ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၇ ဧပြီ စာ. ၂၃-၂၇
  • သင့်မှာ ယေဟောဝါရဲ့ တရားမျှတမှုအမြင်မျိုး ရှိသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင့်မှာ ယေဟောဝါရဲ့ တရားမျှတမှုအမြင်မျိုး ရှိသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တရားမျှတမှု မရှိခြင်း
  • ဘုရားသခင့် ဖြောင့်မတ်တဲ့ စီရင်ချက်
  • ကာကွယ်ပေးတဲ့ နှိမ့်ချမှု
  • ဟန်ဆောင်မှု
  • ခွင့်လွှတ်ကြပါ
  • မတရားမှုကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့သူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • မိဖုရားဆိုးကို အပြစ်ပေး
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • တရားမမျှတမှုကို သင်ဖြေရှင်းနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • မိဖုရားဆိုး ယေဇဗေလအကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
က၁၇ ဧပြီ စာ. ၂၃-၂၇
တမန်တော် ပေတရုဟာ အန္တိအုတ်မြို့က ဂျူးခရစ်ယာန်တွေနဲ့အတူ စားပေမဲ့ လူမျိုးခြားခရစ်ယာန်တွေနဲ့အတူ မစား

သင့်မှာ ယေဟောဝါရဲ့ တရားမျှတမှုအမြင်မျိုး ရှိသလား

‘သစ္စာရှိတဲ့ဘုရား၊ မတရားမှုကင်းတဲ့ဘုရား ယေဟောဝါရဲ့ နာမည်ကို ငါကြေညာမယ်။’ —တရား. ၃၂:၃၊ ၄၊ ကဘ။

သီချင်း– ၁၁၀၊ ၂

သင် ဘယ်လို ဖြေမလဲ

  • မတရားမှု ကြုံရချိန်မှာ တရားဟောရာ ၃၂:၄ (ကဘ) ကို အမှတ်ရခြင်းက ဘယ်လို ကူညီပေးမလဲ။

  • မတရားမှု ကြုံရချိန်မှာ ၁ ပေတရု ၅:၅ ကို အမှတ်ရခြင်းက ဘယ်လို ကူညီပေးမလဲ။

  • မတရားမှု ကြုံရချိန်မှာ မဿဲ ၆:၁၄ ကို အမှတ်ရခြင်းက ဘယ်လို ကူညီပေးမလဲ။

၁၊ ၂။ (က) နာဗုတ်နဲ့ သားတွေ ဘယ်မတရားမှု ကြုံခဲ့ရသလဲ။ (ခ) ဘယ်အရည်အသွေးနှစ်ခုအကြောင်း ဒီဆောင်းပါးမှာ သုံးသပ်ကြမလဲ။

မြင်ယောင်ကြည့်ပါ။ လူတစ်ယောက် သေဒဏ်ခံထိုက်တဲ့ပြစ်မှု ကျူးလွန်တယ်လို့ မတရား စွပ်စွဲခံရတယ်။ အသုံးမကျတဲ့သူတွေက မုသားသက်သေထွက်ဆိုကြလို့ မိသားစုနဲ့ မိတ်ဆွေတွေအတွက် ထိတ်လန့်စိတ်ပျက်စရာပါပဲ။ အပြစ်မဲ့သူနဲ့ သားတွေ အသတ်ခံရတာကို ကြည့်ပြီး တရားမျှတမှု မြတ်နိုးသူတွေ စိတ်ထိခိုက်ကြရတယ်။ ဒါဟာ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ် မဟုတ်ပါဘူး။ အစ္စရေးဘုရင် အာဟပ် နန်းစံချိန်အတွင်း အသက်ရှင်ခဲ့တဲ့ ယေဟောဝါရဲ့ သစ္စာရှိကျေးကျွန် နာဗုတ်ရဲ့ အဖြစ်ပါ။—၃ ရာ. ၂၁:၁၁-၁၃။ ၄ ရာ. ၉:၂၆။

