ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၇ ဖေဖော်ဝါရီ စာ. ၂၃-၂၈
  • ဒီနေ့ ဘုရားလူမျိုးကို ဘယ်သူ ဦးဆောင်နေသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဒီနေ့ ဘုရားလူမျိုးကို ဘယ်သူ ဦးဆောင်နေသလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မမြင်ရတဲ့ ခေါင်းဆောင်လက်အောက်က မြင်ရတဲ့အဖွဲ့
  • “ဒါ လူ့အလုပ် မဟုတ်ဘူး”
  • “သစ္စာနှင့် သတိပညာရှိသောကျွန်ကား ဧကန်စင်စစ် မည်သူနည်း”
  • ‘ဦးဆောင်နေသောသူတွေကို သတိရကြ’
  • “သစ္စာနဲ့ သတိပညာရှိတဲ့ကျွန်” ရဲ့ အခန်းကဏ္ဍ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ယနေ့အချိန်မှာ အုပ်ချုပ်ရေးအဖွဲ့က ဘာလုပ်ဆောင်နေပါသလဲ
    ဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
  • လွတ်လပ်မှုတွင် ခရစ်ယာန် ဆက်ကပ်အပ်နှံမှုနှင့်အညီ နေထိုင်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • “ကျွန်တော်တို့အားလုံး တညီတညွတ်တည်း သဘောတူဆုံးဖြတ်ခဲ့ပါတယ်”
    ဘုရားသခင့် နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံပါ’
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
က၁၇ ဖေဖော်ဝါရီ စာ. ၂၃-၂၈
ပထမရာစု အုပ်ချုပ်ရေးအဖွဲ့

ဒီနေ့ ဘုရားလူမျိုးကို ဘယ်သူ ဦးဆောင်နေသလဲ

‘သင်တို့ကို ဦးဆောင်နေသောသူတို့အား သတိရကြလော့။’ —ဟေဗြဲ ၁၃:၇။

သီချင်း– ၁၂၅၊ ၄၃

သင် ရှင်းပြနိုင်သလား

  • ပထမရာစုနဲ့ ဒီနေ့ ဘုရားလူမျိုးကို ဦးဆောင်နေသူတွေကို သန့်ရှင်းသော စွမ်းအားတော် ဘယ်လို ခွန်အားပေးသလဲ။

  • ပထမရာစုနဲ့ ဒီနေ့ ဘုရားလူမျိုးကို ဦးဆောင်နေသူတွေကို ကောင်းကင်တမန်တွေ ဘယ်လို ကူညီပေးသလဲ။

  • ပထမရာစုနဲ့ ဒီနေ့ ဘုရားလူမျိုးကို ဦးဆောင်နေသူတွေကို ဘုရားစကားတော် ဘယ်လို လမ်းညွှန်သလဲ။

၁၊ ၂။ ယေရှု ကောင်းကင်တက်သွားပြီးနောက်မှာ တမန်တော်တွေ ဘယ်လို တွေးမိနိုင်သလဲ။

ယေရှုရဲ့ တမန်တော်တွေဟာ သံလွင်တောင်ပေါ်မှာ သူတို့ရဲ့ မိတ်ဆွေ၊ သခင် ယေရှု ကောင်းကင် တက်ပြီး တိမ်ကွယ်သွားတာကို ငေးမောကြည့်နေကြတယ်။ (တ. ၁:၉၊ ၁၀) လွန်ခဲ့တဲ့နှစ်နှစ်အတွင်း ယေရှု သူတို့ကို သွန်သင်ခဲ့တယ်။ အားပေးခဲ့တယ်။ ဦးဆောင်ခဲ့တယ်။ အခုတော့ ယေရှု မရှိတော့ဘူး။ သူတို့ ဘာလုပ်ကြမလဲ။

၂ နောက်လိုက်တွေကို ယေရှု တာဝန်ပေးခဲ့တယ်– ‘သင်တို့သည် ဂျေရုဆလင်မြို့၊ ယုဒပြည်တစ်ဝန်းလုံး၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ့အကြောင်း သက်သေခံသူများ ဖြစ်ကြလိမ့်မည်။’ (တ. ၁:၈) သူတို့တစ်တွေ ဒီတာဝန်ကို ပြီးမြောက်အောင် ဘယ်လို လုပ်ကြမလဲ။ သိပ်မကြာခင်မှာ သန့်ရှင်းသော စွမ်းအားတော် ရကြမယ်လို့ ယေရှု စိတ်ချစေခဲ့တယ်။ (တ. ၁:၅) ဒါပေမဲ့ နိုင်ငံတကာမှာ ဟောပြောဖို့ဆိုတာ ညွှန်ကြားမှုနဲ့ အဖွဲ့အစည်း လိုတယ်။ ရှေးခေတ်တုန်းက မိမိလူမျိုးကို ညွှန်ကြားဖွဲ့စည်းရာမှာ မျက်မြင်ရကိုယ်စားလှယ်တွေကို ယေဟောဝါ အသုံးပြုခဲ့တယ်။ ဒါကြောင့် ‘အခု ခေါင်းဆောင်သစ်တစ်ယောက်ကို ယေဟောဝါ ခန့်အပ်ပေးမလား’ လို့တမန်တော်တွေ တွေးမိကြမှာပဲ။

၃။ (က) ယေရှု ကောင်းကင်တက်သွားပြီးနောက်မှာ သစ္စာရှိတမန်တော်တွေ အရေးကြီးတဲ့ ဘယ်ဆုံးဖြတ်ချက် ချခဲ့ကြသလဲ။ (ခ) ဒီဆောင်းပါးမှာ ဘယ်အကြောင်းတွေ ဆွေးနွေးသုံးသပ်ကြမလဲ။

