“လူမျိုးတို့သည် သင်တို့ကို မုန်းကြလိမ့်မည်”
၁ မကြာသေးမီနှစ်များအတွင်း ကမ္ဘာတစ်ဝန်း ယေဟောဝါ၏လူများ ခံစားခဲ့ရသည့် အံ့သြဖွယ်ကောင်းချီးမင်္ဂလာများအကြောင်း ကြားသိကြရသည့်အတွက် ကျွန်ုပ်တို့အားလုံး ဝမ်းမြောက်ခဲ့ကြသည်။ မာလာဝီနိုင်ငံတွင် ရက်စက်ကြမ်းကြုတ်စွာ ဖိစီးနှိပ်စက်ခြင်းကို ၂၆ နှစ်လုံးလုံးခံခဲ့ရပြီးနောက် လုပ်ငန်းတော်ကို တရားဝင်အသိအမှတ်ပြုခဲ့သဖြင့် ဝမ်းသာအားရပြီး မျက်ရည်ကျခဲ့ကြပါသည်။ အရှေ့ပိုင်းဥရောပတွင် ဘုရားတရားမဲ့ ကွန်မြူနစ်ဝါဒ ကျဆုံးသည့်အတွက် ယင်း၏ဖိစီးမှုအောက်မှ ညီအစ်ကိုများထောင်ချီ၍ လွတ်မြောက်လာခြင်းကြောင့် စိတ်သက်သာမှုရ၍ သက်ပြင်းချခဲ့ကြပြီ။ ဂရိနိုင်ငံတွင် လွတ်လပ်စွာကိုးကွယ်ခြင်း တရားဝင်မဝင် စုံစမ်းခံရခြင်းကို စိုးရိမ်တကြီးဖြစ်ခဲ့ကြပါသည်; ဥရောပ တရားရုံးချုပ်တွင် အပြတ်အသတ် အမှုနိုင်ခဲ့သည့်အတွက် အလွန်အားရဝမ်းသာခဲ့ကြသည်။ သမ္မာတရားရှာဖွေသူများအတွက် စာအုပ်စာတမ်းအမြောက်အမြားထုတ်လုပ်ပေးနိုင်ရန် အသင်းမ၏ဌာနခွဲများကို အကြီးအကျယ်တိုးချဲ့ခဲ့သည့်သတင်းများကြောင့် များစွာပျော်ရွှင်ခဲ့ကြပြီ။ ယူခရိန်းနိုင်ငံ၊ ကီယက်ဖ်မြို့တွင်ကျင်းပခဲ့သော စည်းဝေးပွဲကြီး၌ ၇,၄၀၀ ကျော်နှစ်ခြင်းခံခဲ့သည့်သတင်းကိုရ၍ မအံ့သြဘဲမနေနိုင်ခဲ့ပါ။ မှန်ပါသည်။ နိုင်ငံတော်လုပ်ငန်းတွင် ဤသို့သော ထူးခြားသည့်တိုးတက်မှုများက ကျွန်ုပ်တို့အား အထူးတလည်ဝမ်းမြောက်ရွှင်လန်းမှုပေးခဲ့ပြီ။
၂ ဝမ်းသာအားရစရာအကြောင်း ကြီးမားသည်မှန်သော်လည်း အလွန်အကျွံစိတ်တက်ကြွခြင်းကို သတိပြုဖို့လိုပါသည်။ အခြေအနေကောင်းများကို ဆက်တိုက်ကြားသိနေရသဖြင့် သတင်းကောင်းကို တိုက်ခံဆန့်ကျင်မှု မရှိတော့၍ ကမ္ဘာတစ်ဝန်း ယေဟောဝါလူမျိုးကို လက်သင့်ခံနေပြီဟု ထင်ယောင်ထင်မှား ဖြစ်စေနိုင်သည်။ ဤသို့တွေးခေါ်ခြင်းသည် လွဲမှားနိုင်သည်။ အားရစရာ အောင်ပွဲအချို့ခံခဲ့ရ၍ နိုင်ငံအသီးသီးတွင် သတင်းကောင်းကို တားဆီးပိတ်ပင်မှုလျှော့ပေါ့စေနိုင်ခဲ့ပြီမှန်သော်လည်း ဤလောကနှင့်စပ်လျဉ်းသည့် ကျွန်ုပ်တို့၏အခြေခံဆက်ဆံမှုသည် မပြောင်းလဲကြောင်းကို မမေ့လျော့သင့်ပါ။ ယေရှု၏တပည့်နောက်လိုက်များအဖြစ် ကျွန်ုပ်တို့သည် “ဤလောကနှင့်မစပ်ဆိုင်ပါ။” သို့ဖြစ်သောကြောင့် “လူမျိုးတို့သည် သင်တို့ကို မုန်းကြလိမ့်မည်။” (ယော. ၁၅:၁၉; မ. ၂၄:၉) ဤအစီအစဉ်စနစ်ရှိနေသရွေ့ “ယေရှုခရစ်၏တရားတော်နှင့်အညီ ဘုရားဝတ်၌မွေ့လျော်၍ နေခြင်းငှာ အလိုရှိသောသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းကိုခံရကြလိမ့်မည်” ဟူသောအခြေခံတရားကို အဘယ်အရာမျှ ပြောင်းလဲစေမည်မဟုတ်ပါ။—၂ တိ. ၃:၁၂။
၃ ဤသတိပေးချက် မှန်ကန်ကြောင်းကို သမိုင်းက ထောက်ခံပါသည်။ ခရစ်ယာန်ဘာသာတရားကို စတည်ထောင်သူ ယေရှုသည် တန်ခိုးအာဏာရှိမင်းများနှင့် ယင်းတို့၏တိုင်းသူပြည်သားများရှေ့ ထူးခြားစွာသက်သေထူခဲ့သော်လည်း နေ့စဉ်ပင် ပြစ်တင်ကဲ့ရဲ့မှုများနှင့် အသက်အန္တရာယ်ထိခိုက်သည့်အထိ ဒုက္ခဆင်းရဲခံခဲ့ရသည်။ ကိုယ်တော့်တမန်တော်များသည် များစွာသောသူတို့အား တပည့်ဖြစ်စေခဲ့၍ ခရစ်ယာန်ဂရိကျမ်းစာစောင်များကို ရေးသားပြီး၊ အံ့ချီးဖွယ် ဝိညာဉ်ဆုကျေးဇူးများကို တင်ပြနိုင်ခဲ့သည့်တိုင် အလားတူပင် မုန်းတီးခံရ၍ နှိပ်စက်ညှဉ်းပန်းခံခဲ့ကြရသည်။ သူတို့၏အမူအကျင့်ကောင်း၊ အိမ်နီးချင်းမေတ္တာ ပြသခဲ့ကြသော်လည်း ခရစ်ယာန်အားလုံးကို လူအများစုက “အရပ်ရပ်တို့၌ ကဲ့ရဲ့အပြစ်တင်ခြင်းကိုခံရသော” ရွံမုန်းစရာ “ဘာသာ” ဟုယူမှတ်ခဲ့ကြသည်။ (တ. ၂၈:၂၂) ကမ္ဘာချီ ခရစ်ယာန်အသင်းတော်ကို ယနေ့ အံ့ချီးဖွယ်နည်းဖြင့် ယေဟောဝါ၏အလိုတော် ပြီးမြောက်ရေးအတွက် ကိုယ်တော်အသုံးပြုနေသည်မှန်သော်လည်း အဆက်မပြတ် အတိုက်အခံပြုခံခဲ့ရပြီး ဤဆိုးသွမ်းသောအစီအစဉ်စနစ်အဝင်ဖြစ်သူများ၏ ကဲ့ရဲ့အပြစ်တင်ခြင်းကို ခံခဲ့ရပြီ။
၄ ဤပထမရာစုအတွင်း ယေရှု၏တပည့်တော်များကို နည်းအမျိုးမျိုးဖြင့် စာတန်နှိပ်စက်ညှဉ်းပန်းခဲ့ပြီ။ အတိုက်အခံပြုသူများသည် မုန်းတီးစိတ်ဖြင့် သူတို့အား အထင်မှားသွားစေကြရန် ဗြောင်လိမ်ညာပြောဆိုခဲ့ကြပြီ။ (တ. ၁၄:၂) သူတို့အား ခြိမ်းခြောက်ခဲ့ကြသည်။ (တ. ၄:၁၇၊ ၁၈) အမျက်ထွက်နေသောလူအုပ်က သူတို့အား တားဆီးပိတ်ပင်ရန် ကြိုးစားကြသည်။ (တ၊ ၁၉:၂၉-၃၄) မတရားသဖြင့် အကျဉ်းချခံကြရသည်။ (တ. ၁၂:၄၊ ၅) နှိပ်စက်ညှဉ်းပန်းသူတို့သည် မကြာခဏ အပြင်းအထန်ကိုယ်ထိလက်ရောက်အကြမ်းဖက်ကြသည်။ (တ. ၁၄:၁၉) တစ်ခါတရံ အပြစ်မဲ့သူများကို တမင်တကာသတ်ဖြတ်ခဲ့ကြသည်။ (တ. ၇:၅၄-၆၀) ဤကဲ့သို့သော ရက်စက်ကြမ်းကြုတ်မှုများကို တမန်တော်ပေါလုကိုယ်တိုင် ခံခဲ့ရသည်။ (၂ ကော. ၁၁:၂၃-၂၇) အခွင့်အရေးရတိုင်း ဟောပြောခြင်းလုပ်ငန်းကို နှောင့်ယှက်အတိုက်အခံပြုကြပြီး ဤသစ္စာရှိ အမှုဆောင်များကို နှိပ်စက်ကြပါသည်။
၅ ယနေ့ ထပ်တူနည်းဗျူဟာတို့ကို စာတန်အသုံးပြုလျက်ပင်ရှိသည်။ ကျွန်ုပ်တို့အား လမ်းပြညွှန်ကြားမှုလွဲမှားခံရသော တစ်ယူသန်ဂိုဏ်းအဖြစ် ဖော်ပြလို၍ ဗြောင်လိမ်လည်ပြောဆိုကြပြီ။ အချို့နိုင်ငံများတွင် ကျွန်ုပ်တို့၏စာပေများသည် ဆူပူထကြွမှုဖြစ်စေသည်ဟု အာဏာရှင်တို့က စီရင်ချက်ချ၍ ပိတ်ပင်ခဲ့ပြီ။ အသွေး၏မြင့်မြတ်မှုကို ကျွန်ုပ်တို့တန်ဖိုးထားလေးစားသည့်အတွက် လူထု၏ပြစ်တင်ရှုတ်ချမှုနှင့် စိန်ခေါ်ခြင်းကို ခံခဲ့ကြရပြီ။ ၁၉၄၀ ပြည့်လွန်နှစ်များအတွင်း အလံကိုအလေးပြုခြင်းကိစ္စဖြင့် ရုန်းရင်းဆန်ခတ်လူအုပ်ရန်ကြောင့် ညီအစ်ကိုများ ထိခိုက်ဒဏ်ရာရပြီး ပစ္စည်းဥစ္စာများ ဖျက်စီးခံခဲ့ရသည်။ ကြားနေဝါဒကျင့်သုံးခြင်းကြောင့် ထောင်ချခံရသူ ထောင်ချီရှိခဲ့သည်။ အာဏာရှင်စနစ်ကျင့်သုံးသောနိုင်ငံများရှိ ညီအစ်ကိုများကို တော်လှန်ပုန်ကန်သူများဟု မတရားစွပ်စွဲပြီး ရက်စက်ကြမ်းတမ်းစွာ ညှဉ်းဆဲခံရပြီး၊ အကျဉ်းထောင်နှင့် ချွေးတပ်စခန်းများတွင် သတ်ဖြတ်ခံရသူ ရာချီရှိပါသည်။ ကျွန်ုပ်တို့သည် လူမျိုးတို့၏ မုန်းတီးမှုခံရသူများဖြစ်ကြောင်း မတရားဖိစီးမှုများကို မပြတ်မစဲ ခံနေရခြင်းက ထင်ရှားစေပါသည်။ —ကြွေးကြော်သူများ၊ အခန်း ၂၉ ရှု။
၆ အနာဂတ်တွင် ဘာတွေ့ရှိမည်နည်း။ ကမ္ဘာ့ဒေသ တစ်နေရာရာတွင် ညှဉ်းပန်းမှုလျော့ပေါ့လာခြင်းကို ယေဟောဝါ၏လူမျိုး တစ်ခါတစ်ရံ တွေ့ကြုံရမည်ရှိသော်လည်း တကယ်တန်းအခြေအနေမူကား မပြောင်းလဲချေ။ ၁၉၁၄ ခုနှစ်တွင် အောက်သို့နှင်ချခံရခြင်းကို မာရ်နတ် အမျက်ထွက်နေဆဲရှိသည်။ သူ၏အချိန်ကာလ တိုးတောင်းသည်ကိုကောင်းစွာသိထားသည်။ သို့ဖြစ်၍ ကြီးစွာသောဒုက္ခ နီးကပ်လာလေ သူ့အမျက်ဒေါသ ပိုပြင်းထန်လာသည်မှာဧကန်ပင်။ နန်းထိုင်ဘုရင် ခရစ်တော်ယေရှုကို အဆုံးတိုင် စစ်တိုက်ဖို့ရန် စိတ်စွဲလမ်းဆုံးဖြတ်ထားပြီ။ သူနှင့် သူ၏နတ်ဆိုးများသည် ကမ္ဘာပေါ်ရှိ သစ္စာတည်ကြည်စွာ “ဘုရားသခင်၏ပညတ်တော်တို့ကိုကျင့်၍ ယေရှု၏ သက်သေခံတော်မူချက်ကို စွဲလမ်းသော” ယေဟောဝါ၏လူများကိုသာ အမျက်ဟုန်းဟုန်းထွက်ပြနိုင်သည်။—ဗျာ. ၁၂:၁၂၊ ၁၇။
၇ ထိုကြောင့် အနာဂတ်ကာလကို စောင့်မျှော်ကြစဉ် အရှိကိုအရှိအတိုင်းဖြစ်ဖို့ မျှော်လင့်စောင့်ဆိုင်းနေကြရမည်။ မာရ်နတ်သည် လက်မြှောက်အရှုံးပေးမည်မဟုတ်ပါ။ ကျွန်ုပ်တို့အပေါ် ရန်လိုမုန်းတီးမှုသည် မည်သည့်အခါ မည်သည့်နေရာတွင်မဆို ပြန်ထွက်ပေါ် ဒေါသူပုန်ထစရာအကြောင်းရှိသည်။ ကြာမြင့်စွာ ကြိုးစားပြီးနောက်တွင်သာ လွတ်လပ်စွာ ဟောပြောနိုင်ခွင့်ကို နိုင်ငံပေါင်းမြောက်မြားစွာတွင် ရရှိခဲ့ကြသည်။ စာနာမှုရှိ အာဏာရှင်တစ်ဦး သို့မဟုတ် လူကြိုက်မများသည့်ဥပဒေတစ်ခုကြောင့် ရရှိထားသည့် လွတ်လပ်မှုဖြစ်နေ၍လည်း အလွယ်တကူ ပျောက်ဆုံးသွားနိုင်ပါသည်။ ညချင်းပေါက် အခြေအနေအကြီးအကျယ်ပြောင်းလဲသွားနိုင်၍ လူ့အခွင့်အရေး ဗြောင်းဆန်သွားပြီး စည်းကမ်းမဲ့ရမ်းကားမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။
၈ နိုင်ငံအချို့ရှိ လတ်တလောကြီးပွားတိုးတက်၊ လွတ်လပ်သည့်အခြေအနေသည် ရုတ်တရက်ရပ်စဲပြီး တစ်ချိန်ကခံခဲ့ရသောဒုက္ခများကိုပင် ညီအစ်ကိုများ ပြန်ခံရနိုင်ပါသည်။ ထိုကြောင့် ကျွန်ုပ်တို့အား ရန်ဘက်ပြုသူများ လက်လျှော့ကြပြီဟု အထင်မှားပြီး အေးတိအေးစက်၊ ဥပေက္ခာပြုသဘောထား မဖြစ်ပေါ်လာစေရန် ဂရုပြုသင့်ပါသည်။ လောက၏မုန်းတီးမှုသည် အထင်အရှားမပေါ်လွင်စေကာမူ အမြဲရန်လိုမုန်းထားနေဆဲရှိသည်။ အဆုံးနီးကပ်လာလေ လောက၏ အတိုက်အခံပြုမှုသည် ပိုမိုပြင်းထန်လိမ့်မည်အကြောင်း ဘုရားသခင့်နှုတ်ကပါဌ်တော်တွင် အထင်အရှားဖော်ပြထားသည်။ ယင်းကြောင့် “မြွေကဲ့သို့လိမ္မာလျက် ချိုးငှက်ကဲ့သို့ အဆိပ်ကင်း” သူများဖြစ်နေရန် အမြဲဂရုစိုက်သင့်သည်။ (မ. ၁၀:၁၆) ကျွန်ုပ်တို့သည် အဆုံးတိုင် “ကြိုးစား၍ တိုက်လှန်” နေရမည်ဖြစ်၍ ကယ်တင်ခံရခြင်း၏သော့ချက်သည် တည်ကြည်ခြင်းဖြစ်ကြောင်း အသိအမှတ်ပြုသင့်သည်။—ယု. ၃; မ. ၂၄:၁၃။