၂ ဒီဆောင်းပါးမှာ နာဗုတ်အကြောင်းသာမက ပထမရာစု ခရစ်ယာန် အသင်းတော်က ယူဆချက် မှားသွားတဲ့ သစ္စာရှိအကြီးအကဲအကြောင်းပါ သုံးသပ်ကြမယ်။ ယေဟောဝါရဲ့ တရားမျှတမှု အမြင်မျိုးရှိဖို့ နှိမ့်ချမှု လိုအပ်ကြောင်း လေ့လာကြပါမယ်။ အသင်းတော်မှာ မတရားမှုတွေ မြင်ရတဲ့အခါ လိုလိုလားလား ခွင့်လွှတ်ခြင်းအားဖြင့် ယေဟောဝါရဲ့ တရားမျှတမှုအမြင်ကို ဘယ်လို ပြသနိုင်ကြောင်းလည်း ဆွေးနွေးကြပါမယ်။

တရားမျှတမှု မရှိခြင်း

၃၊ ၄။ နာဗုတ်ဟာ ဘယ်လိုလူစားမျိုးလဲ။ ဘုရင်အာဟပ်ကို စပျစ်ခြံ ရောင်းဖို့ ဘာကြောင့် ငြင်းဆိုခဲ့သလဲ။

၃ အစ္စရေး အများစု ဘုရင်အာဟပ်နဲ့ မိဖုရားဆိုး ယေဇဗေလရဲ့ နမူနာဆိုးနောက် လိုက်နေစဉ်မှာ နာဗုတ်ကတော့ ယေဟောဝါအပေါ် သစ္စာရှိခဲ့တယ်။ အဲဒီဗာလဝတ်ပြုသူတွေဟာ ယေဟောဝါကို မလေးစားကြဘူး။ ကိုယ်တော့်စံနှုန်းတွေကို မလေးမြတ်ကြဘူး။ နာဗုတ်ကတော့ ယေဟောဝါနဲ့ ဆက်ဆံရေးကို အသက်ထက်မက တန်ဖိုးထားတယ်။

၄ ၃ ဓမ္မရာဇဝင် ၂၁:၁-၃ ကိုဖတ်ပါ။ နာဗုတ်ရဲ့ စပျစ်ခြံကို ဝယ်ဖို့၊ ပိုကောင်းတဲ့စပျစ်ခြံနဲ့ လဲဖို့ အာဟပ် ကမ်းလှမ်းတာကို နာဗုတ် ငြင်းဆိုခဲ့တယ်။ ဘာကြောင့်လဲ။ “ဘိုးဘေးလက်မှ အမွေခံသောမြေကို ကိုယ်တော်အား ပေးရသောအမှုကို ထာဝရဘုရား ဆီးတားတော်မူပါစေ” လို့ တလေးတစား ရှင်းပြခဲ့တယ်။ နာဗုတ်ရဲ့ ငြင်းဆိုမှုဟာ ကိုယ့်မျိုးနွယ်ရဲ့ အမွေမြေကို အပြီးအပိုင် မရောင်းရဆိုတဲ့ အစ္စရေးတွေကို ပေးခဲ့တဲ့ ယေဟောဝါရဲ့ ပညတ်အပေါ် အခြေခံတယ်။ (ဝတ်. ၂၅:၂၃။ တော. ၃၆:၇) နာဗုတ်မှာ ယေဟောဝါရဲ့ အမြင်မျိုးရှိတာ သေချာပါတယ်။

၅။ နာဗုတ်သေဆုံးမှုမှာ ယေဇဗေလ ဘယ်လို ပါဝင်ပတ်သက်သလဲ။

၅ နာဗုတ်ရဲ့ ငြင်းဆိုမှုကြောင့် ဘုရင်အာဟပ်နဲ့ မိဖုရား ယေဇဗေလတို့ ဆိုးဆိုးရွားရွား တုံ့ပြန်ခဲ့ကြတယ်။ အာဟပ်အတွက် စပျစ်ခြံ ရယူပေးဖို့ ယေဇဗေလ လုပ်ကြံစွပ်စွဲခဲ့တဲ့အတွက် နာဗုတ်နဲ့ သားတွေ ကွပ်မျက်ခံခဲ့ရတယ်။ ဆိုးရွားလှတဲ့ ဒီမတရားမှုကို ယေဟောဝါ ဘယ်လို ကိုင်တွယ်မလဲ။

ဘုရားသခင့် ဖြောင့်မတ်တဲ့ စီရင်ချက်

၆၊ ၇။ တရားမျှတမှုကို မြတ်နိုးကြောင်း ယေဟောဝါ ဘယ်လို ဖော်ပြခဲ့သလဲ။ ဒါက နာဗုတ်ရဲ့ ဆွေမျိုးမိတ်ဆွေတွေကို ဘာကြောင့် နှစ်သိမ့်မှု ဖြစ်စေသလဲ။

