အမှားတွေအပေါ် မျှတတဲ့အမြင် ရှိခြင်း
ဒန်နဲ့ မာဂရက်ဟာa သမီးရဲ့မိသားစု အလည်လာလို့ ပျော်နေကြတယ်။ နောက်ဆုံးတည်ခင်းမယ့် အထူးဟင်းပွဲကို အငြိမ်းစား စားဖိုမှူး မာဂရက်ကိုယ်တိုင် ချက်ထားတယ်။ မြေးနှစ်ယောက်အကြိုက် အီတလီခေါက်ဆွဲနဲ့ ချိစ်ကို ရောချက်ထားတာ။
စားပွဲမှာ လူစုံနေပြီ။ မာဂရက်က အထူးဟင်းပွဲကို သယ်လာပြီး စားပွဲအလယ်မှာ ချလိုက်တယ်။ အဖုံးကိုလည်း ဖွင့်လိုက်ရော ဟင်းခွက်ထဲမှာ ပူပူနွေးနွေးကျိုထားတဲ့ ချိစ်တွေပဲ ရှိနေတာ တွေ့လိုက်ရလို့ သူ စိတ်ပျက်သွားတယ်။ အဓိကဟင်းအမယ် အီတလီခေါက်ဆွဲ ထည့်ဖို့ မေ့သွားတာကိုး။
အသက်အရွယ်၊ အတွေ့အကြုံ ဘယ်လိုပဲ ရှိနေပါစေ ကျွန်တော်တို့အားလုံး အမှားနဲ့မကင်းဘူး။ မပြောသင့်ဘဲပြော လိုက်တာ၊ မလုပ်သင့်ဘဲ လုပ်လိုက်တာ၊ သတိမထားမိတာ၊ မေ့သွားတာမျိုး ဖြစ်နိုင်တယ်။ အမှားတွေ ဘာကြောင့် လုပ်မိတာလဲ။ အမှားတွေကို ဘယ်လို ဖြေရှင်းနိုင်သလဲ၊ ဘယ်လို ရှောင်နိုင်သလဲ။ အမှားတွေအပေါ် မျှတတဲ့အမြင် ရှိမယ်ဆိုရင် ဒီမေးခွန်းတွေရဲ့ အဖြေကို သိနိုင်ပါတယ်။
အမှားတွေအပေါ် ကျွန်တော်တို့ရဲ့ အမြင်နဲ့ ဘုရားရဲ့အမြင်
ကျွန်တော်တို့ တစ်ခုခုကို ကောင်းကောင်းလုပ်နိုင်တဲ့အခါ သူတစ်ပါး ချီးမွမ်းပြီး အသိအမှတ်ပြုတာကို ဝမ်းသာအားရ လက်ခံတတ်ကြတယ်။ အမှားလုပ်မိတဲ့အခါမှာလည်း မရည်ရွယ်ဘဲလုပ်မိတာ ဒါမှမဟုတ် သူတစ်ပါး သတိမထားမိတာမျိုး ဖြစ်ရင်တောင် အမှားကို ဝန်ခံသင့်တယ် မဟုတ်လား။ အဲဒီလိုလုပ်နိုင်ဖို့ နှိမ့်ချမှု ရှိရမယ်။
ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းရင် ကိုယ့်အမှားကို ခပ်ပေါ့ပေါ့ သဘောထားတာ၊ အပြစ်လွှဲချတာ၊ အမှား ဝန်မခံတာတွေ လုပ်မိနိုင်တယ်။ အဲဒီလိုလုပ်တာဟာ များသောအားဖြင့် ဆိုးကျိုးတွေပဲ ရစေတယ်။ ပြဿနာမပြေလည်ဘဲ ဒီအတိုင်း ရှိနေတာ၊ သူတစ်ပါးကို စွပ်စွဲမိတာတွေ ဖြစ်နိုင်တယ်။ အခုချိန်မှာ ဆိုးကျိုးတွေ မခံရရင်တောင် နောက်ဆုံးမှာ “ဘုရားသခင်က ကျွန်တော်တို့ယောက်တိုင်းကို ကိုယ့်လုပ်ရပ်နဲ့ပတ်သက်ပြီး ဖြေရှင်းချက် တောင်းလိမ့်မယ်” ဆိုတာ အမှတ်ရပါ။—ရောမ ၁၄:၁၂။
