သင်ကြားခံလိုသူများကို ရှာဖွေပါ
၁ “ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်သည် သွေးဆောင်တော်မမူလျှင် အဘယ်သူမျှငါ့ထံသို့မလာနိုင်။” (ယော. ၆:၄၄) နှလုံးကိုစစ်ကြောတော်မူသောယေဟောဝါသည် သင်ကြားခံလို၍ သိရှိလာသည့်အတိုင်း ပြုမူသူများကိုဆုချတော်မူမည်။ (ယေ. ၁၇:၁၀; ယော. ၆:၄၅) ကမ္ဘာသစ်ကိုလိုချင်တမ်းတသော စိတ်နှိမ့်ချသူများအားရှာဖွေခြင်းလုပ်ငန်း၌ ကိုယ်တော်၏တွဲဖက်လုပ်သားများဖြစ်ခွင့် ကျွန်ုပ်တို့တွင်ရှိသည်။—ဆာ. ၃၇:၁၁; ၁ ကော. ၃:၉။
၂ တပည့်တော်များသည် “လူကိုမျှားသောတံငါ” များအဖြစ် ယေရှုဖော်ပြခဲ့သည်။ (မ. ၄:၁၉) ထိုလုပ်ငန်းသည် တစ်ခါတစ်ရံပင်ပန်းသော်လည်း အကျိုးခံစားရသောအခါ အလွန်ကျေနပ်မှုရှိသည်။ ကိုယ်ကျိုးအတွက် ကျွန်ုပ်တို့လုပ်ဆောင်နေကြသည့်အစား အမှန်ဖျက်ဆီးခံရမည့် “ငါး” များကို ကယ်ဆယ်နေခြင်းဖြစ်သည်။ ကျွမ်းကျင်သောတံငါသည်တစ်ဦးသည် ငါးအကြိုက်ကိုသိထားရန်လိုသည်။ ထိုနည်းတူ နားထောင်သူများ၏စိတ်ဝင်စားမှုကိုနှိုးဆွစေမည့် နှစ်လိုဖွယ်နည်းဖြင့် ဘုရားသခင့်နိုင်ငံတော်သတင်းကို ကျွန်ုပ်တို့တင်ဆက်ရမည်။ အထူးသဖြင့် ပြန်လည်ပတ်မှုများပြုလုပ်သည့်အခါ ယင်းသို့ပြုရန်လိုသည်။ ကျွန်ုပ်တို့ဘာပြောနိုင်သနည်း။
၃ “ကင်းမျှော်စင်” ဆောင်းပါးများကိုစိတ်ဝင်စားမည်ဆိုလျှင် ဤသို့ပြောဆိုနိုင်ပေမည်–
◼ “အရင်တစ်ခါက နေ့တိုင်းရင်ဆိုင်ရတဲ့ပြဿနာတွေအကြောင်း ပြောခဲ့တယ်။ ဒီတစ်ခါတော့ အဲ့ဒီပြဿနာတွေကို ဘုရားသခင်က ဘယ်လိုနည်းနဲ့ ဘယ်အချိန်ကျရင် အဆုံးတိုင်စေမဲ့အကြောင်း ဆွေးနွေးချင်တယ်။” (မ. ၂၄:၇-၁၄; ဗျာ. ၂၁:၃၊ ၄ အသုံးပြု။)
၄ ဘာသာတရားအကြောင်းကို သင်စတင်ဆွေးနွေးရန် ဤဆင်တူသောနည်းကိုအသုံးပြုလိုပေမည်–
◼ “ဘာသာတရားအကြောင်းကို လူတွေဘာကြောင့်မဆွေးနွေးချင်ကြတဲ့အကြောင်း အရင်တစ်ခါကပြောခဲ့တယ်။ ကျွန်တော်တို့ရဲ့အိမ်နီးနားချင်းတွေဟာ ဘာသာရေးကိုင်းရှိုင်းတယ်လို့ဆိုပြီး ဒီအကြောင်းကိုမဆွေးနွေးချင်တာ စဉ်းစားစရာဖြစ်မနေဘူးလား။ ဘာသာတရားဟာ ဘာကြောင့်ဒီလောက်တောင်စိတ်ဝမ်းကွဲစေပြီး အငြင်းပွားရတဲ့အကြောင်းရင်း ဖြစ်နေရသလဲဆိုတာကို သိချင်မှာပဲ။” တုံ့ ပြန်ပါစေ။ ကျိုးကြောင်းဆင်ခြင် စာအုပ် စာမျက်နှာ ၃၂၂ သို့ဖွင့်ပြီး “ဘာသာတရား အဘယ်ကြောင့်ဤမျှများရသနည်း” ခေါင်းစဉ်အောက်ပါ အကြောင်းများကို ဆွေးနွေးပါ။
၅ ကမ္ဘာ့အခြေအနေကို အိမ်ရှင်စိုးရိမ်နေပုံရှိမည်ဆိုလျှင် ဤနည်းကိုသင်စမ်းကြည့်လိုပေမည်–
◼ “ကျွန်တော်တို့အသက်ရှင်ပုံ၊ အိမ်ထောင်ကိုမွေးမြူပုံနဲ့ပတ်သက်ပြီး အခြေအနေမလှတဲ့အတွက် ခင်ဗျားစိုးရိမ်နေမယ်။ မကြာခင် ဘုရားသခင်ပြည့်စုံစေမယ့် ဝမ်းသာစရာကောင်းတဲ့ကတိတစ်ခုကို ကျမ်းစာကဖော်ပြထားတယ်”။ သုတ္တံ ၂:၂၁၊ ၂၂ ကိုဖတ်ပြီးနောက် တည်မြဲသောငြိမ်းချမ်းရေးရှိမည့်ကမ္ဘာတစ်ခုကို ယေဟောဝါကတိထားတော်မူကြောင်း ရှင်းပြပါ။
၆ နိုင်ငံတော်သတင်း ဝေငှခြင်းအထူးလုပ်ငန်းစတင်ပြီးနောက် ပြန်လည်ပတ်မှုများပြုလုပ်သည့်အခါ နိုင်ငံတော်သတင်း ကိုမရသေးသောအိမ်ရှင်များအား တစ်စောင်ကျိန်းသေရစေပါ။ နိုင်ငံတော်သတင်း ဝေငှထားသည့်အိမ်များသို့ ပြန်လည်ပတ်သွားသည့်အခါ မည်သို့ပြောဆိုနိုင်မည့်အကြောင်းကို မေလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု တွင် ဆွေးနွေးဖော်ပြပါမည်။
၇ ဘုရားသခင်၏နှုတ်ကပါဌ်တော်သည် “တန်ခိုးနှင့်ပြုပြင်” ပေးသဖြင့် ဟောပြောသက်သေခံချိန်တွင် ယင်းကိုကြိုးစားအသုံးပြုသင့်သည်။ (ဟေဗြဲ ၄:၁၂) အိမ်ရှင်ကိုယ်တိုင် ကျမ်းစာကိုဖတ်ကြည့်ရန် တိုက်တွန်းပါ။ (တမန်တော် ၁၇:၁၁ နှိုင်းယှဉ်။) ကျွန်ုပ်တို့တာဝန်ကို ဝီရိယရှိရှိကျေပွန်စွာပြုမည်ဆိုလျှင် ကျွန်ုပ်တို့၏ကြိုးစားမှုများကို ယေဟောဝါကောင်းချီးပေးတော်မူမည်။