“ဤမည်သောလမ်းသည်မှန်၏။ ဤလမ်း၌သွားလော့”
အယ်မီလီယာ ပီတာစင်၏ဘဝအတ္ထုပ္ပတ္တိ
ရုသ် အီး. ပါပါ့စ်ပြောပြသည်
ကျွန်မရဲ့အမေ အယ်မီလီယာ ပီတာစင်ဟာ ၁၈၇၈ ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။ အမေဟာ ကျောင်းဆရာမတစ်ယောက်ဖြစ်လာပေမဲ့ သူတကယ်လုပ်ချင်တာက သူ့ဘဝကို လူတွေဘုရားသခင်နဲ့ရင်းနှီးလာအောင်ကူညီပေးရာမှာ အသုံးပြုချင်တယ်။ အမေရိကန်ပြည်ထောင်စု၊ မင်နီစိုတာပြည်နယ် ဂျက်စ်ပါမြို့ငယ်လေးက ကျွန်မတို့အိမ်မှာရှိနေတဲ့ ကြီးမားတဲ့အဝတ်သေတ္တာကြီးက အမေရဲ့ဆန္ဒကိုဖော်ပြနေပါတယ်။ ခရစ်ယာန်သာသနာပြုအနေနဲ့ အမေအမှုဆောင်ချင်တဲ့ တရုတ်ပြည်ကို သူ့ပိုင်ပစ္စည်းတွေသယ်သွားဖို့ အဲ့ဒီသေတ္တာကြီးကို သူရယူထားတာဖြစ်တယ်။ ဒါပေမဲ့ အမေရဲ့အမေဆုံးပါးသွားတဲ့အခါ အမေဟာ သူ့ရဲ့အစီအစဉ်တွေကိုစွန့်လွှတ်ခဲ့ပြီး သူ့ထက်ငယ်တဲ့မွေးချင်းတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ အိမ်မှာပဲနေတော့တယ်။ ၁၉၀၇ ခုနှစ်မှာ သီအိုဒေါရ် ဟိုလင်နဲ့လက်ထပ်ခဲ့တယ်။ ကလေးခုနစ်ယောက်ထဲကအငယ်ဆုံးဖြစ်တဲ့ ကျွန်မကို ၁၉၂၅ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှာမွေးဖွားခဲ့တယ်။
အမေ အဖြေထက်ထက်သန်သန်ရှာနေတဲ့ ကျမ်းစာမေးခွန်းတွေရှိခဲ့တယ်။ မေးခွန်းတစ်ခုကတော့ ငရဲဟာ ဆိုးသွမ်းသူတွေအတွက် တောက်လောင်နေတဲ့ညှဉ်းဆဲရာအရပ်ဖြစ်တယ်ဆိုတဲ့ သွန်သင်ချက်နဲ့ပတ်သက်တယ်။ ဒီသွန်ချက်နဲ့ပတ်သက်တဲ့ကျမ်းစာအထောက်အထားရနိုင်မယ့် လူသာရင်ချာ့ချ်ရဲ့ဧည့်သည်ကြီးကြပ်မှူးတစ်ဦးကို အမေမေးမြန်းခဲ့တယ်။ သူက ကျမ်းစာဘာပြောသလဲဆိုတာ အရေးမကြီးပါဘူး၊ ညှဉ်းဆဲရာမီးငရဲအကြောင်းသင်ပေးဖို့လိုတယ်လို့ ပြောခဲ့တယ်။
အမှန်ကိုသိလိုသည့် ဆန္ဒပြည့်ခဲ့
၁၉၀၀ ပြည့်ပြီး မကြာခင်မှာ အမေရဲ့ညီမ အမ်မာဟာ ဂီတသင်ဖို့ မင်နီစိုတာပြည်နယ်၊ နော့သ်ဖီးလ်မြို့ကိုသွားခဲ့တယ်။ သူ့ရဲ့ဆရာ မီလ်ရုစ် ခရစ်ရှန်စင်အိမ်မှာနေခဲ့တယ်၊ ဆရာရဲ့ဇနီးဟာ အဲ့ဒီတုန်းကယေဟောဝါသက်သေတွေကိုခေါ်တဲ့ ကျမ်းစာကျောင်းသားဖြစ်တယ်။ အမ်မာက သူ့အစ်မဟာ ထက်သန်တဲ့ကျမ်းစာဖတ်ရှုသူတစ်ဦးဖြစ်ကြောင်း ပြောပြတယ်။ မကြာခင်မှာ မစ္စစ်ခရစ်ရှန်စင်ဟာ အမေ့ဆီကို ကျမ်းစာမေးခွန်းရဲ့အဖြေတွေရေးပို့ခဲ့တယ်။
