ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၇ ဇန်နဝါရီ စာ. ၁၂-၁၆
  • လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ဆုလက်ဆောင်ကို တန်ဖိုးထားပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ဆုလက်ဆောင်ကို တန်ဖိုးထားပါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါနဲ့ ယေရှုတို့ဆီက ဘာသင်ယူနိုင်သလဲ
  • လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို အသုံးပြုခြင်းနဲ့ တလွဲအသုံးပြုခြင်း
  • လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် လက်ဆောင်ကို တလွဲအသုံးမပြုပါနဲ့
  • တခြားသူတွေရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို လေးစားခြင်း
  • စစ်မှန်တဲ့ လွတ်လပ်မှု ရနိုင်တဲ့နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • လွတ်လပ်သောလူမျိုးဖြစ်သော်လည်း စာရင်းရှင်းရန်ရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • လွတ်လပ်မှုရဲ့ ဘုရားသခင် ယေဟောဝါကို ဝတ်ပြုပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • လွတ်လပ်စွာလုပ်ပိုင်ခွင့်တည်းဟူသော ထူးမြတ်လှသည့်ဆုလာဘ်
    ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလော
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
က၁၇ ဇန်နဝါရီ စာ. ၁၂-၁၆
အာဗြဟံ၊ စာရာနဲ့ တခြားသူတွေ ဥရမြို့ကနေ ထွက်ခွာစဉ်

လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ဆုလက်ဆောင်ကို တန်ဖိုးထားပါ

“ယေဟောဝါဘုရား၏ စွမ်းအားတော် ရှိရာအရပ်တွင် လွတ်လပ်ခြင်း ရှိတတ်၏။” —၂ ကော. ၃:၁၇။

သီချင်း– ၆၂၊ ၆၅

သင် ဘယ်လို ဖြေမလဲ

  • လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ဆိုတာ ဘာလဲ။

  • လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို အသုံးပြုပုံက ယေဟောဝါအပေါ် ချစ်တဲ့မေတ္တာ အတိမ်အနက်ကို ဘယ်လို ဖော်ပြနိုင်သလဲ။

  • တခြားသူတွေရဲ့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း ဘယ်လို ဖော်ပြနိုင်သလဲ။

၁၊ ၂။ (က) လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကိစ္စနဲ့ပတ်သက်ပြီး လူတွေမှာ ဘယ်လို အမြင်အမျိုးမျိုး ရှိကြသလဲ။ (ခ) လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်နဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘာသွန်သင်ထားသလဲ။ ဘယ်မေးခွန်းတွေကို ဆွေးနွေးကြမလဲ။

ရွေးချယ်စရာ ပေါ်လာတဲ့အခါ အမျိုးသမီးတစ်ယောက်က “ငါ့ကို မစဉ်းစားခိုင်းနဲ့။ ဘာလုပ်ရမလဲဆိုတာသာ ပြောလိုက်။ အဲဒါ ပိုလွယ်တယ်” လို့ သူငယ်ချင်းကို ပြောတယ်။ ဒီအမျိုးသမီးဟာ ဖန်ဆင်းရှင် ပေးထားတဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် လက်ဆောင်ကို အသုံးပြုမယ့်အစား တခြားသူ ပြောတဲ့အတိုင်း လုပ်တာကိုပဲ နှစ်သက်တယ်။ သင်ကော ဘယ်လိုလဲ။ ကိုယ်တိုင်ဆုံးဖြတ်ရတာကို ကြိုက်သလား။ သင့်အတွက် တခြားသူ ဆုံးဖြတ်ပေးတာကို ကြိုက်သလား။ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကိစ္စကို ဘယ်လို ရှုမြင်သလဲ။

