ကင်းမျှော်စင် နှင့် နိုးလော့!—ကျွန်ုပ်တို့၏အရေးကြီးကာလအတွက် မဂ္ဂဇင်းများ!
၁ ကျမ်းစာပရောဖက်ပြုချက် ပြည့်စုံလာ၍ ကမ္ဘာချီတုန်လှုပ်ချောက်ချားဖွယ်ရာများ ဖြစ်ပျက်နေပြီ! လောကဝန်းကျင်၌ဖြစ်စေ၊ သီအိုကရက်တစ်အဖွဲ့အစည်းအထဲတွင်ဖြစ်စေ ဖြစ်ပျက်သမျှတို့ကို တွေးတောဆင်ခြင်ကြည့်လျှင် ဘုရားသခင့်နိုင်ငံတော် “သတင်းကောင်း” ကိုဟောပြောရန် မည်မျှအရေးကြီးကြောင်း သဘောပေါက်နိုင်ပါသည်။ (မာ. ၁၃:၁၀၊ သတင်းကောင်း) ယင်းကြောင့် ဧပြီလအတွင်း ဇွဲလုံ့လဖြင့်ဓမ္မအမှုကိုဆောင်ရွက်ရန်ကောင်းသည်။
၂ ဤလတွင် ကျွန်ုပ်တို့ဆောင်ရွက်မည့် အထူးလုပ်ငန်းက ကျွန်ုပ်တို့၏သတင်းတရား အရေးကြီးကြောင်းကို အလေးအနက်ပေါ်လွင်စေမည်။ ဧပြီနှင့်မေလအတွင်း ကျွန်ုပ်တို့ဝေငှမည့် နိုင်ငံတော်သတင်း ထွက်လာဖို့ရန် ကျွန်ုပ်တို့သည် စိတ်အားထက်သန်စွာစောင့်မျှော်နေကြပါသည်။ ဤလုပ်ငန်းတွင်စိတ်အားထက်သန်ရန်နှင့် ကျွန်ုပ်တို့ရပ်ကွက်တွင်ရှိသူများ စိတ်ဝင်စားလာစေရန် စိတ်အနှောင့်အယှက်ဖြစ်စေသော ကမ္ဘာ့အဖြစ်အပျက်များ၏ ပရောဖက်ပြုချက်ဆိုင်ရာအဓိပ္ပာယ်ကို ကင်းမျှော်စင် နှင့် နိုးလော့! တွင် အလေးအနက်ပေါ်လွင်စေမည့် အခန့်သင့်ဆောင်းပါးများပါလာလိမ့်မည်။
၃ အောက်ပါအစဦးဆုံးပြုလုပ်ရမည့်အမှုများကို ပြုလုပ်ထားခြင်းဖြင့် ထိရောက်သောတင်ဆက်ပုံကို ပြုစုပေးနိုင်လိမ့်မည်– (၁) သင့်ရပ်ကွက်တွင်ရှိသူတို့ ကြိုက်နှစ်သက်မည်ထင်သော မဂ္ဂဇင်းတစ်စောင်ပါဆောင်းပါးတစ်ခုကို ရွေးချယ်ပါ။ (၂) ဤဆောင်းပါးပါ အိမ်ရှင်စိတ်ဝင်စားမည်ထင်သော ထွက်ဆိုချက်တစ်ရပ် သို့မဟုတ် ကျမ်းချက်တစ်ချက်ကို ရွေးချယ်ပါ။ (၃) ခင်မင်သောနှုတ်ဆက်စကား၊ ကျမ်းစာနှင့်ဆိုင်သော စိတ်ဝင်စားစရာအကြောင်းတစ်ခုကိုဖော်ပြသည့် မေးခွန်း သို့မဟုတ် ထွက်ဆိုချက်တစ်ရပ်၊ မဂ္ဂဇင်းများကို လက်ခံယူစေရန် စိတ်ရင်းမှန်ဖြင့်ကမ်းလှမ်းခြင်းတို့ပါဝင်သော တင်ဆက်ပုံတိုတိုကလေးတစ်ခုကို ပြင်ဆင်ပါ။ သင်တွေ့သည့်အတိုင်း ယင်းသည် ရိုးရိုးရှင်းရှင်းကလေးသာဖြစ်သည်။ ဓမ္မအမှုကိုသင်တွဲဖက်ဆောင်ရွက်လေ့ရှိသော ကြေညာသူတစ်ဦးနှင့်အတူ တင်ဆက်ပုံကို ပြင်ဆင်ကြည့်နိုင်ပေမည်။
