သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်
“လူအတော်များများက ကျွန်တော့်ကို မုန်းခဲ့ကြတယ်”
မွေးဖွားတဲ့နှစ်– ၁၉၇၈
နေရင်းနိုင်ငံ– ချီလီ
နောက်ခံ– ကမ်းကုန်အောင် ဆိုးသွမ်းသူ
အတိတ်–
ချီလီနိုင်ငံရဲ့ မြို့တော် စန်တီယာဂိုမှာ ကျွန်တော် ကြီးပြင်းခဲ့ပါတယ်။ ကျွန်တော်ကြီးပြင်းခဲ့တဲ့ဝန်းကျင်မှာ မူးယစ်ဆေးဝါးတွေ၊ လမ်းသရဲအုပ်စုတွေ၊ ရာဇဝတ်မှုတွေဆိုတာ မြင်နေကျအရာတွေပဲ။ ကျွန်တော် ငါးနှစ်အရွယ်မှာ အဖေ အသတ်ခံရတယ်။ အဲဒီနောက်မှာ အမေက ရက်စက်ကြမ်းတမ်းတဲ့သူတစ်ယောက်နဲ့ ပေါင်းသင်းနေထိုင်ခဲ့တယ်။ သူက အမေကိုရော၊ ကျွန်တော့်ကိုပါ အမြဲရိုက်နှက်လေ့ရှိတယ်။ အဲဒီအချိန်ကရခဲ့တဲ့ စိတ်ဒဏ်ရာတွေက ခုထိ မပျောက်သေးဘူး။
ငယ်ငယ်ကကြုံခဲ့တဲ့ အဖြစ်ဆိုးတွေကြောင့် ကျွန်တော် ကြီးလာတဲ့အခါ ကမ်းကုန်အောင် ဆိုးသွမ်းသူတစ်ယောက်ဖြစ်လာတယ်။ ကျွန်တော် ဟဲဗီးမက်တဲလ် တေးသီချင်းတွေကို နားထောင်တယ်၊ အရက်ကို မူးရူးနေအောင် သောက်တယ်၊ တစ်ခါတလေ မူးယစ်ဆေးပါချတယ်။ လမ်းပေါ်မှာ မူးယစ်ဆေးရောင်းတဲ့သူတွေနဲ့လည်း ကျွန်တော် ရန်ဖြစ်လေ့ရှိတယ်။ သူတို့က ကျွန်တော့်ကို သတ်ဖို့ ကြိုးစားတာ အကြိမ်ကြိမ်ပဲ။ တစ်ခါကဆိုရင် နာမည်ကြီးကြေးစားလူသတ်သမားကို ငှားပြီး ကျွန်တော့်ကို သတ်ခိုင်းတယ်။ ဒါပေမဲ့ ဒဏ်ရာတစ်ချက်ပဲရပြီး လွတ်မြောက်သွားတယ်။ နောက်တစ်ကြိမ်မှာတော့ မူးယစ်ဆေးဝါး ရောင်းတဲ့အုပ်စုတစ်စုက ခေါင်းကို သေနတ်နဲ့ချိန်ပြီး ပစ်သတ်တော့မလို့ပဲ။
၁၉၉၆ ခုနှစ်မှာ ကာရိုလီနာဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ချစ်ကြိုက်ခဲ့ပြီး ၁၉၉၈ ခုနှစ်မှာ ကျွန်တော်တို့ လက်ထပ်လိုက်ကြတယ်။ သားဦးလေးရပြီးတဲ့နောက်မှာ ကျွန်တော့်ရဲ့ ပထွေးလို ကျွန်တော်လည်း မိသားစုကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံမိမှာ ကြောက်လာတယ်။ ကျွန်တော်က ဒေါသကြီးတတ်တာကိုး။ ဒါနဲ့ ပြန်လည်ထူထောင်ရေးစခန်းကို သွားပြီး ဆေးကုသမှု ခံယူခဲ့ပေမဲ့ ဘာမှမထူးခြားပါဘူး။ အရင်လိုပဲ၊ ထစ်ကနဲဆို ဒေါသထွက်ပြီး စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားတတ်တယ်။ မိသားစုကို ဆက်ဒုက္ခမပေးမိအောင်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့တောင် ကြိုးစားခဲ့တယ်။ မအောင်မြင်ခဲ့လို့ တော်သေးတယ်။
