ဆုတောင်းချက်တွေကို နားထောင်တဲ့အရှင်နဲ့ ရင်းနှီးအောင်လုပ်ပါ
ဘုရားသခင်ကို ယုံပါတယ်လို့ ပြောတဲ့သူ အတော်များများဟာ သူတို့ ဘာကြောင့် ယုံရတယ်ဆိုတာ မရှင်းပြတတ်ကြပါဘူး။ ဘာသာတရားတွေက ဘာကြောင့် မကောင်းမှုတွေ ကျူးလွန်နေရတာလဲ၊ ဆင်းရဲဒုက္ခတွေကို ဘုရားသခင် ဘာကြောင့် ခွင့်ပြုထားရတာလဲဆိုတာကိုလည်း မရှင်းပြတတ်ကြဘူး။ သူတို့လုပ်နိုင်တာဆိုလို့ သူတို့မသိနားမလည်တဲ့ ဘုရားသခင်တစ်ပါးဆီ ဆုတောင်းတာပဲရှိတယ်။
ဒါပေမဲ့ ဆုတောင်းတာထက်မက ဘုရားသခင်နဲ့ ပိုရင်းနှီးအောင် သင် လုပ်နိုင်ပါတယ်။ ဘုရားသခင်အကြောင်း သိနားလည်ခြင်းအပေါ်မှာ သင့်ရဲ့ယုံကြည်ခြင်းကို တည်ဆောက်နိုင်မယ်ဆိုရင် ဘုရားသခင်ကို ချစ်မြတ်နိုးပြီး တန်ဖိုးထားလာမှာဖြစ်တယ်။ စစ်မှန်တဲ့ ယုံကြည်ခြင်းက သက်သေအထောက်အထားအပေါ် အခြေပြုတယ်။ (ဟေဗြဲ ၁၁:၁) ဘုရားသခင်အကြောင်း အမှန်အတိုင်း သင်ယူလာတဲ့အခါမှာ ဘုရားသခင်ကို သိကျွမ်းလာပြီး မိတ်ဆွေတစ်ယောက်လို ခင်မင်ရင်းနှီးလာမှာဖြစ်တယ်။ ဘုရားသခင်တည်ရှိတာကို သံသယဝင်နေပေမဲ့ ဆုတောင်းတတ်တဲ့သူတချို့ရဲ့ တွေ့ကြုံမှုတွေကို သုံးသပ်ကြည့်ရအောင်။
◼ အဖွင့်ဆောင်းပါးမှာ ဖော်ပြခဲ့တဲ့ ပက်ထရစ်ရှာက ဒီလိုပြောပြတယ်– “တစ်နေ့၊ ကျွန်မတို့သူငယ်ချင်းဆယ်ယောက်က ဘာသာရေးအကြောင်းတွေ ဆွေးနွေးကြတယ်။ ကျွန်မတို့အိမ်ကို ရောက်လာတဲ့ ယေဟောဝါသက်သေ ခရစ်ယာန်တစ်ယောက်နဲ့ ဘာသာတရားမဲ့ဝါဒီဖြစ်တဲ့ ကျွန်မအဖေတို့ ဆွေးနွေးနေတာကို နားမထောင်ချင်လို့ အိမ်ပြင်ထွက်သွားလိုက်တယ်ဆိုပြီး သူတို့ကို ကျွန်မ ပြောပြတယ်။ ‘ယေဟောဝါသက်သေ ခရစ်ယာန်တွေ ပြောတာ မှန်ကောင်းမှန်နိုင်တယ်’ ဆိုပြီး သူငယ်ချင်းတစ်ယောက်က ပြောတယ်။
“‘သူတို့ပြောတာ မှန်မမှန်၊ သူတို့ရဲ့ဝတ်ပြုစည်းဝေးကို သွားတက်ရင် မကောင်းဘူးလား’ လို့နောက်တစ်ယောက်က ပြောတယ်။ အဲဒါနဲ့ ကျွန်မတို့ အဲဒီနေရာကို သွားလိုက်ကြတယ်။ သက်သေခံတွေ ပြောတာတွေကို ကျွန်မတို့ အယုံအကြည်မရှိပေမဲ့လည်း ကျွန်မတို့အဖွဲ့ထဲက တချို့ဟာ သူတို့ရဲ့ဖော်ရွေမှုကြောင့် ဝတ်ပြုရာစည်းဝေးတွေကို ဆက်တက်နေတုန်းပဲ။
