အရာအားလုံးရှိထားတဲ့အရှင်ကို ဘာကြောင့် ပေးနေရမလဲ
“ကျွန်တော်တို့ရဲ့ ဘုရားသခင်၊ ကျေးဇူးတင်ပါတယ်။ တင့်တယ်လှတဲ့ နာမတော်ကို ချီးမွမ်းပါတယ်။” —၁ ရာ. ၂၉:၁၃။
၁၊ ၂။ ယေဟောဝါက သယံဇာတတွေကို ရက်ရက်ရောရော ဘယ်လို သုံးသလဲ။
ယေဟောဝါဟာ ရက်ရောတဲ့ဘုရားပါ။ ကျွန်တော်တို့ ပိုင်ဆိုင်သမျှဟာ ဘုရားဆီက လာတာပါ။ ရွှေငွေတွေအပြင် တခြားကမ္ဘာ့သယံဇာတတွေအားလုံးကို ယေဟောဝါ ပိုင်တယ်။ ဒါတွေကို အသုံးပြုပြီး ကျွန်တော်တို့ အသက်ဆက်နိုင်ဖို့ လိုအပ်ရာတွေ ထောက်ပံ့ပေးတယ်။ (ဆာ. ၁၀၄:၁၃-၁၅။ ဟဂ္ဂဲ ၂:၈) ယေဟောဝါလူမျိုးအတွက် ထောက်မပေးဖို့ သယံဇာတတွေကို အံ့ဖွယ်နည်းနဲ့ အသုံးပြုပုံမှတ်တမ်းများစွာ ကျမ်းစာမှာ ပါတယ်။
၂ တောကန္တာရမှာ အနှစ် ၄၀ လုံးလုံး အစ္စရေးလူမျိုးအတွက် မန္နမုန့်နဲ့ ရေ ပေးခဲ့တယ်။ (ထွ. ၁၆:၃၅) ဒါကြောင့် “သူတို့မှာ လိုလေသေးမရှိ ပြည့်စုံခဲ့တယ်။” (နေ. ၉:၂၀၊ ၂၁) နောက်ပိုင်းမှာ ပရောဖက် ဧလိရှဲကတစ်ဆင့် သစ္စာရှိတဲ့မုဆိုးမရဲ့ ဆီအနည်းငယ်ကို အံ့ဖွယ်နည်းနဲ့ ယေဟောဝါ တိုးပွားစေခဲ့တယ်။ ဘုရားသခင့်လက်ဆောင်ကြောင့် အကြွေးတွေ ဆပ်နိုင်တယ်။ သားအမိတွေ အသက်ဆက်ဖို့ ငွေအလုံအလောက် ရှိလာတယ်။ (၂ ဘု. ၄:၁-၇) ယေရှုလည်း ယေဟောဝါရဲ့ ကူညီထောက်မမှုနဲ့ လိုအပ်တဲ့အခါ အံ့ဖွယ်နည်းနဲ့ စားစရာ ပေးခဲ့တယ်။ ငွေတောင် ပေးခဲ့သေးတယ်။—မ. ၁၅:၃၅-၃၈။ ၁၇:၂၇။
၃။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးသုံးသပ်ကြမလဲ။
၃ မြေကြီးပေါ်က ဖန်ဆင်းရာတွေကို ထောက်ပံ့ဖို့ သုံးလို့မကုန်တဲ့ သယံဇာတတွေ ယေဟောဝါမှာ ရှိတယ်။ ဒါပေမဲ့ ဘုရားအဖွဲ့အစည်းရဲ့ လုပ်ငန်းကို ရုပ်ပစ္စည်းတွေနဲ့ ထောက်ပံ့ဖို့ မိမိကျေးကျွန်တွေကို ဖိတ်ခေါ်ထားတယ်။ (ထွ. ၃၆:၃-၇။ ပညာအလိမ္မာ ၃:၉ ကိုဖတ်ပါ။) ကျွန်တော်တို့ရဲ့ အဖိုးတန်အရာတွေကို ပြန်ပေးဖို့ ယေဟောဝါ ဘာကြောင့် မျှော်လင့်ရသလဲ။ ယေဟောဝါကိုယ်စားလှယ်တွေရဲ့ လုပ်ငန်းကို အတိတ်က သစ္စာရှိသူတွေ ငွေကြေး ဘယ်လို ထောက်ပံ့ကြသလဲ။ ဒီနေ့ အလှူငွေတွေကို အဖွဲ့အစည်း ဘယ်လို အသုံးပြုသလဲ။ ဒီဆောင်းပါးမှာ ဒီမေးခွန်းတွေကို အဖြေပေးဆွေးနွေးသွားပါမယ်။