ကျွန်တော်ဟာ နှစ်ပေါင်းများစွာ ဘုရားမဲ့ဝါဒီတစ်ဦး ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဘုရားရှိတယ်ဆိုတာ ယုံကြည်ချင်တဲ့အတွက် ဧဝံဂေလိအသင်းနဲ့ ပူးပေါင်းခဲ့တယ်။ အဲဒီအတောအတွင်း ကျွန်တော့်ဇနီးက ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာလေ့လာနေတယ်။ ယေဟောဝါသက်သေတွေကို ကျွန်တော် မုန်းတယ်။ သူတို့ကို မိုက်မိုက်ရိုင်းရိုင်း ဆဲဆိုအော်ငေါက်ဖူးတာလည်း ခဏခဏပဲ။ ဒါပေမဲ့ သူတို့က အမြဲပဲ အေးအေးဆေးဆေး တုံ့ပြန်တတ်တယ်။ အဲဒါက ကျွန်တော့်ကို အံ့အားသင့်စေတယ်။
တစ်နေ့တော့၊ ကျွန်တော့်ကျမ်းစာအုပ်ထဲက ဆာလံ ၈၃:၁၈ ကိုဖတ်ကြည့်ပါဆိုပြီး ကာရိုလီနာ ပြောတယ်။ အဲဒီအခန်းငယ်မှာ ဘုရားသခင့်နာမည်က ယေဟောဝါဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။a ကျွန်တော်ယုံကြည်တဲ့ ဘာသာရေးအဖွဲ့အစည်းက ဘုရားသခင်အကြောင်း သင်ပေးတယ်ဆိုပေမဲ့ အဲဒီဘုရားက ယေဟောဝါမဟုတ်ဘူးဆိုတာ သိလိုက်ရလို့ အံ့အားသင့်သွားတယ်။ ဒါနဲ့ ၂၀၀၀ ပြည့်နှစ် အစပိုင်းလောက်မှာ ယေဟောဝါသက်သေတွေနဲ့ ကျွန်တော်လည်း ကျမ်းစာစလေ့လာတော့တယ်။
သမ္မာကျမ်းစာက ကျွန်တော့်ဘဝပုံစံကို ပြောင်းလဲပေးခဲ့ပုံ–
ကျမ်းစာအကြောင်း တိုးသိလာတာနဲ့အမျှ ယေဟောဝါဘုရားဟာ သနားကြင်နာပြီး ခွင့်လွှတ်တတ်တဲ့ဘုရားဖြစ်တယ်ဆိုတာ သဘောပေါက်လာလို့ ကျွန်တော် စိတ်သက်သာရာ ရလာတယ်။ ဥပမာ၊ ယေဟောဝါဘုရားက ‘ချစ်သနားခြင်းမေတ္တာ ကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝတော်မူထသော၊ အထောင်အသောင်းများသောသူတို့အား သနားခြင်းကျေးဇူးတရားကို စောင့်တော်မူထသော၊ အဓမ္မကျင့်ခြင်း၊ တရားတော်ကို လွန်ကျူးခြင်း၊ ပြစ်မှားခြင်းအပြစ်တို့ကို ဖြေလွှတ်သော’ ဘုရားဆိုပြီး သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။—ထွက်မြောက်ရာ ၃၄:၆၊ ၇။
ဒါပေမဲ့ သိလာတဲ့အရာတွေကို လက်တွေ့ကျင့်သုံးဖို့ ကျွန်တော့်အတွက် မလွယ်ကူခဲ့ဘူး။ ကျွန်တော့်ရဲ့ဒေါသတွေကို ဘယ်တော့မှ ထိန်းချုပ်နိုင်မှာမဟုတ်ဘူးလို့ ခံစားခဲ့ရတယ်။ ကျွန်တော့် ဒေါသကို ထိန်းချုပ်လို့မရတဲ့အခါတိုင်း ကာရိုလီနာက ကြင်ကြင်နာနာ အားပေးပြီး ကျွန်တော့်ရဲ့ ကြိုးစားအားထုတ်မှုတွေကို ယေဟောဝါဘုရား သိတယ်ဆိုတာ ပြန်သတိရစေတယ်။ တစ်ခါတလေ၊ မျှော်လင့်ချက်မရှိတော့ဘူးလို့ ကျွန်တော် ခံစားခဲ့ရပေမဲ့ ကာရိုလီနာရဲ့ အားပေးထောက်မမှုက ယေဟောဝါဘုရား နှစ်သက်ရာကို ဆက်ပြီးကြိုးစားလုပ်ဆောင်နိုင်ဖို့ ကျွန်တော့်ကို ခွန်အားဖြစ်စေခဲ့တယ်။