“ဒါပေမဲ့၊ တနင်္ဂနွေနေ့ တစ်ရက်မှာ ကျွန်မရဲ့သဘောထားကို ပြောင်းလဲစေတဲ့ အကြောင်းအရာတစ်ခုကို ကျွန်မ ကြားလိုက်ရတယ်။ လူတွေ ဘာကြောင့် ဆင်းရဲဒုက္ခတွေ ခံစားနေရတာလဲဆိုတာကို ဟောပြောသူက ရှင်းပြတယ်။ အစပိုင်းမှာ ဘုရားသခင်က လူကို အပြစ်ကင်းတဲ့သူအဖြစ် ဖန်ဆင်းခဲ့တယ်၊ အပြစ်နဲ့သေခြင်းက လူတစ်ယောက်ကြောင့် စတင်လာပြီး လူသားထုဆီ ကူးစက်ပျံ့နှံ့သွားတယ်ဆိုတဲ့ အကြောင်းတွေကို ကျွန်မ တစ်ခါမှ မကြားဖူးဘူး။ ပထမဆုံးလူသားကြောင့် ဆုံးရှုံးခဲ့ရတဲ့အရာကို လူသားတွေ ပြန်ရဖို့ ယေရှု အသေခံပေးရတာကိုလည်း ဟောပြောသူက ရှင်းပြတယ်။a (ရောမ ၅:၁၂၊ ၁၈၊ ၁၉) အဲဒီအချိန်မှာပဲ ကျွန်မ သဘောပေါက်သွားတယ်။ ‘ကျွန်မတို့ကို ဂရုစိုက်တဲ့ ဘုရားသခင်တစ်ပါး တကယ်ရှိနေပါလား’ ဆိုပြီး ကျွန်မ ဆင်ခြင်မိတယ်။ ဒါနဲ့ ကျွန်မ ကျမ်းစာဆက်လေ့လာခဲ့ပြီး မကြာခင်မှာပဲ၊ တကယ်တည်ရှိတဲ့ ဘုရားသခင်ဆီ ဆုတောင်းနိုင်တာကို ကျွန်မဘဝမှာ ဦးဆုံးအကြိမ်အနေနဲ့ သိရှိလိုက်ရတယ်။”
◼ ဦးဆုံးဆောင်းပါးမှာပဲ ဖော်ပြထားတဲ့ အယ်လန်က ဒီလိုပြောပြတယ်– “တစ်ရက်မှာ ကျွန်တော်တို့အိမ်ကို ယေဟောဝါသက်သေခရစ်ယာန်တွေ ရောက်လာတယ်။ သူတို့ပြောပြတဲ့ ကမ္ဘာပေါ် ထာဝစဉ် အသက်ရှင်ခြင်းအကြောင်းကို ကျွန်တော့်ဇနီးက စိတ်ဝင်စားလို့ သူတို့ကို အိမ်ထဲ ဖိတ်ခေါ်လိုက်တယ်။ အဲဒါကြောင့် ကျွန်တော် ဒေါသထွက်သွားတယ်။ ဒါနဲ့ ဧည့်သည်တွေကို ဧည့်ခန်းမှာ ထားခဲ့၊ ကျွန်တော့်ဇနီးကို မီးဖိုချောင်ထဲခေါ်သွားပြီး ‘မင်း ရူးနေလား။ သူတို့ပြောတာတွေကို မင်း ယုံလို့မဖြစ်ဘူးနော်’ ဆိုပြီး ပြောလိုက်တယ်။
“‘ကောင်းပြီလေ၊ သူတို့ဆီသွားပြီး သူတို့ပြောတာ မှားတယ်ဆိုတာကို ရှင် သက်သေပြလိုက်လေ’ လို့ ဇနီးသည်က ခွန်းတုံ့ပြန်တယ်။
