ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၁၀/၁၅ စာ. ၁၂-၁၅
  • ပထမရာစုဂျူးများအလယ် ခရစ်ယာန်သာသနာ ပြန့်ပွား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပထမရာစုဂျူးများအလယ် ခရစ်ယာန်သာသနာ ပြန့်ပွား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပထမရာစုမှ ဂျူးလောက
  • ပေါလု၏ခရီးစဉ်များနှင့် ပြည်ပရောက်ဂျူးများ
  • အရှေ့ဘက်ရှိ ဂျူးရပ်ကွက်များ
  • ယေရုရှလင်အသင်းတော်နှင့် ပြည်ပရောက်ဂျူးများ
  • ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း
  • ‘သန့်ရှင်းသော စွမ်းအားတော်နဲ့ ပြည့်နေကြတယ်’
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
  • ခရစ်ယာန်များနှင့် လူသားလောက
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • “သန့်ရှင်းသော စွမ်းအားတော် ပြည့်ပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြတယ်”
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
  • အန္တိအုတ်မြို့တွင် ညှဉ်းပန်းမှုက တိုးပွားစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၁၀/၁၅ စာ. ၁၂-၁၅

ပထမရာစုဂျူးများအလယ် ခရစ်ယာန်သာသနာ ပြန့်ပွား

စီ.အီး. ၄၉ ခုနှစ်ခန့်က ယေရုရှလင်မြို့တွင် အရေးပါသည့် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့၏။ ပထမရာစု ခရစ်ယာန်အသင်းတော်၏ “အမှီတကဲ” ဖြစ်ကြသော ယောဟန်၊ ပေတရုနှင့် ယေရှု၏ မိတူဖကွဲညီ ယာကုပ်တို့သည် ထိုအစည်းအဝေးတွင် ရှိနေကြ၏။ တမန်တော်ပေါလုနှင့် ၎င်း၏ခရီးသွားဖော် ဗာနဗတို့လည်း တက်ရောက်ခဲ့ကြသည်။ ထိုအစည်းအဝေးတွင် ဟောပြောခြင်းလုပ်ငန်းအတွက် ကျယ်ပြောသောနယ်မြေကို ခွဲဝေယူရန် အစီအစဉ်ဆွဲခဲ့ကြသည်။ ပေါလု ဤသို့ရှင်းပြခဲ့သည်– “[သူ] တို့သည် အရေဖျားလှီးသောသူတို့ဆီသို့ သွားမည်အကြောင်းနှင့် ငါတို့သည် တစ်ပါးအမျိုးသားတို့ဆီသို့ သွားမည်အကြောင်း လက်ယာလက်ခံခြင်းကို ဗာနဗနှင့် ငါ့အား ပေးကြ၏။”—ဂလာတိ ၂:၁၊ ၉။a

ဤသဘောတူညီချက်ကို ကျွန်ုပ်တို့ မည်သို့နားလည်သင့်သနည်း။ သတင်းကောင်းကို ဂျူးများနှင့် ဘာသာပြောင်းဝင်လာသူတို့၏နယ်မြေ၊ တစ်ပါးအမျိုးသားများ၏နယ်မြေဟူ၍ ခွဲခြားပြီး ဟောပြောသင့်သလော။ သို့မဟုတ် ပထဝီအနေအထားအရ နယ်မြေခွဲဖို့ သဘောတူခဲ့ကြခြင်းလော။ ကျိုးကြောင်းညီညွတ်သည့် အဖြေရရန် ဒိုင်အာစပေါရာခေါ် ပါလက်စတိုင်းဒေသ ပြင်ပတွင်နေထိုင်ကြသည့် ဂျူးလူမျိုးတို့၏သမိုင်းကြောင်းကို သိထားဖို့ လိုပေသည်။