တစ်နေ့တော့ ကျွန်တော့်ကို ကျမ်းစာသင်ပေးတဲ့ အာလေဟန်ဒရိုက ဂလာတိ ၅:၂၂၊ ၂၃ ကိုဖတ်ခိုင်းတယ်။ အဲဒီကျမ်းချက်မှာ “ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ချုပ်တည်းခြင်း” ဆိုတဲ့ အရည်အသွေးတွေက ဘုရားသခင့်စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေးတွေဖြစ်တယ်လို့ ဖော်ပြထားတယ်။ ဒီအရည်အသွေးတွေကို ရရှိဖို့ ကိုယ့်အစွမ်းအစကိုမဟုတ်ဘဲ ဘုရားသခင့်စွမ်းအားတော်ကို မှီခိုရမယ်ဆိုတဲ့အကြောင်း အာလေဟန်ဒရို ရှင်းပြတယ်။ အဲဒီအမှန်တရားကြောင့် ကျွန်တော့်ရဲ့ သဘောထား လုံးဝပြောင်းလဲသွားတယ်။
နောက်ပိုင်း၊ ယေဟောဝါသက်သေတွေရဲ့ စည်းဝေးကြီးတစ်ခုကို ကျွန်တော် သွားတက်တယ်။ အဲဒီမှာ ကျွန်တော် တွေ့လိုက်ရတဲ့ စည်းစနစ်ကျမှု၊ သန့်ရှင်းစင်ကြယ်မှု၊ ရင်းနှီးဖော်ရွေမှုတွေကြောင့် ဒီဘာသာဟာ စစ်မှန်တဲ့ဘာသာပဲဆိုတာ ကျွန်တော် ယုံကြည်စိတ်ချခဲ့တယ်။ (ယောဟန် ၁၃:၃၄၊ ၃၅) ဒါကြောင့် ၂၀၀၁၊ ဖေဖော်ဝါရီလမှာ ကျွန်တော် နှစ်ခြင်းခံခဲ့တယ်။
အကျိုးကျေးဇူးရရှိခဲ့ပုံ–
ကမ်းကုန်အောင် ဆိုးသွမ်းတဲ့ ကျွန်တော့်ကို အေးချမ်းတဲ့သူဖြစ်အောင် ယေဟောဝါဘုရား ပုံသွင်းပေးခဲ့ပါတယ်။ ယေဟောဝါဘုရားက နွံနစ်နေတဲ့ ကျွန်တော့်ကို ကယ်ထုတ်လိုက်တယ်လို့ ခံစားရတယ်။ လူအတော်များများက ကျွန်တော့်ကို မုန်းခဲ့ကြတယ်။ သူတို့ကိုလည်း ကျွန်တော် အပြစ်မတင်လိုပါဘူး။ အခုအချိန်မှာ ဇနီးသည်၊ သားနှစ်ယောက်နဲ့အတူ ကျွန်တော်ဟာ ငြိမ်သက်အေးချမ်းစွာ ဘုရားအမှုတော် ဆောင်နေပါတယ်။
ကျွန်တော့်ရဲ့ မိသားစုဝင်တွေ၊ ဆွေမျိုးတွေ၊ မိတ်ဆွေဟောင်းတွေက ကျွန်တော် ဒီလောက်အထိ ပြောင်းလဲသွားတာကို အရမ်းအံ့သြကြတယ်။ အဲဒီအတွက် သူတို့ထဲက တချို့ဟာ ကျမ်းစာအမှန်တရားကို လေ့လာဖို့ စိတ်ဝင်စားလာကြတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း တခြားသူတွေကို ယေဟောဝါဘုရားအကြောင်း သင်ပေးရတဲ့ အခွင့်ထူးကို ပိုင်ဆိုင်ထားပါတယ်။ သမ္မာကျမ်းစာက သူတို့ရဲ့ဘဝပုံစံကို ပြောင်းလဲပေးတာကို မြင်ရတာ တကယ့်ကို စိတ်ကျေနပ်စရာပါပဲ။
a ယုဒသန် ဘာသာပြန်ကျမ်းမှာ ဘုရားသခင့်နာမည်ကို ယေရမိ ၃၃:၂ မှာ တွေ့နိုင်ပါတယ်။