၆ အာဟပ်နဲ့ တွေ့ဖို့ ဧလိယကို ယေဟောဝါ ချက်ချင်း စေလွှတ်ခဲ့တယ်။ လူသတ်သမား၊ သူခိုးအဖြစ် အာဟပ်ကို ဧလိယ တော်မှန်စွာ စီရင်ခဲ့တယ်။ ယေဟောဝါ ဘယ်လို ဆုံးဖြတ်ခဲ့သလဲ။ အာဟပ်၊ ယေဇဗေလနဲ့ သားတွေဟာ နာဗုတ်နဲ့ သားတွေရဲ့ အဖြစ်ဆိုးမျိုး ကြုံရမယ်လို့ ဆုံးဖြတ်ခဲ့တယ်။—၃ ရာ. ၂၁:၁၇-၂၅။

၇ အာဟပ်ရဲ့ လူသတ်မှုကြောင့် နာဗုတ်ရဲ့ မိသားစုနဲ့ မိတ်ဆွေတွေ ဝမ်းနည်းကြေကွဲရပေမဲ့ ဒီမတရားမှုကို ယေဟောဝါ သိကြောင်း၊ ချက်ချင်း ကိုင်တွယ်ခဲ့ကြောင်း သိရတဲ့အတွက် နှစ်သိမ့်မှု ရရှိခဲ့ကြမှာပဲ။ ဒါပေမဲ့ မမျှော်လင့်ထားတဲ့ အပြောင်းအလဲကြောင့် သူတို့ရဲ့ နှိမ့်ချမှုနဲ့ ယေဟောဝါအပေါ် ယုံကြည်ကိုးစားမှု စမ်းသပ်ခံခဲ့ရတယ်။

၈။ ယေဟောဝါရဲ့ တရားစီရင်ချက်သတင်းကို အာဟပ် ဘယ်လို တုံ့ပြန်ခဲ့သလဲ။ ဘာရလဒ် ရရှိခဲ့သလဲ။

၈ ယေဟောဝါရဲ့ ပြင်းထန်တဲ့ စီရင်ချက်ကို အာဟပ် ကြားတဲ့အခါ “မိမိအဝတ်ကို ဆုတ်၍ လျှော်တေအဝတ်ကို ဝတ်၏။ အစာရှောင်ခြင်း၊ လျှော်တေအဝတ်၌ အိပ်ခြင်းကို ပြု၍ ဖြည်းဖြည်းသွားလာ” ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချခဲ့တယ်။ ဘာရလဒ် ရခဲ့သလဲ။ ဧလိယကို ယေဟောဝါ ဒီလိုပြောတယ်– “ထိုသို့ ငါ့ရှေ့မှာ နှိမ့်ချသောကြောင့် သူ့လက်ထက်၌ ထိုဘေးဥပဒ်ကို ငါမရောက်စေ။ သူ့သားလက်ထက်၌ သူ့အမျိုးပေါ်သို့ ရောက်စေမည်။” (၃ ရာ. ၂၁:၂၇-၂၉။ ၄ ရာ. ၁၀:၁၀၊ ၁၁၊ ၁၇) ‘စိတ်နှလုံးကို စစ်ဆေး’ တဲ့ ယေဟောဝါက အာဟပ်ကို အတိုင်းအတာတစ်ခုအထိ ကရုဏာပြခဲ့တယ်။—သု. ၁၇:၃။