၂ ဒီကိစ္စကို လူတွေ အချေအတင် ဆွေးနွေးလာကြတာ ရာစုနှစ်များစွာ ရှိနေပြီ။ တချို့က ကျွန်တော်တို့ရဲ့ လုပ်ရပ်မှန်သမျှကို ဘုရားသခင် ကြိုတင်ပိုင်းဖြတ်ပြီးသားမို့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ဆိုတာ မရှိဘူးလို့ ဆိုကြတယ်။ တချို့ကလည်း အကြွင်းမဲ့လွတ်လပ်မှု ရှိမှပဲ စစ်မှန်တဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိလိမ့်မယ်လို့ ပြောကြတယ်။ ဒီကိစ္စကို မှန်ကန်စွာ နားလည်နိုင်ဖို့ ဘုရားသခင့် စကားတော် ကျမ်းစာမှာ ရှာကြည့်ရမယ်။ ဘာကြောင့်လဲ။ ယေဟောဝါက ကျွန်တော်တို့ကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်နဲ့ ဖန်ဆင်းထားတယ်လို့ ကျမ်းစာမှာ သွန်သင်ထားတယ်။ အဲဒါက အသိဉာဏ်ရှိရှိ ရွေးချယ်နိုင်တဲ့ စွမ်းရည်နဲ့ လွတ်လပ်မှုကို ဆိုလိုတယ်။ (ယောရှု ၂၄:၁၅ ကိုဖတ်ပါ။) ကျမ်းစာမှာ အောက်ပါမေးခွန်းတွေကိုလည်း အဖြေပေးထားတယ်– လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ကို ဘယ်လို အသုံးပြုသင့်သလဲ။ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်မှာ ကန့်သတ်ချက်တွေ ရှိသလား။ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို အသုံးပြုပုံက ယေဟောဝါအပေါ် ချစ်တဲ့မေတ္တာ အတိမ်အနက်ကို ဘယ်လို ဖော်ပြနိုင်သလဲ။ တခြားသူတွေရဲ့ ဆုံးဖြတ်ချက်ကို လေးစားကြောင်း ဘယ်လို ဖော်ပြနိုင်သလဲ။

ယေဟောဝါနဲ့ ယေရှုတို့ဆီက ဘာသင်ယူနိုင်သလဲ

၃။ လွတ်လပ်မှုကို အသုံးပြုရာမှာ ယေဟောဝါ ဘယ်ပုံသက်သေ ချမှတ်ခဲ့သလဲ။

၃ ယေဟောဝါ တစ်ပါးတည်းမှာသာ အကြွင်းမဲ့ လွတ်လပ်မှု ရှိတယ်။ ဒါပေမဲ့ လွတ်လပ်မှုကို ကိုယ်တော် အသုံးပြုပုံက ကျွန်တော်တို့အတွက် ပုံသက်သေ ဖြစ်တယ်။ ဥပမာ၊ အစ္စရေးလူမျိုးကို မိမိနာမတော်အတွက် “ပိုင်ထိုက်သောအမျိုး” အဖြစ် ရွေးချယ်ခဲ့တယ်။ (တရား. ၇:၆-၈) လက်လွတ်စပယ် ရွေးချယ်လိုက်တာတော့ မဟုတ်ဘူး။ အစောပိုင်း ရာစုနှစ်တွေတုန်းက မိတ်ဆွေ အာဗြဟံကို ပေးခဲ့တဲ့ ကတိအတိုင်း လုပ်ဆောင်တာပါ။ (က. ၂၂:၁၅-၁၈) အဲဒီအပြင် ယေဟောဝါဟာ မိမိရဲ့ လွတ်လပ်မှုကို မေတ္တာ၊ တရားမျှတမှုနဲ့အညီ အမြဲကျင့်သုံးတယ်။ စစ်မှန်တဲ့ ဝတ်ပြုရေးကို အကြိမ်ကြိမ် စွန့်ခွာခဲ့တဲ့ အစ္စရေးလူမျိုးကို ဆုံးမပုံမှာ အဲဒီအချက် ပေါ်လွင်တယ်။ သူတို့ စိတ်ရင်းမှန်နဲ့ နောင်တရတဲ့အခါ ယေဟောဝါ မေတ္တာကရုဏာ ပြပြီး ‘ငါကုသပေးလိုက်တဲ့အတွက် သူတို့ သစ္စာဖောက်တော့မှာ မဟုတ်ဘူး။ သူတို့ကို စိတ်လိုကိုယ်လျောက် ချစ်မယ်’ လို့ပြောတယ်။ (ဟော. ၁၄:၄၊ ကဘ) တခြားသူတွေရဲ့ အကျိုးအတွက် မိမိရဲ့ လွတ်လပ်မှုကို အသုံးပြုခဲ့တဲ့ အကောင်းဆုံး ပုံသက်သေပါပဲ။

၄၊ ၅။ (က) ဘုရားသခင် ပေးတဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် လက်ဆောင်ကို ဘယ်သူ ဦးဆုံး ရရှိခဲ့သလဲ။ အဲဒါကို ဘယ်လို အသုံးပြုခဲ့သလဲ။ (ခ) ကိုယ့်ကိုယ်ကိုယ် ဘယ်မေးခွန်းမေးရမလဲ။

