ကျမ်းစာသင်အံမှုစရန်ပန်းတိုင်နှင့် ပြန်လည်ပတ်ခြင်း
၁ စိတ်ဝင်စားသူတစ်ဦးကိုတွေ့ရှိပြီးနောက် ဤစိတ်ဝင်စားမှုမပျောက်ပျက်သွားစေရန် စေ့ငစွာပြုမူပေးရန်လိုပါသည်။ ပြန်လည်ပတ်မှုများပြုလုပ်ခြင်းအားဖြင့် အသက်ရရှိစေနိုင်သည့် ကျမ်းစာဆွေးနွေးခန်းများ၊ ကျမ်းစာသင်အံမှုများရရှိနိုင်မည်။ ထိရောက်သောပြန်လည်ပတ်မှုများပြုရန် အောက်ပါအကြံပြုချက်များကိုသုံးသပ်ပါ။
ပထမအကြိမ်တွင်ပင် ပြန်လည်ပတ်မှုပြုလုပ်နိုင်ရန် လမ်းခင်းကျင်းပေးဖို့ ဤသို့ပြောနိုင်သည်။
▪ “ဘာသာပေါင်းများစွာ ဘာကြောင့်ရှိရတယ်ဆိုတာကို စဉ်းစားကြည့်ဖူးသလား။” ပြန်လည်ပတ်မှုသွားချိန်တွင် ဤသို့ပြောနိုင်သည်။ “အရင်တစ်ခေါက်က ဘာသာတွေဘာကြောင့်ဒီလောက်များရတဲ့အကြောင်း မေးခွန်းထုတ်ခဲ့တယ်။ အကြောင်းများစွာရှိတယ်။ ဒီမေးခွန်းအဖြေကို ကြိုရှာဖွေလေ့လာထားလို့ တွေ့ရှိလိုက်ရတဲ့စိတ်ဝင်စားစရာအကြောင်းတစ်ခုကို ဖတ်ပြချင်တယ်။” Reasoning စာအုပ်၊ စာမျက်နှာ ၃၂၂၊ “ဘာသာများ အဘယ်ကြောင့်ဤမျှများပြားရ” ခေါင်းစဉ်ပါအကြောင်းကိုဖတ်ပါ။
၂ ဘာသာတိုင်းတွင် ဘုရားသခင်ရှိနိုင်ပါမည်လော။ ဘာသာတစ်ခုတွင် ဘုရားသခင်ရှိနိုင်ရန် အကျင့်ကောင်းများထင်ရှားစေရမည်။
ပြန်လည်ပတ်မှုအတွက်လမ်းခင်းထားရန် ဤသို့မေးနိုင်သည်။
▪ “ဘာသာတစ်ခုဟာ လူတစ်ယောက်ရဲ့အကျင့်ကို ဘယ်လိုဖြစ်စေသင့်သလဲ။ မဿဲ ၇:၁၇-၂၀ မှာယေရှုခရစ်ပြောခဲ့တဲ့စကားက စစ်မှန်သောဘာသာမှာရှိသင့်တဲ့အချက်များကို သိစေတယ်။” Mankind’s Search for God စာအုပ်၊ စာမျက်နှာ ၁၂၊ အပိုဒ် ၁၉ အဆုံးမှကျမ်းပိုဒ်ကိုဖတ်ပြပါ။ ထိုနောက် စာမျက်နှာ ၁၃ ပါရုပ်ပုံတွင် ဘာတွေ့ရှိရကြောင်း အိမ်ရှင်အားမေးမြန်းပါ။ “ဘုရားယုံကြည်တယ်လို့ လူသန်းနဲ့ချီပြောဆိုကြပေမယ့် သူတို့အကျင့်က စကားနဲ့မညီဘူး။” ထိုနောက် အပိုဒ် ၂၀ ၏ပထမဝါကျနှစ်ခုကိုဖတ်ပါ။ “အချင်းချင်းမက ရန်သူကိုတောင်ချစ်ရမယ်လို့ ခရစ်တော်၏စကားကိုနားမထောင်တဲ့ဘာသာများကို ဒီအဓမ္မအကျင့်များက ထင်ရှားပြတယ်။ နောက်တစ်ခါလာတဲ့အခါ အကျင့်ကောင်းများကျင့်တဲ့ဘာသာဆိုယင် ဘာလုပ်နေရမယ့်အကြောင်း ဆွေးနွေးရအောင်။”
၃ စစ်မှန်သောဘုရားကိုရှာသူများအတွက် အဘယ်အနာဂတ်ရှိသနည်း။ Mankind’s Search for God စာအုပ်ထဲမှ ဤမေးခွန်းကိုတိုက်ရိုက်ဆွေးနွေးခြင်းက ကျမ်းစာသင်အံမှုစနိုင်စရာအကြောင်း ရှိစေနိုင်သည်။
စကားစမြည်စတင်ပေးရန် သင်ပြောဆိုနိုင်မည်ကား၊
▪ “စီးပွားရေးအခြေအနေကိုထောက်ပြီး လူအများက အနာဂတ်အတွက် စိုးရိမ်နေကြတယ်။ အနာဂတ်အတွက် အားရှိစရာများကို သမ္မာကျမ်းစာကဖော်ပြထားတယ်။ ဟေရှာယ ၆၅:၂၁၊ ၂၂၊ ၂၅ မှာပါတဲ့ ဘုရားသခင့်ကတိတော်ကို ပြောပြပါရစေ။ [ကျမ်းချက်ကိုဖတ်၍ လိုရင်းချက်ရှင်းပြပါ။] Mankind’s Search for God စာအုပ်က စာမျက်နှာ ၃၇၂၊ အပိုဒ် ၁၇ ကစပြီး ဒီအကြောင်းနဲ့ပတ်သက်လို့ စိတ်ဝင်စားစရာမေးခွန်းများကို ဖြေဆိုပေးထားတယ်။” ထိုနောက်ကျမ်းစာသင်အံမှုအစီအစဉ်ကို အပိုဒ် ၁၇-၂၀ အသုံးပြုကာသရုပ်ပြပေးပါ။ “နောက်အပတ်ကျယင် ကမ္ဘာသစ်အတွက်အုတ်မြစ်အကြောင်းကို ကျမ်းစာက ဘယ်လိုကတိပေးထားတဲ့အကြောင်း ဆွေးနွေးချင်တယ်။”
၄ ကမ္ဘာတစ်ဝန်းလူမျိုးအပေါင်းတို့အား စေ့ငစွာသက်သေခံခြင်းလုပ်ငန်း၌ပါဝင်ရန် ကျန်ကြွင်းသောအချိန်ကို ပညာရှိစွာအသုံးပြုပါ။ (တ၊ ၂၀:၂၁ နှိုင်းယှဉ်။) ကျမ်းစာသင်အံမှုရရှိရန်ပန်းတိုင်နှင့် ပြန်လည်ပတ်မှုများပြုလုပ်ခြင်းအားဖြင့် ကြားနာသူများ အသက်ရရှိနိုင်ပေမည်။ (ဤစာအုပ်မရှိလျှင် ၁၉၉၁ နိုဝင်ဘာလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်မှာ ၆ ပါ “သတင်းကောင်းဝေငှခြင်း—အိမ်တွင်းကျမ်းစာသင်အံမှုကမ်းလှမ်းခြင်းဖြင့်” ဆောင်းပါးကိုအသုံးပြုနိုင်ပါသည်။)