ကျိုးနွံမှုရှိဖို့ ဘာကြောင့် အရေးကြီးနေဆဲလဲ
‘ဉာဏ်ပညာက ကျိုးနွံသူတွေနဲ့အတူ ရှိနေတယ်။’—သု. ၁၁:၂၊ ကဘ။
၁၊ ၂။ ကျိုးနွံမှုရှိခဲ့ဖူးသူကို ဘုရားသခင် ဘာကြောင့် ငြင်းပယ်ခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)
ရှေးအစ္စရေးဘုရင် ရှောလုဟာ နန်းတက်စမှာ ကျိုးနွံသူ၊ လေးစားခံရသူ ဖြစ်ခဲ့တယ်။ (၁ ရာ. ၉:၁၊ ၂၊ ၂၁။ ၁၀:၂၀-၂၄) ဒါပေမဲ့ ဘုရင်ဖြစ်ပြီး မကြာခင်မှာ ရောင့်တက်စွာ ဆက်တိုက် ပြုမူလာခဲ့တယ်။ ဂိလဂါလမြို့ကို ဘုရားသခင့် ပရောဖက် ရှမွေလ အချိန်မီရောက်မလာတဲ့အခါ ရှောလု စိတ်မရှည်ဖြစ်ခဲ့တယ်။ ဖိလိတ္တိတွေ စစ်တိုက်ဖို့ အသင့်ဖြစ်နေပြီး အစ္စရေးတွေလည်း ထွက်ပြေးကုန်ပြီ။ ‘ငါတစ်ခုခု အမြန်လုပ်မှ ဖြစ်တော့မယ်’ လို့ ရှောလု တွေးခဲ့မှာပဲ။ ဒါနဲ့ လုပ်ပိုင်ခွင့် မရှိဘဲ ဘုရားသခင်ဆီ ပူဇော်သကာ ဆက်သခဲ့တယ်။ အဲဒီလုပ်ရပ်ကို ယေဟောဝါ မနှစ်သက်ခဲ့ဘူး။—၁ ရာ. ၁၃:၅-၉။
၂ ဂိလဂါလမြို့ကို ရှမွေလ ရောက်လာတဲ့အခါ ရှောလုကို ပြစ်တင်ဆုံးမခဲ့တယ်။ ရှောလုဟာ ဆုံးမမှုကို လက်ခံမယ့်အစား ဆင်ခြေပေးပြီး တခြားသူတွေအပေါ် အပြစ်ပုံချဖို့ ကြိုးစားခဲ့တယ်။ သူ့အပြစ်ကို လျှော့ပေါ့ပြောခဲ့တယ်။ (၁ ရာ. ၁၃:၁၀-၁၄) အဲဒီကစပြီး နောက်ဆက်တွဲ ဆိုးရွားတဲ့အမှုတွေကြောင့် ထီးနန်းကို လက်လွတ်ဆုံးရှုံးခဲ့ရတယ်။ ပိုဆိုးတာက ယေဟောဝါရဲ့ မျက်နှာသာ ဆုံးရှုံးခဲ့ရတယ်။ (၁ ရာ. ၁၅:၂၂၊ ၂၃) ရှောလုရဲ့ ဘဝဟာ အစကောင်းပေမဲ့ အဖြစ်ဆိုးတွေနဲ့ နိဂုံးချုပ်ခဲ့ရတယ်။—၁ ရာ. ၃၁:၁-၆။
၃။ (က) ကျိုးနွံမှုကို လူများစွာ ဘယ်လို ယူဆကြသလဲ။ (ခ) ဘယ်မေးခွန်းတွေကို ဆွေးနွေးသွားကြမလဲ။