၄ နိုဝင်ဘာ ၁ ရက်ထုတ် “ကင်းမျှော်စင်” က “လူ့ဒုက္ခဆင်းရဲကို ဘုရားသခင်အဘယ်ကြောင့်ခွင့်ပြုရသနည်း” ဟူသည့်မေးခွန်းကိုမေးထားသဖြင့် “ကျိုးကြောင်းဆင်ခြင်” စာအုပ်၊ စာမျက်နှာ ၁၃ ပါ “နောက်ဆုံးကာလ” ခေါင်းစဉ်အောက်ရှိအကြောင်းကို ပြန်လေ့လာကြည့်နိုင်သည်။ ဤသို့စပြောနိုင်ပေမည်–
◼ “ဒုက္ခဆင်းရဲ ဘာကြောင့်ဒီလောက်များရတဲ့အကြောင်း လာပြီးဆွေးနွေးတာပါ။ ဒီဆောင်းပါးက ဘာပြောတယ်ဆိုတာကို သတိပြုပါ။ . . . ”
၅ နိုဝင်ဘာ ၁၅ ရက်ထုတ် “ကင်းမျှော်စင်” က “သေလွန်သူများ ကျွန်ုပ်တို့ကိုမြင်နိုင်သလော” ဟူသည့်မေးခွန်းကိုမေးထားသည်။ ဤမဂ္ဂဇင်းကိုဝေငှသည့်အခါ ဤသို့ပြောနိုင်ပေမည်–
◼ “လူသေတွေအကြောင်းသိချင်တဲ့လူ အများကြီးရှိတယ်။ ခင်ဗျားလည်းကိုယ့်ကိုယ်ကို ဒီမေးခွန်းမေးခဲ့မှာပါ။” ထို့နောက် ဆောင်းပါးပါထွက်ဆိုချက်တစ်ရပ်ကိုညွှန်းပါ။
၆ “ရောဂါမရှိသောကမ္ဘာ” ဆောင်းပါးပါသည့် ၁၉၉၄၊ အောက်တိုဘာ ၈ ရက်ထုတ် နိုးလော့! ကိုသင်အသုံးပြုနေပေမည်။ ဤနိဒါန်းဖြင့် ကောင်းစွာတုံ့ပြန်မှုရရှိကောင်းရရှိနိုင်မည်–
◼ “အခု အဖျားအနာတွေများလွန်းတဲ့အတွက် အချို့က မဖျားမနာတဲ့အချိန်ရှိနိုင်ပါ့မလားလို့ စဉ်းစားကြမယ်။ ဒီမဂ္ဂဇင်းက အဲဒီမေးခွန်းအတွက် စိတ်ကျေနပ်လောက်တဲ့အဖြေရနိုင်တဲ့နည်းကို ဖော်ပြထားတယ်။ . . . ” (စာမျက်နှာ ၁၇)
၇ သင့်တင်ဆက်ပုံကို ကောင်းစွာသိထားရန် အခြားကြေညာသူတစ်ဦးနှင့် အမှုဆောင်မထွက်မီ လေ့ကျင့်ကြည့်ပါ။ ပိုမိုထိရောက်ပြီး မိမိကိုယ်ကို ပိုစိတ်ချစေမည့် အကူအညီဖြစ်သောအကြံပြုချက်များကို သင်တို့တစ်ဦးနှင့်တစ်ဦးဖလှယ်နိုင်ပေမည်။
၈ ဤအစီအစဉ်၏အဆုံးနီးလာလေ စိတ်နှလုံးရိုးသားသူများ မဟာဗာဗုလုန်မှလွတ်မြောက်လာနိုင်ရန် ကျွန်ုပ်တို့တိုး၍ကူညီပေးကြစို့လေ။ (ဗျာ. ၁၈:၄) တစ်ဖန်ပြန်မလုပ်တော့မည့် ဤလုပ်ငန်းတွင် ကင်းမျှော်စင် နှင့် နိုးလော့! သည် အရေးကြီးကဏ္ဍမှပါဝင်နေသည်။ ဤကောင်းမွန်လှသောလက်နက်များကို အသုံးပြုဖို့ရန်ပေးထားသည့်အတွက် ယေဟောဝါအားအမှန်ကျေးဇူးတင်စရာပင်!