အာဗြဟံက ဘယ်သူလဲ
ကမ္ဘာ့ဘာသာတရားတွေအပေါ် အကြီးအကျယ် ဩဇာညောင်းတဲ့ပုဂ္ဂိုလ်က ခပ်ရှားရှားပါ။ ဒါပေမဲ့ ဂျူး၊ မွတ်စလင်၊ ခရစ်ယာန်အားလုံး လေးမြတ်ကြတဲ့ အာဗြဟံကိုa “ထူးခြားထင်ရှားတဲ့ ကျမ်းစာဇာတ်ကောင်၊” “ယုံကြည်ခြင်းမှာ စံပြပုဂ္ဂိုလ်” ဆိုပြီး ရည်ညွှန်းကြတယ်။ သမ္မာကျမ်းစာမှာလည်း သူ့ကို “ယုံကြည်သူအပေါင်းတို့၏ အဖ” ဆိုပြီး ခေါ်ဆိုထားပါတယ်။—ရောမ ၄:၁၁။
ဘာကြောင့် အာဗြဟံကို ဒီလောက်အထိ လေးမြတ်နေကြတာလဲ။ တစ်ချက်ကတော့၊ ကျမ်းစာမှာ ဘုရားသခင့်မိတ်ဆွေဆိုပြီး တိုက်ရိုက် ရည်ညွှန်းထားတဲ့သူဆိုလို့ အာဗြဟံ တစ်ယောက်တည်းရှိလို့ပါပဲ။ အဲဒီလိုရည်ညွှန်းတာကလည်း သုံးကြိမ်တောင် ရှိပါတယ်။—၆ ရာ. ၂၀:၇; ဟေရှာယ ၄၁:၈; ယာကုပ် ၂:၂၃။
အာဗြဟံဟာ ကျွန်ုပ်တို့လို သာမန်လူသားပါပဲ။ ကျွန်ုပ်တို့ရင်ဆိုင်ရတဲ့ အခက်အခဲတွေကိုပဲ သူ ရင်ဆိုင်ခဲ့ရပြီး ကျော်လွှားနိုင်ခဲ့ပါတယ်။ သူ ဘယ်လိုရင်ဆိုင်ကျော်လွှားခဲ့သလဲဆိုတာ သင် မသိချင်ဘူးလား။ ထူးခြားထင်ရှားတဲ့ ဒီအမျိုးသားအကြောင်း ကျမ်းစာဖော်ပြထားရာတွေကို သုံးသပ်ကြည့်ကြစို့။
သူ့နောက်ခံ
အာဗြဟံကို ဘီစီအီး ၂၀၁၈ မှာမွေးဖွားပြီး ဥရမြို့မှာ ကြီးပြင်းလာခဲ့ပါတယ်။ (ကမ္ဘာဦး ၁၁:၂၇-၃၁) ဥရမြို့က ချမ်းသာကြွယ်ဝတဲ့ မြို့ကြီးတစ်မြို့ ဖြစ်တယ်။ ပြီးတော့ အထိမ်းအမှတ်ရုပ်ပုံ ကိုးကွယ်မှုပုံစံ အများကြီးရှိတဲ့ မြို့လည်း ဖြစ်ပါတယ်။ အာဗြဟံရဲ့အဖေ တေရဟာ အဲဒီအရာတွေကို ဝတ်ပြုကိုးကွယ်တဲ့သူတစ်ယောက် ဖြစ်တယ်။ (ယောရှု ၂၄:၂) ဒါပေမဲ့ လုပ်ဆောင်နိုင်ခြင်းမရှိတဲ့ သက်မဲ့ဘုရားသခင်တွေကို မကိုးကွယ်ဘဲ ယေဟောဝါb တစ်ဦးတည်းကိုပဲ ကိုးကွယ်ဖို့ အာဗြဟံ ရွေးချယ်ခဲ့ပါတယ်။