၉ ကျွန်ုပ်တို့နေထိုင်ရာအရပ်တွင် အတိအလင်းအတိုက်အခံပြုသူများ၏ နှောင့်ယှက်မှုကိုမခံရဘဲ လုပ်ငန်းတော်တိုးတက်နေကောင်း တိုးတက်နေမည်။ ယင်းကြောင့် စိုးရိမ်စရာမလိုဟု ယူမှတ်စရာအကြောင်း ရှိပေမည်။ မည်သို့ဆိုစေကာမူ နိုးကြားနေဖို့လိုပါသည်။ အခြေအနေများသည် ရုတ်တရက်ပြောင်းလဲသွားနိုင်ပါသည်။ အတိုက်အခံပြုသူတို့သည် ကြိုသတိမပေးဘဲ အရေးကိစ္စတစ်ခုခုကို အကြောင်းပြ၍ ကျွန်ုပ်တို့အား ဗြုန်းစားကြီး ဆန့်ကျင်ဘက်ပြုနိုင်ပါသည်။ ဖောက်ပြန်သွားသူများသည် အပြစ်ရှာဖို့အကြောင်းအချို့ကို အဆက်မပြတ်ရှာဖွေနေကြမည်။ ကျွန်ုပ်တို့လုပ်ငန်းကြောင့် စိုးရိမ်စရာရှိသည်ဟု ယူမှတ်သည့် ဒေါသဖြစ်သောဓမ္မဆရာများသည် လူစုလူဝေးအရှေ့ ကျွန်ုပ်တို့အား ရှုတ်ချပြစ်တင်ပေမည်။ ရပ်ကွက်တွင် နိုင်ငံတော်ခန်းမတစ်လုံးဆောက်လုပ်ရန် အစီအစဉ်ကြောင့် တစ်ရပ်ကွက်လုံး ဆူပူထကြွလာပေမည်။ အထင်လွဲအမြင်လွဲဖြစ်စေမည့် ဆွပေးသည့်စကားများကို ပုံနှိပ်ထုတ်ဝေကြပေမည်။ ထင်ရှားကျော်ကြားသူတို့ကလည်း ကျွန်ုပ်တို့အား တမင်တကာ အထင်အမြင်လွဲမှားသဖြင့် ကျွန်ုပ်တို့လည်ပတ်သွားရောက်သည့်အခါ ရပ်ကွက်သားတို့၏ ရန်လိုမှုကို ခံရပေမည်။ မိမိအိမ်တွင်းရှိ ချစ်မြတ်နိုးရသူတို့ပင်လျှင် မခံချင်စိတ်ဖြစ်ပေါ်ကာ ကျွန်ုပ်တို့အား နှိပ်စက်ဖိစီးခြင်းပြုပေမည်။ ယင်းကြောင့် လောက၏ရန်လိုမှု ပြင်းပြရှင်သန်နေ၍ အချိန်မရွေး ပြောင်းလဲနိုင်သည်ကို အသိအမှတ်ပြုကာ သတိရှိသင့်သည်။
၁၀ ယင်းက ကျွန်ုပ်တို့အား မည်သို့ဖြစ်စေသင့်သနည်း။ ယင်းတို့အားလုံးသည် အနာဂတ်နှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့အတွေးအခေါ်၊ ကျွန်ုပ်တို့ရှုထောင့်ကို ထိခိုက်နိုင်သည်ကား အမှန်တကယ်ပင်။ အဘယ်နည်းဖြင့်နည်း။ ယင်းကြောင့် စိုးရိမ်တကြီးဖြစ်ပြီး ခံရစရာအကြောင်းရှိမည့်ဒုက္ခကို ကြောက်ရွံ့တုန်လှုပ်နေသင့်သလော။ ရပ်ကွက်ရှိသူအချို့က ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်းကို