ကာကွယ်ပေးတဲ့ နှိမ့်ချမှု

၉။ နှိမ့်ချမှုက နာဗုတ် မိသားစုနဲ့ မိတ်ဆွေတွေကို ဘာကြောင့် ကာကွယ်ပေးနိုင်သလဲ။

၉ ဒီဆုံးဖြတ်ချက်က အာဟပ်ရဲ့ ဆိုးရွားလှတဲ့ ရာဇဝတ်မှုအကြောင်း သိထားသူတွေကို ဘယ်လို ထိခိုက်ခဲ့သလဲ။ နာဗုတ် မိသားစု၊ မိတ်ဆွေတွေရဲ့ ယုံကြည်ခြင်းကို စမ်းသပ်မှု ဖြစ်စေခဲ့မှာပဲ။ ဒါပေမဲ့ နှိမ့်ချမှုက သူတို့ကို ကာကွယ်ပေးပါလိမ့်မယ်။ ယေဟောဝါကို သစ္စာရှိရှိ ဆက်ဝတ်ပြုဖို့၊ ဘုရားသခင် မတရား မလုပ်ဘူးဆိုတာ ယုံကြည်စိတ်ချဖို့ ကူညီပေးလိမ့်မယ်။ (တရားဟောရာ ၃၂:၃၊ ၄ ကိုဖတ်ပါ။)a ဖြောင့်မတ်သူတွေကို ယေဟောဝါ ရှင်ပြန်ထမြောက်ပေးချိန်မှာ နာဗုတ်၊ သားတွေနဲ့ မိသားစုဝင်တွေ ပြည့်ဝစုံလင်တဲ့ တရားမျှတမှု ရရှိကြပါလိမ့်မယ်။ (ယောဘ ၁၄:၁၄၊ ၁၅။ ယော. ၅:၂၈၊ ၂၉) “ဘုရားသခင်သည် ခပ်သိမ်းသောဝှက်ထားခြင်းမှစ၍ အလုံးစုံသောအမှု၊ ကောင်းမကောင်း ရှိသမျှတို့ကို စစ်ကြော၍ တရားသဖြင့် စီရင်” မယ်ဆိုတာကို နှိမ့်ချတဲ့သူ အမှတ်ရတယ်။ (ဒေ. ၁၂:၁၄) မှန်ပါတယ်၊ ယေဟောဝါဟာ ကျွန်တော်တို့ မသိတဲ့ အချက်အလက်တွေကို ထည့်သွင်းသုံးသပ်ပြီး စီရင်ဆုံးဖြတ်တယ်။ ဒါကြောင့် နှိမ့်ချမှုက ယုံကြည်ခြင်း မပျောက်ဆုံးအောင် အပြစ်မဲ့သူတွေကို ကာကွယ်ပေးတယ်။

၁၀၊ ၁၁။ (က) ဘယ်အခြေအနေတွေက ကျွန်တော်တို့ရဲ့ တရားမျှတမှုအမြင်ကို စမ်းသပ်မှု ဖြစ်စေနိုင်သလဲ။ (ခ) နှိမ့်ချမှုက ဘယ်နည်းတွေနဲ့ ကာကွယ်ပေးမလဲ။

၁၀ သင်နားမလည်တဲ့၊ သဘောမတူတဲ့ ဆုံးဖြတ်ချက်တစ်ခုကို အကြီးအကဲတွေ ချတဲ့အခါ ဘယ်လို တုံ့ပြန်မလဲ။ ဥပမာ၊ သင် ဒါမှမဟုတ် သင်ချစ်ရသူတစ်ယောက် လုပ်ငန်းတော်အခွင့်ထူး ဆုံးရှုံးသွားတဲ့အခါ ဘာလုပ်မလဲ။ အိမ်ထောင်ဖက်၊ သား/သမီး၊ ရင်းနှီးတဲ့ မိတ်ဆွေ နှင်ထုတ်ခံရပြီး အဲဒီဆုံးဖြတ်ချက်ကို သဘောမတူတဲ့အခါ ဘာလုပ်မလဲ။ အပြစ်ကျုးလွန်သူကို တလွဲကရုဏာပြနေတယ်လို့ ထင်နေရင်ကော။ အဲဒီအခြေအနေတွေက ယေဟောဝါနဲ့ အဖွဲ့အစည်း အစီအစဉ်အပေါ် ယုံကြည်ခြင်း စမ်းသပ်မှု ဖြစ်စေနိုင်တယ်။ နှိမ့်ချမှုက ဘယ်လို ကာကွယ်ပေးမလဲ။ နည်းလမ်းနှစ်ခုကို သုံးသပ်ကြည့်ကြစို့။

အကြီးအကဲတွေရဲ့ ဆုံးဖြတ်ချက်ကို အသင်းတော်မှ ဖတ်ပြတဲ့အခါ ညီအစ်ကိုတစ်ယောက် အံ့ဩသွား

သင်သဘောမတူတဲ့ ဆုံးဖြတ်ချက်တစ်ခုကို အကြီးအကဲတွေ ကြေညာတဲ့အခါ ဘယ်လို တုံ့ပြန်မလဲ (အပိုဒ် ၁၀၊ ၁၁ ကိုကြည့်ပါ)