ဘုရားသခင်ဟာ အမှားတွေအပေါ် မျှတတဲ့အမြင် ရှိတယ်။ ဘုရားသခင်ဟာ “ကရုဏာရှိပြီး သနားစာနာတတ်” တယ်၊ “တစ်ချိန်လုံး အမှားရှာနေမှာ မဟုတ်ဘူး။ ထာဝစဉ် အငြိုးထားမှာ မဟုတ်ဘူး” လို့ ဆာလံကျမ်းမှာ ပြောတယ်။ ဘုရားက လူသားတွေ မစုံလင်မှန်း၊ အားနည်းချက်တွေ ရှိမှန်း သိတဲ့အပြင် ကျွန်တော်တို့ဟာ “မြေမှုန့်ပဲဆိုတာကို မမေ့ဘူး။”—ဆာလံ ၁၀၃:၈၊ ၉၊ ၁၄။
ဒါ့အပြင် ကရုဏာရှိတဲ့ဖခင် ဘုရားသခင်ဟာ သူ့သားသမီးတွေဖြစ်တဲ့ ကျွန်တော်တို့ကို အမှားနဲ့ပတ်သက်ပြီး သူ့လိုပဲ ရှုမြင်စေချင်တယ်။ (ဆာလံ ၁၃၀:၃) ကိုယ့်ရဲ့အမှားရော သူများရဲ့အမှားတွေကိုပါ ဖြေရှင်းနိုင်အောင် ကူညီပေးတဲ့ လမ်းညွှန်ချက်တွေ၊ အကြံဉာဏ်တွေ အများကြီး ကျမ်းစာမှာ ပါတယ်။
အမှားတွေကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းများ
အမှားလုပ်မိတဲ့အခါ တခြားသူတွေအပေါ် အပြစ်ပုံချမယ်၊ ဆင်ခြေပေးမယ်ဆိုရင် အချိန်လည်း ကုန်၊ စိတ်လည်း ပင်ပန်းမယ်။ အဲဒီအစား ကိုယ့်စကားကြောင့် တစ်ဖက်သား စိတ်ထိခိုက်သွားရင် တောင်းပန်လိုက်ပါ၊ အမှားကို ပြင်လိုက်ပါ၊ အခင်အမင် မပျက်အောင် ကြိုးစားပါ။ သင်ဟာ ကိုယ်တိုင် ဒါမှမဟုတ် သူတစ်ပါးကို ထိခိုက်စေတဲ့ အမှားမျိုး လုပ်ဖူးသလား။ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မယ့်အစား၊ အပြစ်လွှဲချမယ့်အစား အမှားကို ပြင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပါ။ ကိုယ့်အမှား မဟုတ်ဘူးလို့ ခံငြင်းနေမယ်ဆိုရင် မလိုအပ်ဘဲ အခြေအနေတွေ ပိုတင်းမာလာနိုင်တယ်၊ ပိုဆိုးလာနိုင်တယ်။ အဲဒီအစား သင်ခန်းစာယူပါ၊ အမှားကို ပြင်ပါ၊ လုပ်စရာရှိတာ ဆက်လုပ်ပါ။