၃ ယေရှု ကောင်းကင်တက်ပြီး သိပ်မကြာခင် တပည့်တွေဟာ ကျမ်းစာမှာ ရှာဖွေလေ့လာကြတယ်။ ဘုရားရဲ့ ညွှန်ကြားချက် ရဖို့ ဆုတောင်းကြတယ်။ တမန်တော် ၁၂ ပါးအဝင် ယုဒရှကာရုတ်နေရာမှာ မဿိကို ရွေးချယ်အစားထိုးခဲ့ကြတယ်။ (တ. ၁:၁၅-၂၆) အဲဒီရွေးချယ်မှုဟာ သူတို့နဲ့ ယေဟောဝါအတွက် ဘာကြောင့် အလွန်အရေးကြီးရသလဲ။ မဿိဟာ အရေးပါတဲ့ အဖွဲ့အစည်းဆိုင်ရာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးတယ်။a ယေရှုက တမန်တော်တွေကို အပေါင်းအဖော်အဖြစ်ပဲ ရွေးချယ်တာ မဟုတ်ဘဲ ဘုရားလူမျိုးအလယ် အရေးကြီးတဲ့ကဏ္ဍမှာ ပါဝင်စေဖို့ပါပဲ။ အဲဒီကဏ္ဍက ဘာလဲ။ သူတို့ကို ယေရှုကတစ်ဆင့် ယေဟောဝါ ဘယ်လို လေ့ကျင့်ပေးခဲ့သလဲ။ ဒီနေ့ ဘုရားလူမျိုးအလယ်မှာ ဘယ်လို ဆင်တူတဲ့အစီအစဉ် ရှိသလဲ။ ‘ဦးဆောင်နေသောသူတို့၊’ အထူးသဖြင့် “သစ္စာနှင့် သတိပညာရှိသောကျွန်” အဖြစ် ဖွဲ့စည်းထားသူတွေကို ဘယ်လို ‘သတိရ’ နိုင်သလဲ။—ဟေဗြဲ ၁၃:၇။ မ. ၂၄:၄၅။

မမြင်ရတဲ့ ခေါင်းဆောင်လက်အောက်က မြင်ရတဲ့အဖွဲ့

၄။ ပထမရာစု တမန်တော်တွေနဲ့ ဂျေရုဆလင်က အကြီးအကဲတွေဟာ ဘယ်ကဏ္ဍမှာ ပါဝင်ခဲ့ကြသလဲ။

၄ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ ခရစ်ယာန်အသင်းတော်ကို တမန်တော်တွေ စတင်ဦးဆောင်ခဲ့တယ်။ အဲဒီတုန်းက “ပေတရုသည် တစ်ဆယ့်တစ်ပါးသော တမန်တော်တို့နှင့်တကွ ထ” ပြီး ဂျူးလူမျိုးနဲ့ ဂျူးဘာသာပြောင်းဝင်လာသူတွေကို အသက်ကယ် အမှန်တရားအကြောင်း ဟောပြောခဲ့တယ်။ (တ. ၂:၁၄၊ ၁၅) လူအများကြီး ယုံကြည်သူ ဖြစ်လာကြတယ်။ အဲဒီနောက် ခရစ်ယာန်ဖြစ်လာခါစသူတွေဟာ ‘တမန်တော်တို့၏ သွန်သင်ချက်ကို မပြတ် ခံယူကြ’ တယ်။ (တ. ၂:၄၂) တမန်တော်တွေက အသင်းတော်ရဲ့ ငွေရေးကြေးရေးကို စီစဉ်ပေးခဲ့ကြတယ်။ (တ. ၄:၃၄၊ ၃၅) “ငါတို့မူကား ဆုတောင်းခြင်းနှင့် ဘုရားသခင့် တရားစကားတော် သွန်သင်ခြင်း၌ အာရုံနှစ်မြှုပ်ထားကြမည်” ဆိုပြီး ဘုရားလူမျိုးရဲ့ ဝတ်ပြုရေးကို ဂရုစိုက်ပေးခဲ့ကြတယ်။ (တ. ၆:၄) နယ်မြေသစ်တွေမှာ ဟောပြောဖို့ အတွေ့အကြုံရှိတဲ့ ခရစ်ယာန်တွေကို တာဝန်ပေးခဲ့တယ်။ (တ. ၈:၁၄၊ ၁၅) ဒီလိုနဲ့ တခြားဘိသိက်ခံ အကြီးအကဲတွေလည်း တမန်တော်တွေနဲ့ ပူးပေါင်းပါဝင်လာပြီး အသင်းတော်များရဲ့ အရေးကိစ္စတွေကို စီမံကွပ်ကဲပေးခဲ့ကြတယ်။ အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ အသင်းတော်အားလုံးကို ညွှန်ကြားပေးခဲ့တယ်။—တ. ၁၅:၂။

၅၊ ၆။ (က) သန့်ရှင်းသော စွမ်းအားတော်က အုပ်ချုပ်ရေးအဖွဲ့ကို ဘယ်လို ခွန်အားပေးခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။) (ခ) ကောင်းကင်တမန်တွေက အုပ်ချုပ်ရေးအဖွဲ့ကို ဘယ်လို ကူညီပေးခဲ့သလဲ။ (ဂ) ဘုရားစကားတော်က အုပ်ချုပ်ရေးအဖွဲ့ကို ဘယ်လို လမ်းပြခဲ့သလဲ။