အဲဒီလိုရွေးချယ်ဖို့ အာဗြဟံကို ဘာက လှုံ့ဆော်ပေးခဲ့တာလဲ။ အာဗြဟံကို နောဧရဲ့သား ရှေမ မသေခင် အနှစ် ၁၅၀ မှာ မွေးဖွားခဲ့တယ်။ တကယ်လို့ သူ့ထက် အသက်အများကြီး ကြီးတဲ့ အဲဒီအမျိုးသားနဲ့ ပေါင်းသင်းခွင့်ရခဲ့မယ်ဆိုရင် သူဘာတွေ သိခဲ့ရမလဲ။ ရှေမက ကမ္ဘာချီရေလွှမ်းမိုးဘေးကနေ ကပ်ကျော်လွတ်မြောက်သွားတဲ့အခါ သူ ဘယ်လိုခံစားခဲ့ရသလဲဆိုတာ အာဗြဟံကို ပြောပြပါလိမ့်မယ်။ ရှေမတို့မိသားစုကို ရေလွှမ်းမိုးဘေးကနေ ကယ်တင်ပေးခဲ့တဲ့ ယေဟောဝါဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တာ ဘယ်လောက်အရေးကြီးတယ် ဆိုတာကိုလည်း သူ သိရှိနားလည်ခွင့် ရခဲ့ပါလိမ့်မယ်။
စစ်မှန်တဲ့ ဘုရားသခင်နဲ့ပတ်သက်ပြီး ရှေမဆီကနေ ဒါမှမဟုတ် တခြားသူတွေဆီကနေ သိခဲ့တဲ့ အာဗြဟံဟာ သူသိရှိခဲ့ရာကို ကောင်းကောင်း လက်တွေ့ကျင့်သုံးခဲ့ပါတယ်။ ‘စိတ်နှလုံးကို စစ်’ တဲ့ ယေဟောဝါဘုရားသခင်ဟာ အာဗြဟံဆီက ကောင်းကွက်လေးတချို့ကို မြင်တဲ့အခါ ပိုကောင်းတဲ့သူတစ်ယောက် ဖြစ်လာအောင် ကိုယ်တော် ကူညီပေးခဲ့ပါတယ်။—သု. ၁၇:၃; ၆ ရာ. ၁၆:၉။
သူ့ဘဝအသက်တာ
အာဗြဟံရဲ့အသက်တာက စိတ်လှုပ်ရှားစရာ၊ အံ့ဩစရာတွေချည်းပါပဲ။ ဘုရားသခင် သူ့ကို လုပ်ခိုင်းတဲ့ အရာတချို့က ခက်ခဲပေမဲ့ ဘယ်တော့မှ အကျိုးမယုတ်ခဲ့ဘူး။ သူကြုံခဲ့ရတဲ့အရာ အများကြီးထဲက နည်းနည်းလေးကိုပဲ သုံးသပ်ကြည့်ပါ။
▪ အာဗြဟံ ဥရမြို့မှာ နေထိုင်နေတုန်း သူ့မွေးရပ်မြေကို စွန့်ပြီး သူ မသိတဲ့နေရာကိုသွားဖို့ ဘုရားသခင် ညွှန်ကြားခဲ့ပါတယ်။ ဘယ်ကိုသွားရမလဲ၊ ဘာဖြစ်လို့ ဘုရားသခင်က မွေးရပ်မြေကနေ ထွက်သွားခိုင်းရတာလဲစတဲ့ အသေးစိတ်အချက်တွေကို အာဗြဟံနဲ့ စာရာတို့ မသိပေမဲ့လည်း လိုက်နာခဲ့တယ်။ နောက်ဆုံးမှာတော့ ခါနာန်ပြည်မှာ တဲတွေဆောက်ပြီး နေထိုင်ခဲ့ကြတယ်။ သူတို့ရဲ့ ကျန်ရှိတဲ့ အသက်တာတစ်လျှောက်လုံး ယာယီနေထိုင်သူတွေအဖြစ်နဲ့ပဲ နေထိုင်သွားခဲ့ပါတယ်။—တမန်တော် ၇:၂၊ ၃; ဟေဗြဲ ၁၁:၈၊ ၉၊ ၁၃။