နှောင့်ယှက်သဖြင့် လျော့ပေါ့လုပ်ကိုင်ရမည်လော။ မဟုတ်မတရား လုပ်ကြံပြောဆိုခံရသည့်အခါ စိတ်အနှောင့်အယှက်ဖြစ်စရာ လိုပါသလော။ ရက်စက်ကြမ်းကြုတ်မှုများခံရသည့်အတွက် ယေဟောဝါအမှုတော်၌ ရွှင်လန်းခြင်း ပျောက်လွင့်သွားမည်လော။ နောက်ဆုံးဖြစ်အင်သည် မရေမရာဖြစ်နေပါသလော။ ဘယ်သောအခါမျှ ထိုသို့ဖြစ်လိမ့်မည်မဟုတ်။ အဘယ်ကြောင့် မဖြစ်ရသနည်း။
၁၁ ကျွန်ုပ်တို့ကြွေးကြော်နေသည့် သတင်းတရားသည် လူ၏စကားမဟုတ် ယေဟောဝါထံတော်မှဖြစ်သည်ကို ဘယ်သောအခါမျှ မေ့လျော့ခြင်းမရှိသင့်။ (ယေရ. ၁:၉) “နာမတော်ကိုပတ္ထနာပြုကြလော့။ အမှုတော်တို့ကို . . . မြေကြီးတစ်ပြင်လုံး၌ ထင်ရှားပါစေ” ဟူသည့်သြဝါဒကို နာခံရန် တာဝန်ရှိပါသည်။ (ဟေရှာ. ၁၂:၄၊ ၅) ‘နာမတော်ကို မြေကြီးတစ်ပြင်လုံးတွင် ကျော်ကြားစေခြင်းငှာ’ ရည်ရွယ်တော်မူချက်အတွက် လူမျိုးတော်အား နှိပ်စက်ညှဉ်းပန်းခြင်းကို ကိုယ်တော်သည်းခံတော်မူခဲ့ပြီ။ (ထွ. ၉:၁၆) ယေဟောဝါ မိန့်မှာထားတော်မူသည့်လုပ်ငန်းကို ဆောင်ရွက်နေကြ၍ ရဲရင့်စွာ ထုတ်ဖော်ပြောဆိုရန် ကိုယ်တော်တိုင် သတ္တိပေးထားတော်မူပြီ။ (တ. ၄:၂၉-၃၁) ဤအစီအစဉ်၏ နောက်ဆုံးနေ့ရက်အတွင်း ယင်းလုပ်ငန်းသည် အရေးတကာ့အရေးအကြီးဆုံး၊ အကျိုးရှိပြီးအရေးကြီးတကြီးလုပ်ငန်း ဖြစ်ပါသည်။
၁၂ ဤအသိပညာသည် စာတန်နှင့် သူ၏လောကကို တားဆီးတိုက်လှန်ရန်သတ္တိ ရှိစေပါသည်။ (၁ ပေ. ၅:၈၊ ၉) ယေဟောဝါသည် ကျွန်ုပ်တို့နှင့်အတူရှိကြောင်း သိထားခြင်းဖြင့် ကျွန်ုပ်တို့အား နှိပ်စက်ညှဉ်းပန်းသူများကို မကြောက်ရွံ့စေဘဲ “အားယူ၍ ရဲရင့်ခြင်းရှိကြ” ရန်အကူအညီပေးပါသည်။ (တရား. ၃၁:၆; ဟေဗြဲ ၁၃:၆) အတိုက်အခံပြုသူများ၏ ခြိမ်းခြောက်ခြင်းကို ခံရသည့်အခါ လိမ္မာပါးနပ်ပြီး ဆင်ခြင်တုံတရားအသုံးပြုလျက် သတိရှိနေရန် ကြိုးစားစဉ်ကျွန်ုပ်တို့၏ဝတ်ပြုရေးကို ဆန့်ကျင်လျှင် “လူ၏စကားထက် ဘုရားသခင်၏စကားကို နားထောင်” ရန်စိတ်ပိုင်းဖြတ်ထားကြောင်း သိသာထင်ရှားစေပါမည်။ (တ. ၅:၂၉) အကျိုးအကြောင်းတင်ပြရန် အခွင့်ကောင်းရမည်ဆိုလျှင် ပြောပြကြမည်။ (၁ ပေ. ၃:၁၅) သို့ရာတွင် ကျွန်ုပ်တို့အား ရှုတ်ချပြစ်တင်လိုစိတ်သာရှိသည့် ခက်ထန်သူများနှင့် အငြင်းပွားပြီး အချိန်ကုန်ခံမည်မဟုတ်ပါ။ ကျွန်ုပ်တို့အား အပြစ်တင် စွပ်စွဲပြောဆိုသည့်အခါ အမျက်ထွက်မည်၊ သို့မဟုတ် အဆိုးကိုအဆိုးဖြင့် တုံ့ပြန်မည့်အစား သူတို့အား “ရှိစေပါ” မည်။—မ. ၁၅:၁၄။