၅ ခေါင်းဆောင် ယေရှုကတစ်ဆင့် အုပ်ချုပ်ရေးအဖွဲ့ကို ယေဟောဝါ ညွှန်ကြားနေမှန်း ပထမရာစု ခရစ်ယာန်တွေ အသိအမှတ်ပြုခဲ့ကြတယ်။ ဒါကို ဘယ်လို အသေအချာ သိခဲ့ကြသလဲ။ ပထမ၊ သန့်ရှင်းသော စွမ်းအားတော်က အုပ်ချုပ်ရေးအဖွဲ့ကို ခွန်အားပေးတယ်။ (ယော. ၁၆:၁၃) ဘိသိက်ခံ ခရစ်ယာန်အားလုံးအပေါ် စွမ်းအားတော် သွန်းလောင်းခဲ့တယ်။ အထူးသဖြင့်တော့ ကြီးကြပ်မှူးတာဝန်ကို ထမ်းဆောင်နိုင်ဖို့ တမန်တော်တွေ၊ ဂျေရုဆလင်က တခြားအကြီးအကဲတွေအပေါ် သွန်းလောင်းခဲ့တယ်။ ဥပမာ၊ အေဒီ ၄၉ မှာ အရေဖျားဖြတ်ခြင်းကိစ္စနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ချဖို့ အုပ်ချုပ်ရေးအဖွဲ့ကို သန့်ရှင်းသော စွမ်းအားတော် လမ်းညွှန်ခဲ့တယ်။ သူတို့ရဲ့ ညွှန်ကြားချက်ကို အသင်းတော်တွေ လိုက်နာခဲ့ကြတာမို့ “ယုံကြည်ခြင်း၌ ခိုင်ခံ့မြဲမြံလာလျက် ယုံကြည်သူအရေအတွက် တစ်နေ့ထက်တစ်နေ့ တိုးများလာ” တယ်။ (တ. ၁၆:၄၊ ၅) ချစ်ခြင်း၊ ယုံကြည်ခြင်းစတဲ့ ဘုရားစွမ်းအားတော်ကြောင့် ဖြစ်ပေါ်တဲ့ အရည်အသွေးတွေကို အုပ်ချုပ်ရေးအဖွဲ့က တင်ပြကြောင်း ဆုံးဖြတ်ချက်ပါတဲ့စာမှာ တွေ့ရတယ်။—တ. ၁၅:၁၁၊ ၂၅-၂၉။ ဂလ. ၅:၂၂၊ ၂၃။

၆ ဒုတိယ၊ ကောင်းကင်တမန်တွေက အုပ်ချုပ်ရေးအဖွဲ့ကို ကူညီထောက်မပေးတယ်။ အရေးဖျားမဖြတ်တဲ့ တစ်ပါးအမျိုးသား ခရစ်ယာန်အဖြစ် ကော်နေလိ နှစ်ခြင်းမခံခင်မှာ တမန်တော် ပေတရုကို ရှာဖို့ ကောင်းကင်တမန် ညွှန်ကြားခဲ့တယ်။ ကော်နေလိနဲ့ ဆွေမျိုးတွေကို ပေတရု ဟောပြောပြီးနောက်မှာ အရေးဖျားမဖြတ်တဲ့ အမျိုးသားတွေအပါအဝင် သူတို့အပေါ် သန့်ရှင်းသော စွမ်းအားတော် သက်ရောက်ခဲ့တယ်။ ဒါက တမန်တော်တွေနဲ့ တခြားညီအစ်ကိုတွေ ဘုရားအလိုတော်ကို လက်အောက်ခံဖို့၊ ခရစ်ယာန် အသင်းတော်မှာ အရေးဖျားမဖြတ်ထားတဲ့ တစ်ပါးအမျိုးသားတွေကို လက်ခံဖို့ လှုံ့ဆော်ပေးခဲ့တယ်။ (တ. ၁၁:၁၃-၁၈) ဒီ့အပြင် အုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်နေတဲ့ ဟောပြောခြင်းလုပ်ငန်းကို ကောင်းကင်တမန်တွေ အားတက်သရော ထောက်မကူညီပေးခဲ့ကြတယ်။ (တ. ၅:၁၉၊ ၂၀) တတိယ၊ ဘုရားစကားတော်က အုပ်ချုပ်ရေးအဖွဲ့ကို လမ်းပြပေးတယ်။ အယူဝါဒကိစ္စတွေ ဖြေရှင်းတဲ့အခါ၊ အဖွဲ့အစည်းဆိုင်ရာ ညွှန်ကြားချက်တွေ ပေးတဲ့အခါ ဒီဘိသိက်ခံ အကြီးအကဲတွေဟာ ကျမ်းစာလမ်းညွှန်မှုကို ရှာဖွေကြရတယ်။—တ. ၁:၂၀-၂၂။ ၁၅:၁၅-၂၀။

၇။ အစောပိုင်း ခရစ်ယာန်တွေကို ယေရှု ဦးဆောင်ခဲ့တယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။