ယေဟောဝါကို ဘာကြောင့် ပေးရ
၄။ ယေဟောဝါရဲ့ လုပ်ငန်းကို ထောက်ပံ့တာက ဘာကို ဖော်ပြရာရောက်သလဲ။
၄ ယေဟောဝါကို ချစ်လို့၊ ကျေးဇူးတင်လေးမြတ်လို့ ကျွန်တော်တို့ ပေးကြတာပါ။ ကျွန်တော်တို့အတွက် ယေဟောဝါ လုပ်ပေးသမျှကို ပြန်စဉ်းစားတဲ့အခါ ကျွန်တော်တို့ရဲ့ စိတ်နှလုံးကို ထိမိတယ်။ ဗိမာန်တော် ဆောက်လုပ်ရေးမှာ လိုအပ်မယ့်အရာတွေအကြောင်း ရှင်းပြတဲ့အခါ ကျွန်တော်တို့ ပိုင်ဆိုင်သမျှဟာ ယေဟောဝါဆီက လာတာဖြစ်ကြောင်း၊ ယေဟောဝါ ပေးထားရာတွေထဲကပဲ ပြန်ပေးတာဖြစ်ကြောင်း ဘုရင်ဒါဝိဒ် အသိအမှတ်ပြုခဲ့တယ်။—၁ ရာဇဝင်ချုပ် ၂၉:၁၁-၁၄ ကိုဖတ်ပါ။
၅။ ကိုယ်ကျိုးမငဲ့ဘဲ ပေးကမ်းခြင်းက စစ်မှန်တဲ့ဝတ်ပြုရေးရဲ့ အရေးကြီးကဏ္ဍတစ်ရပ်ဖြစ်ကြောင်း ကျမ်းစာ ဘယ်လို ဖော်ပြသလဲ။
၅ ပေးကမ်းခြင်းဟာ ယေဟောဝါကို ဝတ်ပြုကိုးကွယ်ခြင်းရဲ့ အသွင်အပြင်တစ်ရပ်လည်း ဖြစ်တယ်။ စိတ်အာရုံတစ်ခုမှာ ကောင်းကင်က ယေဟောဝါရဲ့ ကျေးကျွန်တွေ ဒီလိုကြွေးကြော်တာကို တမန်တော်ယောဟန် ကြားခဲ့တယ်– “ယေဟောဝါဘုရား၊ ကိုယ်တော်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တယ်။ အရာခပ်သိမ်းဟာ အလိုတော်ကြောင့် ဖန်ဆင်းခံရပြီး တည်ရှိနေတယ်။ ဒါကြောင့် ဂုဏ်တင်မှု၊ ချီးမွမ်းမှုနဲ့ အစွမ်းခွန်အားတွေကို ကိုယ်တော် ရထိုက်ပါတယ်။” (ဗျာ. ၄:၁၁) ကျွန်တော်တို့မှာရှိတဲ့ အကောင်းဆုံးအရာတွေကို ပေးဆက်ခြင်းအားဖြင့် ယေဟောဝါ ရထိုက်တဲ့ ချီးမွမ်းဂုဏ်တင်မှု ပေးကြတယ် မဟုတ်လား။ မောရှေကတစ်ဆင့် အစ္စရေးလူမျိုးကို တစ်နှစ်သုံးကြိမ် ပွဲတော်ကျင်းပဖို့ ယေဟောဝါ မိန့်မှာခဲ့တယ်။ ဝတ်ပြုရေးရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ဒီပွဲတော်တွေမှာ အစ္စရေးတွေဟာ ‘ယေဟောဝါရှေ့ကို လက်ဗလာနဲ့ မလာရဘူး။’ (တရား. ၁၆:၁၆) ဒီနေ့လည်း ကိုယ်ကျိုးမငဲ့ဘဲ ပေးကမ်းခြင်းဟာ ဝတ်ပြုရေးရဲ့ အရေးကြီးတဲ့ကဏ္ဍတစ်ရပ် ဖြစ်တယ်။ ဒီနည်းအားဖြင့် ယေဟောဝါ အဖွဲ့အစည်းရဲ့ လုပ်ငန်းကို ကျေးဇူးတင်လေးမြတ်ကြောင်း၊ ထောက်ပံ့ကြောင်း ဖော်ပြကြတယ်။