“တကယ်တော့ ကျွန်တော် ဘာမှ သက်သေမပြနိုင်ခဲ့ပါဘူး။ သူတို့တွေက အရမ်းကြင်နာတတ်တယ်။ ပြီးတော့ သက်ရှိက ဖန်ဆင်းခြင်းကြောင့်လား၊ ဆင့်ကဲဖြစ်စဉ်ကြောင့်လားဆိုတဲ့ စာအုပ်တစ်အုပ်လည်း ပေးသွားတယ်။ အဲဒီစာအုပ်ရဲ့ ရှင်းပြချက်တွေက အရမ်းကို ရှင်းလင်းတိကျတဲ့အတွက် ဘုရားသခင်အကြောင်း ကျွန်တော် ပိုပြီးသိချင်လာတယ်။ ဒါနဲ့ သက်သေခံတွေနဲ့ ကျမ်းစာ စလေ့လာတယ်။ မကြာခင်မှာပဲ ဘာသာတရားနဲ့ပတ်သက်ပြီး အရင်က ကျွန်တော် လက်ခံထားရာတွေနဲ့ ကျမ်းစာပြောဆိုချက်တွေက လုံးဝကွာခြားနေတယ်ဆိုတာကို သိလာရတယ်။ ယေဟောဝါဘုရားသခင်အကြောင်း ပိုပြီးသိရှိလာလေ၊ ကျွန်တော့်ရဲ့ဆုတောင်းချက်တွေက ပိုပြီးလေးနက်လာလေပဲ။ ကျွန်တော့်မှာ အကျင့်ဆိုးတချို့ ရှိနေလို့ ဖျောက်ဖျက်နိုင်အောင် ကူညီပေးပါဆိုပြီး ဆုတောင်းတယ်။ ကျွန်တော့်ရဲ့ဆုတောင်းချက်တွေကို ယေဟောဝါဘုရားသခင် ဖြေကြားပေးတယ်လို့ ခံစားရတယ်။”
◼ အင်္ဂလန်နိုင်ငံမှာ နေထိုင်တဲ့ အင်ဒရူးက ဒီလိုပြောပြတယ်– “သိပ္ပံပညာကို ကျွန်တော် အရမ်းစိတ်ဝင်စားတဲ့အပြင် ကျွန်တော့်မှာ ခိုင်မာပြတ်သားတဲ့ ခံယူချက်တွေ ရှိပေမဲ့လည်း ဆင့်ကဲသီအိုရီက အဖြစ်မှန်တစ်ရပ်ဖြစ်တယ်လို့ လူတွေ ပြောကြလို့ အဲဒီသီအိုရီကို ကျွန်တော် ယုံကြည်ခဲ့တယ်။ မကောင်းမှုတွေ ဖြစ်ပျက်နေတာကြောင့် ဘုရားသခင်ကို ကျွန်တော် မယုံဘူး။
“ဒါပေမဲ့ တစ်ခါတလေတော့ ဒီလိုစဉ်းစားမိတယ်– ‘ကောင်းကင်မှာ ဘုရားသခင် ရှိတယ်ဆိုရင် အသက်ရှင်ရတဲ့ ရည်ရွယ်ချက်ကို သိချင်လာတယ်။ ပြီးတော့ ရာဇဝတ်မှုတွေ၊ စစ်မှုတွေ ဘာကြောင့် ဒီလောက်များရတာလဲ ဆိုတာကိုလည်း သိချင်တယ်။’ အခက်အခဲတွေ ကြုံရတဲ့အခါ အကူအညီရဖို့ တစ်ခါတလေ ဆုတောင်းတတ်ပေမဲ့ ဘယ်သူ့ဆီ ဆုတောင်းနေမှန်း ကျွန်တော်မသိဘူး။
“တစ်ရက်မှာ ကျွန်တော့်ဇနီးကို လူတစ်ယောက်က ယေဟောဝါသက်သေခရစ်ယာန်တွေ ထုတ်ဝေတဲ့ ဤလောက ဆက်လက်တည်ရှိမည်လောဆိုတဲ့ ဝေစာတစ်စောင် ပေးသွားတယ်။ အဲဒီမေးခွန်းက ကျွန်တော် မကြာမကြာ မေးတတ်တဲ့ မေးခွန်းဖြစ်နေပါလား။ ဒီဝေစာကြောင့် ‘ကျမ်းစာမှာပါတဲ့ အဖြေတွေကို သိရရင် ဘာအကျိုးရှိနိုင်သလဲ’ ဆိုပြီး စဉ်းစားမိတယ်။ နောက်ပိုင်းမှာ ကျွန်တော် အပန်းဖြေခရီးထွက်နေတုန်း လူတစ်ယောက်က သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လောဆိုတဲ့ စာအုပ်ပေးသွားတယ်။b သမ္မာကျမ်းစာက သိပ္ပံပညာနဲ့ကိုက်ညီတယ်ဆိုတာကို ကျွန်တော် သဘောပေါက်လာတဲ့အခါ သမ္မာကျမ်းစာအကြောင်း ပိုသိအောင် လေ့လာဖို့လိုတယ်လို့ ခံစားရတယ်။ ဒါနဲ့ ယေဟောဝါသက်သေခရစ်ယာန်တစ်ယောက်က ကျမ်းစာလေ့လာဖို့ ကမ်းလှမ်းတဲ့အခါ ကျွန်တော် လက်ခံလိုက်တယ်။ ယေဟောဝါဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ကျွန်တော် နားလည်သိရှိလာတာနဲ့အမျှ ဘုရားသခင်ကို တကယ့်ပုဂ္ဂိုလ်တစ်ယောက်လို ရှုမြင်လာတဲ့အပြင် ကိုယ်တော့်ဆီ လွတ်လွတ်လပ်လပ် ဆုတောင်းနိုင်တယ်လို့လည်း ခံစားလာရတယ်။”
◼ လန်ဒန်မြို့မှာ ပရိုတက်စတင့်ဘာသာဝင်အဖြစ် ကြီးပြင်းလာတဲ့ ဂျန်က ဒီလိုပြောပြတယ်– “ဘာသာရေးကို ဗန်းပြပြီး အရေခြုံဟန်ဆောင်နေတာ၊ ဆင်းရဲဒုက္ခတွေ များပြားလာနေတာကိုကြည့်ပြီး ဘာသာရေးကို ကျွန်မ စိတ်ကုန်သွားတယ်။ ကောလိပ်ကျောင်းလည်း ဆက်မတက်တော့ဘူး။ ဂီတာတီး၊ သီချင်းဆိုပြီးတော့ပဲ ငွေရှာခဲ့တယ်။ အဲဒီလိုနဲ့ပဲ ကျွန်မ ပတ်လို့ခေါ်တဲ့ အမျိုးသားနဲ့ ဆုံခဲ့တယ်။ သူက ကက်သလစ်ဘာသာဝင်အဖြစ် ကြီးပြင်းလာခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ကျွန်မလိုပဲ ဘယ်ဘာသာတရားကိုမှ မယုံတော့ဘူး။
“ပညာရေးတစ်ပိုင်းတစ်စနဲ့ ထွက်လာတဲ့ တခြားသူတွေနဲ့ အိမ်ပျက်တစ်လုံးမှာ ကျွန်မတို့ အတူနေကြတယ်။ သူတို့က အရှေ့တိုင်းဘာသာတရားတွေကို စိတ်ဝင်စားကြတယ်။ ကျွန်မတို့ ညနက်သန်းခေါင်အထိ ဘဝရဲ့ရည်ရွယ်ချက်အကြောင်းကို အလေးအနက် ဆွေးနွေးပြောဆိုကြတယ်။ ပတ်နဲ့ကျွန်မတို့ ဘုရားသခင်ကို မယုံပေမဲ့လည်း ‘အသက်ရှင်ဖို့ ထောက်ပံ့ပေးနေတဲ့ စွမ်းအား’ တစ်မျိုးမျိုးတော့ ရှိရမယ်လို့ ယူဆခဲ့ကြတယ်။