၇ အစောပိုင်း အသင်းတော်မှာ အုပ်ချုပ်ရေးအဖွဲ့ဟာ အခွင့်အာဏာ ရှိပေမဲ့ ခေါင်းဆောင်ကတော့ ယေရှုပဲဆိုတာ အသိအမှတ်ပြုကြတယ်။ “[ယေရှု] သည် လူအချို့ကို တမန်တော်များ . . . အဖြစ် ခန့်ထားတော်မူ၏။ . . . ဦးခေါင်းဖြစ်သော ခရစ်တော်တွင် အရာရာ၌ ချစ်ခြင်းမေတ္တာအားဖြင့် ကြီးပွားကြစို့” လို့ တမန်တော် ပေါလု ရေးခဲ့တယ်။ (ဧ. ၄:၁၁၊ ၁၅) ထင်ပေါ်တဲ့တမန်တော်တစ်ယောက်ရဲ့ နာမည်ကို ယူမယ့်အစား “တပည့်တော်တို့သည်လည်း ဘုရားသခင့် လမ်းညွှန်ချက်ကြောင့် ခရစ်ယာန်ဟု ခေါ်ဝေါ်ခြင်းကို . . . ခံ” ယူခဲ့ကြတယ်။ (တ. ၁၁:၂၆) ဦးဆောင်တဲ့ တမန်တော်တွေ၊ တခြားအမျိုးသားတွေ ပေးတဲ့ ကျမ်းစာအခြေခံ “ညွှန်ကြားချက်များ” ကို “ကိုင်စွဲ” ဖို့ အရေးကြီးကြောင်း ပေါလု အသိအမှတ်ပြုခဲ့တယ်။ “သို့ရာတွင် [အုပ်ချုပ်ရေးအဖွဲ့ဝင်တိုင်း အပါအဝင်] ယောက်ျားတိုင်း၏ ဦးခေါင်းကား ခရစ်တော် ဖြစ်ကြောင်း၊ . . . ခရစ်တော်၏ ဦးခေါင်းကား ဘုရားသခင် ဖြစ်တော်မူကြောင်းကို သင်တို့အား ငါသိစေလို၏” လို့ ပေါလု ထပ်ပြောခဲ့တယ်။ (၁ ကော. ၁၁:၂၊ ၃) ဦးခေါင်း ယေဟောဝါဘုရားရဲ့ လက်အောက်မှာ မျက်မြင်မရ၊ ဘုန်းတန်ခိုးပြည့်ဝတဲ့ ခရစ်တော်ယေရှုက အသင်းတော်ကို ဦးဆောင်နေခဲ့ပါတယ်။

“ဒါ လူ့အလုပ် မဟုတ်ဘူး”

၈၊ ၉။ ၁၉ ရာစုနှောင်းပိုင်းကစပြီး ညီအစ်ကိုရပ်စယ်လ်ဟာ ဘယ်အရေးကြီးတဲ့ကဏ္ဍမှာ ပါဝင်ခဲ့သလဲ။

၈ ၁၉ ရာစုနှောင်းပိုင်းမှာ စီတီရပ်စယ်လ်နဲ့ အပေါင်းပါတချို့ဟာ စစ်မှန်တဲ့ ခရစ်ယာန်ဝတ်ပြုရေးကို ပြန်တည်ထောင်ဖို့ ကြိုးစားခဲ့ကြတယ်။ ကျမ်းစာအမှန်တရားကို ဘာသာစကားအမျိုးမျိုးနဲ့ ဖြန့်ချိနိုင်ဖို့ ၁၈၈၄ ခုနှစ်မှာ ဇိအုန်ကင်းမျှော်စင် ဝေစာအသင်းကို တရားဝင် ဖွဲ့စည်းခဲ့ကြပြီး ညီအစ်ကို ရပ်စယ်လ်က ဥက္ကဋ္ဌ ဖြစ်လာတယ်။b သူဟာ ထူးခြားတဲ့ ကျမ်းစာကျောင်းသားတစ်ယောက် ဖြစ်ပြီး သုံးပါးတစ်ဆူ၊ ဝိညာဉ်မသေနိုင်စတဲ့ မှားယွင်းတဲ့ အယူဝါဒတွေကို သတ္တိရှိရှိ ဖော်ထုတ်ခဲ့တယ်။ မျက်မြင်မရနည်းနဲ့ ခရစ်တော် ပြန်ကြွလာမယ်၊ ၁၉၁၄ ခုနှစ်မှာ ‘လူမျိုးခြားတို့ရဲ့ အချိန်’ ကုန်ဆုံးမယ်ဆိုတာကို သိခဲ့တယ်။ (လု. ၂၁:၂၄) တခြားသူတွေကို ဒီအမှန်တရားတွေ ဝေမျှဖို့ ညီအစ်ကို ရပ်စယ်လ်ဟာ အချိန်၊ ခွန်အား၊ ငွေကြေးတွေကို မနှမြောဘဲ အသုံးပြုခဲ့တယ်။ အဲဒီအရေးပါတဲ့ အချိန်တုန်းက ညီအစ်ကို ရပ်စယ်လ်ကို ယေဟောဝါနဲ့ အသင်းတော်ရဲ့ ဦးခေါင်း ယေရှု အသုံးပြုခဲ့ကြောင်း ထင်ရှားတယ်။

၉ ညီအစ်ကို ရပ်စယ်လ်ဟာ လူတွေ ချီးမွမ်းတာခံရဖို့ မကြိုးစားခဲ့ဘူး။ ၁၈၉၆ ခုနှစ်မှာ “ကျွန်ုပ်တို့ကိုယ်တိုင်ကိုဖြစ်စေ၊ ကျွန်ုပ်တို့၏စာပေကိုဖြစ်စေ ဂါရဝပြုခြင်းကို ကျွန်ုပ်တို့ အလိုမရှိပါ။ သိက္ခာတော်ရဆရာ သို့မဟုတ် ရဗ္ဗိဟုလည်း အခေါ်မခံလိုပါ။ ကျွန်ုပ်တို့နာမည်ဖြင့်လည်း အခေါ်မခံလိုကြပါ” လို့ရေးခဲ့တယ်။ နောက်ပိုင်းမှာ “ဒါ လူ့အလုပ် မဟုတ်ဘူး” လို့ပြောခဲ့တယ်။

၁၀။ (က) “သစ္စာနှင့် သတိပညာရှိသောကျွန်” ကို ဘယ်အချိန်မှာ ယေရှု ခန့်အပ်ခဲ့သလဲ။ (ခ) အုပ်ချုပ်ရေးအဖွဲ့ဟာ ကင်းမျှော်စင်အသင်းနဲ့ မတူမှန်း ဘယ်လို တဖြည်းဖြည်း သိလာရသလဲ။

