နားထောင်လိုစိတ်ရှိသူတို့အား “လာခဲ့ပါ” ဟုဆက်ဖိတ်ခေါ်
၁ သမ္မာတရားသတင်းကို လူတို့စူးစိုက်နားထောင်ရန်လိုကြောင်း ယေရှုအလေးအနက်ဖေါ်ပြသည်။ (မ၊ ၁၁:၁၅။ ၁၃:၉၊ ၄၃) တန်ဖိုးထားသူတို့အား ထာဝရအသက်သို့ပို့ဆောင်နိုင်သည့်အသိပညာကို ကိုယ်တော်ပေးနေသောကြောင့် ကိုယ်တော်၏သြဝါဒကိုသဘောပေါက်ရန်အရေးကြီးသည်။—ယော၊ ၁၇:၃။
၂ ဤအသက်ပေးပညာသည် ရေငတ်သူတို့အတွက် ယခုအာသာပြေစေနိုင်သော “အသက်စမ်းရေ” ဖြစ်ပေသည်။ (ဗျာ၊ ၂၂:၁၇) ယောဟန်၏စကားများတင်ပြသည်အတိုင်း လူနည်းစုပိုင်ဆိုင်ရာ၊ ငွေရတတ်သူအား ရောင်းပေးခြင်း၊ ချို့ငဲ့သူများ မဝယ်ယူနိုင်ရာမဟုတ်ပါ။ ဖြောင့်မတ်ခြင်းတရားဆာငတ်သူအားလုံး ယေဟောဝါရက်ရောစွာပေးတော်မူသည့် အခမဲ့ဆုကျေးဇူးကို လက်ခံကြရန်တိုက်တွန်းပေးဖို့လိုသည်။ (ဟေရှာ၊ ၅၅:၁) နားထောင်လိုစိတ်ရှိသူတို့အား “လာခဲ့ပါ” ဟုဖိတ်ခေါ်နေသော ယနေ့သန်းပေါင်းများစွာသောသူတို့တွင် သင်အပါအဝင်ဖြစ်သလော။
“လာခဲ့ပါ” ဟုသင်မည်သို့ဆိုနိုင်
၃ ပထမအကြိမ်လည်ပတ်ချိန်တွင် ဖိတ်ခေါ်ချက်ကို လူအများလက်ခံလေ့မရှိကြပါ။ ယင်းကြောင့် “အသက်စမ်းရေ” ကိုသောက်ကြရန် ယေဟောဝါအဖွဲ့အစည်းသို့ “လာခဲ့ပါ” ဟုဖိတ်ခေါ်ခြင်းကို သူတို့ဘယ်တော့မျှလက်ခံမည်မဟုတ်ဟူ၍မဆိုနိုင်ပါ။ ထိုကြောင့် ပြန်လည်ပတ်မှုများကို မကြာခဏပြုလုပ်ကြရမည်ဖြစ်သည်။ စိတ်ဝင်စားသူများကိုတွေ့ဆုံသည့်အခါ အစဦး၌ပေါ်လာသောစိတ်ဝင်စားမှု မအေးစက်သွားမီ ပြန်လည်ပတ်ပါသလော။ ရက်အနည်းငယ်အတွင်း ပြန်လည်ပတ်ခြင်းက အကျိုးရှိသည်။ ဝေငှလေသမျှစာပေ၊ စိတ်ဝင်စားမှုပြသမျှသူတို့နှင့်စပ်လျဉ်း၍ တိကျမှန်ကန်၊ ပြည့်စုံသောမှတ်တမ်းများပြုလုပ်ထားပါ။ သင့်ပြန်လည်ပတ်မှုအားလုံးကို ချက်ချင်းပြုလုပ်ပြီးရန် ဤမှတ်တမ်းများကို မှန်မှန်စစ်ဆေးပါ။ သင့်ဝီရိယနှင့်ဇွဲကို ယေဟောဝါကောင်းချီးပေးပါလိမ့်မည်။ စိတ်ဝင်စားသူတို့အားလည်း အကျိုးများစွာဖြစ်ထွန်းလိမ့်မည်။
၄ ပြန်လည်ပတ်မှုများပြုလုပ်ခြင်း၏ရည်ရွယ်ချက်ကား “အသက်စမ်းရေ” တိုက်ကျွေးရန်ဖြစ်သည်။ မှန်မှန်ကျမ်းစာသင်အံမှုပြုလုပ်မှ ထိုသို့ပြုလုပ်နိုင်မည်။ ထိုကြောင့် သင်အံမှုစနိုင်ရန် ကြိုးစားပါ။ တစ်ခါတစ်ရံ သင်အံမှုမစနိုင်မီ ပြန်လည်ပတ်မှုပေါင်းများစွာပြုရကောင်းပြုရမည်။ ပထမအကြိမ်လည်ပတ်ချိန်၊ ပြန်လည်ပတ်သွားသည်နှင့် သို့မဟုတ် ပြန်လည်ပတ်မှုများစွာပြုလုပ်ပြီးနောက်မှ သင်အံမှုစဖြစ်ဦးတော့ “လာခဲ့ပါ” ဟုဖိတ်ခေါ်ရာတွင် သစ္စာရှိရှိဆုတောင်းလျက်ပြုရန်လိုပါသည်။
၅ နိုင်ငံတော်ခန်းမ၌စည်းဝေးများတက်ရန် သင်အံမှုစဖြစ်မှ ခေါ်ဖိတ်ရန်မလိုပါ။ ပထမအကြိမ်ရောက်သွားချိန်တွင်ပင် စည်းဝေးများသို့ခေါ်ဖိတ်ပါ။ သူတို့အားဝေစာများပေးပါ။ စည်းဝေးများတက်ကြမှသာ လာခဲ့ပါဟူသောဖိတ်ခေါ်ချက်ကိုလက်ခံပြီဟု ဆိုနိုင်ပေသည်။
၆ ထိုကြောင့် ယေဟောဝါ၏သစ္စာရှိကျေးကျွန်များအနေနှင့် ပြန်လည်ပတ်မှုနှင့်ကျမ်းစာသင်အံမှုများများ ပြုလုပ်ကြစို့။ ယေရှုခရစ်၏စစ်မှန်သောတပည့်များအနေနှင့် ကျွန်ုပ်တို့၏ပြန်လည်ပတ်မှုနှင့်ကျမ်းစာသင်အံမှုအရည်အသွေးကို တိုးတက်ရန် ကြိုးစားကြစို့လေ။