၆။ ပေးကမ်းတာက ဘာကြောင့် ကိုယ့်အတွက် ကောင်းသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကို ကြည့်ပါ။)
၆ ပေးကမ်းတာက ကိုယ့်အတွက် ကောင်းပါတယ်။ ရယူသူပဲ မဟုတ်ဘဲ ရက်ရက်ရောရော ပေးကမ်းသူ ဖြစ်တာ ကောင်းတယ်။ (ပညာအလိမ္မာ ၂၉:၂၁ ကိုဖတ်ပါ။) မိဘတွေ ပေးတဲ့မုန့်ဖိုးထဲက မိဘတွေကို လက်ဆောင် ပြန်ပေးတဲ့ကလေးတစ်ယောက်ကို စဉ်းစားကြည့်ပါ။ ဒီလက်ဆောင်နဲ့ပတ်သက်ပြီး မိဘတွေ ဘယ်လို ခံစားရမလဲ။ မိဘအိမ်မှာနေရင်း ရှေ့ဆောင်လုပ်နေတဲ့ သားသမီးက မိဘတွေကို အိမ်စရိတ် အနည်းငယ် ထောက်ပံ့နိုင်ပါတယ်။ ထောက်ပံ့ဖို့ မိဘတွေ မမျှော်လင့်ပါဘူး။ ဒါပေမဲ့ ထောက်ပံ့တာက မိဘတွေ လုပ်ပေးခဲ့တာအားလုံးအတွက် ကျေးဇူးသိကြောင်း ပြနိုင်တဲ့နည်းမို့ အဲဒီလက်ဆောင်တွေကို လက်ခံကြပါမယ်။ အလားတူပဲ ကိုယ့်မှာရှိတဲ့ အဖိုးတန်အရာတွေ ပေးတာက ကျွန်တော်တို့အတွက် ကောင်းမှန်း ယေဟောဝါ သိတယ်။
ကျမ်းစာခေတ်မှာ ပေးကမ်းခြင်း
၇၊ ၈။ (က) သတ်သတ်မှတ်မှတ် စီမံကိန်းတွေအတွက် လှူဒါန်းကြောင်း၊ (ခ) အထွေထွေ အသုံးပြုဖို့ လှူဒါန်းကြောင်း ကျမ်းစာခေတ်က ယေဟောဝါရဲ့ လူတွေ ဘယ်လိုပုံနမူနာ ချမှတ်ကြသလဲ။
၇ ကိုယ့်ပစ္စည်းဥစ္စာတွေထဲက ပေးကမ်းခြင်းကို ကျမ်းစာမှာ ဖော်ပြထားတယ်။ တစ်ခါတလေ ယေဟောဝါလူမျိုးတွေက သတ်သတ်မှတ်မှတ် စီမံကိန်းတွေအတွက် ပေးလှူကြတယ်။ ဥပမာ၊ တဲတော်ဆောက်လုပ်ရေးအတွက် ပါဝင်လှူဒါန်းဖို့ မောရှေ တိုက်တွန်းခဲ့သလို ဗိမာန်တော် ဆောက်လုပ်ရေးအတွက် ပါဝင်လှူဒါန်းဖို့ ဘုရင်ဒါဝိဒ်လည်း တိုက်တွန်းခဲ့တယ်။ (ထွ. ၃၅:၅။ ၁ ရာ. ၂၉:၅-၉) ဘုရင်ယောရှခေတ်မှာ ယေဟောဝါရဲ့ အိမ်တော် ပြုပြင်ဖို့ ကောက်ခံထားတဲ့အလှူငွေတွေကို ပုရောဟိတ်တွေ အသုံးပြုခဲ့ကြတယ်။ (၂ ဘု. ၁၂:၄၊ ၅) အငတ်ဘေးကြောင့် အကူအညီ လိုအပ်နေမှန်း ပထမရာစု အသင်းတော် ညီအစ်ကိုတွေ သတိပြုမိတဲ့အခါ “ယုဒပြည်မှာရှိတဲ့ ညီအစ်ကိုတွေဆီ တတ်နိုင်သလောက် ကယ်ဆယ်ရေး အထောက်အပံ့တွေ ပို့ပေးဖို့ ဆုံးဖြတ်လိုက်တယ်။”—တ. ၁၁:၂၇-၃၀။