တစ်နေ့ လိုရာ အော့ဟောက်သ်လို့အမည်ရှိတဲ့ ကျမ်းစာကျောင်းသားတစ်ယောက်ဟာ ဂျက်စ်ပါမြို့မှာဟောပြောဖို့ တောင်ပိုင်းဒါကိုတာပြည်နယ်၊ ဇုဇ်ဖောဖ်မြို့ကနေ မီးရထားနဲ့လာခဲ့တယ်။ အမေဟာ သူရရှိခဲ့တဲ့ကျမ်းစာ,စာပေကို လေ့လာခဲ့တယ်၊ ၁၉၁၅ ခုနှစ်မှာ လိုရာဆီကရတဲ့ စာပေတွေကိုဖြန့်ဝေပြီး အခြားသူတွေကို ကျမ်းစာအမှန်တရားစတင်ဝေငှခဲ့တယ်။
၁၉၁၆ ခုနှစ်မှာ အိုင်အိုဝါပြည်နယ် ဇုဇ်စီးတီး စည်းဝေးကြီးမှာ ချားလ်စ် တေ့ဇ် ရပ်စယ်လ်ရောက်ရှိနေမယ်ဆိုတာကို အမေကြားသိခဲ့တယ်။ သူသွားတက်ရောက်ချင်ခဲ့တယ်။ အဲ့ဒီတုန်းက အမေ့မှာ သားသမီးငါးယောက်ရှိနေပြီး အငယ်ဆုံးမာဗင်က ငါးလသားပဲရှိသေးတယ်။ ဘာပဲဖြစ်ဖြစ် အမေဟာ သူ့ကလေးအားလုံးနဲ့အတူ စည်းဝေးကြီးသွားတက်ဖို့ မိုင် ၁၀၀ လောက်ဝေးတဲ့ ဇုဇ်စီးတီးကို မီးရထားနဲ့ခရီးထွက်ခဲ့တယ်။ အမေဟာ ညီအစ်ကိုရပ်စယ်လ်ရဲ့ဟောပြောချက်တွေကို ကြားခဲ့ရတယ်၊ “ဖန်ဆင်းခြင်းဓာတ်ပုံပြဇာတ်” ကိုကြည့်ခဲ့ရပြီး နှစ်ခြင်းလည်းခံခဲ့တယ်။ အိမ်ပြန်ရောက်တဲ့အခါ စည်းဝေးကြီးအကြောင်းဆောင်းပါးရေးခဲ့ပြီး အဲ့ဒီဆောင်းပါးဟာ ဂျက်စ်ပါဂျာနယ်မှာပါခဲ့တယ်။
၁၉၂၂ ခုနှစ်မှာ အိုဟိုင်အိုပြည်နယ်၊ စီဒါပွိုင့်မြို့မှာကျင်းပတဲ့စည်းဝေးကြီးတက်ရောက်သူ ၁၈,၀၀၀ လောက်ထဲမှာအမေလည်းပါတယ်။ အဲ့ဒီစည်းဝေးကြီးပြီးတဲ့နောက် ဘုရားသခင့်နိုင်ငံတော်သတင်းကြေညာရာမှာ အမေဘယ်တော့မှမရပ်နားခဲ့ဘူး။ အမှန်ပါပဲ အမေရဲ့ပုံသက်သေက “ဤမည်သောလမ်းသည်မှန်၏။ ဤလမ်း၌သွားလော့” ဆိုတဲ့တိုက်တွန်းချက်ကိုအလေးထားဖို့ ကျွန်မတို့တစ်တွေကို လှုံ့ဆော်ခဲ့တယ်။—ဟေရှာ. ၃၀:၂၁။
ဘုရားသခင့်နိုင်ငံတော်ဓမ္မအမှု၏ရလဒ်
