ်းစား၊ လူသားတို့၏အကြံအစည်များကို” စဉ်းစားနေသည်။ ထိုအခါ ယေရှု အဘယ်သို့ပြုတော်မူသနည်း။ ယေရှုသည် ပေတရုကို အပြစ်တင်ဆုံးမပြီးနောက် သူနှင့် ကျန်ရှိသောတပည့်များကို ဤသို့မိန့်ဆို၏– “တစ်စုံတစ်ယောက်သည် ငါ့နောက်သို့လိုက်လိုလျှင် ကိုယ့်ကိုယ်ကို စွန့်လွှတ်ရမည်။ ညှဉ်းဆဲခံရာနှက်တိုင်ကိုထမ်း၍ ငါ့နောက်သို့ အဆက်မပြတ်လိုက်ရမည်။” ဆာလံ ၄၉:၈ နှင့် ၆၂:၁၂ တွင်တွေ့ရသည့် အချက်များကို သုံးသပ်ပြီး ကိုယ်တော်က သူတို့၏အနာဂတ်မျှော်လင့်ချက်များသည် မကယ်တင်ပေးနိုင်သည့် လူတို့အပေါ်မဟုတ်ဘဲ ဘုရားသခင်အပေါ် မူတည်ကြောင်း ကြင်နာစွာ စေ့ဆော်ပေးခဲ့သည်။—မဿဲ ၁၆:၂၂-၂၈၊ ကဘ။

ပေတရုသည် နောက်ပိုင်းတွင် အခိုက်အတန့်မျှကြောက်ရွံ့ပြီး ယေရှုကို သုံးကြိမ်တိုင် ငြင်းပယ်ခဲ့သော်လည်း အဆိုပါနှင့်တခြားဆွေးနွေးခန်းများက သူ့ကို ဝိညာဉ်ရေးတွင် လျင်မြန်စွာ ပြန်တိုးတက်လာရန် ကြိုတင်ပြင်ဆင်ပေးလိုက်သည်မှာ သေချာ၏။ (ယောဟန် ၂၁:၁၅-၁၉) ရက် ၅၀ ခန့်လွန်ပြီးနောက် ပေတရုသည် ယေရုရှလင်မြို့တွင် လူအုပ်ရှေ့ သတ္တိရှိရှိရပ်ကာ ယေရှု၏ရှင်ပြန်ထမြောက်ခြင်းအကြောင်း သက်သေခံလေသည်။ နောက်ပိုင်း နှစ်၊ လ၊ သီတင်းပတ်များတွင် သူသည် အကြိမ်ကြိမ် အဖမ်းခံရခြင်း၊ ရိုက်နှက်ခံရခြင်းနှင့် အကျဉ်းချခံရခြင်းတို့ကို သတ္တိရှိရှိ ရင်ဆိုင်ပြီး မကြောက်မရွံ့ သမာဓိစောင့်ထိန်းခဲ့သည့် အလွန်ကောင်းမွန်သော ပုံနမူနာပြခဲ့သည်။—တမန်တော် ၂:၁၄-၃၆; ၄:၁၈-၂၁; ၅:၂၉-၃၂၊ ၄၀-၄၂; ၁၂:၃-၅။

ကျွန်ုပ်တို့သည် ၎င်းမှ အဘယ်သင်ခန်းစာရရှိသနည်း။ ယေရှုသည် ပေတရု၏စိတ်နှလုံးတွင်းရှိအရာအား ခပ်ယူဖော်ထုတ်ပြခဲ့သည်ကို သင်တွေ့မြင်နိုင်သလော။ ဦးစွာ၊ ပေတရု၏အထူးစိုးရိမ်မကင်းဖြစ်စရာ အပိုင်းကို သူအာရုံစိုက်စေရန် သင့်တော်သော ကျမ်းချက်များကို ကိုယ်တော် ရွေးချယ်လိုက်၏။ ထို့နောက်၊ ပေတရု၏စိတ်နှလုံးမှ တုံ့ပြန်ခွင့်ပေးခဲ့၏။ နောက်ဆုံး ကိုယ်တော်သည် ပေတရု၏စဉ်းစားတွေးခေါ်မှုနှင့် စိတ်ခံစားချက်များကို တည့်မတ်ပေးနိုင်ရန် ထပ်ဆင့်၍ ကျမ်းစာအကြံပြုချက်ပေး၏။ သင်သည် ဤသွန်သင်ခြင်းအဆင့်ကို လိုက်မမီနိုင်ဟု ယူမှတ်မည်၊ သို့သော် ကြိုတင်ပြင်ဆင်ခြင်းနှင့် ယေဟောဝါအပေါ် မှီခိုအားထားခြင်းတို့သည် ယေရှု၏ပုံသက်သေကို လိုက်လျှောက်ရန် ကျွန်ုပ်တို့တစ်ဦးချင်းစီအား အကူအညီဖြစ်စေပုံကို ပြသရန် တွေ့ကြုံမှုနှစ်ခုကို သုံးသပ်ကြည့်ကြစို့။

