ရှေ့ဆောင်ခြင်း—ချစ်ခြင်းမေတ္တာတင်ပြပုံ
၁ ယေဟောဝါကိုလည်းကောင်း၊ လူလူချင်းကိုလည်းကောင်း ချစ်ခြင်းက ဟောပြောခြင်းလုပ်ငန်းတွင် ကျွန်ုပ်တို့အား အပြည့်အဝပါဝင်စေသည်။ ယေဟောဝါနှင့်လူလူချင်းအတွက်မေတ္တာတိုးပွားလာသည်နှင့်အမျှ ဓမ္မအမှုတွင် ပိုမိုပါဝင်ရန်စီစဉ်ပေးဖို့ တိုက်တွန်းခံရသည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်ပါ “တိကျမှန်ကန်သောအသိပညာ” တိုးပွားလာသည့်အခါ ကျွန်ုပ်တို့မေတ္တာလည်း တိုးများလာသည်။ (ဖိ၊ ၁:၉၊ ၁၀) ယေဟောဝါအလိုတော်ကို ပိုသိရှိလာလေ၊ ကျွန်ုပ်တို့အသက်ရှင်နေသည့်အချိန်ပိုင်း၏ အရေးကြီးမှုကို ပိုသိနားလည်လာလေဖြစ်သည်။ ယင်းက သူတစ်ပါးအတွက်စိုးရိမ်စိတ် ပိုများလာစေသည်။ ဤသို့မေတ္တာပါစိုးရိမ်စိတ်ကြောင့် ရှေ့ဆောင်လုပ်ငန်းတွင် ပါဝင်နေသူများစွာရှိသည်။
၂ သင်သည်လည်း အရန် သို့မဟုတ် မှန်မှန်ရှေ့ဆောင်ဖြစ်နိုင်ရန် လိုအပ်သလိုပြုပြင် ပြင်ဆင်ပေးနိုင်မည်လော။ ကျွန်ုပ်တို့အားလုံး ရှေ့ဆောင်လုပ်ငန်းတွင် မပါဝင်နိုင်သည်ကားမှန်၏။ သို့သော် မိမိအခြေအနေကို ဆုတောင်းလျက်ဆင်ခြင်သုံးသပ်ကြည့်သင့်သည်။
၃ အရန်ရှေ့ဆောင်ရန်အချိန်ပိုရှိသည့်ခရစ်ယာန်များသည် နည်းပါသည်။ ထိုကြောင့် ကျွန်ုပ်တို့အချိန်ပေးနေရသည့် မလိုအပ်သောအရာများမှ ‘အခန့်သင့်အချိန်ကိုဝယ်ယူ’ ရန်လိုအပ်လာပါသည်။ (ဧ၊ ၅:၁၅-၁၇) ဘုရားသခင်ကိုလည်းကောင်း၊ လူလူချင်းကိုလည်းကောင်း ချစ်မြတ်နိုးကြသောကြောင့် ကိုယ့်မေတ္တာကိုပိုတင်ပြနိုင်ရန် ကိုယ်ရေးကိုယ်တာနှင့်ဆိုင်သော မက်မောစရာများ၊ ဇိမ်ခံမှုများအနက် အချို့ကိုစွန့်လွှတ်ရန် အသင့်ရှိသင့်သည်။ (မာ၊ ၁၂:၃၃) ရရှိထားသည့်အရာများစွာကို သာမန်ဟူ၍ကျွန်ုပ်တို့သဘောထားမည်ဖြစ်ဦးတော့ ကမ္ဘာ့ဒေသအခြားတစ်နေရာတွင် ယင်းကို ဇိမ်ခံပစ္စည်းဟူ၍သာယူမှတ်ပေမည်။
၄ ဘုရားကိုဤအာရုံပြုသည့်နည်းဖြင့် သားသမီးများပင်စဉ်းစားတတ်ရန် မိဘများမည်သို့ကူညီပေးနိုင်သနည်း။ ငယ်ရွယ်စဉ်ကတည်းက သားသမီးများရှေ့ သီအိုကရက်တစ်ပန်းတိုင်များကို မိဘများထားပေးသင့်သည်။ ကျောင်းထွက်ခါနီးချိန်တွင် လောကီအလုပ်လုပ်ကိုင်ရန် သို့မဟုတ် ဝိညာဉ်ရေးပန်းတိုင်များထားရန် သူတို့စဉ်းစားနေပါသလော။ ရှေ့ဆောင်လုပ်ငန်းကို အသက်ငယ်ရွယ်စဉ်ကတည်းကပါဝင်ခြင်း၏ အကျိုးကျေးဇူးများကို လူငယ်များအားသဘောပေါက်စေလိုသည်။ ယင်းကား ကောင်းကင်တွင် ဘဏ္ဍာဆည်းပူးခြင်းဖြစ်သည်။ (မ၊ ၆:၁၉-၂၁) ယင်းသည် ဘုရားသခင့်အလိုတော်နှင့်ညီသည့်ပြင် ကိုယ်တော်အားသစ္စာတည်ကြည်မြတ်နိုးကြောင်းထင်ရှားစေသည်။ သူတစ်ပါး၏အသက်ကိုလည်း ကယ်ဆယ်ပေးနိုင်သည်။
၅ ‘လူအသီးသီးကယ်တင်ခြင်းရရန်’ ဘုရားသခင်အလိုတော်ရှိသည်။ (၁ တိ၊ ၂:၄) ယင်းသည် ကျွန်ုပ်တို့အလိုဆန္ဒလည်းဖြစ်ကြောင်း တင်ပြနိုင်ပါသလော။ ဘုရားသခင့်နိုင်ငံတော်ရေးရာများကို ရှေ့ဦးထားရန်အသင့်ရှိလျှင် ထိုသို့ပြုလုပ်နိုင်ပါသည်။ ဘဝ၏လိုအပ်ရာများကို ယေဟောဝါဖြည့်စွက်ပေးနိုင်ကြောင်း စိတ်ချခြင်းအားဖြင့်လည်း ထိုသို့ပြုလုပ်နိုင်ပါသည်။ (မ၊ ၆:၃၁-၃၃) စီးပွားရေးအခြေအနေ ဆိုးသည်ထက်ဆိုးလာနိုင်သည်။ သို့သော် ကျွန်ုပ်တို့ကိုဂရုစိုက်မည်ဟူ၍ ယေဟောဝါ၏ကတိတော်မူကား မပြောင်းလဲပါ။—ဆာ၊ ၃၇:၂၅။
၆ ကျွန်ုပ်တို့အခြေအနေများခွင့်ပေးသမျှ လယ်ကွင်းဓမ္မအမှု၌ ကြိုးစားပါဝင်ခြင်းသည် မေတ္တာတင်ပြပုံဖြစ်သည်။ အချို့သူများသည် မှန်မှန်ရှေ့ဆောင်ခြင်းအားဖြင့် မေတ္တာတင်ပြကြမည်။ စက်တင်ဘာ ၁၊ ၁၉၉၂ မှစ၍ ထိုသို့ပြုနိုင်ရန် အတတ်နိုင်ဆုံးကြိုးစား ကြည့်ပါလေ။