ဘုရားသခင့်နှုတ်ကပတ်တော်၌ ယုံကြည်ခြင်း တည်ဆောက်ပေးပါ
၁ ယုံကြည်ခြင်းခိုင်မာရန် ယခုအချိန်လောက် အဘယ်အချိန်ကမျှ မလိုအပ်ခဲ့ပေ။ များစွာသောသူတို့၌ ယုံကြည်ခြင်းမရှိ၊ အနာဂတ်အတွက် မျှော်လင့်ချက်မရှိကြချေ။ ဘာသာရေးနှင့် နိုင်ငံရေးခေါင်းဆောင်များသည် ကြိမ်ဖန်များစွာ မျှော်လင့်ချက်ပေးခဲ့၍ အချည်းနှီးဖြစ်ခဲ့ရာ လူအများ အယုံအကြည်မရှိတော့ချေ။ တမန်တော်ပေါလုပြောသည့်အတိုင်းပင် ‘ယုံကြည်ခြင်းကို လူတိုင်းမပိုင်ဆိုင်’ ပါ။ (၂ သက်၊ ၃:၂) သို့ရာတွင် ယေဟောဝါသက်သေများမူ ယုံကြည်ခြင်းရှိသည်။ ဘုရားသခင့်နှုတ်ကပတ်တော်ရှိ ကတိတော်များ ပြည်စုံမည်ဟု ကျွန်ုပ်တို့လုံးဝယုံကြည်စိတ်ချသည်။
၂ ခိုင်မြဲသောယုံကြည်ခြင်းကြောင့် ယေဟောဝါသက်သေများသည် အခြားသူများနှင့် ကွာခြားကြောင်း ထင်ရှားသည်။ ယင်းကြောင့် ကိုယ်ကိုယ်တိုင်နှင့် သူတစ်ပါးကိုပါ အကျိုးပြုသည့် မွန်မြတ်သောအကျင့်များ ပြုကျင့်ကြရာ ဘုရားသခင့်ဘုန်းတော် ထင်ရှားစေသည်။ ဤကဲ့သို့သောယုံကြည်ခြင်းသည် ကျွန်ုပ်တို့ဘဝအသက်တာတွင် ဘုရားသခင့်နှုတ်ကပတ်တော်ကို ဩဇာညောင်းစေခြင်းအားဖြင့် ဖြစ်ပေါ်လာသည်။ သမ္မာကျမ်းစာသည် ဘုရားသခင့်မှုတ်သွင်းခံ နှုတ်ကပတ်တော်ဖြစ်ကြောင်း လက်ခံယုံကြည်ခြင်း၏တန်ဖိုးကို မျက်မှောက်ခေတ် အပြည်ပြည်ဆိုင်ရာ ခရစ်ယာန်စစ်များ၏ ညီအစ်ကိုများအသင်းအပင်းက သက်သေထူသည်။—၂ တိ၊ ၃:၁၆။
အခြားသူများ ယုံကြည်ခြင်းတည်ဆောက်ရန် အဘယ်ကြောင့် ကူညီသင့်
၃ သေရေးရှင်ရေးနှင့်ပတ်သက်နေသဖြင့် ယုံကြည်ခြင်းတိုးပွားလာရန် ကူညီပေးဖို့အတွက် အကြောင်းခိုင်လုံပါသည်။ ယင်းကိုသတိပြုကာ ဧပြီလအတွင်း The Bible—God’s Word or Man’s? သို့မဟုတ် သမ္မာကျမ်းစာသည် အမှန်ပင် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်သလော သို့မဟုတ် မည်သည့်စာအုပ်ကိုမဆို ကျပ် ၁၀/- ဖြင့် ထုတ်ဝေကြမည်။ ဤစာအုပ်အသစ်၏ ရည်ရွယ်ချက်မှာ သမ္မာကျမ်းစာသည် ဘုရားသခင့်နှုတ်ကပတ်တော်ဖြစ်ကြောင်း လူတို့တွေ့ရှိရန်ဖြစ်သည်။ ဘုရားသခင့်နှုတ်ကပတ်တော်ကို ပြစ်တင်ရှုတ်ချလေသမျှကို ဆွေးနွေးတင်ပြ၍ ချေပထားပါသည်။ ကျမ်းစာသည် သိပ္ပံပညာနှင့် ဆန့်ကျင်သလော။ အတွင်းသဘောမညီညွတ်နေသလော။ ဒဏ္ဍာရီပုံပြင်မျှသာလော။ ကျမ်းစာပါ အံ့ဖွယ်ရာအမှုများ တကယ်ဖြစ်ပျက်ခဲ့သလော။ ရှေးဟောင်းသုတေသနပညာက သမ္မာကျမ်းစာ၏ သမိုင်းဝင် တိကျမှန်ကန်မှုကို ပယ်ဖျက်ခဲ့ပြီလော အစရှိသည့်မေးခွန်းများကို ကျေနပ်လောက်အောင် ဖြေဆိုပေးထားပါသည်။ ထို့ပြင် ဤစာအုပ်က သမ္မာကျမ်းစာသည် မှုတ်သွင်းခံခြင်းအားဖြင့်ဖြစ်ကြောင်း သက်သေအထောက်အထားကောင်းများစွာ တင်ပြထားသည်။ သမ္မာကျမ်းစာ၏ တိကျမှန်ကန်သော ပရောဖက်ပြုချက်များနှင့် ယင်း၏အံ့ချီးဖွယ် ညီညွတ်မှုကိုလည်း အာရုံပြုစေသည်။