ကျွန်တော်တို့ဟာ သူတစ်ပါး အမှားလုပ်မိတဲ့အခါ မကြိုက်တဲ့ပုံမျိုး ပြတတ်ကြတယ်။ “ဒါကြောင့် ကိုယ့်ကို ပြုမူဆက်ဆံစေချင်တဲ့အတိုင်း သူတစ်ပါးကို ပြုမူဆက်ဆံပါ” ဆိုတဲ့ ယေရှုခရစ်ရဲ့ အကြံဉာဏ်ကို လိုက်နာတာ အကောင်းဆုံးပဲ။ (မဿဲ ၇:၁၂) ကိုယ်အမှားလုပ်မိတဲ့အခါ အသေးအဖွဲဆိုရင်တောင် ကိုယ့်အမှားကို ဗွေမယူဘဲ သက်ညှာပေးတာကို လိုချင်ကြတယ်။ ဒါကြောင့် တခြားသူတွေကို စာနာတတ်အောင် ကြိုးစားပါ။—ဧဖက် ၄:၃၂။
အမှားနည်းအောင် ကူညီပေးနိုင်တဲ့ အကြံပြုချက်များ
“တလွဲ အကဲဖြတ်ဝေဖန်တာ၊ ဖြစ်ကြောင်းကုန်စင် မသိတာ၊ ဂရုမစိုက်မိတာတွေကြောင့်” အမှားတွေ ပေါ်လာတတ်တယ်လို့ အဘိဓာန်တစ်အုပ်မှာ ရှင်းပြတယ်။ လူတိုင်း တစ်ချိန်မဟုတ် တစ်ချိန်မှာ အဲဒီလိုမှားတတ်တယ်။ ဒါပေမဲ့ အရေးကြီးတဲ့ ကျမ်းစာအကြံပြုချက်တချို့ကို ထည့်စဉ်းစားမယ်ဆိုရင် အမှားနည်းပါလိမ့်မယ်။
ပညာအလိမ္မာ ၁၈:၁၃ မှာ “အကြောင်းစုံကို နားမထောင်သေးဘဲနဲ့ ပြန်ပြောတဲ့သူဟာ မိုက်မဲရုံမက အရှက်ခွဲခြင်းကိုပါ ခံရတတ်တယ်” ဆိုပြီး အကြံပြုထားတယ်။ အကျိုးအကြောင်းကို အချိန်ပေး နားထောင်ပြီးမှ ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ စဉ်းစားမယ်ဆိုရင် စိတ်လိုက်မာန်ပါ ပြောမိ၊ လုပ်မိတာမျိုးကို ရှောင်နိုင်ပါလိမ့်မယ်။ ဂရုစိုက်နားထောင်ပေးပြီး အကျိုးအကြောင်း သိထားမယ်ဆိုရင် တလွဲ အကဲဖြတ်မိတာမျိုး၊ အမှားလုပ်မိတာမျိုးကို ရှောင်နိုင်မယ်။
“ဖြစ်နိုင်မယ်ဆိုရင် လူအားလုံးနဲ့ သင့်မြတ်အောင် အတတ်နိုင်ဆုံး ကြိုးစားပါ” ဆိုတဲ့ ကျမ်းစာအကြံပြုချက်လည်း ရှိတယ်။ (ရောမ ၁၂:၁၈) သင့်သင့်မြတ်မြတ် နေတတ်အောင်၊ ပူးပေါင်းဆောင်ရွက်တတ်အောင် အတတ်နိုင်ဆုံး ကြိုးစားပါ။ တခြားသူတွေနဲ့ အလုပ်လုပ်တဲ့အခါ ထောက်ထားစာနာမှု၊ လေးစားမှု ပြပါ၊ သူတစ်ပါးကို ချီးမွမ်းပါ၊ အားပေးပါ။ ဒါဆိုရင် စာနာမှုမဲ့တဲ့ အပြောအဆို၊ အပြုအမူတွေကို ခွင့်လွှတ်ဖို့၊ လျစ်လျူရှုဖို့ လွယ်ကူပါလိမ့်မယ်။ ပိုကြီးလေးတဲ့အမှားတွေကို ပြေပြေလည်လည် ဖြေရှင်းနိုင်ပါလိမ့်မယ်။