၄ ယေဟောဝါဟာ အသိဉာဏ်ရှိ သတ္တဝါတွေကို စတင်ဖန်ဆင်းချိန်မှာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို မေတ္တာပါပါ ထည့်သွင်းပေးခဲ့တယ်။ အဲဒီဆုလက်ဆောင်ကို ဦးဆုံး ရရှိသူကတော့ “မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဌာန်တော်” ဖြစ်တဲ့ သားဦးပါပဲ။ (ကော. ၁:၁၅) ယေရှုက မိမိရဲ့ လွတ်လပ်မှုကို ဘယ်လို အသုံးပြုခဲ့သလဲ။ မြေကြီးပေါ် မလာခင်တုန်းက စာတန့်ပုန်ကန်မှုမှာ မပါဘဲ ဖခင်အပေါ် သစ္စာစောင့်သိဖို့ ရွေးချယ်ခဲ့တယ်။ နောက်ပိုင်း မြေကြီးပေါ် ရောက်လာတဲ့အခါ ရန်သူတော်ကြီး စာတန်ရဲ့ သွေးဆောင်မှုတွေကို ငြင်းပယ်ဖို့ ရွေးချယ်ခဲ့တယ်။ (မ. ၄:၁၀) မသေဆုံးခင် ညမှာ ဘုရားသခင့် အလိုတော်အတိုင်း လုပ်ဆောင်ချင်တဲ့ စိတ်ပိုင်းဖြတ်ချက်ကို ဆုတောင်းဖော်ပြခဲ့တယ်။ “အဖ၊ အလိုတော်ရှိလျှင် ဤခွက်ကို ကျွန်ုပ်ထံမှ ဖယ်ရှားတော်မူပါ။ သို့ရာတွင် ကျွန်ုပ်၏အလိုအတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်၏ အလိုတော်အတိုင်း ဖြစ်ပါစေ” လို့ ဆုတောင်းခဲ့တယ်။ (လု. ၂၂:၄၂) ယေဟောဝါကို ဂုဏ်တင်ဖို့၊ အလိုတော်ကို ထမ်းဆောင်ဖို့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို အသုံးပြုခဲ့တဲ့ ယေရှုကို တုပကြပါစို့။ အဲဒီလို တုပဖို့ ဖြစ်နိုင်သလား။

၅ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့လည်း ဘုရားသခင့် ပုံသဏ္ဌာန်နဲ့အညီ ဖန်ဆင်းခံထားရလို့ပဲ။ (က. ၁:၂၆) ဒါပေမဲ့ ကျွန်တော်တို့မှာ ကန့်သတ်ချက်တွေ ရှိတယ်။ ယေဟောဝါလို အကြွင်းမဲ့ လွတ်လပ်မှု မရှိဘူး။ ကျွန်တော်တို့ရဲ့ လွတ်လပ်မှုမှာ ကန့်သတ်ချက်တွေ ရှိကြောင်း၊ ယေဟောဝါ သင့်တော်သလို ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကို လိုက်နာရမှာ ဖြစ်ကြောင်း ကျမ်းစာမှာ ဖော်ပြထားတယ်။ အဲဒီအပြင် ဇနီးက ခင်ပွန်းကို၊ သားသမီးတွေက မိဘကို လက်အောက်ခံရမယ်။ (ဧ. ၅:၂၂။ ၆:၁) အဲဒီကန့်သတ်ချက်တွေက ကျွန်တော်တို့ရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် အသုံးပြုပုံအပေါ် ဘယ်လို အကျိုးသက်ရောက်သလဲ။ အဲဒီမေးခွန်းရဲ့ အဖြေက ကျွန်တော်တို့ရဲ့ ထာဝရ အနာဂတ်ကို ပိုင်းဖြတ်ပေးနိုင်တယ်။

လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို အသုံးပြုခြင်းနဲ့ တလွဲအသုံးပြုခြင်း

၆။ ကျွန်တော်တို့ရဲ့ လွတ်လပ်မှုမှာ ကန့်သတ်ချက်တွေ ရှိတာက သင့်တော်ကြောင်း ဥပမာပေးပါ။

၆ အကန့်အသတ်ရှိတဲ့ ရွေးချယ်ပိုင်ခွင့်က တကယ် လွတ်လပ်ရဲ့လား။ လွတ်လပ်ပါတယ်။ ဘာကြောင့် အဲဒီလိုပြောနိုင်သလဲ။ ကန့်သတ်ချက်တွေက လူတွေကို ကာကွယ်ပေးနိုင်တယ်။ ဥပမာ၊ အဝေးက မြို့တစ်မြို့ကို ကားမောင်းသွားမယ် ဆိုပါစို့။ ယာဉ်စည်းကမ်း မရှိ၊ လူတိုင်း ကိုယ်ကြိုက်တဲ့အမြန်နှုန်းအတိုင်း မောင်းချင်တဲ့လမ်းကြောကနေ မောင်းလို့ရတဲ့ အဝေးပြေးလမ်းပေါ်မှာ သွားရမယ်ဆိုရင် ဘေးကင်းလုံခြုံတယ်လို့ ခံစားရပါ့မလား။ ခံစားရမှာ မဟုတ်ပါဘူး။ စစ်မှန်တဲ့ လွတ်လပ်မှုရဲ့ ကောင်းကျိုးတွေကို ခံစားနိုင်ဖို့ ကန့်သတ်ချက်တွေ လိုအပ်တယ်။ ယေဟောဝါ ချမှတ်ထားတဲ့ စည်းဘောင်အတွင်း လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို အသုံးပြုတာက ပညာရှိကြောင်း ဖော်ပြတဲ့ ကျမ်းစာနမူနာတချို့ကို သုံးသပ်ကြည့်ကြစို့။