၃ ပြိုင်ဆိုင်မှုများတဲ့ ဒီနေ့ခေတ်မှာ တခြားသူတွေထက် ခေါင်းတစ်လုံးသာမှ ဖြစ်မယ်လို့ လူများစွာ ယူဆနေကြတယ်။ ဒါကြောင့် ကျိုးနွံမှု မရှိကြတော့ဘူး။ ဥပမာ၊ နိုင်ငံရေးသမား ဖြစ်သွားတဲ့ နာမည်ကျော် ရုပ်ရှင်မင်းသားတစ်ယောက်က “ကျိုးနွံမှုဆိုတဲ့ စကားဟာ ကျွန်တော်နဲ့ မသက်ဆိုင်ဘူး။ ဘယ်တော့မှလည်း သက်ဆိုင်မှာ မဟုတ်ဘူး” လို့ပြောခဲ့တယ်။ ဒါပေမဲ့ ကျိုးနွံမှုရှိဖို့ ဘာကြောင့် အရေးကြီးနေဆဲလဲ။ ကျိုးနွံမှုဆိုတာ ဘာလဲ၊ ဘာ မဟုတ်ဘူးလဲ။ ခက်ခဲတဲ့အခြေအနေတွေ၊ တခြားသူတွေရဲ့ ဖိအားပေးမှုတွေကြားမှာတောင် ကျိုးနွံမှုကို ဘယ်လို ဆက်ထိန်းသိမ်းနိုင်မလဲ။ ပထမမေးခွန်းနှစ်ခုကို ဒီဆောင်းပါးမှာ အဖြေပေးသွားပါမယ်။ တတိယမေးခွန်းကိုတော့ နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။
ကျိုးနွံမှုရှိဖို့ ဘာကြောင့် အရေးကြီးသလဲ
၄။ ရောင့်တက်တဲ့လုပ်ရပ်ကို ဘယ်လို အဓိပ္ပာယ် ဖွင့်ဆိုမလဲ။
၄ ကျိုးနွံမှုရဲ့ ဆန့်ကျင်ဘက်က ရောင့်တက်မှု ဖြစ်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (သုတ္တံ ၁၁:၂ ကိုဖတ်ပါ။) ‘ရောင့်တက်တဲ့ လုပ်ရပ်တွေ မလုပ်မိအောင် တားဆီးပေး’ ဖို့ ယေဟောဝါဆီ ဒါဝိဒ် ဆုတောင်းခဲ့တယ်။ (ဆာ. ၁၉:၁၃၊ ကဘ) ‘ရောင့်တက်တဲ့လုပ်ရပ်’ ဆိုတာ ဘာလဲ။ လုပ်ပိုင်ခွင့် မရှိတဲ့အရာကို အလျင်စလို၊ မဆင်မခြင် လုပ်တာဟာ ရောင့်တက်တာ ဖြစ်တယ်လို့ အဓိပ္ပာယ် ဖွင့်ဆိုထားတယ်။ ကျွန်တော်တို့အားလုံး အပြစ်ကို အမွေရထားတဲ့အတွက် တစ်ခါတလေ ရောင့်တက်စွာ ပြုမူတတ်ကြတယ်။ ဒါပေမဲ့ ဘုရင်ရှောလုအဖြစ်က ဖော်ပြတဲ့အတိုင်း တဇွတ်ထိုး လုပ်တတ်တဲ့အကျင့် ရှိလာပြီဆိုရင် အနှေးနဲ့ အမြန် ဘုရားသခင်နဲ့ ဆက်ဆံရေး ထိခိုက်လာပါလိမ့်မယ်။ ဆာလံ ၁၁၉:၂၁ မှာ ယေဟောဝါက ‘ရောင့်တက်သူတွေကို ပြစ်တင်ဆုံးမတယ်’ လို့ ဖော်ပြထားတာ ဘာကြောင့်လဲ။
၅။ ရောင့်တက်တဲ့ လုပ်ရပ်ဟာ ဘာကြောင့် အပြစ်ကြီးသလဲ။