၁၀ ညီအစ်ကို ရပ်စယ်လ် သေဆုံးပြီး သုံးနှစ်အကြာ၊ ၁၉၁၉ ခုနှစ်မှာ “သစ္စာနှင့် သတိပညာရှိသောကျွန်” ကို ယေရှု ခန့်အပ်ခဲ့တယ်။ ဘာအတွက်လဲ။ အိမ်သူအိမ်သားတွေကို “အချိန်တန်အစာ” ဝေပေးဖို့ပါပဲ။ (မ. ၂၄:၄၅) အဲဒီအချိန်တုန်းက နယူးယောက်၊ ဘရွတ်ကလင် ဌာနချုပ်မှာ အမှုဆောင်နေတဲ့ ဘိသိက်ခံ ညီအစ်ကို အုပ်စုငယ်ဟာ ယေရှုနောက်လိုက်တွေအတွက် ကျမ်းစာအကြောင်းအရာတွေကို ပြင်ဆင်ဖြန့်ဝေပေးခဲ့တယ်။ “အုပ်ချုပ်ရေးအဖွဲ့” ဆိုတဲ့စကားလုံးကို ၁၉၄၀ ပြည့်လွန်နှစ်ထုတ် စာစောင်တွေမှာ စတွေ့လာရတယ်။ ဒီအဖွဲ့ဟာ ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်းနဲ့ ဆက်နွှယ်တယ်လို့ သဘောပေါက်ခဲ့ကြတယ်။ ဒါပေမဲ့ တရားရေးကိစ္စတွေကိုပဲ တာဝန်ယူတဲ့ ကင်းမျှော်စင်အသင်းနဲ့ အုပ်ချုပ်ရေးအဖွဲ့ မတူဘူးဆိုတာ ၁၉၇၁ ခုနှစ်မှာ သိလာတယ်။ အသင်းဒါရိုက်တာတွေဟာ အုပ်ချုပ်ရေးအဖွဲ့မှာ မပါဝင်ဘူး၊ ဘိသိက်ခံ ညီအစ်ကိုတွေပဲ ပါတယ်။ မကြာသေးခင်နှစ်တွေမှာ တရားဝင်အသင်းနဲ့ ဘုရားလူမျိုးရဲ့ တခြားကော်ပိုရေးရှင်း ဒါရိုက်တာတွေအဖြစ် “အခြားသိုး” ထဲက တာဝန်ရှိညီအစ်ကိုတွေ ထမ်းဆောင်ခဲ့ကြတယ်။ ဒါကြောင့် အုပ်ချုပ်ရေးအဖွဲ့ဟာ ကျမ်းစာသွန်သင်ချက်၊ ညွှန်ကြားချက် ပေးဖို့ ပိုအာရုံစိုက်လာနိုင်တယ်။ (ယော. ၁၀:၁၆။ တ. ၆:၄) ၂၀၁၃၊ ဇူလိုင် ၁၅ ရက်ထုတ် ကင်းမျှော်စင်မှာ “သစ္စာနှင့် သတိပညာရှိသောကျွန်” ဟာ အုပ်ချုပ်ရေးအဖွဲ့အဖြစ် ဖွဲ့စည်းထားတဲ့ ဘိသိက်ခံညီအစ်ကိုအုပ်စုငယ် ဖြစ်ကြောင်း ရှင်းပြခဲ့တယ်။

၁၉၅ ပြည့်လွန်နှစ်တွေတုန်းက အုပ်ချုပ်ရေးအဖွဲ့

အုပ်ချုပ်ရေးအဖွဲ့၊ ၁၉၅၀ ပြည့်လွန်နှစ်များ

၁၁။ အုပ်ချုပ်ရေးအဖွဲ့ ဘယ်လို တာဝန်ထမ်းဆောင်ကြသလဲ။

၁၁ အုပ်ချုပ်ရေးအဖွဲ့က အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို အဖွဲ့လိုက် ဆုံးဖြတ်ကြတယ်။ ဘယ်လိုဆုံးဖြတ်ကြသလဲ။ အဖွဲ့ဝင်တွေ အပတ်တိုင်း အစည်းအဝေး လုပ်ကြတယ်။ အဲဒါက ရင်းနှီးစည်းလုံးစေတယ်။ (သု. ၂၀:၁၈) အုပ်ချုပ်ရေးအဖွဲ့ဝင်တွေမှာ ပိုအရေးပါသူဆိုတာ မရှိလို့ အစည်းအဝေးတွေမှာ သဘာပတိတာဝန်ကို နှစ်စဉ် အလှည့်ကျယူကြတယ်။ (၁ ပေ. ၅:၁) အုပ်ချုပ်ရေးအဖွဲ့ရဲ့ ကော်မတီခြောက်ခုမှာလည်း သဘာပတိတာဝန်ကို အလှည့်ကျယူကြတယ်။ အဖွဲ့ဝင် ယောက်တိုင်း ကိုယ့်ကိုယ်ကိုယ် ခေါင်းဆောင်လို့ မရှုမြင်ဘူး။ သစ္စာရှိကျွန် ကျွေးမွေးတာကို စားသုံးပြီး ကြီးကြပ်မှုကို လက်အောက်ခံတဲ့ “အိမ်သူအိမ်သား” အဖြစ်ပဲ ရှုမြင်ကြတယ်။

၁၈၀၀ ပြည့်လွန်နှစ်တွေကနေ ဒီနေ့အထိ ကင်းမျှော်စင်များ

ခန့်အပ်ခံရချိန် ၁၉၁၉ ခုနှစ်ကစပြီး သစ္စာရှိကျွန်ဟာ ဘုရားလူမျိုးအတွက် ကျမ်းစာအကြောင်းအရာတွေ ပြင်ဆင်ပေး (အပိုဒ် ၁၀၊ ၁၁ ကိုကြည့်ပါ)

“သစ္စာနှင့် သတိပညာရှိသောကျွန်ကား ဧကန်စင်စစ် မည်သူနည်း”