ပထမရာစုမှ ဂျူးလောက

ပထမရာစုတွင် ပါလက်စတိုင်းပြင်ပ၌ နေထိုင်ကြသည့် ဂျူးလူမျိုး မည်မျှရှိသနည်း။ ဂျူးလောက၏မြေပုံစာအုပ်တွင် ဤသို့ပြောဆိုထားသည်ကို ကျမ်းပညာရှင်များစွာ သဘောတူကြပုံရ၏– “ကိန်းဂဏန်းကို အတိအကျ သတ်မှတ်ဖို့ခက်၏။ သို့သော် စီ.အီး. ၇၀ ပြည့်နှစ်မတိုင်မီလေးတွင် ယုဒနယ်၌ ဂျူးလူမျိုး နှစ်သန်းခွဲရှိပြီး ရောမအင်ပါယာတွင် လေးသန်းကျော် နေထိုင်ကြသည်ဟု ကျိုးကြောင်းညီညွတ်စွာ ခန့်မှန်းရသည်။ . . . ရောမအင်ပါယာတွင် ဂျူးလူမျိုး ၁၀ ရာခိုင်နှုန်းခန့်ရှိပြီး ဂျူးအများစု နေထိုင်သည့်နေရာများ၊ အရှေ့ပိုင်းနယ်ပယ်များရှိ မြို့ကြီးများတွင် ၂၅ ရာခိုင်နှုန်း သို့မဟုတ် ထိုထက်မက ရှိပေမည်။”

ဂျူးလူမျိုးများသည် အရှေ့ဘက်တွင် ဆီးရီးယား၊ အာရှမိုင်းနား၊ ဗာဗုလုန်နှင့် အီဂျစ်ပြည်တို့တွင် အများအပြား နေထိုင်ကြပြီး ဥရောပတွင် အနည်းအကျဉ်း နေထိုင်ကြသည်။ လူသိများသည့် အစောပိုင်း ဂျူးခရစ်ယာန်များသည် ပြည်ပရောက်ဂျူးနောက်ခံမှ ဖြစ်ကြ၏၊ ထိုသူတို့မှာ ကုပရုပြည် (ဆိုက်ပရပ်စ်ကျွန်း) သား ဗာနဗ၊ ပုန္တုပြည်မှ ရောမသို့ ပြောင်းရွှေ့သွားကြသည့် ပြစ်ကိလနှင့် အာကုလ၊ အာလေဇန်ဒြိမြို့သား အာပေါလုနှင့် တာရှုမြို့သား ပေါလုတို့ ဖြစ်ကြသည်။—တမန်တော် ၄:၃၆; ၁၈:၂၊ ၂၄; ၂၂:၃။

ပြည်ပရောက် ဂျူးလူမျိုးများသည် ၎င်းတို့၏ဇာတိမြေနှင့် အဆက်အသွယ် အမြဲရှိခဲ့၏။ အဆက်အသွယ်လုပ်သည့် နည်းတစ်နည်းမှာ ယေရုရှလင်မြို့ရှိ ဝတ်ပြုရာအိမ်တော်၏ လုပ်ရိုးလုပ်စဉ်နှင့် ကိုးကွယ်ဝတ်ပြုရေးတို့တွင် ပါဝင်ရန် နှစ်စဉ် အခွန်ဆက်ခြင်းဖြင့်ဖြစ်သည်။ ယင်းနှင့်စပ်လျဉ်း၍ ကျမ်းပညာရှင် ဂျော်န် ဘားကလေးက ဤသို့ဆိုသည်– “ဤအခွန်ငွေအပြင် ချမ်းသာကြွယ်ဝသူများက ထပ်လှူဒါန်းသည့် အလှူငွေများကို ပြည်ပရောက် ဂျူးလူမျိုးများထံမှ ကောက်ခံရရှိခြင်းဖြစ်ကြောင်း လုံလောက်သော အထောက်အထားရှိသည်။”

အဆက်အသွယ်လုပ်သည့် နောက်တစ်နည်းမှာ ပွဲတော်များတွင် ပါဝင်တက်ရောက်ရန် ထောင်နှင့်ချီသော ဝတ်ပြုသူများသည် ယေရုရှလင်မြို့သို့ နှစ်စဉ်သွားရောက်ခြင်းဖြင့်ဖြစ်သည်။ စီ.အီး. ၃၃ ခုနှစ် ပင်တေကုတ္တေပွဲနေ့နှင့်ပတ်သက်၍ တမန်တော် ၂:၉-၁၁ ပါ မှတ်တမ်းက ယင်းကို ဖော်ပြပေးသည်။ ဂျူးဝတ်ပြုသူများသည် ပါသိပြည်၊ မေဒိပြည် (မီးဒီးယား)၊ ဧလံပြည်၊ မေသောပေါတာမိပြည် (မက်ဆိုပိုတေးမီးယား)၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှိပြည်၊ ဖြုဂိပြည်၊ ပံဖုလိပြည်၊ အဲဂုတ္တုပြည် (အီဂျစ်)၊ လိဗုပြည် (လစ်ဗျား)၊ ရောမမြို့၊ ကရေတေပြည်နှင့် အာရပ်ပြည်တို့မှ ရောက်လာကြ၏။