၅ ရောင့်တက်တဲ့လုပ်ရပ်ဟာ မသိဘဲ အမှားလုပ်မိတာထက် အပြစ်ကြီးတယ်။ ပထမ၊ ကျိုးနွံမှု မဲ့လာတဲ့အခါ အချုပ်အခြာအာဏာပိုင်ရှင်အဖြစ် ယေဟောဝါကို ဂုဏ်တင်ဖို့ ပျက်ကွက်လာတတ်တယ်။ ဒုတိယ၊ လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီး လုပ်တဲ့အတွက် တခြားသူတွေနဲ့ ပြဿနာ ဖြစ်လာနိုင်တယ်။ (သု. ၁၃:၁၀) တတိယ၊ ရောင့်တက်စွာ ပြုမူမှန်း ထင်ရှားလာတဲ့အခါ မျက်နှာပျက် အရှက်ကွဲနိုင်တယ်။ (လု. ၁၄:၈၊ ၉) ရောင့်တက်တဲ့လုပ်ရပ်တွေက အဆုံးသတ် မလှတတ်ဘူး။ ကျမ်းစာမှာ ဖော်ပြတဲ့အတိုင်း ကျိုးနွံမှုကသာ အမြဲ မှန်ကန်တဲ့ လမ်းစဉ် ဖြစ်တယ်။
ကျိုးနွံမှုမှာ ဘာတွေ ပါဝင်သလဲ
၆၊ ၇။ နှိမ့်ချမှုဆိုတာ ဘာလဲ။ ကျိုးနွံမှုနဲ့ ဘယ်လို ဆက်စပ်နေသလဲ။
၆ ကျိုးနွံမှုနဲ့ နှိမ့်ချမှုဟာ အနီးကပ် ဆက်စပ်နေတယ်။ ကျမ်းစာမှာ နှိမ့်ချမှုဆိုတာ မာန်မာန၊ ထောင်လွှားမှု မရှိခြင်းကို ဆိုလိုတယ်။ နှိမ့်ချမှုရှိသူဟာ ကျိုးနွံမှုလည်း ရှိတယ်။ ကိုယ့်အစွမ်းအစ၊ စွမ်းဆောင်နိုင်မှုကို အမှန်အတိုင်း ရှုမြင်တယ်၊ အမှားတွေကို အသိအမှတ်ပြုတယ်။ အကြံပေးစကားတွေ၊ အကြံဉာဏ်သစ်တွေကို လက်ခံတယ်။ နှိမ့်ချမှုကို ယေဟောဝါ အလွန်နှစ်သက်တယ်။
၇ ကျိုးနွံမှုဆိုတာ ကိုယ့်ကိုယ်ကိုယ် တော်မှန်စွာ ရှုမြင်ခြင်း၊ ကိုယ့်ကန့်သတ်ချက်တွေကို သိမှတ်ခြင်း ဖြစ်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ ကျိုးနွံမှုက တခြားသူတွေကို လေးစားဖို့၊ ကြင်ကြင်နာနာ ဆက်ဆံဖို့ ကူညီပေးတယ်။
၈။ ကျိုးနွံမှု မရှိတဲ့ အတွေး၊ လုပ်ရပ်နဲ့ပတ်သက်ပြီး သတိထားရမယ့် လက္ခဏာတချို့က ဘာတွေလဲ။
၈ ဘယ်အချိန်မှာ ကျိုးနွံမှု မရှိတဲ့ အတွေး၊ လုပ်ရပ်တွေ စတင်လာနိုင်သလဲ။ သတိထားရမယ့် လက္ခဏာတချို့ကို စဉ်းစားကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ်၊ ကိုယ့်အခွင့်ထူးတွေကို အလေးပေးလွန်းလာတာဖြစ်မယ်။ (ရော. ၁၂:၁၆) ကိုယ့်ကို အာရုံစိုက်လာအောင် မသင့်တော်တဲ့နည်းနဲ့ ကြိုးစားလာတာ ဖြစ်မယ်။ (၁ တိ. ၂:၉၊ ၁၀) ကိုယ့်အနေအထား၊ အဆက်အသွယ်၊ ကိုယ်ပိုင်အယူအဆတွေကိုပဲ အလေးအနက် ထားလွန်းတာ ဖြစ်မယ်။ (၁ ကော. ၄:၆) အဲဒီလို ဖြစ်လာပြီဆိုရင် ကျိုးနွံမှုကနေ ရောင့်တက်မှုဘက် စည်းကျော်လာမှန်းမသိ ကျော်လာနေပြီ။