၁၁ ပထမ၊ အချက်အလက်အားလုံးကို မသိကြောင်း အသိအမှတ်ပြုဖို့ နှိမ့်ချမှုက ကူညီပေးပါလိမ့်မယ်။ အခြေအနေကို ဘယ်လောက်ပဲ သိထားပါစေ လူ့စိတ်နှလုံးကို ယေဟောဝါပဲ သိနိုင်တယ်။ (၁ ရာ. ၁၆:၇) အဲဒီမငြင်းနိုင်တဲ့ အမှန်တရားကို သိထားခြင်းက နှိမ့်ချနေဖို့၊ ကိုယ့်ကန့်သတ်ချက်တွေကို အသိအမှတ်ပြုဖို့၊ ကိစ္စရပ်အပေါ် အမြင်ပြောင်းလဲဖို့ လှုံ့ဆော်ပေးပါလိမ့်မယ်။ ဒုတိယ၊ မတရားမှုကို ယေဟောဝါ တည့်မတ်ပေးမယ့်အချိန်ကို စောင့်ဆိုင်းရင်း လက်အောက်ခံဖို့၊ စိတ်ရှည်ဖို့ နှိမ့်ချမှုက ကူညီပေးပါလိမ့်မယ်။ “ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့သည် . . . ကောင်းသောအကျိုးကို ခံရကြမည်။ အဓမ္မလူမူကား . . . ကောင်းသောအကျိုးကို မခံရ။ . . . အသက်သည်လည်း မရှည်ရ” ဆိုတဲ့ ပညာရှိစကား ရှိတယ်။ (ဒေ. ၈:၁၂၊ ၁၃) နှိမ့်ချမှုက ပါဝင်ပတ်သက်သူအားလုံးကို အကျိုးခံစားရစေပါတယ်။—၁ ပေတရု ၅:၅ ကိုဖတ်ပါ။

ဟန်ဆောင်မှု

၁၂။ ဘယ်မှတ်တမ်းကို သုံးသပ်ကြမလဲ၊ ဘာကြောင့်လဲ။

၁၂ ဆီးရီးယားပြည်၊ အန္တိအုတ်မြို့က ပထမရာစု ခရစ်ယာန်တွေဟာ နှိမ့်ချမှု၊ လိုလိုလားလား ခွင့်လွှတ်မှုကို စမ်းသပ်မှု ဖြစ်စေတဲ့ အခြေအနေတစ်ခု ကြုံခဲ့ရတယ်။ ဒီမှတ်တမ်းက ခွင့်လွှတ်မှုနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ သဘောထားကို ဆန်းစစ်ဖို့၊ ခွင့်လွှတ်မှုနဲ့ ယေဟောဝါရဲ့ တရားမျှတမှု ဆက်စပ်နေပုံကို နားလည်ဖို့ ဘယ်လို ကူညီပေးမလဲဆိုတာ သုံးသပ်ကြည့်ကြစို့။

၁၃၊ ၁၄။ ဘယ်အခွင့်ထူးတွေ တမန်တော် ပေတရု ရရှိခဲ့သလဲ။ ရဲစွမ်းသတ္တိ ဘယ်လို တင်ပြခဲ့သလဲ။

၁၃ တမန်တော် ပေတရုဟာ ခရစ်ယာန်အသင်းတော်မှာ ထင်ရှားတဲ့ အကြီးအကဲ ဖြစ်တယ်။ ယေရှုနဲ့ အနီးကပ် ပေါင်းသင်းခဲ့သူ၊ တာဝန်ကြီးတွေ အပ်နှင်းခံရသူပဲ။ (မ. ၁၆:၁၉) ဥပမာ၊ အေဒီ ၃၆ မှာ ကော်နေလိနဲ့ အိမ်သားတွေကို သတင်းကောင်း ဟောပြောခွင့် ရရှိခဲ့တယ်။ ကော်နေလိဟာ အရေဖျား မဖြတ်တဲ့ လူမျိုးခြားဖြစ်လို့ ထူးခြားတယ်။ ကော်နေလိနဲ့ အိမ်သားတွေ သန့်ရှင်းသော စွမ်းအားတော် ရတဲ့အခါ “ငါတို့ကဲ့သို့ သန့်ရှင်းသောစွမ်းအားတော်ရရှိသော ဤသူတို့သည် ရေဖြင့် နှစ်ခြင်းမခံရန် မည်သူ တားမြစ်နိုင်သနည်း” လို့ ပေတရု ပြောခဲ့တယ်။—တ. ၁၀:၄၇။