၈ လုပ်ငန်းမှာ ဦးဆောင်နေသူတွေကိုလည်း ယေဟောဝါလူမျိုးတွေ ငွေကြေးထောက်ပံ့ကြတယ်။ ဥပမာ၊ မောရှေပညတ်အောက်မှာ လေဝိအနွယ်ဟာ တခြားအနွယ်တွေလို အမွေ မရကြဘူး။ ဒါကြောင့် လေဝိသားတွေ တဲတော်အလုပ်ကို အာရုံစိုက်နိုင်ဖို့ အစ္စရေးတွေက ဆယ်ဖို့တစ်ဖို့ ပေးကြရတယ်။ (တော. ၁၈:၂၁) အလားတူပဲ ရက်ရောတဲ့အမျိုးသမီးတွေက “ကိုယ့်ပစ္စည်းဥစ္စာတွေ သုံးပြီး ယေရှုနဲ့ တမန်တော်တွေကို အလုပ်အကျွေးပြု” ခဲ့ကြတယ်။ —လု. ၈:၁-၃။
၉။ တစ်ချိန်တုန်းက အလှူငွေတွေ ဘယ်က ရသလဲ။
၉ အဲဒီအလှူတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ရတယ်။ တောကန္တာရမှာ တဲတော် ဆောက်လုပ်စဉ် အီဂျစ်ပြည်က ယူလာတာတွေထဲက အစ္စရေးတွေ ပေးလှူကြတာ ဖြစ်နိုင်တယ်။ (ထွ. ၃:၂၁၊ ၂၂။ ၃၅:၂၂-၂၄) ပထမရာစုတုန်းက ခရစ်ယာန်တချို့ဟာ အိမ်၊ လယ် ရောင်းလို့ရတဲ့ငွေတွေကို တမန်တော်တွေဆီ ယူလာကြတယ်။ တမန်တော်တွေက အကူအညီ လိုအပ်သူတွေအတွက် ဒီအလှူငွေတွေကို အသုံးပြုခဲ့ကြတယ်။ (တ. ၄:၃၄၊ ၃၅) တချို့ကျတော့ ငွေကို သီးသန့်ဖယ်ထားပြီး လုပ်ငန်း ထောက်ပံ့ဖို့ ပုံမှန်လှူဒါန်းကြတယ်။ (၁ ကော. ၁၆:၂) ဒါကြောင့် ဆင်းရဲချမ်းသာ လူတန်းစားမရွေး ပါဝင်လှူဒါန်းခဲ့ကြတယ်။—လု. ၂၁:၁-၄။
ယနေ့ခေတ် လှူဒါန်းခြင်း
၁၀၊ ၁၁။ (က) ကျမ်းစာခေတ်က ယေဟောဝါရဲ့ ရက်ရောတဲ့ ကျေးကျွန်တွေကို ဘယ်လို တုပနိုင်သလဲ။ (ခ) နိုင်ငံတော်လုပ်ငန်းကို ထောက်ပံ့ဖို့ အခွင့်ထူးကို ဘယ်လို ယူဆသလဲ။
၁၀ ဒီနေ့ ကျွန်တော်တို့လည်း သတ်သတ်မှတ်မှတ် ရည်ရွယ်ချက်အတွက် လှူဒါန်းဖို့ တောင်းဆိုခံရနိုင်တယ်။ ဥပမာ၊ ကိုယ့်အသင်းတော် အသုံးပြုမယ့် နိုင်ငံတော်ခန်းမသစ် ဆောက်လုပ်ဖို့ အစီအစဉ် ရှိသလား။ လက်ရှိခန်းမကို ပြုပြင်မွမ်းမံနေသလား။ ဌာနခွဲရုံး ပြုပြင်မွမ်းမံမှု၊ အစည်းအဝေးကြီး ကုန်ကျစရိတ်၊ သဘာဝဘေး သင့်နေတဲ့ ညီအစ်ကို/မတွေအတွက် ငွေကြေးထောက်ပံ့ဖို့ လိုအပ်တာကို သတိပြုမိနိုင်တယ်။ ကမ္ဘာ့ဌာနချုပ်နဲ့ ကမ္ဘာတစ်ဝန်းက ဌာနခွဲရုံးတွေမှာ လုပ်ဆောင်နေသူတွေကိုလည်း ထောက်ပံ့လှူဒါန်းကြတယ်။ သာသနာပြုတွေ၊ အထူးရှေ့ဆောင်တွေ၊ တိုက်နယ်လုပ်ငန်းမှာ ပါဝင်နေသူတွေကိုလည်း ထောက်ပံ့လှူဒါန်းကြတယ်။ ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေကို အကျိုးပြုနေတဲ့ စည်းဝေးပွဲခန်းမ၊ နိုင်ငံတော်ခန်းမ ဆောက်လုပ်ရေးအတွက် သင့်အသင်းတော်ကလည်း ငွေကြေးထောက်ပံ့လှူဒါန်းနေမှာ သေချာပါတယ်။