၉။ တချို့ ဘာကြောင့် ရောင့်တက်ခဲ့ကြသလဲ။ ကျမ်းစာဥပမာတစ်ခု ပြောပြပါ။
၉ ဘယ်သူမဆို လူ့ဇာတိအလိုဆန္ဒရဲ့ လွှမ်းမိုးမှုကို တစ်ခဏပဲ ခံယူရင်တောင် ကျိုးနွံမှုမဲ့စွာ ပြုမူမိနိုင်တယ်။ ရည်မှန်းချက်ကြီးခြင်း၊ မနာလိုဝန်တိုခြင်း၊ ဒေါသမထိန်းချုပ်ခြင်းတို့က လူများစွာကို ရောင့်တက်စွာ ပြုမူမိစေတယ်။ “လူ့ဇာတိနှင့်ဆိုင်သော အကျင့်များ” ကို လက်လျှော့အရှုံးပေးပြီး ရောင့်တက်ခဲ့ကြတဲ့ အဗရှလုံ၊ ဩဇိ၊ နေဗုခဒ်နေဇာစတဲ့ ကျမ်းစာဇာတ်ကောင်တွေကို ယေဟောဝါ မာန်စွယ်ချိုး နှိမ့်ချခဲ့တယ်။—၂ ရာ. ၁၅:၁-၆။ ၁၈:၉-၁၇။ ၆ ရာ. ၂၆:၁၆-၂၁။ ဒံ. ၅:၁၈-၂၁။
၁၀။ တခြားသူတွေရဲ့ စိတ်ရင်းကို ဘာကြောင့် မဝေဖန်သင့်သလဲ။ ကျမ်းစာဥပမာတစ်ခု ပြောပြပါ။
၁၀ ကျိုးနွံမှုမဲ့စွာ ပြုမူမိစေနိုင်တဲ့ တခြားအကြောင်းရင်းတွေလည်း ရှိပါသေးတယ်။ ဥပမာ၊ ကမ္ဘာဦး ၂၀:၂-၇ နဲ့ မဿဲ ၂၆:၃၁-၃၅ တို့ကို သုံးသပ်ကြည့်ပါ။ အဘိမလက်နဲ့ ပေတရုတို့ရဲ့ ရောင့်တက်တဲ့ လုပ်ရပ်တွေဟာ အပြစ်ရှိတဲ့ အလိုဆန္ဒကြောင့်လား။ မသိလိုက်လို့၊ သတိမထားမိလို့ ဖြစ်သွားတာလား။ လူတွေရဲ့ စိတ်နှလုံးကို မသိမြင်နိုင်လို့ သူတို့ရဲ့ စိတ်ရင်းကို မဝေဖန်တာက မေတ္တာရှိရာ၊ ပညာရှိရာကျတယ်။—ယာကုပ် ၄:၁၂ ကိုဖတ်ပါ။
ကိုယ့်နေရာကို အသိအမှတ်ပြုခြင်း
၁၁။ ကျိုးနွံမှုက ဘုရားသခင့် အစီအစဉ်မှာ ကိုယ့်နေရာကို အသိအမှတ်ပြုခြင်းနဲ့ ဘယ်လို ဆက်စပ်သလဲ။
၁၁ ကျိုးနွံမှုဟာ ဘုရားသခင့် အစီအစဉ်မှာ ကိုယ့်နေရာကို အသိအမှတ်ပြုခြင်းကနေ စတင်တယ်။ ယေဟောဝါဟာ စည်းစနစ်ရှိတဲ့ဘုရား ဖြစ်တဲ့အတွက် အဖွဲ့အစည်းမှာ ကျွန်တော်တို့ယောက်တိုင်းကို နေရာတစ်နေရာစီပေးထားတယ်။ အသင်းတော်မှာ ယောက်တိုင်းရဲ့ အခန်းကဏ္ဍက အရေးပါတယ်။ ယောက်တိုင်းကို လိုအပ်တယ်။ ယေဟောဝါဟာ မဟာကရုဏာတော်ကြောင့် ယောက်တိုင်းကို