၁၉၂၀ ပြည့်လွန်နှစ်တွေရဲ့အစောပိုင်းမှာ မိဘတွေဟာ ဂျက်စ်ပါမြို့ပြင်ဘက်ကို ပြောင်းရွှေ့ခဲ့ကြတယ်။ အဖေ့မှာ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှိပြီး မိသားစုကြီးကို ထောက်ပံ့ရတယ်။ အဖေဟာ အမေလောက်ကျမ်းစာမလေ့လာခဲ့ပေမဲ့ ဟောပြောခြင်းလုပ်ငန်းကို စိတ်ပါလက်ပါအားပေးခဲ့ပြီး အဲ့ဒီတုန်းက ပီလ်ဂရင်မ်လို့သိကြတဲ့ နယ်လှည့်အမှုဆောင်တွေကို ကျွန်မတို့အိမ်မှာ တည်းခိုခွင့်ပြုခဲ့တယ်။ နယ်လှည့်ညီအစ်ကိုတစ်ဦး ကျွန်မတို့အိမ်မှာဟောပြောချက်ပေးလေ့ရှိပြီး အဲ့ဒီအခါ လူတစ်ရာ ဒါမှမဟုတ် တစ်ရာဝန်းကျင်လောက်လာတက်တဲ့အတွက် ဧည့်ခန်း၊ ထမင်းစားခန်း၊ အိပ်ခန်းတွေမှာ လူတွေပြည့်သွားတယ်။
ကျွန်မအသက်ခုနစ်နှစ်လောက်တုန်းက ကျွန်မဒေါ်လေးလက်တီက သူ့အိမ်နီးချင်းဖြစ်တဲ့အက်ဒ် လာစင်နဲ့ သူ့ဇနီးဟာ ကျမ်းစာလေ့လာချင်တဲ့အကြောင်း ဖုန်းဆက်ပြောခဲ့တယ်။ သူတို့ဟာ ကျမ်းစာအမှန်တရားကို လိုလိုလားလားလက်ခံခဲ့ကြပြီး နောက်ပိုင်း သူတို့ရဲ့နောက်အိမ်နီးချင်းဖြစ်တဲ့ ကလေးရှစ်ယောက်မိခင် မာသ ဗင် ဒါလဲန်ကို လေ့လာရာမှာပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ကြတယ်။ မာသနဲ့သူ့မိသားစုတစ်ခုလုံးလည်း ကျမ်းစာကျောင်းသားတွေဖြစ်လာကြတယ်။a
အဲ့ဒီအချိန်လောက်တုန်းက ကျွန်မတို့ကနေ မိုင်အနည်းငယ်ဝေးတဲ့နေရာမှာနေတဲ့ လူငယ် ဂေါ်ဒင် ကမ်မီရွတ်ဟာ အဖေနဲ့အတူစအလုပ်လုပ်တယ်။ ဂေါ်ဒင်ကို “အလုပ်ရှင်ရဲ့သမီးတွေကို သတိထား။ သူတို့ရဲ့ ဝတ်ပြုရေးက ထူးဆန်းတယ်” လို့သတိပေးခဲ့ကြတယ်။ ဒါပေမဲ့ ဂေါ်ဒင်ဟာ ကျမ်းစာကိုစလေ့လာပြီး မကြာခင်မှာ အမှန်တရားကိုတွေ့ပြီလို့ သူယုံကြည်ခဲ့တယ်။ သုံးလကြာပြီးနောက် သူနှစ်ခြင်းခံခဲ့တယ်။ သူ့မိဘတွေလည်း ယုံကြည်သူတွေဖြစ်လာကြပြီး ဟိုလင်၊ ကမ်မီရွတ်၊ ဗင် ဒါလဲန်မိသားစုတွေဟာ ရင်းနှီးတဲ့မိတ်ဆွေဖြစ်လာခဲ့ကြတယ်။
စည်းဝေးကြီးများအားဖြင့် ခွန်အားရရှိခဲ့