▪ အာဗြဟံနဲ့ စာရာတို့ ကလေးမရှိတဲ့အချိန်မှာ ယေဟောဝါဘုရားသခင်က အာဗြဟံကို လူမျိုးကြီးဖြစ်လာစေမယ်ဆိုပြီး ကတိပေးခဲ့တယ်။ မြေကြီးပေါ်မှာရှိတဲ့ လူ့မိသားစုတိုင်းဟာ အာဗြဟံအားဖြင့် ကောင်းချီးခံစားရမယ် ဆိုပြီးတော့လည်း ပြောပါသေးတယ်။ (ကမ္ဘာဦး ၁၁:၃၀; ၁၂:၁-၃) နောက်ပိုင်းမှာလည်း ဘုရားသခင်က သူပေးထားတဲ့ကတိ တကယ်ဖြစ်လာမယ်၊ အာဗြဟံရဲ့ သားမြေးတွေဟာ မိုးကောင်းကင်ပေါ်က ကြယ်တွေလိုပဲ အရမ်းများလာမယ်ဆိုပြီး ပြောတယ်။—ကမ္ဘာဦး ၁၅:၅၊ ၆။
▪ အာဗြဟံက အသက် ၉၉ နှစ်ရှိပြီး စာရာက အသက် ၉၀ နားနီးနေတဲ့ အချိန်မှာ သားတစ်ယောက်ရမယ်ဆိုပြီး ဘုရားသခင်က ပြောတယ်။ လူ့အမြင်အရကြည့်မယ်ဆိုရင် အဲဒါက ဘယ်လိုမှ ဖြစ်နိုင်ပုံမရပေမဲ့ ‘ယေဟောဝါဘုရားသခင် မတတ်နိုင်သောအမှု’ ဘာတစ်ခုမှ မရှိဘူးဆိုတာ အာဗြဟံနဲ့ စာရာတို့ မကြာခင် သိသွားကြတယ်။ (ကမ္ဘာဦး ၁၈:၁၄) နောက်တစ်နှစ်အကြာ၊ အာဗြဟံ အသက် ၁၀၀ ပြည့်ချိန်မှာ အဖေဘဝ ရောက်သွားခဲ့ပါတယ်၊ သားကို ဣဇာက်လို့ နာမည်မှည့်ပေးခဲ့တယ်။ (ကမ္ဘာဦး ၁၇:၂၁; ၂၁:၁-၅) ဣဇာက်ကနေတစ်ဆင့် လူသားထုတစ်ရပ်လုံး ကောင်းကျိုးများစွာ ခံစားရမယ်ဆိုပြီး ဘုရားသခင် ကတိပေးခဲ့ပါတယ်။
▪ နှစ်အတော်ကြာပြီးနောက် ယေဟောဝါဘုရားသခင်ဟာ အာဗြဟံကို ထူးခြားတဲ့အရာတစ်ခု တောင်းဆိုခဲ့တယ်။ အဲဒါကတော့ အရမ်းချစ်ရတဲ့သား ဣဇာက်ကို ပူဇော်ဖို့ပါပဲ။ ဣဇာက်ခမျာ အိမ်ထောင်လည်းမပြုရသေးသလို ကလေးလည်း တစ်ယောက်မှ မရသေးပါဘူး။c ကိုယ့်သားကို ဆုံးရှုံးရတော့မှာဖြစ်ပေမဲ့လည်း အာဗြဟံဟာ ဘုရားသခင်တောင်းဆိုတဲ့အတိုင်း ယဇ်ပူဇော်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ လိုအပ်မယ်ဆိုရင် သူပေးထားတဲ့ ကတိပြည့်စုံဖို့အတွက် ဣဇာက်ကို အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်တဲ့တန်ခိုး ဘုရားသခင်မှာရှိတယ်ဆိုတာ အာဗြဟံ အကြွင်းမဲ့ ယုံကြည်စိတ်ချခဲ့တယ်။ (ဟေဗြဲ ၁၁:၁၉) ဒါပေမဲ့ အာဗြဟံက ဣဇာက်ကို ပူဇော်မယ့်ဆဲဆဲမှာ ဘုရားသခင် ကြားဝင်ခဲ့ပြီး ဣဇာက်ရဲ့အသက်ကို ကယ်တင်ပေးခဲ့ပါတယ်။ အာဗြဟံရဲ့ နာခံမှုရှိတဲ့လုပ်ရပ်အတွက် ကိုယ်တော် သူ့ကို ချီးမွမ်းခဲ့တယ်။ အဲဒီနောက် အာဗြဟံကို ပေးထားတဲ့ကတိကို နောက်တစ်ကြိမ် ဘုရားသခင် ထပ်ပြောခဲ့တယ်။—ကမ္ဘာဦး ၂၂:၁-၁၈။
▪ အသက် ၁၇၅ နှစ်အရွယ်မှာ အာဗြဟံ သေဆုံးသွားတယ်။ သူဟာ ကျေနပ်စရာကောင်းတဲ့ဘဝနဲ့ အသက်ရှည်ရှည်နေခဲ့ရပြီး သေဆုံးသွားတယ်လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။ (ကမ္ဘာဦး ၂၅:၇၊ ၈) ဒါကြောင့် မသေခင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အသက်ရှည်ရှည်နေရမယ်ဆိုတဲ့ ဘုရားသခင့်ကတိတော် နောက်တစ်ခု ပြည့်စုံတာကို အာဗြဟံ ကြုံတွေ့ခဲ့ရတယ်။—ကမ္ဘာဦး ၁၅:၁၅။
လူသာ သေသော်လည်း နာမည်က သေမသွား
အာဗြဟံဟာ ဒဏ္ဍာရီထဲက ဘာသာတရားကိုင်းရှိုင်းတဲ့ပုဂ္ဂိုလ် ဒါမှမဟုတ် သမိုင်းဝင်ပုဂ္ဂိုလ်လောက်ပဲ မဟုတ်ပါဘူး။ ဒီနေ့ထက်ထိ သူ့ဘဝဇာတ်လမ်းက ရှင်သန်နေဆဲဖြစ်ပြီး ကျွန်ုပ်တို့ကို သင်ခန်းစာအများကြီး ပေးနေဆဲပါပဲ။ (ဟေဗြဲ ၁၁:၈-၁၀၊ ၁၇-၁၉) အာဗြဟံ တင်ပြခဲ့တဲ့ အရည်အသွေးကောင်း လေးမျိုးကို သုံးသပ်ကြည့်ကြစို့။ အာဗြဟံရဲ့ အကောင်းဆုံးအရည်အသွေးဖြစ်တဲ့ ယုံကြည်ခြင်းကနေ အစပြုမှာဖြစ်ပါတယ်။
[အောက်ခြေမှတ်ချက်]
a အာဗြဟံရဲ့နာမည်အရင်းက အာဗြံဖြစ်ပြီး သူ့ဇနီးရဲ့နာမည်အရင်းက စာရဲဖြစ်ပါတယ်။ နောက်ပိုင်းမှာ အာဗြံနာမည်ကို “လူမျိုးများစွာ၏ အဖ” လို့အဓိပ္ပာယ်ရတဲ့ အာဗြဟံလို့ ပြောင်းလိုက်တယ်။ စာရဲရဲ့ နာမည်ကိုကျတော့ “မင်းသမီး” လို့အဓိပ္ပာယ်ရတဲ့ စာရာဆိုပြီး ပြောင်းလိုက်တယ်။ (ကမ္ဘာဦး ၁၇:၅၊ ၁၅) ဒီအခန်းဆက်ဆောင်းပါးတွဲမှာ ရှင်းရှင်းလင်းလင်းဖြစ်ဖို့အတွက် သူတို့ကို အာဗြဟံနဲ့ စာရာလို့ပဲ ရည်ညွှန်းမှာဖြစ်ပါတယ်။
