မေးခွန်းသေတ္တာ
◼ အန္တရာယ်ရှိသောရပ်ကွက်တွင် အမှုဆောင်သည့်အခါ အဘယ်သတိပြုစရာလိုအပ်သနည်း။
၁ အထူးသဖြင့် မြို့ပြတို့တွင် အဓမ္မမှု၊ လုယက်မှုနှင့် မငြိမ်သက်မှုသတင်းများကို တိုး၍ကြားသိနေရသည်။ စိုးရိမ်ကြောက်ရွံ့မည်ဖြစ်သော်လည်း မငြိမ်မသက်သောဒေသများတွင်ပင် နိုင်ငံတော်သတင်းကို လက်သင့်ခံမည့် စိတ်ရင်းမှန်သူများရှိကြောင်း ကျွန်ုပ်တို့သိသည်။ ထိုကြောင့် အချိန်အခါကောင်းသည့်အခါ သတ္တိမွေးပြီး ယေဟောဝါ၏စောင့်ရှောက်မှုကို စိတ်ချယုံကြည်ကာ ဆက်ဟောပြောရမည်။—သု. ၂၉:၂၅; ၁ သက်. ၂:၂။
၂ အန္တရာယ်တွေ့ကြုံနိုင်သည့်ရပ်ကွက်သို့ သွားသည့်အခါ သတိရှိရှိနှင့် ကောင်းစွာအကဲခတ်ရန် ယေဟောဝါအလိုရှိတော်မူသည်။ နိုးနိုးကြားကြားရှိပါ။ “လိမ္မာသောသူသည် ဘေးကိုမြော်မြင်၍ ပုန်းရှောင်တတ်၏။ မလိမ္မာသောသူတို့မူကား သွားမြဲသွား၍ ဒဏ်ခံရ၏။” (သု. ၂၂:၃၊ သမ) အတွေ့အကြုံရှိသောကြေညာသူများသည် နှစ်ယောက်တစ်တွဲ သို့မဟုတ် လိုအပ်လျှင်၊ ထိုထက်မကပင် အစုလိုက် အမှုဆောင်ခြင်းသည် ပညာရှိကြောင်းသဘောပေါက်ကြသည်။ ဒေသနာ ၄:၉၊ ၁၂ ကဤသို့ဆိုသည်– “လူသည် တစ်ယောက်တည်းထက် နှစ်ယောက်သာ၍ ကောင်း၏။ . . . လူတစ်ယောက်သည် တစ်ယောက်ကို နိုင်လျှင် ထိုလူကို နှစ်ယောက်ဆီးတားနိုင်၏။” တစ်ဦးတည်းသမားများကို အနိုင်ကျင့်ဒုက္ခပေးရန် ပိုလွယ်ကူသည့်အတွက် ရာဇဝတ်ကောင်များသည် များသောအားဖြင့် ထိုသို့သောသူများကို ရှာယူကြသည်။
၃ မှောင်မည်းနေသော လမ်းကြားများ၊ လူပြတ်သော လှေကားများရှိ တိုက်ခန်းများသို့ ဝင်သည့်အခါ အထူးသတိရှိပါ။ အိမ်ထဲဝင်ရန် ဖိတ်ခေါ်သည့်အခါ အကဲခတ်ပြီး လက်ခံပါ။ ခြိမ်းခြောက်ပုံ၊ စိန်ခေါ်ပုံရှိသူတို့နှင့် အငြင်းမပွားပါနှင့်။ သင်သည် ယေဟောဝါသက်သေတစ်ဦးဖြစ်ကြောင်းကို ချက်ချင်းအသိပေးပါ။ ကြေညာသူအချို့သည် မိမိအား မည်သူမည်ဝါဖြစ်ကြောင်း သိရှိစေရန် လက်ထဲတွင် ကျမ်းစာအုပ် သို့မဟုတ် ကင်းမျှော်စင် သို့မဟုတ် နိုးလော့! တစ်စောင်စောင်ကို အမြဲကိုင်ထားလေ့ရှိကြသည်။
၄ ပတ်ဝန်းကျင်တွင် ယောင်ပေပေလုပ်နေသူများကို သတိပြုပါ။ တိုက်အိမ်တစ်ခုတွင် နေထိုင်ပုံမရှိသူတစ်ဦးနှင့်အတူ ဓာတ်လှေကားစီးခြင်း၊ လှေကားပေါ်တက်ခြင်းကို သတိထားပါ။ တန်ဖိုးရှိလက်ဝတ်တန်ဆာများကို မဝတ်ဆင်ပါနှင့်။ မိုးချုပ်ပြီးနောက် အပြင်ထွက်စရာအကြောင်းရှိလျှင် လူသွားလူလာနည်းသော မှောင်သည့်လမ်းများကို ရှောင်ပါ။ သင်သည် လုယက်ခံရသူဖြစ်လျှင် သင့်ငွေ သို့မဟုတ် သင့်ပစ္စည်းတစ်ခုခုကိုသာ လုယက်သူတို့ထံမှ ပြန်မလုပါနှင့်; သင့်အသက်သည် သင်၏ မည်သည့်ပစ္စည်းဥစ္စာထက်မဆို ပိုတန်ဖိုးရှိပါသည်။—မာ. ၈:၃၆။
၅ ဦးစီးနေသောညီအစ်ကိုများသည် နိုးနိုးကြားကြားရှိရန် လိုအပ်သည်။ ရပ်ကွက်တွင် ကြေညာသူများကို ဂရုစိုက်ကြည့်ရှုနေသင့်သည်။ များသောအားဖြင့်ဆိုလျှင် အုပ်စုကို တစ်နေရာတည်းတွင် အမှုဆောင်စေခြင်းကား အကောင်းဆုံးဖြစ်သည်။ သို့မှသာ အားလုံးအနီးတစ်ဝိုက်တွင် ရှိနေကြပါမည်။ ပတ်ဝန်းကျင်၌ အကြမ်းဖက်မှု သို့မဟုတ် အနှောင့်အယှက်တစ်မျိုးမျိုး ရုတ်တရက်ပေါ်လာမည်ဆိုလျှင် ထိုရပ်ကွက်မှ အုပ်စုလိုက် ချက်ချင်း ထွက်ခွာသွားသင့်သည်။
၆ ကျွန်ုပ်တို့သည် နိုးနိုးကြားကြားရှိပြီး သတိရှိနေကြမည်ဆိုလျှင် ရာဇဝတ်မှုများသော အရပ်ဒေသများရှိ “ပြုသမျှသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကြောင့် ညည်းတွားငိုကြွေးသောသူတို့” ကိုဆက်ရှာတွေ့နိုင်ပါလိမ့်မည်။—ယေဇ. ၉:၄။