အမေဟာ စီဒါပွိုင့်စည်းဝေးကြီးကနေ ခွန်အားအများကြီးရရှိခဲ့တဲ့အတွက် တခြားစည်းဝေးကြီးတွေကိုလည်း ဘယ်တော့မှမလွတ်ချင်ဘူး။ ဒါကြောင့် ကျွန်မရဲ့မှတ်ဉာဏ်ထဲမှာရှိတဲ့ အစောပိုင်းအဖြစ်အပျက်တွေကတော့ ဒီစုဝေးခြင်းတွေကိုသွားတက်ဖို့ ခရီးရှည်ထွက်ခဲ့တဲ့အကြောင်းတွေပါပဲ။ ၁၉၃၁ ခုနှစ်၊ အိုဟိုင်အိုပြည်နယ်၊ ကိုလံဘတ်စ်မြို့မှာကျင်းပတဲ့စည်းဝေးကြီးတစ်ခုဟာ အလွန်မှအရေးပါခဲ့ပါတယ်၊ ဘာကြောင့်လဲဆိုတော့ အဲ့ဒီစည်းဝေးကြီးမှာ ယေဟောဝါသက်သေဆိုတဲ့နာမည်ကို ယူခဲ့လို့ဖြစ်တယ်။ (ဟေရှာ. ၄၃:၁၀-၁၂) ၁၉၃၅ ခုနှစ် ဝါရှင်တန်၊ ဒီ.စီ.မှာကျင်းပတဲ့စည်းဝေးကြီးကိုလည်း ကျွန်မကောင်းကောင်းမှတ်မိနေတယ်၊ အဲ့ဒီမှာဟောတဲ့သမိုင်းဝင်ဟောပြောချက်က ဗျာဒိတ်ကျမ်းမှာပြောထားတဲ့ “အုပ်စုကြီး” ဒါမှမဟုတ် “လူအုပ်ကြီး” ဟာဘယ်သူလဲဆိုတာဖော်ပြခဲ့တယ်။ (ဗျာ. ၇:၉; ဂျိမ်းစ်ဘုရင်ဘာသာပြန်ကျမ်း) အဲ့ဒီမှာနှစ်ခြင်းခံသူ ၈၀၀ ကျော်ထဲမှာကျွန်မရဲ့အစ်မ လီလီယမ်နဲ့ ယူးနစ္စတို့ပါခဲ့ကြတယ်။
ကျွန်မတို့မိသားစုဟာ ၁၉၃၇ ခုနှစ်မှာ အိုဟိုင်အိုပြည်နယ် ကိုလံဘတ်စ်၊ ၁၉၃၈ ခုနှစ်မှာ ဝါရှင်တန်ပြည်နယ် စီအဲတဲလ်၊ ၁၉၃၉ ခုနှစ်မှာ နယူးယောက်စီးတီး စည်းဝေးကြီးတွေကိုသွားခဲ့ကြတယ်။ ကျွန်မတို့နဲ့အတူ ဗင် ဒါလဲန်၊ ကမ်မီရွတ်မိသားစုနဲ့ တခြားသူတွေပါလိုက်ပါခဲ့ကြပြီး လမ်းခရီးတစ်လျှောက်စခန်းချခဲ့ကြတယ်။ ၁၉၄၀ ပြည့်နှစ်မှာ ယူးနစ္စက လီယို ဗင် ဒါလဲန်နဲ့လက်ထပ်ခဲ့ပြီး ရှေ့ဆောင်တွေဖြစ်လာကြတယ်။ အဲ့ဒီနှစ်မှာပဲ လီလီယမ်က ဂေါ်ဒင် ကမ်မီရွတ်နဲ့လက်ထပ်ပြီး သူတို့လည်းရှေ့ဆောင်တွေဖြစ်လာကြတယ်။
၁၉၄၁ ခုနှစ် မစ်ဆူရီပြည်နယ် စိန့်လူးဝစ္စမြို့မှာကျင်းပတဲ့စည်းဝေးကြီးဟာ ထူးခြားခဲ့ပါတယ်။ အဲ့ဒီမှာ လူငယ်ထောင်ပေါင်းများစွာဟာ ကလေးများစာအုပ်ကိုရရှိခဲ့ကြတယ်။ အဲ့ဒီစည်းဝေးကြီးဟာ ကျွန်မအတွက် အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့တယ်။ မကြာခင်မှာပဲ ၁၉၄၁၊ စက်တင်ဘာလ ၁ ရက်နေ့မှာ ကျွန်မအစ်ကို မာဗင်၊ သူ့ဇနီးဂျွိုက်စ်နဲ့ကျွန်မတို့ဟာ ရှေ့ဆောင်တွေဖြစ်လာကြတယ်။ ကျွန်မက ၁၅ နှစ်ပဲရှိသေးတယ်။