ယေရုရှလင်မြို့ရှိ ဝတ်ပြုရာအိမ်တော် စီမံခန့်ခွဲရေးအဖွဲ့က ပြည်ပရောက်ဂျူးများကို စာနှင့်အဆက်အသွယ်ပြု၏။ တမန်တော် ၅:၃၄ တွင် ဖော်ပြထားသည့် ဂါမလျေလအမည်ရှိသော ကျမ်းပြုဆရာသည် ဗာဗုလုန်နှင့် ကမ္ဘာ့အခြားဒေသများသို့ စာများ ပေးပို့ကြောင်း သိရှိရသည်။ စီ.အီး. ၅၉ ခုနှစ်ခန့်တွင် ရောမမြို့သို့ အကျဉ်းသားတစ်ဦးအဖြစ် တမန်တော်ပေါလု ရောက်လာသောအခါ “ယုဒလူ အကြီးအကဲတို့” က သူ့အား “သင်၏အကြောင်းကို ကြားလိုက်သောစာကို ယုဒပြည်မှ အကျွန်ုပ်တို့မရကြ။ ထိုပြည်မှလာသော ညီအစ်ကိုတို့တွင် အဘယ်သူမျှ သင်၌အပြစ်ရှိကြောင်းကို မကြားမပြောပါ” ဟု ပြောဆိုခဲ့ကြသည်။ ထို့ကြောင့် စာများနှင့် မှတ်တမ်းများကို ဇာတိမြေမှ ရောမမြို့သို့ ပေးပို့ခဲ့ကြောင်း ယင်းက ဖော်ပြ၏။—တမန်တော် ၂၈:၁၇၊ ၂၁။

ပြည်ပရောက်ဂျူးများ၏ သမ္မာကျမ်းစာမှာ ဟေဗြဲကျမ်းကို ဘာသာပြန်ထားသော ဂရိကျမ်းဖြစ်ပြီး စက်ပ်တွားဂျင့်ဟု အများက သိထားကြ၏။ ရည်ညွှန်းကျမ်းတစ်စောင်က ဤသို့ဖော်ပြထားသည်– “ပြည်ပတွင်နေထိုင်သည့် ဂျူးများက စက်ပ်တွားဂျင့်ကျမ်းကို ၎င်းတို့၏ သမ္မာကျမ်းစာအဖြစ် လက်ခံကာ ဖတ်ရှုကြကြောင်း ကောက်ချက်ချခြင်းက ယုတ္တိတန်သည်။” အစောပိုင်းခရစ်ယာန်များသည်လည်း သွန်သင်ပေးရာတွင် ယင်းဘာသာပြန်ကျမ်းကိုပင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြလေသည်။

ယေရုရှလင်မြို့ရှိ ခရစ်ယာန်အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ထိုအခြေအနေများနှင့် အကျွမ်းတဝင်ရှိခဲ့ကြ၏။ ဒမာသက်မြို့၊ အန္တိအုတ်မြို့အပါအဝင် ရှုရိပြည် (ဆီးရီးယား) နှင့် ပို၍ဝေးလံသောဒေသတို့တွင် နေထိုင်ကြသည့် ပြည်ပရောက်ဂျူးများထံ သတင်းကောင်း ရောက်ရှိနေနှင့်ပြီဖြစ်သည်။ (တမန်တော် ၉:၁၉၊ ၂၀; ၁၁:၁၉; ၁၅:၂၃၊ ၄၁; ဂလာတိ ၁:၂၁) စီ.အီး. ၄၉ ခုနှစ်တွင် ကျင်းပခဲ့သည့် အစည်းအဝေး၌ ပါဝင်ကြသူတို့သည် ရှေ့ဆက်လုပ်ဆောင်ရမည့်လုပ်ငန်းအတွက် အစီအစဉ်ရေးဆွဲခဲ့ကြကြောင်း ထင်ရှားသည်။ ဂျူးများနှင့် ဘာသာပြောင်းဝင်လာသူတို့အကြား သတင်းကောင်း ကျယ်ပြန့်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ ကျမ်းစာရည်ညွှန်းချက်များကို သုံးသပ်ကြည့်ကြစို့။