၇။ (က) လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်က အာဒံနဲ့ တိရစ္ဆာန်တွေကို ဘယ်လို ကွာခြားစေသလဲ။ (ခ) လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို အာဒံ အသုံးပြုခဲ့တဲ့ နည်းတစ်နည်းအကြောင်း ဖော်ပြပါ။

၇ ဦးဆုံးလူသား အာဒံကို ဘုရားသခင် ဖန်ဆင်းခဲ့တုန်းက ကောင်းကင်မှာရှိတဲ့ အသိဉာဏ်ရှိ သတ္တဝါတွေကို ပေးခဲ့တဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် လက်ဆောင် ထည့်ပေးခဲ့တယ်။ ဒါကြောင့် ပင်ကိုအသိစိတ်အတိုင်း အသက်ရှင်တဲ့ တိရစ္ဆာန်တွေနဲ့ အာဒံ ကွာခြားတယ်။ မိမိရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို သင့်တော်တဲ့နည်းနဲ့ ဘယ်လို သုံးခဲ့တယ်ဆိုတာ သုံးသပ်ကြည့်ပါ။ လူကို မဖန်ဆင်းခင် တိရစ္ဆာန်တွေကို ယေဟောဝါ ဖန်ဆင်းခဲ့ပေမဲ့ တိရစ္ဆာန်တွေကို နာမည်ပေးတဲ့ အလုပ်ကိုတော့ အာဒံအတွက် ချန်ထားတယ်။ ဘုရားသခင်က တိရစ္ဆာန်တွေကို ‘လူရှိရာ ခေါ်လာ’ တယ်။ တိရစ္ဆာန်တစ်ကောင်ချင်းစီကို အာဒံ ကြည့်ရှုလေ့လာပြီး သင့်တော်တဲ့နာမည် ပေးတဲ့အခါ ယေဟောဝါ ဝင်မစွက်ဖက်ဘူး။ ဒီလိုနဲ့ ‘သတ္တဝါအားလုံး အာဒံ ပေးတဲ့အတိုင်း နာမည်တွင်သွားတယ်။’—က. ၂:၁၉၊ ကဘ။

၈။ မိမိရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို အာဒံ ဘယ်လို တလွဲအသုံးပြုခဲ့သလဲ။ ဘာရလဒ် ရရှိခဲ့သလဲ။

၈ ဝမ်းနည်းစရာကတော့ အာဒံဟာ မြေကြီးပရဒိသုကို ပြုစုစောင့်ရှောက်ရတဲ့ ဘုရားပေးတာဝန်နဲ့ မကျေနပ်တော့ဘူး။ “များပြားစွာ မွေးဖွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့။ . . . ငါးတို့ကိုလည်းကောင်း၊ . . . ငှက်တို့ကိုလည်းကောင်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့” ဆိုတဲ့ ဘုရားပေးထားတဲ့ လုပ်ပိုင်ခွင့် ဘောင်ထဲမှာပဲ လွတ်လပ်ခွင့် အသုံးပြုရတာကို မကျေနပ်တော့ဘူး။ (က. ၁:၂၈) ဒါကြောင့် တားမြစ်ထားတဲ့ အသီးကို စားခြင်းအားဖြင့် ဘုရားကန့်သတ်ထားတဲ့ ဘောင်ကို ကျော်လိုက်တယ်။ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို တလွဲ အသုံးပြုတဲ့အတွက် အာဒံရဲ့ မျိုးဆက် သန်းပေါင်းများစွာ ဆင်းရဲဒုက္ခတွေ ခံစားကြရတယ်။ (ရော. ၅:၁၂) အာဒံ့ဆုံးဖြတ်ချက်ရဲ့ အကျိုးဆက်တွေကို သိထားခြင်းက ကျွန်တော်တို့လည်း လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို ယေဟောဝါ ချမှတ်ထားတဲ့ ဘောင်အတွင်း တာဝန်သိစိတ်နဲ့ သုံးဖို့ လှုံ့ဆော်ခံရသင့်တယ်။

၉။ အစ္စရေးလူမျိုးကို ဘယ်ရွေးချယ်ခွင့် ယေဟောဝါ ပေးခဲ့သလဲ။ သူတို့ ဘယ်လို တုံ့ပြန်ခဲ့သလဲ။