၁၄ ခရစ်ယာန်ဘာသာ ပြောင်းဝင်လာတဲ့ လူမျိုးခြားတွေ အရေဖျားလှီးဖို့ လိုမလို ဆွေးနွေးသုံးသပ်ဖို့ အေဒီ ၄၉ မှာ ဂျေရုဆလင်မြို့က တမန်တော်တွေ၊ အကြီးအကဲတွေ တွေ့ဆုံခဲ့ကြတယ်။ ဒီအစည်းအဝေးမှာ ပေတရု ရဲရဲရင့်ရင့် ပြောဆိုခဲ့တယ်။ အစောပိုင်းနှစ်တွေတုန်းက အရေဖျားမလှီးတဲ့ လူမျိုးခြားတွေ သန့်ရှင်းသော စွမ်းအားတော် ဆုကျေးဇူး ရရှိခဲ့တဲ့အကြောင်း ညီအစ်ကိုတွေကို ပေတရု သတိပေးခဲ့တယ်။ ပေတရုရဲ့ သက်သေထွက်ဆိုချက်က ဆုံးဖြတ်ချက်ချဖို့ ပထမရာစု အုပ်ချုပ်ရေးအဖွဲ့ကို အလွန်အထောက်အကူ ပြုခဲ့တယ်။ (တ. ၁၅:၆-၁၁၊ ၁၃၊ ၁၄၊ ၂၈၊ ၂၉) ပေတရု သတ္တိရှိရှိ ပြောဆိုခဲ့တာကို ဂျူးနဲ့ လူမျိုးခြား ခရစ်ယာန်တွေ ကျေးဇူးတင်ခဲ့မှာပဲ။ ဒီလောက်ရင့်ကျက်တဲ့အမျိုးသားကို အလွယ်တကူ ယုံကြည်စိတ်ချမိမှာပဲ။—ဟေဗြဲ ၁၃:၇။

၁၅။ ဆီးရီးယားပြည်၊ အန္တိအုတ်မြို့မှာ ပေတရု ဘာအမှား လုပ်ခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)

၁၅ အေဒီ ၄၉ အစည်းအဝေးပြီးနောက် မကြာခင်မှာ ဆီးရီးယားပြည်၊ အန္တိအုတ်မြို့ကို ပေတရု လည်ပတ်ခဲ့တယ်။ လူမျိုးခြား ညီအစ်ကိုတွေနဲ့ ဖက်လဲတကင်း ပေါင်းသင်းခဲ့တယ်။ ပေတရုရဲ့ အသိပညာ၊ အတွေ့အကြုံကနေ သူတို့ အကျိုးရရှိခဲ့ကြမှာ သေချာပါတယ်။ ဒါပေမဲ့ ပေတရု ရုတ်တရက် သူတို့နဲ့အတူ မစားတော့တဲ့အခါ အံ့ဩစိတ်ပျက်မိမှာပဲ။ တခြားဂျူးတွေနဲ့ ဗာနဗတောင်မှ အဲဒီလိုလုပ်ဖို့ ပေတရုရဲ့ ဩဇာလွှမ်းမိုးမှု ခံခဲ့ရတယ်။ အသင်းတော်ကို စိတ်ဝမ်းကွဲစေတဲ့အမှား လုပ်မိအောင် ဒီလောက်ရင့်ကျက်တဲ့ အကြီးအကဲကို ဘာက လှုံ့ဆော်ခဲ့တာလဲ။ အကြီးအကဲတစ်ယောက်ရဲ့ အပြော၊ အလုပ်ကြောင့် စိတ်ထိခိုက်ရတဲ့အခါ အကူအညီ ဖြစ်စေမယ့် ဘယ်အချက်ကို ပေတရုရဲ့ အမှားကနေ သင်ယူနိုင်သလဲ။