၁၁ ဒီနောက်ဆုံးကာလမှာ ယေဟောဝါ လုပ်ဆောင်ပြီးမြောက်နေတဲ့လုပ်ငန်းကို ထောက်ပံ့ရာမှာ ကျွန်တော်တို့အားလုံး ပါဝင်နိုင်ကြတယ်။ အလှူငွေအများစုကို အမည်မဖော်ဘဲ လှူဒါန်းကြတယ်။ နိုင်ငံတော်ခန်းမ အလှူငွေပုံးတွေမှာ သိုသိုသိပ်သိပ် ထည့်ကြတယ်။ jw.org က တစ်ဆင့် အွန်လိုင်းကနေလည်း လှူကြတယ်။ ကျွန်တော်တို့ရဲ့ အလှူငွေနည်းနည်းလေးဟာ အရာမရောက်ဘူးလို့ ခံစားမိနိုင်တယ်။ ဒါပေမဲ့ အလှူငွေ အများစုဟာ ပမာဏများများနဲ့လှူတဲ့ လူနည်းစုဆီက ရတာမဟုတ်ဘဲ ပမာဏနည်းနည်းနဲ့လှူတဲ့ လူအများစုဆီက ရတာဖြစ်တယ်။ “ချွတ်ခြုံကျနေချိန်မှာတောင်” ပါဝင်လှူဒါန်းခွင့်ရဖို့ မေတ္တာရပ်ခံခဲ့ကြပြီး ရက်ရက်ရောရော ပေးလှူခဲ့ကြတဲ့ မက်ဆီဒိုးနီးယားက ခရစ်ယာန်တွေလိုပဲ စီးပွားရေးအဆင်မပြေတဲ့ ညီအစ်ကိုတွေတောင် လှူဒါန်းနေကြတယ်။—၂ ကော. ၈:၁-၄။
၁၂။ လှူဒါန်းထားတဲ့ ရန်ပုံငွေတွေကို အကောင်းဆုံးနည်းနဲ့ အသုံးပြုဖို့ အဖွဲ့အစည်း ဘယ်လို ကြိုးစားလုပ်ဆောင်သလဲ။
၁၂ အုပ်ချုပ်ရေးအဖွဲ့ဟာ အဖွဲ့အစည်းရဲ့ ရန်ပုံငွေတွေကို သစ္စာရှိရှိ၊ သတိရှိရှိ အသုံးပြုဖို့ ဆုတောင်းသုံးသပ်ပါတယ်။ (မ. ၂၄:၄၅) ရရှိတဲ့ရန်ပုံငွေကို ဂရုတစိုက် အသုံးပြုကြတယ်။ (လု. ၁၄:၂၈) ကျမ်းစာခေတ်တုန်းက ဘဏ္ဍာစိုးတွေဟာ အလှူငွေကို ရည်ရွယ်ထားတဲ့အတိုင်းပဲ အသုံးပြုဖို့ အသေအချာ လုပ်ဆောင်ကြတယ်။ ဥပမာ၊ ဧဇရဟာ ပါရှားဘုရင် လှူဒါန်းတဲ့ပစ္စည်း၊ ဒီနေ့ခေတ် တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁၀၀ နဲ့ညီမျှတဲ့ ရွှေ၊ ငွေ၊ တခြားပစ္စည်းတွေကို ဂျေရုဆလင်ကို ပြန်သယ်ယူလာတယ်။ ဒီအလှူတွေကို ယေဟောဝါအတွက် စေတနာအလျောက်ပေးတဲ့အလှူလို့ ဧဇရ ယူဆတယ်။ ဒါကြောင့် အန္တရာယ်များတဲ့ ခရီးစဉ်တစ်လျှောက် ဒီဘဏ္ဍာတွေကို ကာကွယ်ဖို့ အသေးစိတ်စီစဉ်ခဲ့တယ်။ (ဧဇ. ၈:၂၄-၃၄) တမန်တော် ပေါလုလည်း ယုဒနယ်မှာရှိတဲ့ ညီအစ်ကိုတွေအတွက် ကယ်ဆယ်ရေးရန်ပုံငွေ ကောက်ခံခဲ့တယ်။ ဒီရန်ပုံငွေ သယ်ဆောင်သူတွေ “ယေဟောဝါဘုရားရဲ့ ရှေ့မှာရော လူတွေရှေ့မှာပါ အရာရာကို ရိုးရိုးသားသား လုပ်ဆောင်ကြ” ဖို့ ဂရုတစိုက် စီစဉ်ခဲ့တယ်။ (၂ ကောရိန္သု ၈:၁၈-၂၁ ကိုဖတ်ပါ။) ဒီနေ့ အဖွဲ့အစည်းလည်း ဧဇရနဲ့ ပေါလုတို့ကို တုပပြီး ရန်ပုံငွေတွေကို ဂရုတစိုက် အသုံးပြုကြတယ်။
၁၃။ အဖွဲ့အစည်းရဲ့ လတ်တလော ပြောင်းလဲမှုတွေကို ဘယ်လို ရှုမြင်သင့်သလဲ။
၁၃ မိသားစုတွေအနေနဲ့ ဝင်ငွေ၊ ထွက်ငွေ မျှဖို့ အပြောင်းအလဲတွေ လုပ်နိုင်တယ်။ ယေဟောဝါရဲ့ အမှုတော်မှာ ပိုပါဝင်နိုင်အောင် ဘဝကို ရိုးရှင်းစေနိုင်ပုံ၊ အသုံးစရိတ် လျှော့ချနိုင်ပုံတို့ကို သုံးသပ်နိုင်တယ်။ ယေဟောဝါရဲ့ အဖွဲ့အစည်းလည်း အလားတူပါပဲ။ မကြာသေးခင်နှစ်တွေမှာ စိတ်လှုပ်ရှားစရာကောင်းတဲ့ အစီအစဉ်သစ်တွေ အကောင်အထည် ဖော်ခဲ့တယ်။ တစ်ခါတလေ ရတာထက် ပိုသုံးရတာတွေလည်း ရှိတယ်။ ဒါကြောင့် အဖွဲ့အစည်းလည်း သင်တို့ရဲ့ အလှူငွေတွေနဲ့ အကောင်းဆုံး ပြီးမြောက်နိုင်အောင် အသုံးစရိတ် လျှော့ချဖို့၊ လုပ်ငန်းကို ပိုရိုးရှင်းစေဖို့ နည်းလမ်းတွေ ရှာကြံတယ်။
အလှူငွေရဲ့ အကျိုးကျေးဇူးများ
သင့်ရဲ့ အလှူငွေက ကမ္ဘာချီလုပ်ငန်းအတွက် အထောက်အကူဖြစ် (အပိုဒ် ၁၄-၁၆ ကိုကြည့်ပါ)
၁၄-၁၆။ (က) အလှူငွေကြောင့် ဘာတွေ အောင်မြင်ပြီးမြောက်ခဲ့ပြီလဲ။ (ခ) အဲဒီအရာတွေကနေ သင် ဘာအကျိုး ရရှိခဲ့ပြီလဲ။
၁၄ တစ်ခါနဲ့မှ မတူအောင် ဘုရားရေးရာပြင်ဆင်ပေးချက်တွေ ရရှိနေတယ်လို့ ယေဟောဝါရဲ့ ဝါရင့်ကျေးကျွန်တွေ ပြောကြတယ်။ စဉ်းစားကြည့်ပါ။ မကြာသေးခင်နှစ်တွေတုန်းက jw.org နဲ့ JW ရုပ်သံအစီအစဉ်ကို စတင်ခဲ့တယ်။ ကမ္ဘာသစ်ဘာသာပြန်ကျမ်းကို ဘာသာစကား များစွာနဲ့ ထုတ်ဝေခဲ့တယ်။ ၂၀၁၄/၁၅ ခုနှစ်မှာ “ဘုရားသခင့် နိုင်ငံတော်ကို ဦးစွာရှာလျက်နေပါ” ဆိုတဲ့ သုံးရက်တာ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကို ကမ္ဘာတစ်ဝန်းက မြို့ကြီး ၁၄ မြို့မှာရှိတဲ့ အားကစားရုံကြီးတွေမှာ ကျင်းပခဲ့တယ်။ တက်ရောက်သူတွေ ဝမ်းသာပီတိဖြစ်ခဲ့ကြတယ်။