၉ အာဒံနဲ့ ဧဝတို့ရဲ့ သားစဉ်မြေးဆက်တွေဟာ မစုံလင်မှုနဲ့ သေခြင်းအမွေကို ဆက်ခံခဲ့ရတယ်။ ဒါပေမဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်တော့ ဆက်ရှိနေတုန်းပဲ။ အစ္စရေးလူမျိုးနဲ့ ဘုရားသခင် ဆက်ဆံပုံမှာ အဲဒီအချက် ပေါ်လွင်တယ်။ မိမိရဲ့ ပိုင်ထိုက်တဲ့လူမျိုး ဖြစ်ခွင့်ကို လက်ခံဖို့၊ ငြင်းပယ်ဖို့ မောရှေကတစ်ဆင့် ယေဟောဝါ အခွင့်အရေး ပေးခဲ့တယ်။ (ထွ. ၁၉:၃-၆) သူတို့ ဘယ်လို တုံ့ပြန်ခဲ့ကြသလဲ။ ဘုရားသခင့် နာမတော်အတွက် လူမျိုး ဖြစ်ပါမယ်ဆိုပြီး ရွေးချယ်ခဲ့တယ်။ ‘ယေဟောဝါ မိန့်တော်မူသမျှတို့ကို အကျွန်ုပ်တို့သည် ပြုပါမည်’ လို့ တစ်ညီတစ်ညွတ်တည်း ပြောဆိုခဲ့ကြတယ်။ (ထွ. ၁၉:၈) ဝမ်းနည်းစရာကတော့ အစ္စရေးလူမျိုးဟာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို တလွဲအသုံးပြုပြီး ကတိဖျက်ခဲ့ကြတယ်။ ယေဟောဝါဆီ တွယ်ကပ်နေခြင်း၊ ဖြောင့်မတ်တဲ့ တောင်းဆိုချက်တွေကို လိုက်နာခြင်းအားဖြင့် အစ္စရေးလူမျိုးရဲ့ သတိပေးပုံနမူနာကနေ သင်ယူပြီး လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို အမြဲ တန်ဖိုးထားကြပါစို့။—၁ ကော. ၁၀:၁၁။

၁၀။ မစုံလင်တဲ့ လူသားတွေဟာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို ဘုရားသခင်ကို ဂုဏ်တင်တဲ့နည်းနဲ့ အသုံးပြုနိုင်မှန်း ဘယ်ပုံသက်သေတွေက ဖော်ပြသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)

၁၀ ယေဟောဝါ ချမှတ်ထားတဲ့ ဘောင်အတွင်း လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို အသုံးပြုခဲ့တဲ့ ဘုရားသခင့် ကျေးကျွန် ၁၆ ယောက်ရဲ့ နာမည်ကို ဟေဗြဲအခန်းကြီး ၁၁ မှာ တွေ့ရတယ်။ သူတို့ ကြွယ်ဝတဲ့ ကောင်းချီးတွေ ခံစားခဲ့ရပြီး သေချာတဲ့ အနာဂတ်မျှော်လင့်ချက် ရရှိခဲ့ကြတယ်။ ဥပမာ၊ နောဧဟာ မိသားစုနဲ့ အနာဂတ် လူမျိုးဆက် ကယ်တင်ခံရဖို့ သင်္ဘောဆောက်ပါဆိုတဲ့ ဘုရားသခင့် ညွှန်ကြားချက်ကို နာခံပြီး ယုံကြည်ခြင်း တင်ပြဖို့ ရွေးချယ်ခဲ့တယ်။ (ဟေဗြဲ ၁၁:၇) အာဗြဟံနဲ့ စာရာဟာ ကတိထားရာပြည်ဆီ ဘုရားသခင် ဦးဆောင်ခေါ်သွားတာကို လိုလိုလားလား နာခံခဲ့တယ်။ ချမ်းသာကြွယ်ဝတဲ့ ဥရမြို့ကနေ ခရီးဝေးနှင်လာပြီးနောက်မှာတောင် အဲဒီမြို့ကို “ပြန်သွားနိုင်သောအခွင့်” ရှိခဲ့တယ်။ ဒါပေမဲ့ ဘုရားသခင့် ကတိတွေ ပြည့်စုံလာမယ့် အနာဂတ်ကိုပဲ ယုံကြည်ခြင်းမျက်စိနဲ့ အာရုံစိုက်ပြီး “သာ၍မြတ်သောနေရာသို့ ရောက်ရန် ကြိုးစား” ခဲ့ကြတယ်။ (ဟေဗြဲ ၁၁:၈၊ ၁၃၊ ၁၅၊ ၁၆) မောရှေဟာ အီဂျစ်ပြည်ရဲ့ စည်းစိမ်ချမ်းသာတွေကို ကျောခိုင်းပြီး “အပြစ်နှင့်ဆိုင်သော ပျော်မွေ့ခြင်းကို ခဏခံစားခြင်းထက် ဘုရားသခင်၏ လူတို့နှင့်အတူ ညှဉ်းဆဲခံရန် ရွေးချယ်” ခဲ့တယ်။ (ဟေဗြဲ ၁၁:၂၄-၂၆) ကျွန်တော်တို့လည်း လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို တန်ဖိုးထားခြင်း၊ ဘုရားသခင့် အလိုတော်ထမ်းဆောင်ရာမှာ အသုံးပြုခြင်းအားဖြင့် သစ္စာရှိသူတွေရဲ့ ယုံကြည်ခြင်းကို တုပနိုင်ကြပါစေ။

