ရွေးနှုတ်ဖိုးကို တန်ဖိုးထားကြောင်း တင်ပြခြင်း
၁ သေလွန်သွားသောမိတ်ဆွေ၊ သို့မဟုတ် ဆွေမျိုးတစ်ဦးကိုမြတ်နိုးကြောင်း ဖော်ပြခြင်းသည် ယဉ်ကျေးမှုတိုင်း၌ရှိသောအကျင့်ဖြစ်သည်။ အထူးသဖြင့် ချစ်မြတ်နိုးရသူသည် တစ်ဦးတစ်ယောက်အား အသက်ကယ်ဆယ်နေစဉ် သေလွန်သွားပါက ထိုသူအား ပို၍တန်ဖိုးထားလေးမြတ်တတ်သည်။ ထာဝရအသက်ရရှိရန် မျှော်လင့်သူအားလုံး ဧပြီ ၆ ရက်နေ့တွင် ခရစ်တော်၏သေခြင်း အောက်မေ့ရာပွဲတော် တက်ရောက်ခြင်းအားဖြင့် ရွေးနှုတ်ဖိုးအစီအစဉ်ကို တန်ဖိုးထားလေးမြတ်ကြောင်းတင်ပြနိုင်ဖို့ အကြောင်းကောင်းများစွာရှိကြပါသည်။—၂ ကော၊ ၅:၁၄။ ၁ ယော၊ ၂:၂။
၂ ယေဟောဝါ၏မေတ္တာတော်ကို တန်ဖိုးထားလေးမြတ်ပါလေ– ရွေးနှုတ်ဖိုးကိုစီစဉ်ပေးတော်မူခဲ့သော ကျွန်ုပ်တို့အား အများဆုံးအကျိုးပြုသူ ယေဟောဝါဘုရားသခင်ကို နက်ရှိုင်းစွာတန်ဖိုးထားလေးမြတ်ကြောင်းတင်ပြရန် အလွန်လျောက်ပတ်သည်တကား။ (၁ ယော၊ ၄:၉၊ ၁၀) ထူးမြတ်သောရွေးဖိုးဆုကျေးဇူးအဖြစ် ဖြောင့်မတ်သောကောင်းကင်တမန် သန်းပေါင်းများစွာအနက် တစ်ပါးပါးမျှသာမဟုတ်၊ ယေဟောဝါ၏ တစ်ပါးတည်းသော ချစ်မြတ်နိုးရဆုံးသားတော်ကို စေလွှတ်တော်မူခဲ့ခြင်းက ကိုယ်တော်၏မေတ္တာတော် မည်မျှကြီးမားတော်မူကြောင်း ထင်ရှားပါသည်။ (သု၊ ၈:၂၂၊ ၃၀) ယေဟောဝါကို အသိကျွမ်းဆုံးဖြစ်သူ၊ ဤသားတော် ယေရှုခရစ်က ဤသို့သတိပေးတော်မူ၏။ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။”—ယော၊ ၃:၁၆။
၃ ယေရှုခရစ်၏ မေတ္တာတော်ကို တန်ဖိုးထားလေးမြတ်ပါလေ– ထိုနည်းထပ်တူ၊ လူအများကိုရွေးခြင်းငှာ အသက်ကိုစွန့်တော်မူသော ယေရှုခရစ်အား များစွာကျေးဇူးတင်လေးမြတ်ကြောင်း တင်ပြခြင်းသည် လျောက်ပတ်ပေသည်။ (မ၊ ၂၀:၂၈) ရွေးနှုတ်ဖိုးနှင့်စပ်လျဉ်း၍ ယေဟောဝါအလိုအတော်ကို စိတ်စေတနာအပြည့် ဆောင်ရွက်ခြင်းအားဖြင့် ကိုယ်တော်၏မေတ္တာတော် ထင်ရှားပါသည်။ ကျွန်ုပ်တို့အားရွေးနှုတ်ခြင်းငှာ ခမည်းတော်နှင့်အတူ ဖြောင့်မတ်သောကောင်းကင်တမန် အသင်္ချေတို့နှင့် ပေါင်းသင်းခဲ့ရသည့် ပျော်မွေ့ဖွယ်အခြေအနေကို ကိုယ်တော်စွန့်လွှတ်တော်မူခဲ့ရကြောင်း သုံးသပ်ကြည့်ပါလေ။ အပြစ်ရှိလူသားများအလယ် သူတို့အောက် နှိမ့်ချနေရမည့်အဖြစ်၊ ရွေးဖိုးပေးရန် အသေခံတော်မူရမည့်အကြောင်း သိခြင်းကပင် ကိုယ်တော်အတွက် အတားအဆီးမဖြစ်ခဲ့ပါ။ ယင်းအစား “အစေခံကျွန်၏သဏ္ဌာန်ကိုယူဆောင်လျက် လူကဲ့သို့သောအဖြစ်၌ ဖွားမြင်ခြင်းကိုခံတော်မူ၏။ . . . အသေခံခြင်းသာမဟုတ် လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုယ်ကိုနှိမ့်ချတော်မူ၏။”—ဖိ၊ ၂:၅-၈။
၄ ရွေးနှုတ်ဖိုးကို တန်ဖိုးထားလေးမြတ်ကြောင်း မည်သို့တင်ပြမည်နည်း– ကျေးဇူးတင်ရုံထက်မက ရွေးနှုတ်ဖိုးကိုလေးမြတ်ကြောင်း တင်ပြရမည်။ ယေရှုခရစ်မှတစ်ဆင့် ဘုရားသခင်၏ကယ်တင်ခြင်းအစီအစဉ်ကို ကျွန်ုပ်တို့သင်ယူရန်လိုပါသည်။ (ယော၊ ၁၇:၃) ထိုနောက် ရွေးနှုတ်ဖိုးကို ယုံကြည်ကြောင်း ထင်ရှားစေရမည်။ (တ၊ ၃:၁၉) တစ်ကြိမ်တည်းတွင် ယေဟောဝါဘုရားသခင်အား မိမိကိုယ်ကိုဆက်ကပ်အပ်နှံ၍ နှစ်ခြင်းခံယူရန် တိုက်တွန်းခံရပါလိမ့်မည်။ (မ၊ ၁၆:၂၄) မိမိ၏ဆက်ကပ်အပ်နှံခြင်းနှင့်အညီ အသက်ရှင်နေထိုင်စဉ် ကယ်တင်ခြင်းရခြင်းငှာ ရွေးနှုတ်ဖိုးအစီအစဉ်အကြောင်းကို သူတစ်ပါးသိရှိစေရန် ရသမျှအခွင့်အရေးကို အသုံးပြုသင့်ပါသည်။—ရော၊ ၁၀:၁၀။
၅ ကျွန်ုပ်တို့တွင် ဤတောင်းဆိုချက်များကို မပြုလုပ်နိုင်သူမည်သူမျှမရှိပါ။ မိက္ခာ ၆:၈ ကဤသို့အာမခံ၏။ “တရားသဖြင့်ပြုခြင်း၊ ကရုဏာကိုနှစ်သက်ခြင်း၊ သင်၏ဘုရားသခင့်ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့်ကျင့်နေခြင်းမှတစ်ပါး အဘယ်ပူဇော်သက္ကာကို ထာဝရဘုရား [ယေဟောဝါ၊ ကဘ] တောင်းတော်မူသနည်း။” ထိုနည်းတူ ယေဟောဝါအား ဒါဝိဒ် ဤသို့ဆိုသည်။ “ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်ကြောင့်ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် ကိုယ်တော်၏ဥစ္စာထဲကသာ ကိုယ်တော်အား ပူဇော်ပါ၏။”—၅ ရာ၊ ၂၉:၁၄။
၆ ယေဟောဝါ၏ထူးမြတ်လှသောပြင်ဆင်တော်မူချက်ကို ပိုမိုတန်ဖိုးထားတတ်ရန် သတိရအောက်မေ့ပွဲနေ့ရက်မတိုင်မီ မိသားစုလိုက် အကြီးမြတ်ဆုံးလူသား စာအုပ်မှ အခန်း ၁၁၂ မှ ၁၂၆ ကိုဖတ်ရှုလေ့လာကြပါလေ။ ဤနည်းအားဖြင့် ဧပြီ ၆၊ ၁၉၉၃ တွင်ကျင်းပမည့် သတိရအောက်မေ့ပွဲမတိုင်မီ ရွေးနှုတ်ဖိုးကို တန်ဖိုးထားလေးမြတ်ကြောင်း တင်ပြခြင်းငှာ ကျွန်ုပ်တို့အားလုံး အသင့်ရှိနေကြပေမည်။