မေးခွန်းသေတ္တာ
● နှစ်ခြင်းယူခွင့်မရမှီ နှစ်ခြင်းမယူရသေးသောကြေညာသူတစ်ဦးသည် လယ်ကွင်းဓမ္မအမှုတွင် မည်မျှပါဝင်နှင့်ပြီးသားဖြစ်သင့်သနည်း။
နှစ်ခြင်းမယူရသေးသော ကြေညာသူဖြစ်ခွင့်ရှိသူသည် ယေဟောဝါသက်သေတစ်ဦးဖြစ်လိုသည့်ဆန္ဒပြင်းပြကြောင်း နည်းအမျိုးမျိုးဖြင့် ပြနှင့်ခဲ့ပြီ။ (ဆာ၊ ၁၁၀:၃) ကျမ်းစာကိုဝီရိယစိုက်ထုတ် လေ့လာခဲ့ရာ သူ၏အတွေးအခေါ်၊ စိတ်နေသဘောထား၊ ဘဝလမ်းစဉ်တွင် အပြောင်းအလဲများပေါ်ပေါက်ခဲ့ပြီ။ ယေဟောဝါမျက်နှာသာရ၍ ကိုယ်တော်၏အလိုတော်ကိုဆောင်ရွက်ရန် စိတ်ဆန္ဒကြောင့် ဤကဲ့သို့သော ကျမ်းစာလေ့လာမှုကိုတန်ဖိုးထားသူသည် အသင်းတော်စည်းဝေးများ၊ တိုက်နယ်နှင့် ခရိုင်စည်းဝေးပွဲများတွင် ယေဟောဝါလူမျိုးတော်နှင့် မှန်မှန်စည်းဝေးပါသည်။ (ဟေ၊ ၁၀:၂၄၊ ၂၅) ဤကဲ့သို့သော ခရစ်ယာန်စည်းဝေးပွဲများကို မှန်မှန်တက်ရောက်ရုံသာမက စည်းဝေးတွင်ဖြေဆိုခြင်းအားဖြင့် သူ၏ယုံကြည်ခြင်းကိုတင်ပြရန် လှုံ့ဆော်တိုက်တွန်းခံခဲ့ရပြီ။ သီအိုကရက်တစ်ဓမ္မအမှုဆောင်ကျောင်းတွင်လည်း နာမည်စာရင်းဝင်သူဖြစ်နေမည်။—ဆာ၊ ၄၀:၉၊ ၁၀။ အဖွဲ့အစည်း၊ စာမျက်နှာ ၉၃။
ကျမ်းစာလေ့လာသူတစ်ဦး သမ္မာတရားကိုလက်ခံပြီး နိုင်ငံတော်သတင်းကို တကယ်တန်ဖိုးထားကြောင်း သူတင်ပြလျှင် တစ်အိမ်မှတစ်အိမ်လုပ်ငန်း၌ ပါဝင်ခွင့်ရယူနိုင်သည်။ ယင်းက ယေဟောဝါသက်သေများ၏ အဓိကလုပ်ငန်းဖြစ်သည်။ (မ၊ ၂၄:၁၄။ ၂၈:၁၉၊ ၂၀။ အဖွဲ့အစည်း၊ စာမျက်နှာ ၁၃၉) ဤကိစ္စနှင့်စပ်လျဉ်း၍ သင်သား၏ဘဝအသက်တာတစ်ခုလုံးသည် ခရစ်ယာန်မူများအတိုင်းဖြစ်မဖြစ် သေချာရန် သင်အံမှုပြုလုပ်သောကြေညာသူနှင့် အကြီးအကဲများပါ တာဝန်ယူရပေမည်။ ယေဟောဝါသက်သေတစ်ဦးဖြစ်လိုသည့် စိတ်ဆန္ဒပြင်းပြသင့်သည်။ ဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်း၌ပါဝင်ခွင့်ကို တန်ဖိုးထားသင့်သည်။ —ဂလ၊ ၆:၆။ က၈၉ ၁၁/၁၅ စာမျက်နှာ ၁၇။ အဖွဲ့အစည်း၊ စာမျက်နှာ ၁၂၃-၄။ ၂၁၂-၃။
ကျမ်းစာသင်သား ကျွန်ုပ်တို့နှင့်အတူ ဓမ္မအမှုတွင် စပါဝင်ခွင့်ရရှိလာသည့်အချိန်နှင့် ရေ၌နှစ်ခြင်းခံယူရန်အချိန်သည် ကြာရှည်စရာမလိုပါ။ ယခုဆိုလျှင် သူ၏ဘဝလမ်းစဉ်သည် ခရစ်ယာန်မူများအတိုင်း ဖြစ်နှင့်နေပြီ။ သို့သော် ဓမ္မအမှုတွင် အတွေ့အကြုံနည်းဦးမည်။ လယ်ကွင်းဓမ္မအမှုတွင် မှန်မှန်နှင့်ဇွဲလုံ့လရှိရှိ စွဲစွဲမြဲမြဲပါဝင်ရန် သူစိတ်ဆုံးဖြတ်ထားကြောင်း သက်သေထူရန် အချိန်အလုံအလောက်ရသင့်သည်။—ဆာ၊ ၄၀:၈။ ရော၊ ၁၀:၉၊ ၁၀၊ ၁၄၊ ၁၅။
နှစ်ခြင်းယူရန် ထိုသူအသင့်ရှိနေမည်ဆိုလျှင် သူတစ်ထူးအား သတင်းကောင်းကို မှန်မှန်ကြေညာသူဖြစ်နေပြီး လစဉ် တစ်နာရီ၊ နှစ်နာရီသာ လယ်ကွင်းဓမ္မအမှု၌ ပါဝင်သူမဟုတ်တော့ကြောင်း ထင်ရှားမည်။ (က၈၅ ၆/၁ စာမျက်နှာ ၆၊ အပိုဒ် ၂) နှစ်ခြင်းခံယူလိုသူ၏ အခြေအနေ တစ်ဦးနှင့်တစ်ဦးတူညီမည်မဟုတ်။ သူ၏နောက်ခံ၊ အသက်အရွယ်၊ စွမ်းဆောင်နိုင်မှုအကန့်အသတ်၊ အစရှိသည်တို့ကို ထည့်တွက်သင့်သည်။ အဖွဲ့အစည်းစာအုပ်၊ စာမျက်နှာ ၂၁၄ ပါညွှန်ကြားချက်အတိုင်း အကြီးအကဲများ လိုက်လျှောက်သင့်သည်။ “ကျွန်ုပ်တို့စိတ်ဝင်စားသည့်အချက်မှာ ယေဟောဝါထံစိတ်နှလုံးပြောင်းလဲ၊ ကျမ်းစာအခြေခံအမှန်တရားများကို လက်ခံယူထားသူများကိုယ်နှိုက်ကိုဖြစ်သည်။ သင်တို့၏ မေတ္တာပါသောဖေးမမှုဖြင့် နှစ်ခြင်းခံစလူများ ဓမ္မအမှုထမ်းဆောင်ရန် ပြင်ဆင်ပေးရာကျပေမည်။”—မ၊ ၁၆:၂၄။ ယော၊ ၄:၃၄။ ၁ ပေ၊ ၂:၂၁။