ပေါလု၏ခရီးစဉ်များနှင့် ပြည်ပရောက်ဂျူးများ

တမန်တော်ပေါလု၏တာဝန်မှာ “တစ်ပါးအမျိုးသားတို့နှင့် ရှင်ဘုရင်တို့ထံသို့လည်းကောင်း၊ ဣသရေလအမျိုးသားတို့ရှိရာသို့လည်းကောင်း [ယေရှုခရစ်] ၏နာမကို ပို့ဆောင်” ရန်ဖြစ်၏။b (တမန်တော် ၉:၁၅) ယေရုရှလင်အစည်းအဝေးပြီးသည့်နောက် ပေါလုသည် သွားလေရာရာ၌ ပြည်ပရောက်ဂျူးများထံ ဆက်၍ချဉ်းကပ်ခဲ့သည်။ (စာမျက်နှာ ၁၄ ရှိ လေးထောင့်ကွက်ကိုရှု။) ယင်းက ယေရုရှလင်အစည်းအဝေး၌ ရယူခဲ့ကြသည့် သဘောတူညီချက်သည် ပထဝီဝင်ဆိုင်ရာ နယ်မြေအပိုင်းအခြား ဖြစ်ပုံရကြောင်း ဖော်ပြ၏။ ပေါလုနှင့် ဗာနဗတို့သည် ၎င်းတို့၏ ခရစ်ယာန်သာသနာပြုလုပ်ငန်းကို အနောက်ဘက်သို့ တိုးချဲ့ခဲ့ကြပြီး အခြားသူတို့မှာမူ ဂျူးတို့၏ဇာတိမြေနှင့် ကမ္ဘာ့အရှေ့ပိုင်းရှိ ဂျူးရပ်ကွက်ကြီးများတွင် အမှုဆောင်ခဲ့ကြလေသည်။

ပေါလုနှင့် ၎င်း၏ခရီးသွားဖော်တို့သည် ရှုရိပြည်၊ အန္တိအုတ်မြို့မှ ဒုတိယခရစ်ယာန်သာသနာပြုခရီးကို အစပြုခဲ့ကြသောအခါ အာရှမိုင်းနားကိုဖြတ်၍ တရောမြို့အထိ အနောက်ဘက်သို့ သွားရောက်ခဲ့ကြသည်။ ထိုမှတစ်ဆင့် မာကေဒေါနိပြည် (မက်ဆီဒိုးနီးယား) သို့ ကူးသွားခဲ့ကြ၏၊ အကြောင်းမှာ “မာကေဒေါနိပြည်၌ ဧဝံဂေလိတရားကိုဟောစေခြင်းငှာ သခင်ဘုရားသည် [သူတို့ကို] ခေါ်တော်မူသည်” ဟု ကောက်ချက်ချခဲ့၍ဖြစ်သည်။ နောက်ပိုင်းတွင် အာသင်မြို့နှင့် ကောရိန္သုမြို့များအပါအဝင် အခြားသောဥရောပမြို့များ၌ ခရစ်ယာန်အသင်းတော်များ တည်ထောင်ခဲ့သည်။—တမန်တော် ၁၅:၄၀၊ ၄၁; ၁၆:၆-၁၀; ၁၇: ၁–၁၈:၁၈။

စီ.အီး. ၅၆ ခုနှစ်ခန့်တွင် ပေါလုသည် မိမိ၏တတိယ ခရစ်ယာန်သာသနာပြုခရီးကို အဆုံးသတ်ပြီးနောက် ပို၍ဝေးလံသည့် အနောက်ဘက်သို့ ခရီးဆန့်ရန် စီစဉ်ခဲ့ပြီး ယေရုရှလင်အစည်းအဝေးတွင် သူတာဝန်ရခဲ့သည့် နယ်မြေကို တိုးချဲ့လေသည်။ သူ ဤသို့ရေးသားခဲ့၏– “ငါတတ်နိုင်သမျှအတိုင်း ရောမမြို့သားဖြစ်သော သင်တို့အား ဧဝံဂေလိတရားကိုဟောခြင်းငှာ စေတနာစိတ်ရှိ၏၊” “သင်တို့အနားမှာလျှောက်၍ စပါနိပြည် (စပိန်) သို့သွားမည်။” (ရောမ ၁:၁၅; ၁၅:၂၄၊ ၂၈) သို့သော် အရှေ့ဘက်ရှိ ပြည်ပရောက် ဂျူးရပ်ကွက်ကြီးများနှင့် ပတ်သက်၍ကော။