၁၃ စုံစမ်းခံရစဉ် ခံနိုင်ရည်တင်ပြခြင်းသည် ယေဟောဝါအလိုတော်နှင့်တွေ့သည်။ (၁ ပေ. ၂:၁၉) ထိုသို့အလိုတော်နှင့်တွေ့ခြင်းငှာ အဖိုးအခအဖြစ် အဘယ်အရာကို ပေးရမည်နည်း။ မုန်းတီးခြင်း၊ အတိုက်အခံပြုခြင်းခံရသည့်အတွက် ရွှင်လန်းမှုမရှိ အမှုတော်ထမ်းရတော့မည်လော။ ဝေးလေစွတကား! ကျွန်ုပ်တို့၏နာခံခြင်းကို “ဝမ်းမြောက်သက်သာခြင်းအမျိုးမျိုး” ဖြင့်ဆုချတော်မူမည်ဟု ယေဟောဝါ ကတိထားတော်မူသည်။ (ရော. ၁၅:၁၃) ယေရှုသည် “ရှေ့၌ထားသောဝမ်းမြောက်ခြင်းအကြောင်းကြောင့်” ဆင်းရဲဒုက္ခကို အားရ ရွှင်လန်းစွာ ခံနိုင်ခဲ့သည်။ (ဟေဗြဲ ၁၂:၂) ကျွန်ုပ်တို့အတွက်လည်း ထပ်တူပင်ဖြစ်သည်။ ကျွန်ုပ်တို့ ခံနိုင်ရည်ရှိသည့်အတွက် ကြီးမားသောဆုလာဘ်ကို ရရှိခွင့်ရှိသောကြောင့် ခံရခက်သောစုံစမ်းခြင်းများကြားတွင် “ဝမ်းမြောက်ရွှင်မြူး” နိုင်ကြပါသည်။ (မ. ၅:၁၁၊ ၁၂) အခက်အခဲကြုံရစဉ်ပင် ဤသို့ဝမ်းမြောက်နိုင်ခြင်းကြောင့် ယေဟောဝါအား ချီးမွမ်းဂုဏ်တင်နိုင်၍ နိုင်ငံတော်သတင်းကောင်းကို အကျိုးပြုသည်။
၁၄ နောက်ဆုံးဖြစ်ပေါ်လာမည့်အဖြစ်ကို သံသယဝင်၍ ကျွန်ုပ်တို့စိုးရွံ့ခြင်း၊ ပြတ်ပြတ်သားသား ဆုံးဖြတ်ခြင်း မပြုနိုင်ဘဲ ဖြစ်နေပါသလော။ မဖြစ်ပါ။ ယေဟောဝါအဖွဲ့အစည်းနှင့် စာတန့်လောကစပ်ကြား ဖြစ်ပေါ်သည့် ပဋိပက္ခသည် မည်သို့နိဂုံးချုပ်မည်အကြောင်းကို ကြာမြင့်စွာ ဆုံးဖြတ်စီရင်ထားနှင့်ပြီ။ (၁ ယော. ၂:၁၅-၁၇) အတိုက်အခံဖြစ်မှုသည် မည်မျှပင်ပြင်းထန်ကြီးမားစေကာမူ ယေဟောဝါ အောင်ပွဲခံစေတော်မူမည်။ (ဟေရှာ. ၅၄:၁၇; ရော. ၈:၃၁၊ ၃၇) အဆုံးစွန်စမ်းသပ်ခံရဦးတော့ ဆုလာဘ်မရရန် အဘယ်အရာမျှ တားဆီးပိတ်ပင်နိုင်မည်မဟုတ်ပါ။ ကျွန်ုပ်တို့၏ဆုပတ္ထနာပြုချက်များနှင့်အညီ ယေဟောဝါရှင်သည် ငြိမ်သက်မှုကို ပေးသနားတော်မူသဖြင့် “အဘယ်အမှုကိုမျှ စိုးရိမ်” စရာအကြောင်းမရှိပါ။—ဖိ. ၄:၆၊ ၇။