၁၆။ ပေတရု ဘယ်လို တည့်မတ်ခံခဲ့ရသလဲ။ ဘယ်မေးခွန်းတွေ ပေါ်လာသလဲ။

၁၆ ဂလာတိ ၂:၁၁-၁၄ ကိုဖတ်ပါ။ ပေတရုဟာ လူကို ကြောက်ရွံ့တဲ့ ထောင်ချောက်ထဲ ကျရောက်ခဲ့တယ်။ (သု. ၂၉:၂၅) ကိစ္စရပ်အပေါ် ယေဟောဝါရဲ့ အမြင်ကို ကိုယ်တွေ့ သိခဲ့ရပေမဲ့ ဂျေရုဆလင် အသင်းတော်မှာရှိတဲ့ အရေဖျားလှီးထားတဲ့ ဂျူးတွေရဲ့ အမြင်ကို ပေတရု ကြောက်ခဲ့တယ်။ အေဒီ ၄၉ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ တမန်တော် ပေါလုက အန္တိအုတ်မြို့မှာ ပေတရုနဲ့ တွေ့ပြီး သူ့ရဲ့ဟန်ဆောင်မှုကို ဖော်ထုတ်ခဲ့တယ်။ (တ. ၁၅:၁၂။ ဂလ. ၂:၁၃) ပေတရုရဲ့ အမှားကြောင့် စိတ်ထိခိုက်ခဲ့ရတဲ့ လူမျိုးခြား ခရစ်ယာန်တွေ ဒီမတရားမှုကို ဘယ်လို တုံ့ပြန်ကြမလဲ။ တိုက်မိလဲသွားကြမလား။ အမှားကြောင့် ပေတရု အခွင့်ထူးတွေ ဆုံးရှုံးသွားမလား။

ခွင့်လွှတ်ကြပါ

၁၇။ ယေဟောဝါရဲ့ ခွင့်လွှတ်မှုကနေ ပေတရု ဘယ်လို အကျိုးရရှိခဲ့သလဲ။

၁၇ ပေါလုရဲ့ တည့်မတ်မှုကို ပေတရု နှိမ့်ချစွာ လက်ခံခဲ့တယ်။ အခွင့်ထူးတွေ ဆုံးရှုံးသွားတယ်ဆိုတဲ့ ကျမ်းမှတ်တမ်း မရှိဘူး။ တကယ်တော့ ကျမ်းစာရဲ့ အစိတ်အပိုင်း ဖြစ်လာမယ့် စာနှစ်စောင်ကို နောက်ပိုင်းမှာ စွမ်းအားတော် လမ်းညွှန်မှုနဲ့ ရေးသားခဲ့တယ်။ ဒုတိယစာမှာ ပေါလုကို “ငါတို့ချစ်ရသော ညီအစ်ကို” လို့ ခေါ်ထားတာ မှတ်သားစရာပါပဲ။ (၂ ပေ. ၃:၁၅) ပေတရုရဲ့ ယူဆချက်အမှားကြောင့် အသင်းတော်မှာရှိတဲ့ လူမျိုးခြားတွေ စိတ်ထိခိုက်ခဲ့နိုင်ပေမဲ့ အသင်းတော်ရဲ့ ဦးခေါင်း ယေရှုက ပေတရုကို ဆက်အသုံးပြုခဲ့တယ်။ (ဧ. ၁:၂၂) ဒါကြောင့် အသင်းတော်သားတွေက ခွင့်လွှတ်ခြင်းအားဖြင့် ယေရှုနဲ့ ယေဟောဝါကို တုပဖို့ အခွင့်အရေး ရရှိခဲ့ကြတယ်။ မစုံလင်သူတစ်ယောက်ရဲ့ အမှားကြောင့် ဘယ်သူမှ တိုက်မိလဲခဲ့ပုံ မရဘူး။

၁၈။ ဘယ်အခြေအနေမျိုးတွေမှာ ယေဟောဝါရဲ့ တရားမျှတမှုအမြင်ကို ဖော်ပြဖို့ လိုအပ်နိုင်သလဲ။