အရှေ့ဘက်ရှိ ဂျူးရပ်ကွက်များ

စီ.အီး. ပထမရာစုအတွင်း အီဂျစ်ပြည်၌ အထူးသဖြင့် အလက်ဇန္ဒြီးယားမြို့တော်တွင် အကြီးမားဆုံးသော ပြည်ပရောက် ဂျူးအသိုင်းအဝိုင်း ရှိလေသည်။ ကုန်သွယ်မှုနှင့် ယဉ်ကျေးမှုတို့၏အချက်အချာ ဤဒေသတွင် ဂျူးလူမျိုး သိန်းနှင့်ချီရှိရာ တရားဇရပ်များကလည်း တစ်မြို့လုံး နေရာအနှံ့ပင်။ ထိုစဉ်က အီဂျစ်ပြည်တစ်ဝန်းလုံးတွင် ဂျူးလူမျိုး အနည်းဆုံး တစ်သန်းရှိကြောင်း အလက်ဇန္ဒြီးယားမြို့သား ဂျူးလူမျိုးတစ်ဦးဖြစ်သူ ဖီလိုကဆို၏။ ထို့ပြင် ဂျူးလူမျိုးအတော်များများသည် လိဗုပြည်အနီးအပါးတွင်လည်းကောင်း၊ ကုရေနေမြို့နှင့် အနီးအနားဝန်းကျင်တွင်လည်းကောင်း အခြေချခဲ့ကြသည်။

ခရစ်ယာန်ဖြစ်လာကြသည့် ဂျူးလူမျိုးတချို့သည် ထိုဒေသများမှ ဖြစ်ကြ၏။ “အာပေါလုအမည်ရှိသော အာလေဇန်ဒြိမြို့သား၊” ရှုရိပြည်၊ အန္တိအုတ်မြို့တွင်ရှိသော အသင်းတော်ကို ကူညီထောက်မပေးခဲ့ကြသည့် ‘ကုပရုပြည်နှင့် ကုရေနေပြည်သားတချို့’ နှင့် “ကုရေနေပြည်သား လုကိ” တို့အကြောင်းကို ကျွန်ုပ်တို့ဖတ်ရ၏။ (တမန်တော် ၂:၁၀; ၁၁:၁၉၊ ၂၀; ၁၃:၁; ၁၈:၂၄) ထိုဖော်ပြချက်များနှင့် အဲသယောပိအမတ်ကို ခရစ်ယာန်ဧဝံဂေလိဟောပြောသူ ဖိလိပ္ပု သက်သေခံခဲ့သည့်အကြောင်းမှလွဲ၍ အီဂျစ်ပြည်နှင့် အနီးဝန်းကျင်တွင် အစောပိုင်းခရစ်ယာန်များ အမှုဆောင်ခဲ့သည့်အကြောင်းကို သမ္မာကျမ်းစာတွင် မဖော်ပြထားချေ။—တမန်တော် ၈:၂၆-၃၉။

ဗာဗုလုန်ပြည်မှစ၍ ပါသိပြည်၊ မေဒိပြည်နှင့် ဧလံပြည်အထိသည် ဂျူးလူမျိုးများစွာ နေထိုင်သည့် နောက်ဒေသတစ်ခုဖြစ်၏။ “တိုက်ဂရစ်နှင့် ယူဖရေးတီးစ် မြစ်ဝှမ်းလွင်ပြင်ရှိ နယ်မြေအသီးသီး၊ အာမေးနီးယားပြည်မှ ပါရှန်ကွေ့အထိ၊ အရှေ့မြောက်ဘက်တွင် ကက်စပီယန်ပင်လယ်အထိ၊ အရှေ့ဘက်တွင် မေဒိပြည်အထိ ဂျူးလူမျိုးများ နေထိုင်ကြ” ကြောင်း သမိုင်းပညာရှင်တစ်ဦးက ဆိုသည်။ အရေအတွက်မှာ ၈၀၀,၀၀၀ ထက်မကကြောင်း ဂျူးဒေယကားစွယ်စုံကျမ်းက ခန့်မှန်းသည်။ ထောင်နှင့်ချီသော ဗာဗုလုန်ပြည်သား ဂျူးလူမျိုးများသည် နှစ်စဉ်ကျင်းပသည့် ပွဲတော်များအတွက် ယေရုရှလင်မြို့သို့ သွားရောက်ခဲ့ကြကြောင်း ပထမရာစု ဂျူးသမိုင်းပညာရှင် ဂျိုစီဖတ်စ်ကဆိုသည်။