ဆု၊ ကျွမ်းကျင်လိမ္မာမှု၊ အရည်အသွေး၊ အစွမ်းအစတွေ ပေးထားတယ်။ ယေဟောဝါကို ဂုဏ်တင်ဖို့၊ တခြားသူတွေကို ကူညီဖို့ အဲဒါတွေကို အသုံးပြုနိုင်တယ်။ (ရော. ၁၂:၄-၈) ဂုဏ်တင်မှု၊ ယုံကြည်စိတ်ချမှု၊ တာဝန်တို့နဲ့ဒွန်တွဲနေတဲ့ ဘဏ္ဍာစိုးနေရာကို ယေဟောဝါ ပေးအပ်ထားတယ်။—၁ ပေတရု ၄:၁၀ ကိုဖတ်ပါ။
တာဝန်ပြောင်းလဲသွားတဲ့အခါ ယေရှုရဲ့ ပုံနမူနာကနေ ဘာသင်ယူနိုင်သလဲ (အပိုဒ် ၁၂-၁၄ ကိုကြည့်ပါ)
၁၂၊ ၁၃။ ဘုရားသခင့် အစီအစဉ်မှာ ကျွန်တော်တို့ရဲ့ နေရာ မကြာခဏ ပြောင်းလဲတဲ့အခါ ဘာကြောင့် မအံ့ဩသင့်သလဲ။
၁၂ ဘုရားသခင့် အစီအစဉ်မှာ ကျွန်တော်တို့ရဲ့ နေရာ ပုံသေမရှိဘူး။ အချိန်နဲ့အမျှ ပြောင်းလဲနိုင်တယ်။ ယေရှုရဲ့ အဖြစ်ကို သုံးသပ်ကြည့်ပါ။ အစပိုင်းမှာ သူနဲ့ ယေဟောဝါပဲ ရှိခဲ့တယ်။ (သု. ၈:၂၂) အဲဒီနောက် တခြားနာမ်ဝိညာဉ်ပုဂ္ဂိုလ်တွေ၊ စကြဝဠာနဲ့ လူသားတွေကို ဖန်ဆင်းရာမှာ ဘုရားသခင်ကို ကူညီပေးခဲ့ရတယ်။ (ကော. ၁:၁၆) နောက်ပိုင်း မြေကြီးပေါ် စေလွှတ်ခံရတယ်။ ဘာမှ မတတ်နိုင်တဲ့ ကလေးငယ်အဖြစ် မွေးဖွားကြီးပြင်းလာရတယ်။ (ဖိ. ၂:၇) ပူဇော်သကာအဖြစ် သေဆုံးပြီးနောက် ၁၉၁၄ မှာ ဘုရားနိုင်ငံတော် ဘုရင် ဖြစ်လာဖို့ ကောင်းကင်ကို နာမ်ဝိညာဉ်အဖြစ် ပြန်သွားခဲ့ရတယ်။ (ဟေဗြဲ ၂:၉) ဒါ နောက်ဆုံး တာဝန်အပြောင်းအလဲ မဟုတ်သေးဘူး။ အနှစ်တစ်ထောင် အုပ်ချုပ်မှု ပြီးနောက် နိုင်ငံတော်ကို ယေဟောဝါဆီ ယေရှု ပြန်အပ်ရဦးမယ်။ အဲဒီအခါ “ဘုရားသခင်သည် လူခပ်သိမ်း၌ အရာခပ်သိမ်း ဖြစ်” ပါလိမ့်မယ်။—၁ ကော. ၁၅:၂၈။
၁၃ ကျွန်တော်တို့လည်း ကိုယ့်ဆုံးဖြတ်ချက်တွေကြောင့် မကြာခဏ တာဝန်အပြောင်းအလဲတွေ ရရှိမယ်လို့ မျှော်လင့်ထားနိုင်တယ်။ ဥပမာ၊ အစကတော့ တစ်ကိုယ်ရေ။ နောက်တော့ အိမ်ထောင်သည်။ အဲဒီကနေ သားနဲ့ သမီးနဲ့ ဖြစ်လာနိုင်တယ်။ နောက်ပိုင်း အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်ဖို့ ဘဝကို