စိတ်နှလုံးတွင်းရှိအရာကို ခပ်ယူခြင်း

ခရစ်ယာန်ဖခင်တစ်ဦးသည် ပထမတန်းနှင့် ဒုတိယတန်းတက်နေသော သူ၏သားနှစ်ဦးက ဆရာမ၏စားပွဲပေါ်မှ သကြားလုံးယူသည်ကို သိရှိသောအခါ သူတို့နှင့်အတူထိုင်၍ ကျိုးကြောင်းဆင်ခြင်ပြခဲ့သည်။ ဖခင်သည် ယင်းကို ဘာမျှမဟုတ်သော နောက်ပြောင်ကျီစယ်မှုကဲ့သို့ လွှတ်မထားလိုက်ဘဲ ဤသို့ပြောပြသည်– “ဒီလိုမကောင်းတာလုပ်ဖို့ သူတို့ကို လှုံ့ဆော်ပေးခဲ့ရာကို သူတို့စိတ်နှလုံးကနေ ခပ်ယူဖို့ ကျွန်တော် ကြိုးစားခဲ့တယ်။”

ဖခင်သည် ယောရှုမှတ်စာ အခန်းကြီး ၇ တွင်ဖော်ပြထားသည့် အာခန်၏အဖြစ်အပျက်ကို သားတို့အား ပြန်အမှတ်ရစေခဲ့သည်။ သူတို့သည် ဆိုလိုချက်ကို ချက်ချင်းသဘောပေါက်ပြီး အမှားကို ဝန်ခံခဲ့ကြသည်။ သူတို့၏သိစိတ်က သူတို့ကို နှောင့်ယှက်နေလေပြီ။ ထို့ကြောင့် ဖခင်က သူတို့ကို ဧဖက် ၄:၂၈ ကိုဖတ်ပြခဲ့သည်– “ခိုးတတ်သောသူသည် နောက်တစ်ဖန်မခိုးဘဲ၊ ဆင်းရဲသောသူအား ပေးကမ်းဝေငှရန်ရှိစေခြင်းငှာ . . . လုပ်ဆောင်အားထုတ်စေ။” ကလေးများသည် သကြားလုံး ပြန်ဝယ်ပြီး ဆရာအား အလျော်ပေးခြင်းဖြင့် ကျမ်းစာဆုံးမစကားကို ခိုင်မာစေခဲ့သည်။

“မကောင်းတဲ့စိတ်ထားတွေကို သိမြင်လိုက်တာနဲ့ အဲ့ဒါကို လုံးဝဖယ်ရှား၊ ကလေးတွေနဲ့ ကျိုးကြောင်းဆင်ခြင်ပြီး ကောင်းမွန်စင်ကြယ်တဲ့စိတ်ထားနဲ့ အစားထိုးပေးဖို့ ကျွန်တော်တို့ ကြိုးစားကြတယ်” ဟုဖခင်ကဆို၏။ အဆိုပါမိဘများသည် သားသမီးများကို သွန်သင်ပေးသည့်အခါ ယေရှုကိုတုပခြင်းအားဖြင့် အချိန်ကုန်လွန်လာသည်နှင့်အမျှ ရလဒ်ကောင်းများရရှိခဲ့ကြသည်။ နောက်ဆုံးတွင် ထိုသားနှစ်ဦးစလုံးသည် ဘရွတ်ကလင်ဗေသလရှိ ဌာနချုပ်ဝန်ထမ်းများအဖြစ် ဖိတ်ခေါ်ခံရသည်၊ တစ်ဦးမှာ ၂၅ နှစ်ကြာ အမှုထမ်းဆောင်နေဆဲရှိ၏။