၁၅ ယေဟောဝါအဖွဲ့အစည်းကနေ ရရှိတဲ့ ထူးခြားကောင်းမွန်တဲ့အကျိုးကျေးဇူးတွေအတွက် ကျေးဇူးတင်လေးမြတ်ကြတယ်။ ဥပမာ၊ JW ရုပ်သံအစီအစဉ်နဲ့ပတ်သက်ပြီး အာရှနိုင်ငံတစ်ခုမှာ အမှုဆောင်နေတဲ့ စုံတွဲတစ်တွဲ ဒီလိုပြောခဲ့တယ်– “မြို့ငယ်လေးမှာ တာဝန်ကျတယ်။ ဒါကြောင့် တစ်ခါတလေ သီးခြားဖြစ်နေတယ်လို့ ခံစားရတယ်။ ယေဟောဝါရဲ့ လုပ်ငန်းကျယ်ပြန့်မှုကို အလွယ်တကူ မေ့သွားကြတယ်။ ဒါပေမဲ့ JW ရုပ်သံမှာ အစီအစဉ်အမျိုးမျိုး ကြည့်လိုက်ရတဲ့အခါ အပြည်ပြည်ဆိုင်ရာ ညီအစ်ကို အသင်းအပင်းမှာ ပါဝင်နေပါလားလို့ သတိရလာတယ်။ JW ရုပ်သံအစီအစဉ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ ဒေသခံ ညီအစ်ကို/မတွေ တအားစိတ်လှုပ်ရှားကြတယ်။ လစဉ် အစီအစဉ်တွေ ကြည့်ပြီးတဲ့နောက် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ ရင်းနှီးလာတယ်လို့ ပြောကြတာကို မကြာခဏ ကြားရတယ်။ အခုဆိုရင် ဘုရားသခင့် အဖွဲ့အစည်းထဲမှာ ရှိနေရတာကို ပိုဂုဏ်ယူလာကြပြီ။”
၁၆ ကမ္ဘာတစ်ဝန်းမှာ နိုင်ငံတော်ခန်းမ ၂,၅၀၀ နီးပါးကို ဆောက်လုပ်နေကြတယ်။ အကြီးစားပြုပြင်မွမ်းမံနေကြတယ်။ ဟွန်ဒူးရပ်စ်နိုင်ငံရှိ အသင်းတော်တစ်ခုက ညီအစ်ကို/မတွေက နိုင်ငံတော်ခန်းမသစ်ကို စသုံးပြီးနောက် ဒီလိုစာရေးကြတယ်– “ယေဟောဝါရဲ့ စကြဝဠာ မိသားစုဝင် ဖြစ်ရလို့၊ ကမ္ဘာချီ ညီအစ်ကိုအသင်းအပင်းဝင် ဖြစ်ရလို့ ကျွန်တော်တို့ အသိုင်းအဝိုင်းမှာ နိုင်ငံတော်ခန်းမ ရရှိဖို့ အိပ်မက် တကယ်ဖြစ်လာတဲ့အတွက် သိပ်ပျော်ကြတယ်။” ကျမ်းစာနဲ့ တခြားစာစောင်တွေကို မိခင်ဘာသာစကားနဲ့ ရရှိလာတဲ့အခါ၊ ကယ်ဆယ်ရေးလုပ်ငန်းကနေ အကျိုးရကြတဲ့အခါ၊ လူထုရှေ့ သက်သေခံခြင်းရလဒ်တွေကို မြင်ရတဲ့အခါ ထပ်တူကျေးဇူးတင်လေးမြတ်ကြတယ်။
၁၇။ ဒီနေ့ အဖွဲ့အစည်း လုပ်ဆောင်ပုံက ယေဟောဝါ ကူညီထောက်မနေကြောင်း ဘယ်လို သက်သေထူသလဲ။