၁၂။ အုပ်ချုပ်ရေးအဖွဲ့ဟာ စွမ်းအားတော် မှုတ်သွင်းမခံရသလို မမှားနိုင်သူတွေလည်း မဟုတ်လို့ ဘယ်မေးခွန်းတွေ ပေါ်လာသလဲ။

၁၂ အုပ်ချုပ်ရေးအဖွဲ့ဟာ စွမ်းအားတော် မှုတ်သွင်းမခံရသလို မမှားနိုင်တဲ့သူတွေလည်း မဟုတ်ဘူး။ ဒါကြောင့် အယူဝါဒဆိုင်ရာကိစ္စတွေ၊ အဖွဲ့အစည်းဆိုင်ရာ ညွှန်ကြားချက်တွေမှာ မှားနိုင်တယ်။ ကင်းမျှော်စာပေအညွှန်း စာအုပ်၊ “ရှင်းလင်းလာသော ယုံကြည်ချက်များ” ခေါင်းစဉ်အောက်မှာ ၁၈၇၀ ပြည့်နှစ်ကစပြီး ပြုပြင်ပြောင်းလဲထားတဲ့ ကျမ်းဆိုင်ရာနားလည်မှုများစာရင်း ပါတယ်။ သစ္စာရှိကျွန်ဟာ ကျမ်းစာအကြောင်းအရာတွေကို အမှားအယွင်းမရှိ ထုတ်ဝေမယ်လို့ ယေရှု မပြောခဲ့ဘူး။ ဒါဆိုရင် “သစ္စာနှင့် သတိပညာရှိသောကျွန်ကား ဧကန်စင်စစ် မည်သူနည်း” ဆိုတဲ့ ယေရှုရဲ့ မေးခွန်းကို ဘယ်လို ဖြေမလဲ။ (မ. ၂၄:၄၅) အဲဒီတာဝန်ကို အုပ်ချုပ်ရေးအဖွဲ့ ထမ်းဆောင်နေကြောင်း ဘာအထောက်အထားရှိသလဲ။ ပထမရာစုတုန်းက အုပ်ချုပ်ရေးအဖွဲ့ကို ကူညီပေးခဲ့တဲ့ ထပ်တူအရာသုံးခုအကြောင်း ဆွေးနွေးသုံးသပ်ကြစို့။

၁၃။ သန့်ရှင်းသော စွမ်းအားတော်က အုပ်ချုပ်ရေးအဖွဲ့ကို ဘယ်လို ကူညီပေးခဲ့သလဲ။

၁၃ သန့်ရှင်းသော စွမ်းအားတော် အထောက်အထား။ အရင်က နားမလည်ခဲ့တဲ့ ကျမ်းစာအကြောင်းအရာတွေကို နားလည်ဖို့ သန့်ရှင်းသော စွမ်းအားတော်က အုပ်ချုပ်ရေးအဖွဲ့ကို ကူညီပေးခဲ့တယ်။ ဥပမာ၊ ပြီးခဲ့တဲ့စာပိုဒ်မှာ ဖော်ပြထားတဲ့ ရှင်းလင်းလာသော ယုံကြည်ချက်များစာရင်းကို သုံးသပ်ကြည့်ပါ။ ဒီ “ဘုရားသခင်၏ နက်နဲရာတို့ကို” ဖော်ထုတ်ရှင်းပြတဲ့အတွက် ဘယ်လူသားမှ ချီးမွမ်းမခံထိုက်ပါဘူး။ (၁ ကောရိန္သု ၂:၁၀ ကိုဖတ်ပါ။) “ထိုအရာများကို ငါတို့သည် လူ့ဉာဏ်ပညာဖြင့် သွန်သင်သောစကားနှင့် မဟောဘဲ စွမ်းအားတော်၏သွန်သင်မှုဖြင့် ဟောပြော” ကြတယ်ဆိုတဲ့ တမန်တော်ပေါလုရဲ့ စကားအတိုင်းပဲ အုပ်ချုပ်ရေးအဖွဲ့လည်း ပြောတယ်။ (၁ ကော. ၂:၁၃) အယူဖောက်ပြန်တဲ့၊ အမှန်တရား ဖုံးလွှမ်းခံရတဲ့ ရာစုနှစ်များစွာ ကုန်လွန်ပြီးနောက် ၁၉၁၉ ခုနှစ်ကနေစပြီး ကျမ်းစာဆိုင်ရာ အမှန်တရား အလျင်အမြန် တိုးတက်နားလည်လာတာဟာ စွမ်းအားတော် ရှင်းပြမှုကြောင့်ပါပဲ။

၁၄။ ဗျာဒိတ် ၁၄:၆၊ ၇ အရ ဒီနေ့ ဘုရားလူတွေကို ကောင်းကင်တမန်တွေ ဘယ်လို ကူညီပေးနေကြသလဲ။

၁၄ ကောင်းကင်တမန်တွေ ကူညီပေးမှု အထောက်အထား။ သတင်းကောင်း ဟောပြောသူ ရှစ်သန်းကျော် ပါဝင်တဲ့ နိုင်ငံတကာ ဟောပြောခြင်းလုပ်ငန်းကို အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ တာဝန်ယူကြီးကြပ်ပေးနေတယ်။ ဒီလုပ်ငန်း ဘာကြောင့် အလွန်အောင်မြင်နေတာလဲ။ တစ်ချက်အနေနဲ့ ကောင်းကင်တမန်တွေ ပါဝင်ကူညီနေလို့ပါပဲ။ (ဗျာဒိတ် ၁၄:၆၊ ၇ ကိုဖတ်ပါ။) အခြေအနေအတော်များများမှာ ကူညီပေးဖို့ ဆုတောင်းနေချိန်မှာပဲ ကြေညာသူတွေ ရောက်သွားကြတယ်။c နိုင်ငံတချို့မှာ ပြင်းထန်တဲ့ ဆန့်ကျင်မှုတွေကြား ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်းလုပ်ငန်း တိုးတက်နေတာဟာ ကောင်းကင်တမန်တွေရဲ့ ကူညီမှုကြောင့်ပါပဲ။

