လူ့သမိုင်းတွင် အရေးတကာ့အရေးအကြီးဆုံးအဖြစ်အပျက်
၁ ခမည်းတော်၏ညွှန်ကြားမှုအရ ကျွန်ုပ်တို့အား ထာဝရအသက်သို့ပို့ဆောင်မည့် သမ္မာတရားကိုသက်သေခံရန် ယေရှုမြေကြီးပေါ်သို့ ဆင်းလာပါသည်။ (ယော. ၁၈:၃၇) ကိုယ်တော်သည်သေသည့်တိုင် သစ္စာရှိတော်မူကာ ယေဟောဝါ၏ဘုန်းကိုထင်ရှားစေ၍၊ ဘုရားသခင်၏နာမတော်ကို သန့်ရှင်းမြင့်မြတ်စေပြီး၊ ရွေးနုတ်ဖိုးကိုလည်း ပေးခဲ့သည်။ (ယော. ၁၇:၄၊ ၆) ယင်းကြောင့် လူ့သမိုင်းတွင် ယေရှု၏သေခြင်းသည် အရေးတကာ့အရေးအကြီးဆုံးဖြစ်ခြင်းဖြစ်သည်။
၂ အာဒံကိုဖန်ဆင်းချိန်ကစပြီး ကမ္ဘာပေါ်အသက်ရှင်ခဲ့သူတို့တွင် စုံလင်သောသူ နှစ်ဦးတည်းရှိသည်။ အာဒံသည် သူ၏မမွေးဖွားသေးသော သားစဉ်မြေးဆက်အား အလွန်အံ့သြဖွယ်ရာကောင်းချီးများကို ခံစားစေနိုင်သည့်အခြေအနေတွင်ရှိသည်။ ယင်းအစား အတ္တဆန်ဆန် ပုန်ကန်လိုက်ပြီး သူတို့အား သေခြင်း၌အဆုံးသတ်သည့် စိတ်ဆင်းရဲစွာအသက်ရှင်ရရန် အပြစ်ဒဏ်ခံစေခဲ့သည်။ ယေရှုကြွရောက်လာသောအခါ ကိုယ်တော်သည် စုံလင်စွာသစ္စာသမာဓိစောင့်သိကာ နာခံမှုတင်ပြခဲ့ခြင်းဖြင့် ယုံကြည်ခြင်းတင်ပြသူများအတွက် ထာဝရအသက်ရခွင့်ကို လမ်းစဖွင့်ပေးတော်မူခဲ့သည်။—ယော. ၃:၁၆; ရော. ၅:၁၂။
၃ ယေရှု၏ ယဇ်ပူဇော်သကာသေခြင်းနှင့် နှိုင်းယှဉ်နိုင်သည့် အခြားမည်သည့်အဖြစ်အပျက်မျှမရှိပါ။ ယင်းက လူ့သမိုင်းလမ်းကြောင်းကို ပြောင်းလဲစေသည်။ သန်းကုဋေပေါင်းများစွာသောသူတို့သည် သေရာမှထမြောက်လာရန် အကြောင်းရင်းကို ယင်းကပေါ်ပေါက်စေသည်။ ဆိုးသွမ်းမှုကိုအဆုံးတိုင်စေပြီး ကမ္ဘာ့ပရဒိသုဖြစ်စေမည့် ထာဝရနိုင်ငံတော်၏အုတ်မြစ်ကို ချခဲ့သည်။ နောက်ဆုံးတွင် လူသားအပေါင်းသည် ဖိစီးမှုနှင့် ချုပ်နှောင်မှုရှိရှိသမျှတို့မှ လွတ်မြောက်ကြမည်ဖြစ်သည်။—ဆာ. ၃၇:၁၁; တ. ၂၄:၁၅; ရော. ၈:၂၁၊ ၂၂။