ဗာဗုလုန်ပြည်သား ဂျူးဝတ်ပြုသူတချို့သည် စီ.အီး. ၃၃ ခုနှစ် ပင်တေကုတ္တေပွဲနေ့တွင် နှစ်ခြင်းခံခဲ့ကြပါသလော။ ကျွန်ုပ်တို့မသိရသော်လည်း ထိုနေ့၌ တမန်တော်ပေတရု၏စကားကို ကြားနာခဲ့ကြသူတို့တွင် တချို့သည် မေသောပေါတာမိပြည်မှ ဖြစ်ကြသည်။ (တမန်တော် ၂:၉) တမန်တော်ပေတရုသည် စီ.အီး. ၆၂-၆၄ ခုနှစ်ခန့်တွင် ဗာဗုလုန်ပြည်၌ ရှိနေကြောင်းကိုမူ ကျွန်ုပ်တို့သိထားကြ၏။ ထိုတွင်ရှိစဉ် ပေတရုပထမစာစောင်ကို သူရေးသားခဲ့ပြီး ဒုတိယ စာစောင်ကိုလည်း ရေးသားခဲ့ဖွယ်ရှိသည်။ (၁ ပေတရု ၅:၁၃) ဂျူးလူမျိုးအများအပြား နေထိုင်သည့် ဗာဗုလုန်ပြည်သည် ဂလာတိကျမ်းတွင် ဖော်ပြထားသည့် အစည်းအဝေး၌ ပေတရု၊ ယောဟန်နှင့် ယာကုပ်တို့အား တာဝန်ပေးခဲ့သော နယ်မြေ၏ တစ်စိတ်တစ်ဒေသဟု အမှန်ပင်ယူမှတ်ခဲ့ကြ၏။

ယေရုရှလင်အသင်းတော်နှင့် ပြည်ပရောက်ဂျူးများ

နယ်မြေများ သတ်မှတ်ဖော်ပြခဲ့ကြသည့် အစည်းအဝေးတွင် တက်ရောက်ခဲ့သူ ယာကုပ်သည် ယေရုရှလင်အသင်းတော်တွင် ကြီးကြပ်မှူးတစ်ဦးအဖြစ် အမှုဆောင်ခဲ့၏။ (တမန်တော် ၁၂:၁၂၊ ၁၇; ၁၅:၁၃; ဂလာတိ ၁:၁၈၊ ၁၉) သူသည် စီ.အီး. ၃၃ ခုနှစ် ပင်တေကုတ္တေပွဲနေ့တွင် အလည်အပတ်ရောက်လာကြသည့် ထောင်နှင့်ချီသော ပြည်ပရောက်ဂျူးများ သတင်းကောင်းကိုတုံ့ပြန်ပြီး နှစ်ခြင်းခံခဲ့သည်ကို မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးဖြစ်သည်။—တမန်တော် ၁: ၁၄; ၂:၁၊ ၄၁။

ထိုအချိန်နှင့် ၎င်းနောက်ပိုင်း သောင်းနှင့်ချီသောဂျူးများသည် နှစ်စဉ်ကျင်းပသည့် ပွဲတော်များအတွက် ရောက်ရှိလာကြသည်။ ယေရုရှလင်မြို့သည် လူများလွန်း၍ ကျပ်သိပ်လာရာ ဧည့်သည်များမှာ အနီးအနားရှိ ရွာများတွင်လည်းကောင်း၊ တဲရှင်များထိုး၍လည်းကောင်း တည်းခိုခဲ့ကြရ၏။ ဝတ်ပြုသူများသည် မိတ်ဆွေများနှင့် တွေ့ဆုံပေါင်းသင်းကြသည့်အပြင် ဝတ်ပြုရာအိမ်တော်သို့သွား၍ ကိုးကွယ်ဝတ်ပြုကြကာ ယဇ်ပူဇော်ကြပြီး တိုရာကျမ်းလေ့လာမှုတွင် ပါဝင်ခဲ့ကြကြောင်း ဂျူးဒေယကားစွယ်စုံကျမ်းက ရှင်းပြ၏။

ယာကုပ်နှင့် အခြားသော ယေရုရှလင်အသင်းတော်သားများသည် ပြည်ပရောက်ဂျူးများကို သက်သေခံရန် ဤအခွင့်အရေးများကို အသုံးပြုခဲ့မည်မှာ သေချာပါသည်။ သတေဖန်အသတ်ခံရပြီးနောက် “ယေရုရှလင်မြို့၌ရှိသော အသင်းတော်သည် ပြင်းစွာသော ညှဉ်းဆဲခြင်းကိုခံရ” စဉ်ကာလအတွင်း တမန်တော်များသည် ပညာသတိရှိရှိဖြင့် ထိုသို့လုပ်ဆောင်ခဲ့ဖွယ်ရှိ၏။ (တမန်တော် ၈: ၁) ဤဖြစ်ရပ်မတိုင်မီနှင့် ပြီးနောက်တွင် ဟောပြောခြင်းအတွက် ထိုခရစ်ယာန်များ၏ စိတ်အားထက်သန်မှုကြောင့် မပြတ်တိုးပွားလာကြောင်း မှတ်တမ်းက ဖော်ပြသည်။—တမန်တော် ၅:၄၂; ၈: ၄; ၉:၃၁။