၁၅။ အုပ်ချုပ်ရေးအဖွဲ့နဲ့ အမည်ခံခရစ်ယာန်ခေါင်းဆောင်တွေ ဘယ်လို ကွာခြားသလဲ။ ရှင်းပြပါ။

၁၅ ဘုရားစကားတော်ကို မှီခိုအားထားမှု။ (ယောဟန် ၁၇:၁၇ ကိုဖတ်ပါ။) ၁၉၇၃ ခုနှစ်မှာ ဖြစ်ပျက်ခဲ့တာကို သုံးသပ်ကြည့်ပါ။ ဇွန် ၁ ရက်ထုတ် ကင်းမျှော်စင်မှာ “ဆေးလိပ် မဖြတ်သူများသည် နှစ်ခြင်းခံရန် အရည်အချင်း ပြည့်မီသလော” လို့ မေးခွန်းထုတ်ထားတယ်။ အဖြေကတော့ “ကျမ်းစာအထောက်အထားအရ နှစ်ခြင်းမခံသင့်ကြောင်း ထင်ရှားသည်။” အဲဒီကင်းမျှော်စင်ထဲမှာ သက်ဆိုင်တဲ့ ကျမ်းချက်အတော်များများကို ကိုးကားပြီးနောက် နောင်တမယူတဲ့ ဆေးလိပ်သောက်သူကို နှင်ထုတ်သင့်တဲ့အကြောင်းရင်း ရှင်းပြထားတယ်။ (၁ ကော. ၅:၇။ ၂ ကော. ၇:၁) “ယင်းသည် တစ်ဖက်သတ်၊ အာဏာရှင်ဆန်ဆန် လုပ်ဆောင်ခြင်း မဟုတ်ပါ။ ဤတင်းကျပ်မှုသည် ကျမ်းစာမှတစ်ဆင့် မိမိအကြောင်း ဖော်ပြသော ဘုရားသခင်ထံမှဖြစ်သည်” လို့လည်း ဖော်ပြထားတယ်။ အသင်းသားတချို့အတွက် လိုက်နာဖို့ ခက်ခဲပေမဲ့ ဘုရားစကားတော်ကို အပြည့်အဝ အားထားချင်တဲ့ တခြားဘာသာရေးအဖွဲ့အစည်း မရှိဘူး။ အမေရိကန်ပြည်ထောင်စုရှိ ဘာသာတရားဆိုင်ရာ စာအုပ်မှာ ဒီလိုဖော်ပြထားတယ်– “ခရစ်ယာန်ခေါင်းဆောင်တွေဟာ အသင်းသားတွေနဲ့ အသင်းအဖွဲ့ကြီးတွေ ထောက်ခံနေတဲ့ ယုံကြည်ချက်တွေ၊ အယူအဆတွေနဲ့ ကိုက်ညီအောင် မိမိတို့ရဲ့ သွန်သင်ချက်တွေကို အမြဲ ပြုပြင်ပြောင်းလဲလေ့ရှိတယ်။” အုပ်ချုပ်ရေးအဖွဲ့ကတော့ လူအများရဲ့ အကြိုက် လိုက်ပြီး မဆုံးဖြတ်ဘူး။ ဒီနေ့ ဘုရားလူမျိုးကို ဦးဆောင်နေတဲ့ ဘုရားသခင်ရဲ့ စကားတော် လမ်းညွှန်မှုကို ခံယူတယ်။

‘ဦးဆောင်နေသောသူတွေကို သတိရကြ’

၁၆။ အုပ်ချုပ်ရေးအဖွဲ့ကို သတိရနိုင်တဲ့ နည်းတစ်နည်းက ဘာလဲ။

၁၆ ဟေဗြဲ ၁၃:၇ ကိုဖတ်ပါ။ ‘ဦးဆောင်နေသောသူတွေကို သတိရ’ နိုင်တဲ့ နည်းတစ်နည်းကတော့ အုပ်ချုပ်ရေးအဖွဲ့အတွက် ဆုတောင်းပေးခြင်းပါပဲ။ (ဧ. ၆:၁၈) ကျမ်းစာအကြောင်းအရာတွေ ထုတ်ဝေရမယ့်၊ ကမ္ဘာချီ ဟောပြောခြင်းလုပ်ငန်းကို ကြီးကြပ်ရမယ့်၊ အလှူငွေတွေကို စီမံခွန့်ခွဲရမယ့် သူတို့ရဲ့ တာဝန်ကြီးကို စဉ်းစားကြည့်ပါ။ သူတို့အတွက် အမြဲ ဆုတောင်းပေးဖို့ လိုအပ်တာ သေချာပါတယ်။

၁၇၊ ၁၈။ (က) အုပ်ချုပ်ရေးအဖွဲ့နဲ့ ဘယ်လို ပူးပေါင်းလုပ်ဆောင်ကြသလဲ။ (ခ) ကျွန်တော်တို့ရဲ့ ဟောပြောခြင်းက သစ္စာရှိကျွန်နဲ့ ယေရှုကို ဘယ်လို ကူညီရာရောက်သလဲ။