၄ သမ္မာကျမ်းစာ၏ လေးနက်သောလက်တွေ့ကျ ဉာဏ်ပညာရပ်နှင့် လူတို့စိတ်ကို အကောင်းသို့ ပြုပြင်ပြောင်းလဲစေနိုင်သည့် ယင်း၏သြဇာတန်ခိုးမှာ သမ္မာကျမ်းစာသည် ဘုရားသခင့်နှုတ်ကပတ်တော် မှန်ကန်ကြောင်း သက်သေတစ်ပိုင်းမျှရှိသေးသည်။ ဤသာဓကကို လူတို့သိရှိကြရန် တင်ပြဖို့အတွက် ကျွန်ုပ်တို့တာဝန်ရှိသည်။ ယင်းကိုသိစေရန် ပထမဦးဆုံး သမ္မာကျမ်းစာကို ယုံကြည်စေရမည်။
၅ ဘုရားနှုတ်ကပတ်တော်ကို ယုံကြည်ရန် ကျွန်ုပ်တို့မည်သို့ကူညီမှုရရှိခဲ့သနည်း။ အများအားဖြင့် စိတ်ရှည်စွာဖြင့် တစ်ဦးတစ်ယောက် အိမ်တွင်းကျမ်းစာသင်အံမှု ပြုပေးခဲ့ခြင်းဖြင့်ဖြစ်သည်။ ထိုကြောင့် ကျမ်းစာ သို့မဟုတ် စာအုပ်ဝေငှနိုင်ခဲ့ရုံနှင့် ယုံကြည်မှုတည်ဆောက်ရန် ကြိုးစားခြင်း အဆုံးသတ်သည်မဟုတ်။ အစသာရှိသေးသည်။ ကျွန်ုပ်တို့နှင့် တစ်ဦးတစ်ယောက်ကျမ်းစာလေ့လာခဲ့ခြင်းမှ အကျိုးခံစားခဲ့ရပြီဆိုလျှင် စာပေများလက်ခံယူထားသူများထံ အမြန်ဆုံးပြန်သွားကာ အိမ်တွင်းကျမ်းစာသင်အံမှုစနိုင်ရန် ကြိုးစားခြင်းဖြင့် သူတို့ယုံကြည်ခြင်းကို တည်ဆောက်ပေးမည်။
စာအုပ်သစ်က ယုံကြည်ခြင်းကိုတည်ဆောက်ပေးရန် အထောက်အကူဖြစ်
၆ သာဓကကို ရိုးသားစွာတန်ဖိုးဖြတ်မည်ဆိုလျှင် သမ္မာကျမ်းစာသည် ဘုရားသခင့်နှုတ်ကပတ်တော်ဖြစ်ကြောင်း ရိုးဖြောင့်သောနှလုံးရှိသူ မည်သူမျှငြင်းခုံမည်မဟုတ်။ ဤစာအုပ်သစ်က လွယ်ကူစွာလက်ခံနိုင်ရန် သာဓကများကို တင်ပြထားသည်။ သမ္မာကျမ်းစာကို ဘုရားသခင့်နှုတ်ကပတ်တော်အဖြစ်လက်ခံကြပြီး ယင်း၏မှုတ်သွင်းခံသြဝါဒအတိုင်း အသက်ရှင်နေထိုင်ရန် သူတစ်ပါးကို ကူညီပေးလိုသည်။ ထိုသို့ပြုကြသူများသည် ဆာလံဆရာ လှိုက်လှဲစွာတောင်းလျှောက်ခဲ့သောဆုကို ပဲ့တင်ထပ်ကြလိမ့်မည်။ “ကိုယ်တော်၏ဥပဒေသများကို အကျွန်ုပ် နှစ်သက်ကြောင်းကို မှတ်တော်မူပါ။ အိုယေဟောဝါ၊ ကရုဏာတော်ရှိသည်အတိုင်း အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ တရားသဖြင့် စီရင်တော်မူချက်ရှိသမျှတို့သည် အစဉ်အမြဲတည်ကြပါ၏။”—ဆာ၊ ၁၁၉:၁၅၉၊ ၁၆၀။
၇ ကိုယ်တော်၏နှုတ်ကပတ်တော် သမ္မာကျမ်းစာအားဖြင့် “ကြီးစွာသောဒုက္ခ” ကိုကပ်ကျော်လိုသူများအား ယေဟောဝါလမ်းပြညွှန်ကြားတော်မူ၏။ (မ၊ ၂၄:၂၁) ဧပြီလအတွင်း The Bible—God’s Word or Man’s? ကျပ် ၁၀/_ ဖြင့်ဝေငှ၍ ဘုရားသခင်နှုတ်ကပတ်တော်ကို ဖတ်ရှုလေ့လာရန် အားပေးကြမည်။