အဆိုးထဲကနေ အကောင်းရှာတတ်အောင် သင်ယူပါ။ ပြောမှား၊ လုပ်မှားခဲ့တာတွေကို ဆင်ခြေပေးနေမယ့်အစား အရည်အသွေးကောင်းတွေ မွေးမြူနိုင်မယ့် အခွင့်အရေးအဖြစ် ရှုမြင်ပါ။ သင်ဟာ ပိုပြီးစိတ်ရှည်၊ ကြင်နာတတ်ဖို့၊ ချုပ်တည်းတတ်ဖို့ လိုနေသလား။ နူးညံ့သိမ်မွေ့ဖို့၊ သင့်သင့်မြတ်မြတ်ရှိဖို့၊ မေတ္တာပြဖို့ လိုနေသလား။ (ဂလာတိ ၅:၂၂၊ ၂၃) အနည်းဆုံးတော့ ဒီလိုအမှားမျိုး နောက်တစ်ခါ မလုပ်မိအောင် သင်ယူနိုင်ပါတယ်။ တာဝန်ယူတတ်တဲ့စိတ် ရှိပါ။ ဒါပေမဲ့ ကိုယ့်ခံစားချက်ကို ဦးစားပေးလွန်းတာမျိုး မလုပ်ပါနဲ့။ ဟာသဉာဉ်ရှိတာက ဆက်ဆံရေး တင်းမာနေတာကို ပြေလျော့စေနိုင်တယ်။
မျှတတဲ့အမြင် ရှိခြင်းရဲ့ အကျိုးကျေးဇူး
အမှားတွေအပေါ် မျှတတဲ့အမြင်ရှိခြင်းက အပြုသဘောရှိရှိ ဖြေရှင်းနိုင်အောင် ကူညီပေးပါလိမ့်မယ်။ ကိုယ်တိုင် စိတ်ချမ်းသာပြီး တခြားသူတွေနဲ့လည်း ပိုသင့်မြတ်လာပါလိမ့်မယ်။ အမှားကနေ သင်ခန်းစာ ယူတတ်မယ်ဆိုရင် ပိုပြီး ပညာရှိရာရောက်မယ်၊ ခင်ဖို့ကောင်းတဲ့သူ ဖြစ်လာမယ်။ အလွန်စိတ်ဓာတ်ကျတာ၊ ကိုယ့်ကိုယ်ကိုယ် အဆိုးမြင်တာကို ရှောင်နိုင်မယ်။ တခြားသူတွေလည်း အမှားတွေကို တိုက်လှန်နေရမှန်း သိထားမယ်ဆိုရင် အချင်းချင်း ပိုရင်းနှီးလာပါလိမ့်မယ်။ အရေးကြီးဆုံးကတော့ ဘုရားသခင်ရဲ့ မေတ္တာနဲ့ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်မှုကို တုပတတ်လာမယ်။—ကောလောသဲ ၃:၁၃။
အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ မာဂရက်ရဲ့အမှားကြောင့် မိသားစုထမင်းဝိုင်း ပျက်သွားသလား။ မပျက်သွားပါဘူး။ မိသားစုဝင်တွေ၊ အထူးသဖြင့် မာဂရက်ဟာ အကောင်းဘက်က တွေးတယ်။ အီတလီခေါက်ဆွဲ မပါပေမဲ့ ထမင်းဝိုင်းဟာ စိုစိုပြည်ပြည်ဖြစ်ခဲ့တယ်။ နောက်ပိုင်းနှစ်တွေမှာ မြေးနှစ်ယောက်က သူတို့ရဲ့ သားသမီးတွေကို အဲဒီထမင်းဝိုင်းအကြောင်း၊ အဘိုးအဘွားနဲ့ပတ်သက်တဲ့ အမှတ်ရစရာလေးတွေအကြောင်း ပြန်ပြောပြတယ်။ တကယ်တော့ အီတလီခေါက်ဆွဲထည့်ဖို့ မေ့သွားတာဟာ အမှားအယွင်းလေးတစ်ခုပါပဲ။
a အမည်လွှဲ။