၁၈ ကျွန်တော်တို့အားလုံး “ကြိမ်ဖန်များစွာ မှားတတ်ကြ” တဲ့အတွက် ပထမရာစုတုန်းကလိုပဲ ဒီနေ့ခေတ် အသင်းတော်မှာလည်း စုံလင်တဲ့အကြီးအကဲတစ်ယောက်မှ မရှိဘူး။ (ယာ. ၃:၂) အဲဒီအချက်ကို သိပေမဲ့ ညီအစ်ကိုတစ်ယောက်ရဲ့ မစုံလင်မှုကြောင့် ကိုယ်တိုင် ထိခိုက်တဲ့အခါ စိန်ခေါ်ချက် ဖြစ်နိုင်တယ်။ အဲဒီလို အခြေအနေမျိုးမှာ ယေဟောဝါရဲ့ တရားမျှတမှုအမြင်ကို တင်ပြမလား။ ဥပမာ၊ လူမျိုးအဆင့်အတန်း ခွဲခြားတဲ့ အရိပ်အယောင်ပါတဲ့ မှတ်ချက်မျိုး အကြီးအကဲတစ်ယောက် ပြောတဲ့အခါ ဘယ်လို တုံ့ပြန်မလဲ။ သင့်ကို စိတ်ထိခိုက်စေတဲ့ စကားမျိုး အကြီးအကဲတစ်ယောက် မဆင်မခြင် ပြောလိုက်တဲ့အခါ တိုက်မိလဲမလား။ အကြီးအကဲအဖြစ် အရည်အချင်း မပြည့်မီတော့ဘူးလို့ အလျင်စလို ကောက်ချက်ချမယ့်အစား အသင်းတော်ရဲ့ ဦးခေါင်း ယေရှုကို စိတ်ရှည်စွာ စောင့်ဆိုင်းမလား။ အမှားကို မဟုတ်ဘဲ ညီအစ်ကို နှစ်ပေါင်းများစွာ သစ္စာရှိရှိ အမှုဆောင်ခဲ့တာကို အာရုံစိုက်ပေးမလား။ သင့်ကို ပြစ်မှားတဲ့ ညီအစ်ကိုဟာ အကြီးအကဲအဖြစ် ဆက်အမှုဆောင်နေပြီး ထပ်ဆင့်အခွင့်အရေးတွေတောင် ရနေတယ်ဆိုရင် ဝမ်းသာပေးမလား။ သင့်ရဲ့ လိုလိုလားလား ခွင့်လွှတ်မှုက ယေဟောဝါရဲ့ တရားမျှတမှုအမြင်ကို ကောင်းစွာ ဖော်ပြနိုင်ပါတယ်။—မဿဲ ၆:၁၄၊ ၁၅ ကိုဖတ်ပါ။

၁၉။ ဘယ်လို စိတ်ပိုင်းဖြတ်ထားသင့်သလဲ။

၁၉ စာတန်နဲ့ စနစ်ဆိုးကြောင့် လူသားတွေ ကြုံနေရတဲ့ မတရားမှုအားလုံးကို ယေဟောဝါ အပြီးအပိုင် ဖယ်ရှားပေးမယ့်နေ့ကို တရားမျှတမှု မြတ်နိုးသူတွေ တမ်းတနေကြတယ်။ (ဟေရှာ. ၆၅:၁၇) အဲဒီနေ့ ရောက်တဲ့အထိ ကိုယ့်ကန့်သတ်ချက်တွေကို နှိမ့်ချစွာ အသိအမှတ်ပြုခြင်း၊ ပြစ်မှားသူတွေကို လိုလိုလားလား ခွင့်လွှတ်ခြင်းအားဖြင့် ယေဟောဝါရဲ့ တရားမျှတမှုအမြင်ကို ဖော်ပြဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။

a တရားဟောရာ ၃၂:၃၊ ၄ (ကဘ)– ‘ယေဟောဝါရဲ့ နာမည်ကို ငါကြေညာမယ်။ ဘုရားသခင်ရဲ့ ကြီးမြတ်မှုအကြောင်း ပြောကြပါ။ ဘုရားသခင်ဟာ ကျောက်ဆောင်ပဲ။ လုပ်ဆောင်သမျှ ပြီးပြည့်စုံတယ်။ နည်းလမ်းတော်တွေ တရားမျှတတယ်။ သစ္စာရှိတဲ့ဘုရား၊ မတရားမှုကင်းတဲ့ဘုရား၊ ဖြောင့်မတ်၊ မှန်ကန်တဲ့ဘုရားပဲ။’

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