“တေးဂီတပညာရှင်တွေအဖြစ် အသက်မွေးဖို့ အင်္ဂလန်နိုင်ငံ မြောက်ပိုင်းကို ကျွန်မတို့ ပြောင်းရွှေ့လာပြီးတဲ့နောက် သားလေးတစ်ယောက် မွေးလာတယ်။ တစ်ညမှာ သားလေး နေထိုင်မကောင်းဖြစ်တော့ အယုံအကြည်မရှိခဲ့တဲ့ ဘုရားသခင်ဆီ ကျွန်မကိုယ်တိုင် ဆုတောင်းလိုက်မိတယ်။ နောက်ပိုင်း ပတ်နဲ့ကျွန်မတို့ အစေးမကပ်တော့တဲ့အတွက် သားလေးကိုခေါ်ပြီး အိမ်က ထွက်သွားလိုက်တယ်။ ဒီတစ်ကြိမ်မှာလည်း အကူအညီရဖို့ ကျွန်မ ဆုတောင်းလိုက်တယ်။ ဘုရားသခင်ရှိတယ်ဆိုရင် ကျွန်မရဲ့ဆုတောင်းချက်ကို ကြားမှာပါ။ ပတ်လည်း ကျွန်မလို ဆုတောင်းတာကို ကျွန်မ မသိလိုက်ဘူး။
“နောက်တစ်နေ့မှာ ယေဟောဝါသက်သေခရစ်ယာန်နှစ်ယောက် ပတ်,ဆီ ရောက်လာပြီး ကျမ်းစာပါ လက်တွေ့ကျ အကြံပြုချက်တချို့ ဖွင့်ဖတ်ပြတယ်။ ပတ်က ကျွန်မကို ဖုန်းဆက်ပြီး သူနဲ့အတူ သက်သေခံတွေနဲ့ ကျမ်းစာလေ့လာနိုင်မလားဆိုပြီး မေးတယ်။ ဘုရားသခင်ရဲ့နှစ်သက်မှု ရချင်တယ်ဆိုရင် ကျွန်မတို့ တရားဝင်လက်ထပ်မှဖြစ်မယ်ဆိုတာ မကြာခင်အတွင်းမှာပဲ သိလိုက်ရတယ်။ ကျွန်မတို့ရဲ့ ပြတ်လုဆဲဆဲ ဆက်ဆံရေးကိုကြည့်ရင် အဲဒီတောင်းဆိုချက်ကို လိုက်နာဖို့ခက်သလိုပဲ။
“ကျမ်းစာကြိုဟောချက်တွေရဲ့ ပြည့်စုံမှုတွေ၊ ဆင်းရဲဒုက္ခတွေ ခံစားနေရတဲ့ အကြောင်းရင်းနဲ့ ဘုရားသခင့်နိုင်ငံတော်ရဲ့အဓိပ္ပာယ်တွေကို ကျွန်မတို့ ထပ်သိချင်တယ်။ ဘုရားသခင် ဂရုစိုက်နေတယ်ဆိုတာကို ကျွန်မတို့ တဖြည်းဖြည်း သိလိုက်ရတဲ့အခါ ဘုရားသခင် တောင်းဆိုတာတွေကို လုပ်ချင်တဲ့စိတ် ဖြစ်ပေါ်လာတယ်။ ဒါနဲ့ ကျွန်မတို့ တရားဝင်လက်ထပ်လိုက်ကြတယ်။ ကျမ်းစာမှာပါတဲ့ အကြံဉာဏ်တွေအတိုင်း လုပ်ဆောင်ခဲ့ကြလို့ သားသမီးသုံးယောက်ကို ကောင်းကောင်း ပြုစုစောင့်ရှောက်နိုင်ခဲ့တယ်။ ကျွန်မတို့ရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါဘုရားသခင် နားထောင်ပေးခဲ့တယ်ဆိုပြီး ခံစားရပါတယ်။”