၄ ယေရှုသေခြင်း၏ အထိမ်းအမှတ်အဖြစ် နှစ်စဉ်နှစ်တိုင်း သတိရအောက်မေ့ပွဲကျင်းပရန် တပည့်တော်များအား ကိုယ်တော်အဘယ်ကြောင့် ညွှန်ကြားခဲ့ရကြောင်းကို သဘောပေါက်နားလည်ရန် ယင်းတို့က အကူအညီပေးပါသည်။ (လု. ၂၂:၁၉) ၎င်း၏လေးနက်သောအဓိပ္ပာယ်ကို တန်ဖိုးထားလေးမြတ်စွာဖြင့် ကမ္ဘာတစ်ခွင်ရှိ ယေဟောဝါသက်သေများ၏ အသင်းတော်များသည် ဧပြီ ၁၄ ရက်၊ သောကြာနေ့ နေဝင်ပြီးချိန်တွင် စည်းဝေးကြမည့်အမှုကို မျှော်လင့်စောင့်စားနေကြပါသည်။ ထိုအချိန်မတိုင်မီ ယေရှုကမ္ဘာပေါ်ရှိစဉ် နောက်ဆုံးနေ့ရက်များနှင့် သမ္မာတရားဘက် ကိုယ်တော်သတ္တိရှိရှိရပ်တည်ခဲ့သည့် ကျမ်းစာအဖြစ်အပျက်များကို မိသားစုလိုက်ဖတ်ကြည့်လျှင် ကောင်းပါသည်။ (၁၉၉၅ ပြက္ခဒိန်၊ ဧပြီ ၉-၁၄ တွင်ဖတ်ရှုရန်ကျမ်းပိုဒ်များကို ဖော်ပြထားသည်။) ဖန်ဆင်းရှင်ကို ကျွန်ုပ်တို့ဆည်းကပ်ဝတ်ပြုရမည့်ပုံစံကို ကိုယ်တော်ချမှတ်ပေးတော်မူသည်။ (၁ ပေ. ၂:၂၁) ဤအရေးကြီးသောအစည်းအဝေးသို့ ကျွန်ုပ်တို့၏မိတ်ဆွေများ၊ ဆွေမျိုးဉာတိနှင့် ကျမ်းစာသင်သားများအပြင် အခြားစိတ်ဝင်စားသူများကိုပါ အတတ်နိုင်ဆုံးကြိုးစားဖိတ်ခေါ်ကြစို့။ အဘယ်အစီအစဉ်များရှိမည်နှင့် မုန့်နှင့်စပျစ်ရည်၏အထိမ်းအမှတ်ကို ကြိုတင်ရှင်းပြထားပါ။—၁ ကော. ၁၁:၂၃-၂၆။
၅ နိုင်ငံတော်ခန်းမသည် သန့်ရှင်းသပ်ရပ်စွာရှိရန် အကြီးအကဲများက ကြိုတင်စီစဉ်ထားသင့်သည်။ မုန့်နှင့်စပျစ်ရည်အတွက် တာဝန်ယူမည့်သူကို စီစဉ်ထားသင့်သည်။ ယင်းတို့ကို ဝေငှပေးခြင်းအစီအစဉ်သည် စည်းစနစ်ကျနရမည်။ သခင့်ညစာစားပွဲကို ရိုသေလေးစားမှုပြခြင်းနှင့်ပတ်သက်သည့် အကူအညီဖြစ်စေသောအကြံပြုချက်များကို ၁၉၈၄၊ ဒီဇင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၁ တွင် ဖော်ပြထားသည်။ ထိုပွဲတော်ကိုမကျင်းပမီ ရက်အနည်းငယ်အလိုနှင့် ပွဲတော်ကျင်းပပြီးနောက် ရက်အနည်းငယ်တွင် အသင်းတော်သည် လယ်ကွင်းလုပ်ငန်းကို တိုးချဲ့ပါဝင်ရန် စီစဉ်ပေးခြင်းသည် သင့်တော်ပါသည်။
၆ လွန်ခဲ့သောနှစ်က ဤအရေးကြီးသောပွဲတော်ကို ကမ္ဘာတစ်ခွင်ကျင်းပစဉ် တက်ရောက်သူစုစုပေါင်း ၁၂,၂၈၈,၉၁၇ ယောက်ရှိခဲ့သည်။ ကျွန်ုပ်တို့၏ပြက္ခဒိန်တွင် ယင်းသည် အရေးတကာ့အရေးအကြီးဆုံးနေ့ရက်ဖြစ်သောကြောင့် ကျွန်ုပ်တို့အားလုံး တက်ရောက်သင့်သည်။