၁၁။ (က) လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရဲ့ ကောင်းချီးတစ်ခုက ဘာလဲ။ (ခ) လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို ဘယ်နည်းနဲ့ တော်မှန်စွာ အသုံးပြုသင့်သလဲ။

၁၁ ကျွန်တော်တို့ကိုယ်စား တခြားတစ်ယောက်ယောက် ဆုံးဖြတ်ပေးတာ ပိုလွယ်တယ်လို့ ထင်ရပေမဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရဲ့ ကောင်းချီးတွေ ဆုံးရှုံးသွားပါလိမ့်မယ်။ အဲဒီကောင်းချီးတွေကို တရားဟောရာ ၃၀:၁၉၊ ၂၀ (ဖတ်ပါ) မှာ ဖော်ပြထားတယ်။ အစ္စရေးတွေကို ဘုရားပေးထားတဲ့ ရွေးချယ်မှုအကြောင်း အခန်းငယ် ၁၉ မှာ ဖော်ပြထားတယ်။ အခန်းငယ် ၂၀ မှာ သူတို့ရဲ့စိတ်နှလုံးထဲ ရှိတဲ့အရာကို ဖော်ပြနိုင်တဲ့ အခွင့်အရေး ယေဟောဝါ ပေးထားကြောင်း သိရတယ်။ ကျွန်တော်တို့လည်း ယေဟောဝါကို ဝတ်ပြုဖို့ ရွေးချယ်နိုင်တယ်။ ယေဟောဝါကို ချစ်ကြောင်း ဖော်ပြရာမှာ၊ ကိုယ်တော့်ကို ဂုဏ်တင်ချီးမွမ်းရာမှာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ဆုလက်ဆောင်ကို အသုံးပြုရတာ အခွင့်ထူးကြီးပါပဲ။

လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် လက်ဆောင်ကို တလွဲအသုံးမပြုပါနဲ့

၁၂။ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် လက်ဆောင်ကို ဘယ်လို အသုံးမပြုသင့်သလဲ။

၁၂ မိတ်ဆွေတစ်ယောက်ကို တန်ဖိုးကြီးတဲ့ လက်ဆောင်တစ်ခု ပေးလိုက်တယ် ဆိုပါစို့။ သူက အဲဒီလက်ဆောင်ကို အမှိုက်ပုံးထဲ ပစ်လိုက်တယ်၊ ဒါမှမဟုတ် အဲဒီလက်ဆောင်နဲ့ တစ်ယောက်ယောက်ကို ထိခိုက်အောင် လုပ်လိုက်တယ်ဆိုရင် သင်စိတ်ပျက်မိမှာပဲ။ လူများစွာဟာ မိမိတို့ရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို တလွဲသုံးပြီး တခြားသူတွေ ထိခိုက်အောင် လုပ်နေတာကို ယေဟောဝါ မြင်တဲ့အခါ ဘယ်လို ခံစားရမယ်ဆိုတာ စဉ်းစားကြည့်ပါ။ “နောက်ဆုံးသောနေ့ရက်များ” မှာ လူတွေဟာ “ကျေးဇူးကန်းသူ” တွေ ဖြစ်မယ်ဆိုပြီး ကျမ်းစာမှာ ကြိုဟောထားတယ်။ (၂ တိ. ၃:၁၊ ၂) ယေဟောဝါ ပေးတဲ့ အဖိုးတန်လက်ဆောင်အတွက် ကျေးဇူးတင်ကြောင်း ဘယ်လို တင်ပြနိုင်သလဲ။ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် လက်ဆောင် တလွဲအသုံးပြုတာကို ဘယ်လို ရှောင်နိုင်သလဲ။

၁၃။ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် တလွဲအသုံးပြုတာကို ရှောင်နိုင်တဲ့ နည်းတစ်နည်းက ဘာလဲ။