၁၅ ထိုကြောင့် လွန်လေပြီးသောအချိန်က ပိတ်ပင်တားဆီးခံရသည့်နေရာများတွင် ကျွန်ုပ်တို့၏ညီအစ်ကိုများသည် နှိပ်စက်မခံရတော့ကြောင်း၊ သို့မဟုတ် လွတ်လပ်စွာ ဟောပြောခွင့်ရရှိကြောင်း သတင်းရတိုင်း ယေဟောဝါအား ကျွန်ုပ်တို့ကျေးဇူးတင်ပါသည်။ အခြေအနေများ ပြောင်းလဲလာသဖြင့် စိတ်ရိုးဖြောင့်သူ ထောင်ပေါင်းများစွာတို့သည် နိုင်ငံတော်သတင်းတရားကို ကြားနာခွင့်တိုးများလာသည့်အတွက် ဝမ်းမြောက်ပါသည်။ ရန်လိုမုန်းထားသည့် ဆန့်ကျင်ဘက်ပြုသူများနှင့် ရင်ဆိုင်ရသည့်အခါ ကျွန်ုပ်တို့အား ယေဟောဝါ အောင်ပွဲခံခွင့်ပေးသည့်အတွက် အမှန်တကယ်ကျေးဇူးတင်ကြပါသည်။ စစ်မှန်သောဝတ်ပြုရေးအိမ်တော်ကို ချီးမြှင့်ဂုဏ်တင်နိုင်ခြင်းငှာ ကျွန်ုပ်တို့၏လုပ်ငန်းတော်ကို လိုအပ်သလို ယေဟောဝါကောင်းချီးပေး၍ တိုးတက်ကြီးပွားစေပြီး၊ လူအမျိုးမျိုးအထဲမှ “နှစ်သက်ဖွယ်သော” သူများအား ဤအိမ်တော်အတွင်း ဝင်ခွင့်ပေးမည်ဟု ကျွန်ုပ်တို့သိရှိထားကြပြီ။—ဟဂ္ဂဲ ၂:၇; ဟေရှာ. ၂:၂-၄။
၁၆ တစ်ကြိမ်တည်းတွင် ကျွန်ုပ်တို့၏ရန်သူ စာတန်သည် အလွန်တန်ခိုးကြီးမားကြောင်း၊ အဆုံးတိုင် ပြင်းထန်စွာ အတိုက်အခံပြုမည်အကြောင်း ကောင်းစွာသိရှိထားကြပါသည်။ သူ၏ထိုးနှက်ချက်များသည် ဗြောင်ယုတ်မာနေပေမည်။ သို့မဟုတ် မသိမသာလှည့်ဖြားမှုဖြစ်ပေမည်။ ယခင်က ငြိမ်းချမ်းမှုရှိခဲ့ဖူးသောနေရာများတွင် နှိပ်စက်ညှဉ်းပန်းမှု ရုတ်တရက်ပေါ်လာပေမည်။ ယုတ်မာသော အတိုက်အခံပြုသူတို့သည် ရက်စက်ကြမ်းတမ်း၍ မတရားသဖြင့် နှိပ်စက်၍သာ နေပေမည်။ အချိန်တန်လေသော် သူတို့သည် “ဘုရားသခင်၏အာဏာတော်ကို ဆန်သောသူ” များဖြစ်ကြောင်း ထင်ရှားလာပြီး သုတ်သင်ရှင်းလင်းခံရပေမည်။ (တ. ၅:၃၈၊ ၃၉; ၂ သက်. ၁:၆-၉) ဤအချိန်အတောအတွင်း ကျွန်ုပ်တို့သည် အဘယ်ဒုက္ခကိုပင်ခံရစေကာမူ ယေဟောဝါအမှုတော်ကို သစ္စာတည်ကြည်စွာဆောင်ရွက်ပြီး နိုင်ငံတော်သတင်းကောင်းကို စွဲစွဲမြဲမြဲဟောပြောနေရန် စိတ်ဆုံးဖြတ်ထားပါမည်။ ကျွန်ုပ်တို့သည် ကမ္ဘာ့ပေါ်တွင် အပျော်ရွှင်ဆုံးသောသူများဖြစ်၍ ‘စစ်ကြောစုံစမ်းခြင်းကိုခံပြီးနောက် အသက်သရဖူကိုရ” မည့်သူများဖြစ်လိမ့်မည်ကို သိရှိထားကြပါသည်။—ယာ. ၁:၁၂။