အထောက်အထားတွေကို သင်ကိုယ်တိုင် ဆန်းစစ်ပါ
ဒီဆောင်းပါးမှာ ဖော်ပြခံရတဲ့သူတွေဟာ သန်းနဲ့ချီတဲ့ တခြားသူတွေလိုပဲ မှားယွင်းတဲ့ဝတ်ပြုမှုတွေရဲ့ လှည့်စားမှုကို မခံခဲ့ရတဲ့အပြင် ဆင်းရဲဒုက္ခတွေကို ဘုရားသခင် ခွင့်ပြုထားရတဲ့ အကြောင်းရင်းကိုလည်း သိလိုက်ရပါတယ်။ တွေ့ကြုံမှုတစ်ခုစီက ပုဂ္ဂိုလ်တွေဟာ သမ္မာကျမ်းစာကို တိကျမှန်ကန်စွာ နားလည်ပြီးနောက်မှသာ ဆုတောင်းချက်တွေကို ယေဟောဝါဘုရားသခင် တကယ်နားထောင်ပေးတယ်ဆိုတာ ယုံကြည်စိတ်ချခဲ့တာကို သတိပြုမိပါသလား။
ဘုရားသခင် တည်ရှိတယ်ဆိုတဲ့ အထောက်အထားတွေကို သင် မလေ့လာချင်ဘူးလား။ ယေဟောဝါဘုရားသခင်အကြောင်း အမှန်အတိုင်း လေ့လာနိုင်အောင်၊ ‘ဆုတောင်းချက်ကို နားထောင်တော်မူသော’ အရှင်နဲ့ ဘယ်လိုရင်းနှီးနိုင်တယ်ဆိုတာ သိနိုင်အောင် သင့်ကို ယေဟောဝါသက်သေတွေက ဝမ်းသာအားရ ကူညီပေးမှာဖြစ်တယ်။—ဆာလံ ၆၅:၂။
[အောက်ခြေမှတ်ချက်များ]
a ယေရှုသေခြင်းရဲ့ ရွေးနုတ်ဖိုးတန်ဖိုးအကြောင်း ပိုသိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေထားတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ရဲ့ အခန်း ၅ မှာဖတ်ကြည့်ပါ။
b ယေဟောဝါသက်သေတွေ ထုတ်ဝေပါတယ်။
[စာမျက်နှာ ၁၀ ပါ အကျဉ်းဖော်ပြချက်]
“ယေဟောဝါဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ကျွန်တော် နားလည်သိရှိလာတာနဲ့အမျှ ဘုရားသခင်ကို တကယ့်ပုဂ္ဂိုလ်တစ်ယောက်လို ရှုမြင်လာတဲ့အပြင် ကိုယ်တော့်ဆီ လွတ်လွတ်လပ်လပ် ဆုတောင်းနိုင်တယ်လို့လည်း ခံစားလာရ”
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
စစ်မှန်တဲ့ ယုံကြည်ခြင်းက အထောက်အထားအပေါ် အခြေပြုပြီး ဘုရားသခင်အကြောင်း အမှန်အတိုင်း သိလိုစိတ်ဖြစ်ပေါ်စေ