ခရစ်ယာန်နောက်တစ်ဦးသည် သူ၏ကျမ်းစာသင်သားအား မည်သို့ကူညီပေးနိုင်ပုံကို သုံးသပ်ကြည့်ပါ။ သင်သားသည် အစည်းအဝေးများ တက်ရောက်ပြီး ခရစ်ယာန်ဓမ္မအမှုတွင် ပါဝင်ကာ နှစ်ခြင်းယူလိုသည်ဟုပင် ဖွင့်ပြောလေ၏။ သို့သော် သူသည် ယေဟောဝါထက် မိမိကိုယ်ကို အားကိုးလွန်းနေပုံရ၏။ သက်သေခံက ဤသို့ပြောပြသည်– “တစ်ကိုယ်ရေအမျိုးသမီးတစ်ယောက်အနေနဲ့ သူကိုယ်သူ အားကိုးလွန်းနေတာ သူမသိလိုက်ဘူး။ ရုပ်သေးကြိုးပြတ်ဖြစ်သွားမှာ ဒါမှမဟုတ် ဝိညာဉ်ရေးကျသွားမှာကို ကျွန်မစိုးရိမ်မိတယ်။”

ထို့ကြောင့် သက်သေခံသည် သင်သားနှင့် မဿဲ ၆:၃၃ ကိုအစပြုကျိုးကြောင်းဆင်ခြင်၍ သူ၏ဦးစားထားရာများကို ပြုပြင်ပြောင်းလဲရန်၊ ဘုရားသခင့်နိုင်ငံတော်ကို ရှေးဦးထားရန်နှင့် ကိစ္စရပ်များ အကောင်းဆုံးဖြစ်လာဖို့ ယေဟောဝါကို ယုံကြည်ကိုးစားရန် အားပေးခဲ့သည်။ သူ့ကို ဤသို့ပွင့်လင်းစွာမေးခဲ့၏– “တစ်ခါတလေ ကိုယ့်ဘာသာကိုယ်နေတဲ့အခါ ယေဟောဝါအပါအဝင် သူတစ်ထူးအပေါ် အားကိုးဖို့ အခက်တွေ့သလား။” ဆုမတောင်းတော့သည့်အထိ ဖြစ်ခဲ့သည်ဟု သင်သားက ဝန်ခံ၏။ ထိုအခါ ကြေညာသူက ဆာလံ ၅၅:၂၂ တွင်တွေ့ရသည့် အကြံပြုချက်ကို လိုက်လျှောက်ပြီး ထမ်းရွက်ရသောဝန်ကို ယေဟောဝါ၌ချထားရန် အားပေးခဲ့သည်၊ အကြောင်းမှာ ၁ ပေတရု ၅:၇ တွင် “သင်တို့ကို သတိနှင့်ကြည့်ရှုတော်မူ” သည်ဟု ကိုယ်တော် ကျွန်ုပ်တို့ကို အာမခံထား၍ဖြစ်သည်။ အဆိုပါစကားများက သူ၏နှလုံးကိုထိမိခဲ့သည်။ သက်သေခံက “သူငိုတာ ကျွန်မမြင်ခဲ့တဲ့ အကြိမ်အနည်းငယ်ထဲက ဒါဟာ တစ်ကြိမ်ဖြစ်တယ်” ဟုဆိုသည်။