စည်းဝေးကြီးတွေကို ကျွန်မတို့စိုက်ပျိုးရေးသမားညီအစ်ကိုတွေအားလုံး တက်ဖို့ခက်တယ်၊ ဘာကြောင့်လဲဆိုတော့ စည်းဝေးကြီးတွေက ရိတ်သိမ်းချိန်မှာကျင်းပလေ့ရှိတာကြောင့်ဖြစ်တယ်။ ဒါကြောင့် စည်းဝေးကြီးပြီးနောက် မတက်နိုင်သူတွေအကျိုးရဖို့ ကျွန်မတို့ရဲ့အိမ်နောက်ဖေးမြေကွက်မှာ စည်းဝေးကြီးပြန်လည်သုံးသပ်တာကို ပြုလုပ်ကြတယ်။ အဲ့ဒါက ပျော်ရွှင်စရာစုရုံးခြင်းဖြစ်ခဲ့တယ်။
ဂိလဒ်နှင့်တိုင်းတစ်ပါးတာဝန်များ
ခရစ်ယာန်သာသနာပြုလုပ်ငန်းအတွက် ရှေ့ဆောင်တွေကိုလေ့ကျင့်ပေးဖို့ ဂိလဒ်ကျောင်းကို ၁၉၄၃၊ ဖေဖော်ဝါရီလမှာ ဖွင့်လှစ်ခဲ့တယ်။ ပထမဆုံးသင်တန်းမှာ ဗင် ဒါလဲန်မိသားစုဝင်ခြောက်ယောက်ပါခဲ့တယ်၊ သူတို့ကတော့ ညီအစ်ကိုတွေဖြစ်တဲ့ ဧမီလ်၊ အာသာ၊ ဟိုမာနဲ့လီယို၊ သူတို့ရဲ့ဝမ်းကွဲဒေါ်နယ်၊ ကျွန်မအစ်မဖြစ်တဲ့ လီယိုရဲ့ဇနီး ယူးနစ္စတို့ဖြစ်ကြတယ်။ ကျွန်မတို့ရဲ့နှုတ်ဆက်ပွဲဟာ ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရတယ်၊ ဘာကြောင့်လည်းဆိုတော့ သူတို့ကိုဘယ်တော့ပြန်တွေ့ရမလဲဆိုတာကို ကျွန်မတို့မသိကြဘူး။ သင်တန်းဆင်းပြီးနောက် ခြောက်ယောက်စလုံး ပွာတီရီကိုမှာ တာဝန်ခန့်အပ်ခံရတယ်၊ အဲ့ဒီအချိန်တုန်းက အဲ့ဒီမှာ သက်သေခံတစ်ဒါဇင်တောင်မပြည့်ဘူး။
နောက်တစ်နှစ်မှာ လီလီယမ်၊ ဂေါ်ဒင်၊ မာဗင်နဲ့ ဂျွိုက်စ်တို့လည်း တတိယမြောက်ဂိလဒ်သင်တန်းကိုတက်ခဲ့ရတယ်။ သူတို့လည်း ပွာတီရီကို,ကိုစေလွှတ်ခံခဲ့ရတယ်။ အဲ့ဒီနောက် ၁၉၄၄၊ စက်တင်ဘာလမှာ ၁၈ နှစ်အရွယ် ကျွန်မဟာ စတုတ္ထမြောက်ဂိလဒ်သင်တန်းကိုတက်ရောက်ခဲ့ရတယ်။ ၁၉၄၅၊ ဖေဖော်ဝါရီလ သင်တန်းဆင်းပြီးနောက် ပွာတီရီကိုမှာ မွေးချင်းတွေနဲ့ကျွန်မပြန်ပေါင်းမိခဲ့တယ်။ ကျွန်မအတွက် တကယ့်ကိုစိတ်ဝင်စားစရာကောင်းတဲ့အတွေ့အကြုံပါပဲ။ စပိန်ဘာသာစကားသင်ယူရတာခက်ခဲပေမဲ့ မကြာခင် ကျွန်မတို့ထဲကတချို့ဟာ တစ်ယောက်ကို ကျမ်းစာသင်အံမှု ၂၀ ကျော်ကျင်းပခဲ့ကြတယ်။ လုပ်ငန်းကိုယေဟောဝါကောင်းချီးပေးခဲ့တယ်။ ဒီနေ့ ပွာတီရီကိုမှာ သက်သေခံ ၂၅,၀၀၀ လောက်ရှိတယ်။
အဖြစ်ဆိုးများ မိသားစုပေါ်ကျရောက်