b ယေဟောဝါဆိုတာ ကျမ်းစာမှာ ဖော်ပြထားတဲ့ ဘုရားသခင့်နာမည် ဖြစ်ပါတယ်။
c ဒီမဂ္ဂဇင်းရဲ့ စာမျက်နှာ ၂၃ က “စာရှုသူများအမေး—သားဖြစ်သူကို ယဇ်ပူဇော်ဖို့ အာဗြဟံကို ဘုရားသခင် ဘာကြောင့် တောင်းဆိုရတာလဲ” ဆောင်းပါးကိုကြည့်ပါ။
[စာမျက်နှာ ၄ ပါလေးထောင့်ကွက်]
ကျမ်းစာသမိုင်းမှာ အဓိကကျတဲ့ ပုဂ္ဂိုလ်တစ်ယောက်
ကမ္ဘာဦးကျမ်းရဲ့ ဦးဆုံးအခန်းကြီး ဆယ်ခုက ယုံကြည်ခြင်းနဲ့အသက်ရှင်တဲ့ အမျိုးသား အတော်များများရဲ့ ဘဝအသက်တာအကြောင်း ဖော်ပြတယ်၊ အဲဒီအထဲမှာ အာဗေလ၊ ဧနောက်နဲ့ နောဧတို့လည်း ပါတယ်။ ဒါပေမဲ့ နောက်အခန်းကြီး ၁၅ ခုထဲက အများစုမှာတော့ အမျိုးသားတစ်ယောက်အကြောင်းကိုပဲ အဓိက ဖော်ပြပါတော့တယ်၊ သူကတော့ အာဗြဟံပါပဲ။
ဒါ့အပြင်၊ အာဗြဟံနဲ့ဆက်နွှယ်ပြီး ကျမ်းစာထဲမှာ အဓိကအကျဆုံး အယူအဆတချို့ကို ဦးဆုံးအကြိမ်အဖြစ် ဖော်ပြထားပါတယ်။ ဥပမာ၊ အာဗြဟံရဲ့ဘဝနဲ့ပတ်သက်တဲ့ မှတ်တမ်းမှာ အောက်ပါအချက်တွေကို တွေ့ရမှာဖြစ်တယ်။
▪ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်တဲ့သူတွေအတွက် ဘုရားသခင်က ဒိုင်းလွှား ဒါမှမဟုတ် အကာအကွယ်ဆိုပြီး ဦးဆုံးအကြိမ် ရည်ညွှန်းထားတယ်။—ကမ္ဘာဦး ၁၅:၁; တရားဟောရာ ၃၃:၂၉; ဆာလံ ၁၁၅:၉; သု. ၃၀:၅ တို့ကိုလည်း ဖတ်ကြည့်ပါ။
▪ ဘုရားသခင်ကို ယုံကြည်တယ်ဆိုပြီး ဦးဆုံးအကြိမ် ဖော်ပြထားပါတယ်။—ကမ္ဘာဦး ၁၅:၆။
▪ ပရောဖက် ဆိုတဲ့စကားလုံးကို ဦးဆုံးအကြိမ် တွေ့ရပါတယ်။—ကမ္ဘာဦး ၂၀:၇။
▪ မိဘတစ်ယောက်ရဲ့ မေတ္တာကို ဦးဆုံးအကြိမ် ရည်ညွှန်းထားပါတယ်။—ကမ္ဘာဦး ၂၂:၂။