အမှန်တရားသည် သင့်ကို အကျိုးဖြစ်ထွန်းနေစေပါ

မိမိတို့၏သင်သားများ ကျမ်းစာအမှန်တရား တုံ့ပြန်လာသည်ကို မြင်တွေ့ရခြင်းသည် အလွန်ဝမ်းသာစရာဖြစ်သည်။ သို့သော် သူတစ်ပါးကို ကျွန်ုပ်တို့ ကြိုးစားကူညီပေးမှုများ အောင်မြင်မှုရရန် ကျွန်ုပ်တို့ကိုယ်တိုင် ပုံသက်သေကောင်းချမှတ်ကြရမည်။ (ယုဒ ၂၂၊ ၂၃) ကျွန်ုပ်တို့အားလုံးသည် “ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့် ကိုယ်ကိုကယ်တင်ခြင်းငှာ ကိုယ်တိုင်ကြိုးစားအားထုတ်ကြ” ဖို့လိုသည်။ (ဖိလိပ္ပိ ၂:၁၂) ၎င်းတွင် မိမိတို့၏စိတ်နှလုံးတွင် ကျမ်းစာအလင်းကို မှန်မှန်ထွန်းလင်းစေခြင်း၊ တည့်မတ်ပေးဖို့လိုသည့် သဘောထားများ၊ စိတ်ဆန္ဒများနှင့် တွယ်တာမှုများကို ဆန်းစစ်ပေးခြင်းတို့ပါဝင်သည်။—၂ ပေတရု ၁:၁၉။

ဥပမာ၊ ခရစ်ယာန်လှုပ်ရှားမှုများတွင် သင်၏ထက်သန်မှုသည် မကြာသေးမီက လျော့နည်းသွားခဲ့ပြီလော။ သို့ဆိုလျှင် အဘယ်ကြောင့်နည်း။ အကြောင်းရင်းတစ်ခုမှာ သင်ကိုယ်သင် မှီခိုအားထားလွန်းနေ၍ဖြစ်နိုင်သည်။ သင်သည် ထိုသို့ဟုတ်မဟုတ်ကို မည်သို့ပြောနိုင်သနည်း။ ဟဂ္ဂဲ ၁:၂-၁၁ ကိုဖတ်ပြီး ပြည်တော်ပြန်ဂျူးများနှင့်ပတ်သက်၍ ယေဟောဝါ၏ကျိုးကြောင်းဆင်ခြင်ပုံကို ရိုးသားစွာ သုံးသပ်ပါ။ ထို့နောက် သင့်ကိုယ်သင် ဤသို့မေးပါ– ‘ကျွန်ုပ်သည် ငွေကြေးလုံခြုံမှုနှင့် စည်းစိမ်ဥစ္စာများဖြင့် အလွန်အမင်း ရတက်ပွေနေသလော။ အကယ်၍ မိမိသည် ဝိညာဉ်ရေးရာများကို ဦးစားထားမည်ဆိုလျှင် မိသားစုကို ကြည့်ရှုစောင့်ရှောက်ရန် ယေဟောဝါကို အမှန်တကယ်ယုံကြည်ကိုးစားသလော။ သို့မဟုတ် မိမိကိုယ်ကို ဦးစားထားကြည့်ရှုရမည်ဟု ယူမှတ်သလော။’ သင်၏စဉ်းစားတွေးခေါ်မှု သို့မဟုတ် ခံစားချက်များကို ပြုပြင်ပြောင်းလဲဖို့လိုလျှင် အချိန်မဆွဲပါနှင့်။ မဿဲ ၆:၂၅-၃၃၊ လုကာ ၁၂:၁၃-၂၁ နှင့် ၁ တိမောသေ ၆:၆-၁၂ အစရှိသည်တို့တွင် တွေ့ရသော ကျမ်းစာဆုံးမစကားသည် ကာယလိုအပ်ချက်များနှင့် ရုပ်ပစ္စည်းများကို ဟန်ချက်ညီညီရှုမြင်တတ်ရန် အခြေခံအကြောင်းကို ဖော်ပြထားရာ ယင်းသည် ယေဟောဝါ ကောင်းချီးပေးနေကြောင်း စိတ်ချစေသည့်အရာဖြစ်သည်။—မာလခိ ၃:၁၀။

မိမိကိုယ်ကို ပွင့်ပွင့်လင်းလင်း ဤသို့ဆန်းစစ်ခြင်းမျိုးသည် အလေးအနက်ဆင်ခြင်မိစေနိုင်၏။ ကျွန်ုပ်တို့၏အားနည်းချက်များကို အတိအကျထောက်ပြလာသည့်အခါ ယင်းတို့ကို ဝန်ခံဖို့ စိတ်ပိုင်းဆိုင်ရာ အခက်တွေ့နိုင်သည်။ သို့တိုင် သင်၏ကလေး၊ ကျမ်းစာသင်သား၊ သို့မဟုတ် သင့်ကိုယ်သင်အတွက်ပင် မေတ္တာဖြင့်အစပြုလုပ်ဆောင်သည့်အခါ မည်သို့သော ကိုယ်ရေးကိုယ်တာကိစ္စ သို့မဟုတ် မည်သို့သော သိမ်မွေ့လွန်းသည့်ကိစ္စဖြစ်ပါစေ၊ သင်သည် သူ၏အသက် သို့မဟုတ် မိမိ၏အသက်ကို ကယ်တင်ရန် ပထမခြေလှမ်း ကောင်းစွာလှမ်းနေခြင်းဖြစ်ပေမည်။—ဂလာတိ ၆:၁။