ကျွန်ုပ်တို့ အဘယ်အရာသင်ယူနိုင်သနည်း

ဂျူးလူမျိုးများ မည်သည့်အရပ်တွင် နေထိုင်စေကာမူ အစောပိုင်းခရစ်ယာန်များသည် သူတို့နှင့်ဆက်သွယ်ရန် စိတ်ရင်းမှန်ဖြင့် ကြိုးပမ်းအားထုတ်ခဲ့ကြသည်။ တစ်ချိန်တည်းတွင် ပေါလုနှင့် အခြားသူတို့သည် ဥရောပနယ်ပယ်အတွင်းရှိ တစ်ပါးအမျိုးသားများထံ ရောက်ရှိခဲ့ကြသည်။ တပည့်များနှင့် ခွဲခွာခါနီးအချိန်တွင် “လူမျိုးတကာတို့ကို” တပည့်ဖြစ်စေပါဟူသည့် ယေရှု၏မိန့်မှာချက်ကို သူတို့လိုက်နာခဲ့ကြ၏။—မဿဲ ၂၈:၁၉၊ ၂၀။

ယေဟောဝါ၏ဝိညာဉ်တော် ကူညီထောက်မမှုရရန် စနစ်တကျဖွဲ့စည်း၍ ဟောပြောဖို့ အရေးကြီးကြောင်း ၎င်းတို့၏စံနမူနာမှ သင်ယူနိုင်ပါသည်။ ထို့ပြင် သမ္မာကျမ်းစာကို ရိုသေလေးစားသော၊ အထူးသဖြင့် ယေဟောဝါသက်သေ အနည်းအကျဉ်းသာရှိသည့် နယ်မြေများတွင်ရှိသူတို့နှင့် တွေ့ဆုံခြင်းဖြင့် အကျိုးများစွာရရှိကြောင်း တွေ့မြင်နိုင်ပေသည်။ သင်၏အသင်းတော်ကို တာဝန်ပေးထားသည့် နယ်မြေရှိ အချို့ဒေသများသည် အခြားဒေသများထက် အကျိုးပိုဖြစ်ထွန်းပါသလော။ ယင်းဒေသများသို့ မကြာခဏသွားရောက်ခြင်းက အကျိုးရှိနိုင်ပါမည်။ အလွတ်သဘောနှင့် လမ်းပေါ်သက်သေခံခြင်းကို အထူးကြိုးစားလုပ်ဆောင်ရန် သင့်လျော်သည့် လူများစွာလာရောက်သော အခမ်းအနားများ သင့်ဝန်းကျင်ဒေသတွင် ရှိပါသလော။

အစောပိုင်း ခရစ်ယာန်များ၏အကြောင်း သမ္မာကျမ်းစာတွင် ဖတ်ရှုရုံသာမက သမိုင်းဆိုင်ရာနှင့် ပထဝီဝင်ဆိုင်ရာ အသေးစိတ်အချက်အလက်တချို့ကို သိရှိလာခြင်းက ကျွန်ုပ်တို့ကို အကျိုးရှိစေသည်။ ကျွန်ုပ်တို့၏သိနားလည်မှုကို တိုးချဲ့ရန် အသုံးပြုနိုင်သည့် ကိရိယာတစ်ခုမှာ မြေပုံနှင့် ဓာတ်ပုံများစွာပါရှိသည့် “ကောင်းမွန်သောပြည်ကို ကြည့်လော့” ဘရိုရှာဖြစ်သည်။

[အောက်ခြေမှတ်ချက်များ]

a ဤအစည်းအဝေးကို ပထမရာစု အုပ်ချုပ်ရေးအဖွဲ့မှ အရေဖျားလှီးခြင်းကိစ္စအကြောင်း ပြောဆိုဆွေးနွေးချိန်တွင် ကျင်းပခဲ့ပေမည်။—တမန်တော် ၁၅: ၆-၂၉။

b ဤဆောင်းပါးသည် “တစ်ပါးအမျိုးသားတို့နှင့်ဆိုင်သော တမန်တော်” အဖြစ် ပေါလု၏လုပ်ဆောင်မှုများ အပေါ်မဟုတ်ဘဲ ဂျူးလူမျိုးများထံ သက်သေခံခြင်းအပေါ် အာရုံစိုက်သည်။—ရောမ ၁၁:၁၃။