ရိုးရှင်းစေတယ်။ ဆုံးဖြတ်ချက်တိုင်းမှာ အခွင့်ထူးနဲ့ တာဝန်တွေ ဒွန်တွဲလာတယ်။ အခြေအနေပြောင်းလဲသွားတဲ့အတွက် လုပ်ပိုင်ခွင့် တိုးများလာနိုင်သလို လျော့နည်းသွားနိုင်တယ်။ လူကြီးလူငယ်၊ ကျန်းမာရေးကောင်းသူ၊ မကောင်းသူအားလုံးဟာ ယေဟောဝါရဲ့ အမှုတော်မှာ အကောင်းဆုံး အသုံးတော်ခံနိုင်မှန်း ကိုယ်တော် သိတယ်။ ကျွန်တော်တို့ဆီကနေ တော်သင့်ရုံပဲ ကိုယ်တော် မျှော်လင့်ပြီး ကျွန်တော်တို့ လုပ်သမျှကို အလွန်တန်ဖိုးထားတယ်။—ဟေဗြဲ ၆:၁၀။
၁၄။ ကျိုးနွံမှုရှိခြင်းက ဘယ်အခြေအနေမှာမဆို ပျော်ရွှင်ကျေနပ်ဖို့ ဘယ်လို ကူညီပေးသလဲ။
၁၄ ယေရှုဟာ ရရှိတဲ့တာဝန်တိုင်းကို ပျော်ရွှင်စွာ လုပ်ဆောင်ခဲ့တယ်။ ကျွန်တော်တို့လည်း ပျော်ရွှင်နိုင်ပါတယ်။ (သု. ၈:၃၀၊ ၃၁) ကျိုးနွံမှုရှိသူဟာ အသင်းတော်မှာ လက်ရှိတာဝန်တွေ၊ အခွင့်ထူးတွေကြောင့် ကျဉ်းကျပ်တယ်လို့ မခံစားဘူး။ အခွင့်ထူးတွေ ထပ်မရမှာ၊ တခြားသူတွေ အောင်မြင်သွားမှာကို တွေးမပူဘူး။ အဲဒီအစား လက်ရှိတာဝန်ကို ယေဟောဝါဆီက လာတဲ့တာဝန်အဖြစ် ယူမှတ်လို့ အဓိပ္ပာယ်ရှိရှိ၊ ပျော်ပျော်ရွှင်ရွှင် ထမ်းဆောင်ဖို့ပဲ အာရုံစိုက်တယ်။ တစ်ချိန်တည်းမှာ တခြားသူတွေကို ယေဟောဝါ ပေးထားတဲ့ အခန်းကဏ္ဍ၊ နေရာကိုလည်း လေးစားတယ်။ ကျိုးနွံမှုက တခြားသူတွေကို တော်မှန်စွာ ဂုဏ်တင်ဖို့၊ ထောက်မဖို့ ကူညီပေးတယ်။—ရော. ၁၂:၁၀။
ကျိုးနွံမှုဆိုတာ ဘာမဟုတ်ဘူးလဲ
၁၅။ ဂိဒေါင်ရဲ့ ကျိုးနွံမှုကနေ ဘာသင်ယူနိုင်သလဲ။
၁၅ ဂိဒေါင်ဟာ ကျိုးနွံမှုရှိတဲ့ အကောင်းဆုံး ပုံနမူနာ ဖြစ်တယ်။ သူ့ဆီ ယေဟောဝါရဲ့ ကောင်းကင်တမန် ဦးဆုံး လာတဲ့အချိန်မှာ မိမိရဲ့ နိမ့်ကျတဲ့ ဘဝနောက်ခံနဲ့ အခြေအနေကို အသိအမှတ်ပြုခဲ့တယ်။ (သူကြီး. ၆:၁၅) ယေဟောဝါ ပေးအပ်တဲ့ တာဝန်ကို လက်ခံပြီးနောက်မှာ ဘာလုပ်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိအောင် လုပ်ခဲ့တယ်။ လမ်းညွှန်မှုအတွက် ယေဟောဝါကို မျှော်ကိုးခဲ့တယ်။ (သူကြီး. ၆:၃၆-၄၀) ဂိဒေါင်ဟာ ရဲစွမ်းသတ္တိရှိပေမဲ့ သတိရှိရှိ၊ သိုသိုသိပ်သိပ် လုပ်ဆောင်ခဲ့တယ်။ (သူကြီး. ၆:၁၁၊ ၂၇) တာဝန်ကို ခုတုံးလုပ်ပြီး ထင်ပေါ်ဖို့ မကြိုးစားခဲ့ဘူး။ တာဝန်ပြီးဆုံးတာနဲ့ ချက်ချင်း နဂိုနေရာကို ပြန်သွားခဲ့တယ်။—သူကြီး. ၈:၂၂၊ ၂၃၊ ၂၉။
၁၆၊ ၁၇။ ကျိုးနွံသူဟာ တိုးတက်မှုနဲ့ပတ်သက်ပြီး ဘယ်အချက်ကို ထည့်စဉ်းစားသလဲ။
၁၆ ကျိုးနွံမှုဆိုတာ တက်လှမ်းဖို့၊ ထပ်ဆင့်လုပ်ငန်းတော် တာဝန်တွေ လက်ခံဖို့ မကြိုးစားသင့်ဘူးလို့ မဆိုလိုဘူး။ ကျွန်တော်တို့အားလုံး တိုးတက်ရမယ်လို့ ကျမ်းစာမှာ အားပေးထားတယ်။ (၁ တိ. ၄:၁၃-၁၅) ဒါပေမဲ့ တိုးတက်ဖို့ဆိုရင် တာဝန်ပြောင်းလဲဖို့ အမြဲလိုအပ်သလား။ မလိုအပ်ပါဘူး။ လက်ရှိထမ်းဆောင်နေတဲ့ ဘယ်ကဏ္ဍမှာမဆို ယေဟောဝါရဲ့ ကောင်းချီးကြောင့် တိုးတက်နိုင်ပါတယ်။ ဘုရားပေး အရည်အသွေးတွေ ဆက်ပျိုးထောင်နိုင်ပြီး ကောင်းမှုတွေကို တိုးချဲ့လုပ်ဆောင်နိုင်ပါတယ်။
၁၇ ကျိုးနွံသူဟာ တာဝန်သစ်ကို လက်မခံခင် ဘာလုပ်ရမယ်ဆိုတာ သိအောင် လုပ်တယ်။ ပြီးနောက် ကိုယ့်အခြေအနေကို ရိုးရိုးသားသား ဆန်းစစ်တယ်။ ဥပမာ၊ အရေးကြီးတဲ့အရာတွေကို လျစ်လျူမရှုဘဲ နောက်ထပ်အလုပ်တာဝန်တွေ ယူနိုင်မလား။ တာဝန်သစ် လက်ခံနိုင်ဖို့ လက်ရှိအလုပ်တချို့ကို လွှဲပြောင်းပေးနိုင်မလား။ မလုပ်နိုင်ဘူးဆိုရင် အဲဒီတာဝန်ကို တခြားတစ်ယောက်ယောက်ကို ပေးလိုက်တာက ပိုကောင်းပါလိမ့်မယ်။ ဆုတောင်းပြီး လက်တွေ့ကျကျ ဆန်းစစ်ခြင်းက ကိုယ့်လက်ရှိစွမ်းရည်တွေ၊ ကန့်သတ်ချက်တွေထက် မကျော်လွန်မိဖို့ ကူညီပေးပါလိမ့်မယ်။ ကျိုးနွံမှုက မလုပ်နိုင်တာကို ငြင်းဆန်တတ်အောင် ကူညီပေးနိုင်တယ်။
၁၈။ (က) ကျိုးနွံမှုက တာဝန်သစ်ရတဲ့အခါ ဘာလုပ်ဖို့ လှုံ့ဆော်ပေးသလဲ။ (ခ) ရောမ ၁၂:၃ က ကျိုးနွံသူနဲ့ ဘယ်လို သက်ဆိုင်သလဲ။