သို့သော် သင်၏ကြိုးစားအားထုတ်မှုများသည် အကျိုးဖြစ်ထွန်းပုံမရှိလျှင်ကော အသို့နည်း။ အလျင်အမြန် လက်မလျော့လိုက်ပါနှင့်။ မစုံလင်သောနှလုံးကို ပြုပြင်ပြောင်းလဲပေးရခြင်းသည် သိမ်မွေ့လွန်းသော၊ အချိန်ကုန်သော၊ တစ်ခါတစ်ရံ အရာမထင်သော ကြိုးစားအားထုတ်မှုဖြစ်နိုင်သည်။ သို့သော် ယင်းသည်လည်း အကျိုးဖြစ်ထွန်းစေနိုင်၏။

အစပိုင်းတွင်ဖော်ပြခဲ့သည့် လူငယ်အဲရစ်ခ်သည် နောက်ဆုံးတွင် အသိတရားရလာပြီး တစ်ဖန် ‘အမှန်တရား၌ကျင်လည်’ လာလေသည်။ (၂ ယောဟန် ၄) သူက “ကျွန်တော်ဆုံးရှုံးသွားတဲ့အရာကို နားလည်သဘောပေါက်မှ ယေဟောဝါဆီကို ကျွန်တော်ပြန်လှည့်လာခဲ့တယ်” ဟုပြောပြသည်။ ယခု အဲရစ်ခ်သည် မိဘများ၏အကူအညီဖြင့် ဘုရားသခင်ကို တည်ကြည်စွာ ဝတ်ပြုကိုးကွယ်လာလေသည်။ တစ်ချိန်က သူ၏နှလုံးကို ဆန်းစစ်ရန် မိဘများ၏ အကြိမ်ကြိမ်ကြိုးစားမှုများကို စိတ်ပျက်ခဲ့သော်လည်း ယခု သူသည် မိဘများ လုပ်ပေးခဲ့ရာများအတွက် အလွန်ကျေးဇူးတင်နေလေသည်။ “ကျွန်တော့်မိဘတွေက ချီးကျူးစရာကောင်းတယ်။ ကျွန်တော့်အပေါ် ဘယ်တော့မှ မေတ္တာမပျက်ခဲ့ဘူး” ဟုသူပြောပြ၏။

ကျွန်ုပ်တို့သင်သားများ၏နှလုံးအပေါ် သမ္မာကျမ်းစာအလင်း ထွန်းလင်းခြင်းသည် ချစ်ခင်ကြင်နာမှုပြခြင်း တစ်မျိုးဖြစ်သည်။ (ဆာလံ ၁၄၁:၅၊ ကဘ) သင်၏သားသမီးများနှင့် ကျမ်းစာသင်သားများသည် ခရစ်ယာန်လူသစ်ကို အမှန်တကယ် ဝတ်ဆင်ထားကြောင်း သိသာထင်ရှားစေရန် သူတို့၏နှလုံးကို အမြဲမပြတ်ဆန်းစစ်ပါ။ ‘အမှန်တရားကို မှန်ကန်စွာပိုင်းခြားတတ်’ ခြင်းအားဖြင့် တခြားသူများနှင့် သင့်အပေါ် အမှန်တရားက အကျိုးဖြစ်ထွန်းနေစေပါ။—၂ တိမောသေ ၂:၁၅။

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

ယေရှု၏စကားတော်များသည် ပေတရုတွင်ရှိသည့် အားနည်းချက်ကို ဖော်ထုတ်ခဲ့

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

နှလုံးတွင်းရှိအရာကို ခပ်ယူရန် သမ္မာကျမ်းစာကို အသုံးပြုပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