လီယိုနဲ့ယူးနစ္စတို့ဟာ ၁၉၅၀ ပြည့်နှစ်မှာ သူတို့ရဲ့သားမာ့ခ်ကိုမွေးဖွားပြီးနောက် ပွာတီရီကိုမှာဆက်နေထိုင်ခဲ့ကြတယ်။ ၁၉၅၂ ခုနှစ်မှာ သူတို့ဟာ ခွင့်ရက်ယူပြီး ဆွေမျိုးတွေဆီပြန်လည်ပတ်ဖို့ စီစဉ်ခဲ့ကြတယ်။ ဧပြီလ ၁၁ ရက်နေ့မှာ လေယာဉ်နဲ့ထွက်ခဲ့ကြတယ်။ ဝမ်းနည်းစရာကတော့ စထွက်ပြီးမကြာခင် လေယာဉ်ဟာပင်လယ်ပြင်ထဲပျက်ကျခဲ့တယ်။ လီယိုနဲ့ယူးနစ္စသေဆုံးခဲ့တယ်။ နှစ်,နှစ်သားလေးမာ့ခ်ဟာ ပင်လယ်ထဲမျောနေတာကိုရှာတွေ့ခဲ့တယ်။ အသက်ရှင်ကျန်ရစ်တဲ့သူတစ်ယောက်က သူ့ကိုအသက်ကယ်လှေပေါ်ဆယ်တင်ခဲ့ပြီး အသက်ရှူအောင်ပြုလုပ်ပေးတဲ့အတွက် သူအသက်ရှင်ခဲ့တယ်။b
ငါးနှစ်ကြာပြီးနောက် ၁၉၅၇၊ မတ်လ ၇ ရက်နေ့မှာ အဖေနဲ့အမေဟာ ဘုရားသခင့်နိုင်ငံတော်ခန်းမကိုကားမောင်းပြီးအလာမှာ ကားဘီးပေါက်သွားတယ်။ လမ်းဘေးကားဘီးလဲနေချိန်မှာ ဖြတ်သွားတဲ့ကားက အဖေကိုတိုက်လိုက်တဲ့အတွက် အဖေဟာပွဲချင်းပြီးသေဆုံးခဲ့တယ်။ အသုဘဟောပြောချက်ကို လူ ၆၀၀ လောက်တက်ရောက်ခဲ့ကြပြီး အဖေ့ကိုလေးစားကြတဲ့ရပ်ကွက်သူရပ်ကွက်သားတွေကို ကောင်းကောင်းသက်သေခံနိုင်ခဲ့တယ်။
တာဝန်သစ်များ
အဖေမဆုံးခင်လေးမှာ ကျွန်မဟာ အာဂျင်တီးနားနိုင်ငံမှာအမှုဆောင်ဖို့တာဝန်ရရှိခဲ့တယ်။ ၁၉၅၇၊ ဩဂုတ်လမှာ အင်ဒီးစ်တောင်ခြေမှာရှိတဲ့ မန်ဒိုဇာမြို့ကိုရောက်ခဲ့တယ်။ အကြိမ် ၃၀ မြောက်ဂိလဒ်ကျောင်းဆင်းဂျော့ဂ်ျ ပါပါ့စ်ဟာ ၁၉၅၈ ခုနှစ်မှာ အာဂျင်တီးနားနိုင်ငံမှာ တာဝန်ကျခဲ့တယ်။ ဂျော့ဂ်ျနဲ့ကျွန်မဟာ မိတ်ဆွေကောင်းတွေဖြစ်ခဲ့ကြပြီး ၁၉၆၀၊ ဧပြီလမှာလက်ထပ်ခဲ့ကြတယ်။ ၁၉၆၁ ခုနှစ်မှာ ၈၃ နှစ်ရှိပြီဖြစ်တဲ့အမေ သေဆုံးခဲ့တယ်။ အမေဟာ စစ်မှန်တဲ့ဝတ်ပြုရေးလမ်းစဉ်မှာ သစ္စာရှိရှိလျှောက်လှမ်းခဲ့ပြီး တခြားသူအများကြီးကိုလည်း ဒီအတိုင်းလုပ်ဖို့ အကူအညီပေးခဲ့တယ်။
ဂျော့ဂ်ျနဲ့ကျွန်မဟာ ဆယ်နှစ်ကြာအတူတကွ ခရစ်ယာန်သာသနာပြုအိမ်အမျိုးမျိုးမှာ တခြားခရစ်ယာန်သာသနာပြုတွေနဲ့အတူ အမှုဆောင်ခဲ့ကြတယ်။ အဲ့ဒီနောက် တိုက်နယ်လုပ်ငန်းမှာ ခုနစ်နှစ်လုပ်ဆောင်ခဲ့ကြတယ်။ ၁၉၇၅ ခုနှစ်မှာ မကျန်းမမာတဲ့မိသားစုဝင်တွေကို ကြည့်ရှုပြုစုဖို့ အမေရိကန်ပြည်ထောင်စုကိုပြန်ခဲ့ကြတယ်။ ၁၉၈၀ ပြည့်နှစ်မှာ ကျွန်မခင်ပွန်းဟာ စပိန်ဘာသာစကားပြောလယ်ကွင်းမှာ တိုက်နယ်လှည့်ဖို့ဖိတ်ခေါ်ခံခဲ့ရတယ်။ အဲ့ဒီတုန်းက အမေရိကန်ပြည်ထောင်စုမှာ စပိန်ဘာသာစကားပြောအသင်းတော်ပေါင်း ၆၀၀ လောက်ရှိတယ်။ ၂၆ နှစ်ကြာ အဲ့ဒီအသင်းတော်တွေထဲကအများစုကို ကျွန်မတို့လည်ပတ်ခဲ့ကြပြီး အသင်းတော်ပေါင်း ၃,၀၀၀ ကျော်တိုးတက်လာတာကိုတွေ့ခဲ့ရတယ်။
သူတို့ “ဤလမ်း” ၌လျှောက်လှမ်းနေကြ
အမေဟာ သူ့မိသားစုဝင်တွေထဲကငယ်ရွယ်သူတွေ အချိန်ပြည့်ဓမ္မအမှုမှာပါဝင်နေကြတာကိုတွေ့မြင်ရတဲ့အတွက် ပျော်ရွှင်ခဲ့တယ်။ ဥပမာ၊ ကျွန်မရဲ့အကြီးဆုံးအစ်မအက်စ်တာရဲ့သမီး ကယ်ရယ်လ်ဟာ ၁၉၅၃ ခုနှစ်မှာ စပြီးရှေ့ဆောင်လုပ်ခဲ့တယ်။ သူဟာ ဒဲနစ္စ ထရမ်ဘော်နဲ့လက်ထပ်ခဲ့ပြီး အဲ့ဒီကတည်းကသူတို့ဟာ အချိန်ပြည့်ဓမ္မအမှုမှာပါဝင်နေကြတယ်။ အက်စ်တာရဲ့နောက်ထပ်သမီး လိုးဝစ္စဟာ ဝယ်န်ဒလ် ဂျင်စင်နဲ့လက်ထပ်ခဲ့တယ်။ သူတို့ဟာ ၄၁ ကြိမ်မြောက်ဂိလဒ်ကျောင်းတက်ခဲ့ပြီး နိုင်ဂျီးရီးယားမှာ ခရစ်ယာန်သာသနာပြုတွေအနေနဲ့ ၁၅ နှစ်အမှုဆောင်ခဲ့တယ်။ လေယာဉ်ပျက်ကျရာမှာ မိဘတွေသေဆုံးခဲ့တဲ့ မာ့ခ်ကို လီယိုရဲ့ညီမ ရုသ် လာလောန်နဲ့သူ့ခင်ပွန်းခါးတစ္စတို့က မွေးစားပြီးပြုစုပျိုးထောင်ခဲ့တယ်။ မာ့ခ်နဲ့သူ့ဇနီးလာဗွန်ဟာ နှစ်ပေါင်းများစွာ ရှေ့ဆောင်လုပ်ငန်းမှာပါဝင်ခဲ့ကြပြီး သူတို့ရဲ့ကလေး,လေးယောက်ကို “ဤလမ်း” မှာလျှောက်လှမ်းနေဖို့ ပြုစုပျိုးထောင်ခဲ့ကြတယ်။—ဟေရှာ. ၃၀:၂၁။
ကျွန်မရဲ့မွေးချင်းတွေထဲက တစ်ယောက်ပဲကျန်တော့တဲ့အော်လင်းဟာ အသက် ၉၅ နှစ်ရှိပါပြီ။ သူဟာ ယေဟောဝါအမှုတော်ကို သစ္စာရှိရှိထမ်းဆောင်နေဆဲဖြစ်ပါတယ်။ ဂျော့ဂ်ျနဲ့ကျွန်မလည်း အချိန်ပြည့်ဓမ္မအမှုမှာ ပျော်ရွှင်စွာဆက်လုပ်ဆောင်နေပါတယ်။
အမေထားခဲ့ရာ