[စာမျက်နှာ ၁၄ ပါ ဇယား]

ပြည်ပရောက် ဂျူးလူမျိုးများကို တမန်တော်ပေါလု ဂရုစိုက်

စီ.အီး.၄၉ ခုနှစ်၊ ယေရုရှလင်မြို့၌ အစည်းအဝေးမကျင်းပမီက

တမန်တော် ၉:၁၉၊ ၂၀ ဒမာသက်မြို့—“တရားဇရပ်တို့၌ မဆိုင်းမလင့်ဟော”

တမန်တော် ၉:၂၉ ယေရုရှလင်မြို့—‘ဂရိစကားပြော ဂျူးများနှင့် ပြောဆို’

တမန်တော် ၁၃:၅ ကုပရုကျွန်းရှိ ရှာလမိမြို့—“ယုဒတရားဇရပ်များတွင် ဘုရားသခင်၏နှုတ်[မြွက်]တရားတော်ကို ဟောပြော”

တမန်တော် ၁၃:၁၄ ပိသိဒိပြည်ရှိ အန္တိအုတ်မြို့—“တရားဇရပ်သို့ဝင်”

တမန်တော် ၁၄:၁ ဣကောနိမြို့—“ယုဒတရားဇရပ်သို့ဝင်”

စီ.အီး.၄၉ခုနှစ်၊ယေရုရှလင်မြို့၌ အစည်းအဝေးကျင်းပပြီးနောက်

တမန်တော် ၁၆:၁၄ ဖိလိပ္ပိမြို့—‘ဘုရားသခင်ကို ကိုးကွယ်သောသူ လုဒိ’

တမန်တော် ၁၇:၁ သက်သာလောနိတ်မြို့—“ယုဒတရားဇရပ်”

တမန်တော် ၁၇:၁၀ ဗေရိမြို့—“ယုဒတရားဇရပ်”

တမန်တော် ၁၇:၁၇ အာသင်မြို့—‘တရားဇရပ်၌ ယုဒလူတို့နှင့် ဆွေးနွေးနှီးနှော’

တမန်တော် ၁၈:၄ ကောရိန္သုမြို့—“တရားဇရပ်၌ ဆွေးနွေးဟောပြော”

တမန်တော် ၁၈:၁၉ ဧဖက်မြို့—“တရားဇရပ်သို့ဝင်၍ ယုဒလူတို့နှင့်ဆွေးနွေးနှီးနှော”

တမန်တော် ၁၉:၈ ဧဖက်မြို့—“တရားဇရပ်သို့ဝင်၍ သုံးလပတ်လုံး . . . ရဲရင့်စွာဟောပြော”

တမန်တော် ၂၈:၁၇ ရောမမြို့—“ယုဒလူအကြီးအကဲတို့ကိုခေါ်၍ စုဝေးစေ”

[စာမျက်နှာ ၁၅ ပါ မြေပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

စီ.အီး. ၃၃ ခုနှစ် ပင်တေကုတ္တေပွဲနေ့တွင် သတင်းကောင်းကို ကြားနာခဲ့သူတို့သည် နေရာအနှံ့အပြားမှ လာရောက်ခဲ့ကြ

ဣလုရိတ်ပြည်

အီတလီ

ရောမ

မာကေဒေါနိပြည်

ဂရိပြည်

အာသင်မြို့

ကရေတေကျွန်း

ကုရေနေပြည်

လိဗုပြည်

ဗိသုန်ပြည်

ဂလာတိပြည်

အာရှိပြည်

ဖြုဂိပြည်

ပံဖုလိပြည်

ကုပရုကျွန်း

အီဂျစ်ပြည်

အဲသယောပိပြည်

ပုန္တုပြည်

ကပ္ပဒေါကိပြည်

ကိလိကိပြည်

မေသောပေါတာမိပြည်

ရှုရိပြည်

ရှမာရိနယ်

ယေရုရှလင်မြို့

ယုဒနယ်

မေဒိပြည်

ဗာဗုလုန်

ဧလံပြည်

အာရပ်ပြည်

ပါသိပြည်

[Bodies of water]

မြေထဲပင်လယ်

ပင်လယ်နက်

ပင်လယ်နီ

ပါရှန်ပင်လယ်ကွေ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