ကျွန်ုပ်တို့ဓမ္မအမှုကို မရပ်မစဲ ဆက်ဆောင်ရွက်ခြင်း
၁ နောက်ဆုံးကာလ၏အဆုံးသို့ရောက်လေ လောကပုံစံ အလျင်အမြန်ပြောင်းလဲလေသာဖြစ်သည်။ (၁ ကော၊ ၇:၃၁) ကျမ်းစာပရောဖက်ပြုချက် ပြည့်စုံလာသည်အလျောက် ကမ္ဘာကိုတုန်လှုပ်ချောက်ချားစေသည့် အဖြစ်အပျက်များ ဖြစ်ပျက်ဆဲရှိသည်။ ကျွန်ုပ်တို့ဝန်းကျင်ရှိ လောကအတွင်းနှင့် သီအိုကရက်တစ်အဖွဲ့အစည်းအတွင်း ဖြစ်ပျက်ရာများကို သုံးသပ်ကြည့်လျှင် ဘုရားသခင့်နိုင်ငံတော် “သတင်းကောင်း” ဟောပြောရန် မည်မျှအရေးကြီးကြောင်း သဘောပေါက်သည်။—မာ၊ ၁၃:၁၀။
၂ တပည့်ဖြစ်စေရန် အမိန့်ကို ကျွန်ုပ်တို့ခေါင်းဆောင်နှင့် လိုက်လျှောက်ရန် ပုံစံချမှတ်ပေးရှင် ယေရှုခရစ်ပေးတော်မူခဲ့သည်။ မိန့်တော်မူစဉ်က လုပ်ငန်းတော်အောင်မြင်မည့်အကြောင်း ဤသို့ကတိပြု၍ အာမခံခဲ့သည်။ “ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်။” (မ၊ ၂၈:၁၉၊ ၂၀) ကိုယ်တော်၏စကားများကို ယေရှုတပည့်တော်များ အလေးအနက်ထားသဖြင့် အတိုက်အခံအပြင်းအထန်ခံရသည်တိုင် ‘နေ့တိုင်းအစဉ် ဆုံးမသွန်သင်လျက် ယေရှုသည် ခရစ်တော်ဖြစ်၏ဟူ၍ သတင်းကောင်းကို မပြတ်ဟောပြောလျက်နေကြ၏။’ (တ၊ ၅:၄၂) သူတို့ပုံသက်သေ ကောင်းလှသည်တကား။
၃ ၁၉၉၀ နှစ်ချုပ်စာအုပ်ကိုဖတ်ရှုရာတွင် တပည့်သစ်များတိုးပွားများပြားစေခြင်းဖြင့် ကျွန်ုပ်တို့ဓမ္မအမှုကို ယေဟောဝါကောင်းချီးပေးခဲ့ကြောင်း တွေ့ရှိခဲ့ပြီ။ အချို့နိုင်ငံများ၏တိုးတက်မှုသည် အလွန်ထူးခြားလှသည်။ ကမ္ဘာတစ်ဝှမ်းတိုးတက်မှုကို ခြုံကြည့်လျှင် လွန်ခဲ့သောနှစ်အနည်းငယ်ကထက် သာလွန်လှလေသည်။ (ဟေရှာ၊ ၆၀:၂၂) သို့သော် ကျွန်ုပ်တို့ရပ်ကွက်တွင်ကော။ ကျွန်ုပ်တို့တစ်ဦးစီ၏ ဓမ္မအမှုကော။ ကိုယ်ကိုယ်တိုင် ဓမ္မအမှု၌ ပါဝင်နေပုံနှင့် အရပ်ရပ်ရှိ အမှုဆောင်ဖက်တို့၏ စုပေါင်းဓမ္မအမှုကို အားရနေပါသလော။ ဓမ္မအမှု၌ ကျွန်ုပ်တို့တစ်ဦးစီ မရပ်မစဲကြိုးစားအားထုတ်နေသလော။
ကျွန်ုပ်တို့တစ်ဦးစီ၏ တာဝန်
၄ ရပ်ကွက်တိုင်းတွင် တစ်ပုံစံတည်းအသီးသီးသည်မဟုတ်ကြောင်း ထင်ရှားပါသည်။ (မဿဲ ၁၃:၂၃ နှင့်နှိုင်းယှဉ်ပါ။) အိုင်ယာလန် (Ireland) နှင့် ကွီဗက် (Quebec) ကဲ့သို့သော ရပ်ကွက်အချို့တွင် ဇွဲလုံ့လရှိဓမ္မအမှုဆောင်များ နှစ်ချီကြိုးစားအားထုတ်ပြီးနောက်မှ တိုးတက်လာသည်ကိုလည်းတွေ့ရှိရသည်။ အချို့နေရာများတွင် အတိုက်အခံပြုသူများစွာရှိပေသည်။ အခြားဒေသများတွင်ကား ဘုရားသခင့်နိုင်ငံတော်သတင်းကို လူတို့စိတ်မဝင်စား၊ လက်မခံဘဲနေကြ၏။ တစ်ဘက်တွင်ကြည့်လျှင် အချို့နေရာများတွင် အမှုဆောင်သူများလွန်းလှသဖြင့် ရပ်ကွက်အလုံအလောက်မရှိတော့ပေ။ မည်သို့သောရပ်ကွက်တွင် အမှုဆောင်ရစေကာမူ ကျွန်ုပ်တို့ဇွဲလုံ့လကို မလျှော့သင့်။ တမန်တော်ပေါလု ဤသို့ရေးသားခဲ့သည်။ “ငါတို့သည် အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ကျင့်လျှင် အချန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်။” (ဂလ၊ ၆:၉) ကိုယ်တော်၏ဆုံးမစကားများသည် ခရစ်ယာန်အားလုံးနှင့် သက်ဆိုင်သည်။ ယင်းသို့ အဘယ်နည်းဖြင့် ပြုလုပ်နိုင်မည်နည်း။ ကျွန်ုပ်တို့ဓမ္မအမှုကို မရပ်မစဲဘဲအဆက်မပြတ် မည်သို့ဆောင်ရွက်နိုင်မည်နည်း။
၅ ယေဟောဝါကိုအားကိုး၍ ကိုယ်တော်ပေးသောတန်ခိုးနှင့် ကျွန်ုပ်တို့ခွန်အားပြည့်နေမည်ဟု စိတ်ချနေလျှင် လှုပ်လှုပ်ရှားရှားရှိပြီး ကျွန်ုပ်တို့ဓမ္မအမှုကို အောင်မြင်စေပါလိမ့်မည်။ ရပ်ကွက်တွင် တိုးတက်မှုရှိစေနိုင်မည့်အရှင်ကား ယေဟောဝါရှင်ဖြစ်ကြောင်း အမြဲစိတ်စွဲလမ်းနေပါ။ (၁ ကော၊ ၃:၆) အကူအညီတောင်းဆိုခြင်းကို ဖြေဆိုပေးသည်အနေနှင့် ဆုံးမစကားများ၊ လက်တွေ့ကျ သွန်သင်ချက်များ၊ ကိုယ်တိုင်အသုံးပြုရန်နှင့် ကိုယ်တော်ကိုသိရှိလာစေရန် အခြားသူများကို ကူညီပေးခြင်းငှာအတွက် ကျမ်းစာစာပေ မြောက်မြားစွာ ပေးထားပါသည်။ ဤပြင်ဆင်ချက်များကို သင်အပြည့်အဝ အသုံးပြုနေပါသလော။
စိတ်ထားမှန်ကို စောင့်ထိန်းပါ
၆ ကျွန်ုပ်တို့၌ အပျက်သဘောရှိလျှင် တိုးတက်မှုရှိသော ဓမ္မအမှုအတွက် အဟန့်အတားဖြစ်စေနိုင်သည်။ လူတို့၏ တုံ့ပြန်ခဲ့ပုံကိုထောက်ပြီး သူတို့ကို မနှစ်သက်သည့်သဘောရှိနေမည်ဆိုလျှင် ကျွန်ုပ်တို့အသံနေအသံထား၊ မျက်နှာထား တွင်ပေါ်ရုံမက လယ်ကွင်းလုပ်ငန်းအတွက် ဝီရိယစိုက်ထုတ် ပြင်ဆင်မှုလည်း ရှိတော့မည်မဟုတ်။ ဟောပြောသွန်သင်ရန်တာဝန်ကို ကျွန်ုပ်တို့ရရှိထားသည်။ လုပ်ငန်းတော်ပြီးဆုံးပြီဟု မှာကြားချက်မရရှိသေးချေ။ ဘုရားသခင့်လမ်းညွှန်မှုကိုနာခံပြီး လက်အောက်ခံချင်စိတ်က ကျွန်ုပ်တို့ဓမ္မအမှုကို မရပ်မစဲဆောင်ရွက်နေရန် တိုက်တွန်းပေးနေသင့်သည်။
၇ အဆုံးမတိုင်မီ လူဆိုးတို့ကို သတိပေးခြင်းနှင့် တပည့်များစုသိမ်းခြင်းဆိုင်ရာ ယေဟောဝါ၏ရည်ရွယ်ချက် ပြီးမြောက်ရမည်။ ကျွန်ုပ်တို့ဓမ္မအမှုကို မရပ်မစဲ အမြဲဆောင်ရွက်ခြင်းအားဖြင့် ယုံကြည်ခြင်းနှင့် မေတ္တာကိုတင်ပြနေမည်ဆိုလျှင် ယခုပင် ဓမ္မအမှု၌ပါဝင်ခြင်းမှ ပျော်ရွှင်ရကာ ဘုရားသခင့်လူမျိုးနှင့်အတူ ထာဝရကောင်းချီးများခံစားရရန် မျှော်လင့်နိုင်မည်။