၁၃ ကျွန်တော်တို့အားလုံးမှာ အပေါင်းအသင်း၊ ဝတ်စားဖြီးလိမ်းပုံ၊ ဖျော်ဖြေရေးတို့ကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိတယ်။ ဒါပေမဲ့ လူ့ဇာတိအလိုဆန္ဒနောက် လိုက်မယ်၊ လောကရဲ့ အရှက်မဲ့တဲ့ ခေတ်ရေစီးကြောင်းနောက် လိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ဟာ “မကောင်းမှု ဖုံးကွယ်ရန်” အတွက် ဖြစ်သွားနိုင်တယ်။ (၁ ပေတရု ၂:၁၆ ကိုဖတ်ပါ။) လွတ်လပ်ခွင့်ကို ‘ခုတုံးလုပ်၍ လူ့ဇာတိအလိုဆန္ဒနောက်သို့ လိုက်’ မယ့်အစား “ဘုရားသခင်၏ ဘုန်းတော်အတွက် အရာခပ်သိမ်းကို ပြု” ဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။—ဂလ. ၅:၁၃။ ၁ ကော. ၁၀:၃၁။

၁၄။ ယေဟောဝါကို ယုံကြည်ကိုးစားခြင်းက လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် အသုံးပြုခြင်းနဲ့ ဘယ်လို သက်ဆိုင်သလဲ။

၁၄ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို ကာကွယ်စောင့်ရှောက်နိုင်တဲ့ နောက်တစ်နည်းကတော့ ယေဟောဝါကို ယုံကြည်ကိုးစားခြင်း၊ ကိုယ်တော် ချမှတ်ထားတဲ့ ဘောင်တွေအတွင်း လမ်းညွှန်ခွင့်ပြုခြင်း ဖြစ်တယ်။ ယေဟောဝါ တစ်ပါးတည်းသာ ကျွန်တော်တို့ရဲ့ ‘အကျိုးနှင့်ယှဉ်သောအရာကို သွန်သင်၍ သွားအပ်သောလမ်းဖြင့် ပို့ဆောင်သော ဘုရားသခင်’ ဖြစ်တယ်။ (ဟေရှာ. ၄၈:၁၇) “လူသည် မိမိသွားရာလမ်းကို အစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်” ဆိုတဲ့အချက်ကိုလည်း နှိမ့်ချစွာ အသိအမှတ်ပြုရမယ်။ (ယေ. ၁၀:၂၃) အာဒံနဲ့ ပုန်ကန်တဲ့ အစ္စရေးတွေလို ကိုယ့်ဉာဏ်ကို ကိုးစားတဲ့ ထောင်ချောက်ထဲ ဘယ်တော့မှ မကျမိပါစေနဲ့။ အဲဒီအစား ‘ယေဟောဝါကို စိတ်နှလုံး အကြွင်းမဲ့ ကိုးစား’ နိုင်ကြပါစေ။—သု. ၃:၅။

တခြားသူတွေရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို လေးစားခြင်း

၁၅။ ဂလာတိ ၆:၅ မှာပါတဲ့ မူကနေ ဘာသိရှိရသလဲ။

၁၅ ကျွန်တော်တို့ ရရှိထားတဲ့ လွတ်လပ်မှုရဲ့ ကန့်သတ်ချက်တစ်ခုကတော့ တခြားသူတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို လေးစားခြင်း ဖြစ်တယ်။ ဘာကြောင့်လဲ။ ကျွန်တော်တို့အားလုံးမှာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိတဲ့အတွက် ခရစ်ယာန်နှစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ဟာ တစ်ထပ်တည်း မကျနိုင်ဘူး။ အပြုအမူနဲ့ ဝတ်ပြုရေးကိစ္စတွေမှာတောင် အဲဒီလိုပဲ။ ဂလာတိ ၆:၅ (ဖတ်ပါ) မှာပါတဲ့ မူကို သတိရပါ။ ခရစ်ယာန်တိုင်း ‘ကိုယ့်ဝန်ကို ထမ်းရွက်’ ရမယ်ဆိုတာ အသိအမှတ်ပြုမယ်ဆိုရင် တခြားသူတွေရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် အသုံးပြုပုံကို လေးစားပါလိမ့်မယ်။

ညီအစ်ကိုတစ်ယောက် ပါတီပွဲမှာ ဝိုင်သောက်ဖို့ ငြင်းနေစဉ်

တခြားသူတွေရဲ့ သိစိတ်ကို မထိခိုက်စေတဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချမှတ်နိုင် (အပိုဒ် ၁၅ ကိုကြည့်ပါ)

၁၆၊ ၁၇။ (က) ကောရိန္သုမြို့မှာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်နဲ့ပတ်သက်ပြီး ဘာပြဿနာ ဖြစ်ခဲ့သလဲ။ (ခ) ဒီကိစ္စကို ပေါလု ဘယ်လို ဖြေရှင်းခဲ့သလဲ။ ဒါက တခြားသူတွေရဲ့ လုပ်ပိုင်ခွင့်နဲ့ပတ်သက်ပြီး ဘာသင်ပေးသလဲ။