အခု ကျွန်မဆီမှာ အမေတန်ဖိုးထားခဲ့တဲ့သူ့ပိုင်ပစ္စည်းတွေထဲကတစ်ခုဖြစ်တဲ့ စာရေးခုံရှိပါတယ်။ အဲ့ဒီစာရေးခုံဟာ မင်္ဂလာလက်ဆောင်အနေနဲ့အဖေက အမေ့ကိုပေးခဲ့တာဖြစ်တယ်။ အဲ့ဒီစာရေးခုံရဲ့အံဆွဲတစ်ခုထဲမှာ အမေ ဖြတ်ညှပ်ပြီးစုသိမ်းထားတဲ့ စာအုပ်ဟောင်းတစ်အုပ်ရှိတယ်၊ အဲ့ဒီစာအုပ်ထဲမှာစာတွေနဲ့ ဘုရားသခင့်နိုင်ငံတော်အကြောင်း ကောင်းကောင်းသက်သေခံခွင့်ရပြီး သတင်းစာမှာပါခဲ့တဲ့ အမေရေးတဲ့ဆောင်းပါးတွေရှိတယ်။ အဲ့ဒီထဲကတချို့ဟာ ၁၉၀၀ ပြည့်လွန်နှစ်တွေရဲ့အစောပိုင်းရက်စွဲတွေဖြစ်တယ်။ စာရေးခုံထဲမှာ အမေ့ရဲ့သာသနာပြုကလေးတွေဆီကလာတဲ့ အဖိုးတန်စာတွေလည်းရှိတယ်။ အဲ့ဒါတွေကို အထပ်ထပ်ဖတ်ပြီး ကျွန်မပျော်လိုက်တာ။ အမေ့ရဲ့စာတွေဟာ ကျွန်မတို့အတွက် အမြဲပဲအများကြီးအားပေးနှစ်သိမ့်မှုဖြစ်ခဲ့ပြီး အပြုသဘောထားတွေပြည့်နေခဲ့တယ်။ အမေဟာ ခရစ်ယာန်သာသနာပြုတစ်ယောက်ဖြစ်ချင်ပေမဲ့ သူ့ဆန္ဒတစ်ခါမှမပြည့်ခဲ့ဘူး။ ဒါပေမဲ့ ခရစ်ယာန်သာသနာပြုလုပ်ငန်းနဲ့ပတ်သက်ပြီး သူ့ရဲ့ထက်သန်တဲ့စိတ်ဟာ သူ့နောက်လူမျိုးဆက်တွေအပေါ် လှုံ့ဆော်မှုဖြစ်စေခဲ့တယ်။ မြေကြီးပရဒိသုမှာ အမေ၊ အဖေနဲ့အတူ ကြီးမားတဲ့မိသားစုကြီး ပြန်ပေါင်းစည်းဖို့ ကျွန်မစောင့်မျှော်နေပါတယ်။—ဗျာ. ၂၁:၃၊ ၄။
[အောက်ခြေမှတ်ချက်များ]
a ၁၉၈၃၊ ဇွန် ၁၅ ကင်းမျှော်စင် [လိပ်] စာမျက်နှာ ၂၇-၃၀ တွင်ပါသော ဧမီလ် အိပ်ချ်. ဗင် ဒါလဲန်၏ဘဝအတ္ထုပ္ပတ္တိကိုကြည့်ပါ။
b ၁၉၅၂၊ ဇွန် ၂၂ နိုးလော့![လိပ်] စာမျက်နှာ ၃-၄ ကိုကြည့်ပါ။
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
အယ်မီလီယာ ပီတာစင်
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
၁၉၁၆– အမေ၊ အဖေ (မာဗင်ကိုချီထား); အောက်၊ ဝဲမှယာ– အော်လင်း၊ အက်စ်တာ၊ လီလီယမ်၊ မီလ်ဒရက်
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
လီယိုနှင့်ယူးနစ္စ မသေဆုံးမီလေးက
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
၁၉၅၀– ဝဲမှယာ၊ အပေါ်– အက်စ်တာ၊ မီလ်ဒရက်၊ လီလီယမ်၊ ယူးနစ္စ၊ ရုသ်။ အောက်– အော်လင်း၊ အမေ၊ အဖေနှင့် မာဗင်
[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]
၂၀၀၁၊ တိုက်နယ်လုပ်ငန်းတွင် ဂျော့ဂ်ျနှင့်ရုသ်ပါပါ့စ်