၁၇ အုပ်ချုပ်ရေးအဖွဲ့ကို သတိရတယ်လို့ ပြောရုံလောက်သာ မဟုတ်ဘဲ သူတို့ရဲ့ ညွှန်ကြားချက်အတိုင်း ပူးပေါင်းဆောင်ရွက်ရမယ်။ စာစောင်တွေ၊ ပတ်စဉ် အစည်းအဝေးတွေ၊ တိုက်နယ်စည်းဝေးပွဲတွေ၊ ခရိုင်အစည်းအဝေးတွေကတစ်ဆင့် အုပ်ချုပ်ရေးအဖွဲ့ ညွှန်ကြားနေတယ်။ ဒီ့အပြင် တိုက်နယ်ကြီးကြပ်မှူးတွေကို ခန့်အပ်တယ်။ တိုက်နယ်ကြီးကြပ်မှူးတွေက အသင်းတော် အကြီးအကဲတွေကို ခန့်အပ်တယ်။ တိုက်နယ်ကြီးကြပ်မှူးတွေနဲ့ အကြီးအကဲတွေဟာ ရရှိတဲ့ လမ်းညွှန်ချက်တွေကို အနီးကပ် လိုက်လျှောက်ခြင်းအားဖြင့် အုပ်ချုပ်ရေးအဖွဲ့ကို သတိရကြတယ်။ ကျွန်တော်တို့ကို ညွှန်ကြားပေးဖို့ အသုံးပြုနေတဲ့ အမျိုးသားတွေကို နာခံခြင်း၊ လက်အောက်ခံခြင်းအားဖြင့် ခေါင်းဆောင် ယေရှုကို လေးစားကြောင်း ပြကြတယ်။—ဟေဗြဲ ၁၃:၁၇။

၁၈ အုပ်ချုပ်ရေးအဖွဲ့ကို သတိရနိုင်တဲ့ နောက်တစ်နည်းကတော့ ဟောပြောခြင်းလုပ်ငန်းမှာ အင်တိုက်အားတိုက် ပါဝင်ခြင်းပါပဲ။ ဦးဆောင်နေသူတွေရဲ့ ယုံကြည်ခြင်းကို တုပဖို့ ခရစ်ယာန်တွေကို ပေါလု တိုက်တွန်းခဲ့တယ်။ သစ္စာရှိကျွန်ဟာ နိုင်ငံတော် သတင်းကောင်း တိုးချဲ့ပျံ့နှံ့ရေးမှာ ထက်ထက်သန်သန် ပါဝင်ခြင်းအားဖြင့် ထူးခြားတဲ့ယုံကြည်ခြင်း တင်ပြခဲ့တယ်။ ဒီအရေးပါတဲ့ လုပ်ငန်းမှာ ဘိသိက်ခံတွေကို သင်ကူညီနေပါသလား။ “ငါ၏ညီတို့တွင် အငယ်ဆုံးသောသူတစ်ဦးကို သင်တို့ပြုကြသမျှသည် ငါ့အားပြုရာရောက်၏” လို့ ခေါင်းဆောင် ယေရှု ပြောတာကို ကြားတဲ့အခါ သင်ဝမ်းမြောက်ဝမ်းသာ ဖြစ်ပါလိမ့်မယ်။—မ. ၂၅:၃၄-၄၀။

၁၉။ ခေါင်းဆောင် ယေရှုနောက် လိုက်ဖို့ ဘာကြောင့် သင်စိတ်ပိုင်းဖြတ်ထားသလဲ။

၁၉ ယေရှု ကောင်းကင်ကို ပြန်တက်သွားပြီးနောက်မှာ မိမိနောက်လိုက်တွေကို ပစ်မထားဘူး။ (မ. ၂၈:၂၀) ယေရှု ကမ္ဘာပေါ် ရှိနေတုန်း သန့်ရှင်းသော စွမ်းအားတော်၊ ကောင်းကင်တမန်တွေ၊ ဘုရားစကားတော်က ဘယ်လို ကူညီပေးတယ်ဆိုတာ ကိုယ်တိုင် ခံစားခဲ့ရတယ်။ ဒါကြောင့် ဒီနေ့ သစ္စာရှိကျွန်ကိုလည်း အဲဒီနည်းတွေနဲ့ ကူညီပေးနေတယ်။ ဘိသိက်ခံ ခရစ်ယာန်တွေဖြစ်တဲ့ သစ္စာရှိကျွန်ဟာ “သိုးသငယ် သွားလေရာရာနောက်သို့ အစဉ်တစိုက် လိုက်” နေပါတယ်။ (ဗျာ. ၁၄:၄) ဒါကြောင့် သူတို့ရဲ့ ညွှန်ကြားမှုနောက် လိုက်တာက ခေါင်းဆောင် ယေရှုနောက် လိုက်တာပါပဲ။ မကြာခင်မှာ ကျွန်တော်တို့ကို ထာဝရအသက်ရဖို့ ဦးဆောင်ခေါ်သွားပါမယ်။ (ဗျာ. ၇:၁၄-၁၇) ဘယ်လူသားခေါင်းဆောင်ကမှ အဲဒီကတိမျိုး မပေးနိုင်ဘူး။

a ဂျေရုဆလင်မြို့သစ်ရဲ့ “အုတ်မြစ်ကျောက် တစ်ဆယ့်နှစ်ချပ်” အဖြစ် တမန်တော် ၁၂ ပါးကို ယေဟောဝါ ရည်ရွယ်ထားကြောင်း ထင်ရှားတယ်။ (ဗျာ. ၂၁:၁၄) ဒါကြောင့် နောက်ပိုင်းမှာ သေဆုံးသွားတဲ့ သစ္စာရှိတမန်တော်တိုင်းရဲ့ နေရာကို အစားထိုးဖို့ မလိုအပ်ဘူး။

b ၁၉၅၅ ခုနှစ်ကစပြီး အဲဒီကော်ပိုရေးရှင်းကို ပင်စီဗေးနီးယား ကင်းမျှော်စင် သမ္မာကျမ်းစာနဲ့ ဝေစာအသင်းလို့ သိထားကြတယ်။

c ဘုရားသခင်၏ နိုင်ငံတော်အကြောင်း ‘စေ့စေ့စပ်စပ် သက်သေခံလော့’ စာအုပ်၊ စာမျက်နှာ ၅၈-၅၉ ကိုကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