၁၆ သိစိတ်နဲ့ဆိုင်တဲ့ ကိစ္စတွေမှာ ညီအစ်ကို/မတွေရဲ့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ကို ဘာကြောင့် လေးစားရမယ်ဆိုတာ ဖော်ပြတဲ့ ကျမ်းစာ ပုံနမူနာတစ်ခုကို သုံးသပ်ကြည့်ပါ။ ကောရိန္သုမြို့မှာရှိတဲ့ ခရစ်ယာန်တွေဟာ ရုပ်တုကို ပူဇော်ပြီးမှ ဈေးမှာ လာရောင်းတဲ့ အသားစားတာနဲ့ပတ်သက်ပြီး စိတ်ဝမ်းကွဲနေကြတယ်။ ‘ရုပ်တုက အချည်းနှီး ဖြစ်လို့ အသားကို စိတ်သန့်သန့်နဲ့ စားနိုင်တယ်’ လို့ တချို့ ယူဆကြတယ်။ ဒါပေမဲ့ အရင်က ရုပ်တု ကိုးကွယ်ခဲ့သူတွေကတော့ အဲဒီအသားစားခြင်းဟာ ရုပ်တုကိုးကွယ်ရာကျတယ်လို့ ခံစားကြတယ်။ (၁ ကော. ၈:၄၊ ၇) အသင်းတော်ကို စိတ်ဝမ်းကွဲပြားစေနိုင်တဲ့ကိစ္စ ဖြစ်တယ်။ ဒီကိစ္စနဲ့ပတ်သက်တဲ့ ဘုရားသခင့် အမြင်ကို ကောရိန္သုမြို့က ခရစ်ယာန်တွေ နားလည်အောင် ပေါလု ဘယ်လို ကူညီပေးခဲ့သလဲ။

၁၇ ဦးဆုံး၊ အစားအစာက ဘုရားသခင့် မျက်နှာသာ ရစေတာ မဟုတ်ဘူးဆိုပြီး နှစ်ဖက်စလုံးကို ပေါလု သတိပေးခဲ့တယ်။ (၁ ကော. ၈:၈) အဲဒီနောက် ကိုယ့်ရဲ့ ‘ရွေးချယ်ပိုင်ခွင့်’ ကြောင့် “အားနည်းသောသူတို့အတွက် တိုက်မိ၍လဲစရာ မဖြစ်စေ” ဖို့ သတိပေးတယ်။ (၁ ကော. ၈:၉) သိစိတ် ပိုအားနည်းတဲ့သူတွေက အဲဒီအသားမျိုး စားတဲ့သူတွေကို မဝေဖန်ဖို့ ပေါလု ပြောခဲ့တယ်။ (၁ ကော. ၁၀:၂၅၊ ၂၉၊ ၃၀) ဝတ်ပြုရေးနဲ့ဆိုင်တဲ့ ဒီအရေးကြီးတဲ့ကိစ္စမှာ ခရစ်ယာန်တိုင်း အသိစိတ်ရှိရှိ ဆုံးဖြတ်ဖို့ လိုတယ်။ ကျွန်တော်တို့လည်း သိပ်အရေးမကြီးတဲ့ကိစ္စတွေမှာ တခြားသူတွေရဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို လေးစားသင့်တယ် မဟုတ်လား။—၁ ကော. ၁၀:၃၂၊ ၃၃။

၁၈။ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို တန်ဖိုးထားကြောင်း သင်ဘယ်လို ဖော်ပြမလဲ။

၁၈ ယေဟောဝါက ကျွန်တော်တို့ကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်နဲ့အတူ စစ်မှန်တဲ့ လွတ်လပ်မှု ပေးထားတယ်။ (၂ ကော. ၃:၁၇) ယေဟောဝါကို ဘယ်လောက် ချစ်ကြောင်း ဖော်ပြတဲ့ ဆုံးဖြတ်ချက်တွေ ချခွင့်ပေးတဲ့ ဒီလက်ဆောင်ကို ကျွန်တော်တို့ တန်ဖိုးထားတယ်။ ဘုရားသခင်ကို ဂုဏ်တင်တဲ့နည်းနဲ့ အသုံးပြုခြင်း၊ တခြားသူတွေရဲ့ ရွေးချယ်ပိုင်ခွင့်ကို လေးစားခြင်းအားဖြင့် ဒီအဖိုးတန်လက်ဆောင်ကို ကျေးဇူးတင်လေးမြတ်ကြောင်း ဆက်တင်ပြကြပါစို့။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