၁၇ စေတနာအလျောက် ထည့်ဝင်တဲ့ အလှူငွေတွေနဲ့ပဲ ဒီလုပ်ငန်း လုပ်ဆောင်နိုင်တာကို လူတွေ နားမလည်နိုင်ကြဘူး။ ကုမ္ပဏီကြီးတစ်ခုရဲ့ အမှုဆောင်အရာရှိတစ်ယောက် ကျွန်တော်တို့ရဲ့ ပုံနှိပ်တိုက်ကို လာရောက်ကြည့်ရှုပြီးတဲ့နောက် အရောင်းအဝယ် မလုပ်ဘဲ၊ ရန်ပုံငွေ မရှာဘဲ စေတနာ့ဝန်ထမ်းတွေနဲ့၊ စေတနာအလျောက် ထည့်ဝင်တဲ့ အလှူငွေတွေနဲ့ပဲ လုပ်ဆောင်နေကြတာကို အံ့ဩသွားတယ်။ မဖြစ်နိုင်တာကို လုပ်နေကြတာလို့ ပြောတယ်။ ဟုတ်ပါတယ်။ လုပ်ငန်းကို ယေဟောဝါ ကူညီထောက်မနေလို့သာ ဖြစ်နိုင်တာပါ။—ယောဘ ၄၂:၂။
ယေဟောဝါကို ပြန်ပေးတဲ့အတွက် ရရှိတဲ့ ကောင်းချီးများ
၁၈။ (က) ဘုရားနိုင်ငံတော်လုပ်ငန်းကို ထောက်ပံ့တဲ့အခါ ဘာကောင်းချီးတွေ ရရှိကြသလဲ။ (ခ) ပါဝင်လှူဒါန်းဖို့ သားသမီးတွေနဲ့ လူသစ်တွေကို ဘယ်လို လေ့ကျင့်ပေးနိုင်သလဲ။
၁၈ ဒီနေ့ လုပ်ဆောင်နေတဲ့ ဧရာမလုပ်ငန်းကို ထောက်ပံ့ဖို့ အခွင့်အရေး ပေးခြင်းအားဖြင့် ကျွန်တော်တို့ကို ယေဟောဝါ ဂုဏ်တင်တယ်။ ဘုရားနိုင်ငံတော်ကို ထောက်ပံ့ပေးတဲ့အခါ ကောင်းချီးတွေ ခံစားရမယ်လို့ အာမခံထားတယ်။ (မာလ. ၃:၁၀) ရက်ရောစွာ ပေးကမ်းသူတွေ ကြွယ်ဝလိမ့်မယ်လို့ ယေဟောဝါ ကတိပြုထားတယ်။ (ပညာအလိမ္မာ ၁၁:၂၄၊ ၂၅ ကိုဖတ်ပါ။) ပေးကမ်းခြင်းက ပျော်ရွှင်စေတယ်။ “ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေ” လို့ပါပဲ။ (တ. ၂၀:၃၅) ဘယ်လိုနည်းနဲ့ ပါဝင်လှူဒါန်းနိုင်ကြောင်း၊ ကောင်းချီးများစွာ ရရှိနိုင်ကြောင်း အပြောနဲ့ ပုံသက်သေအားဖြင့် သားသမီးတွေနဲ့ လူသစ်တွေကို လေ့ကျင့်ပေးခွင့် ရရှိကြတယ်။
၁၉။ ဒီဆောင်းပါးက ဘာလုပ်ဖို့ အားပေးသလဲ။
၁၉ ကျွန်တော်တို့ ပိုင်ဆိုင်သမျှဟာ ယေဟောဝါဆီကပါ။ ဘုရားကို ပြန်ပေးတာက ဘုရားကို ချစ်ကြောင်း၊ ကျွန်တော်တို့အတွက် လုပ်ပေးထားတာတွေကို ကျေးဇူးတင်ကြောင်း ဖော်ပြရာရောက်တယ်။ (၁ ရာ. ၂၉:၁၇) ဗိမာန်တော် ဆောက်လုပ်ရေးအတွက် လှူဒါန်းကြတဲ့အခါ “စေတနာအလျောက် အဲဒီလိုလှူဒါန်းရတာကို လူတွေ ဝမ်းသာပီတိ ဖြစ်ကြတယ်။ ယေဟောဝါအတွက် စိတ်နှလုံးအကြွင်းမဲ့ စေတနာရှိရှိ ပေးလှူကြလို့ပဲ။” (၁ ရာ. ၂၉:၉) အလားတူပဲ ကျွန်တော်တို့လည်း ယေဟောဝါ ပေးထားတာတွေကို ပြန်ပေးခြင်းအားဖြင့် ရွှင်လန်းမှုနဲ့ ကျေနပ်မှု ဆက်ခံစားနိုင်ကြပါစေ။