၁၈ တာဝန်သစ်ကို လက်ခံတဲ့အခါ ယေဟောဝါရဲ့ လမ်းညွှန်မှုနဲ့ ကောင်းချီး မပါရင် မအောင်မြင်နိုင်မှန်း ဂိဒေါင်ရဲ့ ပုံနမူနာက အမှတ်ရစေတယ်။ ‘ဘုရားသခင်နဲ့အတူ ကျိုးနွံစွာ လျှောက်လှမ်းဖို့’ ကျွန်တော်တို့ကို ဖိတ်ခေါ်ထားတယ်။ (မိ. ၆:၈၊ ကဘ) အဲဒါကြောင့် တာဝန်သစ်တွေ လက်ခံတဲ့အခါတိုင်း ကျမ်းစာနဲ့ အဖွဲ့အစည်းကတစ်ဆင့် ယေဟောဝါ ပြောတာကို ဆုတောင်းစဉ်းစားဖို့ လိုတယ်။ ကိုယ့်ရဲ့ မတည်ငြိမ်တဲ့ ခြေလှမ်းတွေကို ယေဟောဝါရဲ့ တည်ငြိမ်တဲ့ လမ်းညွှန်မှုနဲ့ ချိန်ညှိတတ်အောင် သင်ယူရမယ်။ ကျွန်တော်တို့ “ချီးမြှောက်ခြင်းသို့ ရောက်” တာဟာ ကိုယ့်အစွမ်းအစကြောင့် မဟုတ်ဘဲ ယေဟောဝါရဲ့ နှိမ့်ချမှုကြောင့်ဆိုတာ သတိရပါ။ (ဆာ. ၁၈:၃၅) ဘုရားသခင်နဲ့ ကျိုးနွံစွာ လျှောက်လှမ်းခြင်းက ကိုယ့်ကိုယ်ကိုယ် အထင်မကြီးလွန်းဖို့၊ အထင်မသေးလွန်းဖို့ ကူညီပေးပါလိမ့်မယ်။—ရောမ ၁၂:၃ ကိုဖတ်ပါ။
၁၉။ ဘာအကြောင်းရင်းတွေကြောင့် ကျိုးနွံမှုကို ပျိုးထောင်သင့်သလဲ။
၁၉ ယေဟောဝါဟာ ဖန်ဆင်းရှင်၊ စကြဝဠာ အချုပ်အခြာအာဏာပိုင်ရှင် ဖြစ်တယ်။ ဒါကြောင့် ကျိုးနွံသူဟာ ယေဟောဝါကို ထိုက်သင့်သလို ဂုဏ်တင်တယ်။ (ဗျာ. ၄:၁၁) ကျိုးနွံမှုက ဘုရားသခင့် အစီအစဉ်အတွင်း ကိုယ်ရတဲ့နေရာမှာ ကျေနပ်ဖို့၊ ဖြစ်မြောက်အောင် လုပ်ဆောင်ဖို့ ကူညီပေးတယ်။ ညီအစ်ကို/မတွေကို လေးစားဖို့ ကူညီပေးတယ်။ အဲဒါက စည်းလုံးမှု ဖြစ်စေတယ်။ ကျိုးနွံမှုက ကိုယ့်ထက် တခြားသူတွေအတွက် စဉ်းစားဖို့ လှုံ့ဆော်ပေးတယ်။ သတိရှိရှိ ပြုမူစေတဲ့အတွက် ဆိုးရွားတဲ့အမှားတွေကို ရှောင်ရှားစေတယ်။ အဲဒီအကြောင်းရင်းတွေကြောင့် ကျိုးနွံမှုဟာ ဘုရားသခင့် လူမျိုးအားလုံးအတွက် အရေးပါနေဆဲပါပဲ။ ကျိုးနွံမှုရှိသူကို ယေဟောဝါ တန်ဖိုးထားတယ်။ ဒါပေမဲ့ ဖိအားပေးခံရတဲ့အခါ ဘယ်လိုလုပ်မလဲ။ ဖိစီးတဲ့အခြေအနေတွေမှာ ကျိုးနွံမှုကို ဘယ်လို ထိန်းသိမ်းနိုင်မလဲဆိုတာ နောက်ဆောင်းပါးမှာ တွေ့ရပါလိမ့်မယ်။