ပြန်လည်တည်းဖြတ်ထားသောလူထုဟောပြောချက်များမှ အကျိုးခံစားခြင်း
၁ ယေဟောဝါသက်သေများ၏ခေတ်သစ်သမိုင်းကို နယပုံပြင် ၄:၁၈ တွင်တိကျမှန်ကန်စွာဖော်ပြထားသည်။ “ဖြောင့်မတ်သောသူတို့၏လမ်းသည် တက်သောအရုဏ်ကဲ့သို့ဖြစ်၍ နေထွက်သည်တိုင်အောင်တိုးပွားထွန်းလင်းတတ်၏။”
၂ ယင်းနှင့်အညီ ခရစ်ယာန်အသင်းတော်သည် ကျမ်းစာသွန်သင်ချက်များနှင့်ပတ်သက်၍ အခန့်သင့်ရှင်းလင်းချက်နှင့်နောက်ဆုံးသိသင့်သိအပ်သောအချက်အလက်များကို အဆက်မပြတ်ရရှိနေသည်။ (မ. ၂၄:၄၅-၄၇) အသင်သည်ယေဟောဝါသက်သေများနှင့် စတင်ပေါင်းသင်းခဲ့ချိန်ကတည်းက သတိပြုမိသောဥပမာများကိုတင်ပြနိုင်ပေမည်။ လူထုဟောပြောချက်များအပါအဝင် အသင်းတော်အစည်းအဝေးများက တိုး၍ထွန်းလင်းသောသမ္မာတရားနှင့်ရင်ပေါင်တန်းနိုင်ရန် အကူအညီပေးသည်။
၃ ပြန်တည်းဖြတ်ထားသောအောက်လိုင်းများ– များမကြာမီက အသင်းမသည် လူထုဟောပြောချက်အောက်လိုင်းအချို့ကို ပြုပြင်တည်းဖြတ်ခဲ့သည်။ အချက်အလက်အသစ်များကိုထည့်သွင်းကာ အရေးကြီးသောအချက်များကိုရှင်းလင်းဖော်ပြခဲ့သည်။ အသင်းတော်သည် ဤနောက်ဆုံးအချက်အလက်များမှ အကျိုးအပြည့်အဝခံစားရရန် လူထုဟောပြောချက်များပေးသောညီအစ်ကိုများသည် နောက်ဆုံးထုတ်အောက်လိုင်းများကိုသာအသုံးပြုသင့်သည်။
၄ လူထုဟောပြောချက်တို့မှ အကျိုးအများဆုံးရရှိနိုင်ရန် ဟောပြောချက်ခေါင်းစဉ်များကို ကြိုတင်၍အနည်းငယ်စဉ်းစားပါ။ လူထုဟောပြောချက်မပေးမီ ယင်းနှင့်စပ်လျဉ်း၍ သင်သိရှိထားသောနောက်ဆုံးသီအိုကရက်တစ်အချက်အလက်များကို ပြန်စဉ်းစားကြည့်ပါ။ ထို့နောက်နားထောင်နေစဉ် ယင်းအချက်အလက်များဆွေးနွေးတင်ပြပုံကိုဂရုစိုက်ပါ။ သမ္မာတရားကိုတင်ဆက်သည့်နည်းသစ်များကို နောက်နောင်အသုံးပြုနိုင်ဖို့ရန် မှတ်သားထားပါ။ ဤသို့ပြုခြင်းအားဖြင့် ပြန်လည်တည်းဖြတ်ထားသော လူထုဟောပြောချက်တို့မှ အကျိုးအများဆုံးရရှိနိုင်ပေမည်။
၅ လူထုဟောပြောချက်များသည် ကြားနာသူတို့အား အချက်အလျက်များကိုသိရှိစေပြီး လှုံ့ဆော်တိုက်တွန်းမှုဖြစ်စေသင့်– ယေရှု၏စကားများသည် ကြားနာသူများ၏နှလုံးကိုထိမိခဲ့သည်။ အကျော်ကြားဆုံးလူထုဟောပြောချက်ဖြစ်သည့် တောင်ပေါ်ဒေသနာကိုယေရှုပေးပြီးနောက် မဿဲ ၇:၂၈ ပြောသည့်အတိုင်း “ပရိသတ်အပေါင်းတို့သည် ဆုံးမသြဝါဒပေးတော်မူခြင်းကိုအလွန်အံ့သြကြ၏။”
၆ ယေရှု၏ပုံသက်သေကိုမှတ်ထားပြီး အကြီးအကဲများအဖွဲ့သည် လူထုဟောပြောချက်ပေးရန် လူသစ်များကိုရွေးချယ်ရာတွင် ဆင်ခြင်သင့်သည်။ ကောင်းစွာသွန်သင်နိုင်သောညီအစ်ကိုများ၊ အသင်းမအောက်လိုင်းများကို အနီးကပ်လိုက်လျှောက်မည့်သူများနှင့် ပရိသတ်အာရုံကိုဆွဲဆောင်ထားနိုင်သူများကိုသာ တာဝန်ပေးသင့်သည်။ လူထုဟောပြောချက်များပေးခွင့်ရရှိသောညီအစ်ကိုများသည် မိမိတို့၏ဟောပြောနိုင်သည့်စွမ်းရည်ကို အမြဲတိုးတက်စေရန်ကြိုးစားသင့်သည်။ အကြီးအကဲများထံမှရရှိသော မည်သည့်သြဝါဒနှင့်အကြံပြုချက်ကိုမဆို လက်ခံနာယူသင့်သည်။
၇ ဟေရှာယ ၆၅:၁၃၊ ၁၄ တွင်ကြိုတင်ဟောပြောထားသည့်အတိုင်း ဘုရားသခင့်လူမျိုး၏ဝိညာဏကြွယ်ဝမှုသည် ဆက်လက်၍ပိုမိုထင်ရှားလာပါသည်။ လူထုဟောပြောချက်အစီအစဉ်သည် “ယေဟောဝါ၏ဆုံးမသွန်သင်” ခြင်းကိုခံနေရသောနည်းများစွာအနက် တစ်ခုပင်ဖြစ်သည်။—ဟေရှာ. ၅၄:၁၃၊ ကဘ။